ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကာလဝမ်းရောဂါ တစ်ကျော့ပြန်ပေါ်လာ
ကာလဝမ်းရောဂါသည် အနှစ် ၁၀၀ ကျော်ပျောက်နေပြီးနောက် တောင်အမေရိကတွင် ဘွားခနဲတစ်ကျော့ပြန်ပေါ်လာသည်။ “၁၉၉၁ ခုနှစ်မှစပြီး ၁.၄ သန်းဝေဒနာခံစားခဲ့ရပြီး သေဆုံးမှု ၁၀,၀၀၀ ဖြစ်စေသည်ဟု သတင်းရ” ကြောင်း လန်ဒန်မြို့ထုတ် သည်တိုင်းမ်စ် သတင်းစာကဆိုသည်။ ကျန်းမာရေးအာဏာပိုင်များကို ပို၍စိုးရိမ်မကင်းဖြစ်စေသည်မှာ ၁၉၉၂ ခုနှစ်၌ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်းနိုင်ငံများတွင် ကာလဝမ်း ဘက်တီးရီးယားမျိုးထူးပိုးများပေါ်လာခြင်းဖြစ်သည်၊ ယင်းကြောင့် လူပေါင်း ၂၀၀,၀၀၀ ထက်မက ဤရောဂါရခဲ့သည်။ ကာလဝမ်းရောဂါသည် ရုတ်တရက်ပြင်းထန်သော ဝမ်းလျှောရောဂါဖြစ်ရာ ထိထိမိမိကုသမှုမခံရလျှင် ရောဂါသည် ၇၀ ရာခိုင်နှုန်းကို သေစေနိုင်သည်။ သို့သော် ကာကွယ်ခြင်းသည် ကုသခြင်းထက် သာ၍ကောင်းသည်။ ရေနှင့်နို့ကို ကျိုချက်သောက်ခြင်း၊ ယင်မနားအောင်ဂရုစိုက်ခြင်း၊ မချက်ဘဲစားရသည့်အစားအစာများကို ကလိုရင်းပါသော ရေဖြင့် ဆေးကြောခြင်းတို့သည် အန္တရာယ်ကင်းစေသည့် အခြေခံအချက်များဖြစ်သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးအကြောင်း ပြောဆိုကြ
စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာန၏ နှစ်ချုပ်စာအုပ် ၁၉၉၇ အရယခင်က စစ်အေးတိုက်ပွဲများတွင် ထင်ရှားသောအခန်းကဏ္ဍတွင်ပါဝင်ခဲ့ကြသည့် ဒေသန္တရစစ်ပွဲများသည် အဆုံးသတ်သွားပုံရသည်။ စစ်အေးတိုက်ပွဲ၏နောက်ဆုံးနှစ်ဖြစ်သော ၁၉၈၉ ခုနှစ်တွင် “လက်နက်ကိုင်တိုက်ခိုက်သည့်စစ်ပွဲကြီး” ၃၆ ခုဖြစ်ပွားခဲ့သည်၊ ၁၉၉၆ ခုနှစ်တွင် အရေအတွက်မှာ ၂၇ ခုထိကျဆင်းသွားသည်။ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ဖြစ်သည့် ပဋိပက္ခမှလွဲလျှင် ကျန်အားလုံးသည် ပြည်တွင်းစစ်များဖြစ်ကြသည်။ ထို့အပြင် သေဆုံးမှုအရေအတွက်ဖြင့် တိုင်းတာကြည့်ချက်အရ အဆိုပါပဋိပက္ခအများစုသည် ပြင်းထန်မှုလည်း လျော့သွားပြီး အားပျော့သည့်အဆင့်တွင် ဆက်ရှိနေကြောင်း ဖော်ပြသည်။ “အခြားဘယ်လူမျိုးဆက်မျှ ယခုလောက် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် မနီးစပ်ခဲ့ဖူးပါ” ဟု တောင်အာဖရိကသတင်းစာတစ်စောင်ဖြစ်သော သည်စတားက နိဂုံးချုပ်လိုက်သည်။ အမေရိကန်တို့၏အုပ်စိုးမှုသည် ဤရာစုအတွင်း မတွေ့ရသော၊ သမိုင်းတစ်လျှောက်တွင် တွေ့ရခဲသော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကာလကို ဖြစ်စေသည်” ဟု တိုင်းမ်စ် ကဆိုသည်။
တစ်ပြေးနေဆဲ
“ပုံနှိပ်ထုတ်ဝေနေသော ကျမ်းစာစောင်ရေသည် အခြားမည်သည့်စာအုပ်ထက်မဆို သာနေဆဲဖြစ်သည်” ဟု အီးအဲန်အိုင် ဘူလက်တင် ကဖော်ပြသည်။ ကျမ်းစာကို အများဆုံးဖြန့်ချိသည့် နိုင်ငံများမှာ တရုတ်၊ အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးတို့ဖြစ်သည်။ ယူနိုက်တက်ကျမ်းစာအသင်း (ယူဘီအက်စ်) မှရသည့်သတင်းတစ်ပုဒ်အရ ၁၉၉၆ ခုနှစ်တွင် လုံးချင်းကျမ်းစာ စောင်ရေ ၁၉.၄ သန်း ဖြန့်ချိခဲ့သည်။ ယင်းသည် စံချိန်သစ်ဖြစ်ပြီး ၁၉၉၅ ခုနှစ်ကထက် ၉.၁ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည်။ ယူဘီအက်စ် ပုံနှိပ်ရေးလုပ်ငန်းများ ညှိနှိုင်းရေးမှူး ဂျွန်ဘောက “ကမ္ဘာ့အချို့ဒေသများ၌ ကျမ်းစာထုတ်ဝေရေးတွင် အံ့မခန်းဖွယ်တိုးတက်မှု” ရှိသည့်ကြားမှ “ကျွန်ုပ်တို့အနေဖြင့် ကျမ်းစာကို လူတိုင်း သာ၍အလွယ်တကူရရှိနိုင်ဖို့ဆိုလျှင် ထပ်၍အကြီးအကျယ်ကြိုးစားထုတ်လုပ်ရဦးမည်ဖြစ်သည်” ဟုဆိုသည်။
“သေမင်းတမန်များ”
ချမ်းသာသောအနောက်နိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ရောဂါ “နှစ်ဆခံရဖို့” ဖန်တီးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိတ်ချ်အို) ၏ ၁၉၉၇ ခုနှစ် သတင်းက ဆိုသည်။ လန်ဒန်မြို့ထုတ် သည်ဒေးလီး တယ်လီဂရပ်ဖ် သတင်းစာ၏ ဖော်ပြချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများက အနောက်နိုင်ငံများ၏ ဆေးလိပ်သောက်ခြင်း၊ ကယ်လိုရီနှင့် အဆီဓာတ်များသော အစာများစားခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဘဝပုံစံကို အတုခိုးကြသည်နှင့်အမျှ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါနှင့် အချို့ကင်ဆာရောဂါများ အကြီးအကျယ်တိုးများလာသည်။ ကမ္ဘာ့အတိုင်းအတာအရ လူသားတို့၏ သက်တမ်းသည် ရှည်လာသော်လည်း ‘ဘဝအရည်အသွေးမဲ့ ဗလာဆု’ ဖြစ်နေကြောင်း ဒဗ္ဗလျူအိတ်ချ်အို ဒါရိုက်တာ ဒေါက်တာ ပေါ ကလီယပ်စ်က ဆိုသည်။ သူဤသို့ထပ်ပြောသည်– “ကျွန်ုပ်တို့သည် သေမင်းတမန်များဖြစ်သည်ဟုပြောကြသူများသည် အမှန်ကိုပြောခြင်းဖြစ်သည်။” ကျန်းမာရေးနှင့်ညီသော ဘဝပုံစံများကို တိုက်တွန်းအားပေးသည့် ကမ္ဘာချီ အပူတပြင်း ကင်ပိန်းဖွင့်ဖို့ ဒဗ္ဗလျူအိတ်ချ်အိုက ထောက်ခံပြောနေသည်။ ဤသို့မှမဟုတ်လျှင် “တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဒုက္ခအကျပ်အတည်းကာလ” ကို ကြုံရတော့မည်ဟု ယင်းကဆိုသည်။
သဘာဝမန်းဆေး
အချို့လူတို့သည် မိမိတို့ကိုယ်တွင် ထိရှမိသည့် ဒဏ်ရာများကို တိရစ္ဆာန်များလုပ်သကဲ့သို့ သဘာဝအတိုင်း လျှာဖြင့်လျက်ကြသည်။ စိတ်ဝင်စားစရာမှာ လန်ဒန်မြို့ရှိ စိန့်ဘာသယ်လ်မြူဆေးရုံမှ သုတေသီများက တံတွေးသည် အမှန်ပင်သဘာဝမန်းဆေးဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။ သည်အင်ဒီပဲန်းဒင့်သတင်းစာတွင် ဖော်ပြထားချက်အရ ဆေးဝါးဗေဒပညာရှင်များသည် စေတနာ့ဝန်ထမ်း ၁၄ ယောက်အား သူတို့၏လက်နှစ်ဖက်စလုံးကို လျက်စေခဲ့ရာ အရေဖျားပေါ်တွင် နိုက်ထရစ်အောက်ဆိုဒ်များစွာတိုးလာကြောင်းတွေ့ရသည်။ ရောဂါပိုးမွှားများကို သေစေနိုင်သည့် အစွမ်းထက်ဓာတုပစ္စည်းဖြစ်သော နိုက်ထရစ်အောက်ဆိုဒ်မှာ တံတွေးထဲတွင်ရှိသည့်နိုက်ထရိတ်နှင့် အက်စစ်ပါသောအရေဖျားမျက်နှာပြင်တို့ ထိတွေ့ရာမှ ဖြစ်ပေါ်လာသည်။ ထိုဓာတ်ပြုမှုကို တံတွေးထဲတွင်လည်းတွေ့ရသည့် ဓာတုပစ္စည်းနောက်တစ်မျိုးဖြစ်သော အက်စကောဗိတ်က ထောက်ကူပေးသည်။
ဆေးခြောက်—အပြင်းစားမူးယစ်ဆေးလော
ဆေးခြောက်သည် အတော်အတန်ဘေးဥပဒ်ကင်းသည့် မူးယစ်ဆေးဖြစ်ကြောင်း ဆေးသုံးစွဲသူများက အခိုင်အမာဆိုခဲ့သည်မှာ ကြာပေပြီ။ သို့သော် “တွေ့ရှိချက်အသစ်အရ ဦးနှောက်တွင် [ဆေးခြောက်၏] ထိခိုက်မှုများသည် ဘိန်းဖြူကဲ့သို့သော ‘အပြင်းစား’ မူးယစ်ဆေးများနှင့် တန်းတူဖြစ်ကြောင်းပြသည်” ဟုသိပ္ပံဂျာနယ်က ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စု၊ စပိန်နှင့် အီတလီတို့မှ သိပ္ပံပညာရှင်များက အဆိုပါလေ့လာမှုများကို ဦးဆောင်ပြုလုပ်ခဲ့ကြသည်။ သူတို့၏ရှာဖွေတွေ့ရှိမှုများထဲမှာ တစ်ခုမှာ ဆေးခြောက်တွင်ပါဝင်သည့် တက်ကြွပစ္စည်းတစ်မျိုး—တီအိတ်ချ်စီအဖြစ်သိထားသော ကဲန္နဘနွိုက်ဓာတ်တစ်မျိုး—သည် နစ်ကိုတင်းမှ ဘိန်းဖြူအထိဖြစ်သောအခြား မူးယစ်ဆေးများစွဲအောင် လှုံ့ဆော်ပေးပုံရသည့် ပင်မဇီဝဓာတုဖြစ်ပျက်မှုမျိုးကို ဖြစ်ပေါ်စေသည်၊ ဦးနှောက်၏ ‘လှုံ့ဆော်မှု’ လမ်းကြောင်းအပိုင်းတွင် ဒိုပါမင်းဓာတ်ကို ထုတ်လုပ်ပေးရာ ယင်းဓာတ်ကြောင့် ဆေးသမားများသည် မသုံးရမနေနိုင်အောင်ဖြစ်လာစေသည်။ ဆေးခြောက်ကြာရှည်သုံးစွဲခြင်းကို ရပ်လိုက်သည့်အခါ ကော်တီကိုထရိုပင်းထုတ်လွှတ်ပေးသောပစ္စည်း (စီအာရ်အက်ဖ်) ဟုခေါ်သည့် ပက်ပတိုက်တစ်မျိုးသည် ဦးနှောက်တွင် ပမာဏများလာသည်။ စီအာရ်အက်ဖ်သည် ဘိန်း၊ အရက်နှင့် ကိုကင်းတို့ကို ဖြတ်ခြင်းကြောင့်ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတို့နှင့် ဆက်စပ်နေသည်။ သုတေသီတစ်ဦးက ဤအတိုင်းပင်ဆိုသည်– “ဤတွေ့ရှိချက်ကို ဆန်းစစ်ပြီးနောက် တီအိတ်ချ်စီကို ‘အပျော့စား’ မူးယစ်ဆေးအဖြစ် မယူမှတ်ကြတော့လျှင် ကျွန်တော်ကျေနပ်ပါပြီ။” အမေရိကန်ပြည်ထောင်စုတွင် ဆေးခြောက်စွဲသည့်အတွက် ကုသမှုရှာယူသူ နှစ်စဉ် ၁၀၀,၀၀၀ ခန့်ရှိသည်။
ရှေးအီဂျစ်နိုင်ငံမှ ရေခဲ
“ရှေးအီဂျစ်လူများတွင် လူတို့ဖန်တီးထားသော အအေးဓာတ်စနစ်မရှိသော်လည်း ခြောက်သွေ့ပြီး အပူအအေးမျှတသည့် ရာသီဥတုများတွင် ဖြစ်ပျက်သည့် သဘာဝအဖြစ်အပျက်ကိုမှီပြီး ရေခဲကို ထုတ်လုပ်နိုင်ခဲ့ကြကြောင်း” အိုဟိုင်အို၊ ဘရီယမ်သတင်းစာတစ်စောင်ဖြစ်သော သည်ကောက်တီးလိုင်းက ရေးသားထားသည်။ သူတို့သည် ယင်းကို မည်သို့လုပ်သနည်း။ “နေဝင်ချိန်လောက်တွင် အီဂျစ်အမျိုးသမီးများသည် ကောက်ရိုးခင်းထားသည့်မျက်နှာပြင်တစ်ခုပေါ်တွင် နေရာချထားသော စောက်တိမ်သည့် မြေလင်ပန်းများထဲသို့ ရေကိုထည့်လိုက်သည်။ ရေမျက်နှာပြင်နှင့် လင်ပန်းထားသည့် စိုထိုင်းသောနေရာတို့မှ တစ်မုဟုတ်ချင်းရေငွေ့ပျံမှုနှင့် ညအပူချိန်ကျဆင်းမှုတို့ပေါင်းစပ်လိုက်ရာ—ပတ်ဝန်းကျင်မှအပူချိန်သည် ရေခဲမှတ်နား ဘယ်တော့မျှမကျဆင်းသော်ငြားလည်း ရေမှာခဲသွားတော့သည်။
နေရောင်ခံခြင်း
“မြောက်အမေရိကတွင် အရေဖျားကင်ဆာသည် ကြီးမားကျယ်ပြန့်သည့်အတိုင်းအတာဖြင့် ဖြစ်ပေါ်လာပြီ” ဟု သည်ဗဲန်ကူးဗားဆန်း သတင်းစာကဆိုသည်၊ ကနေဒီယံ “ခုနစ်ဦးလျှင် တစ်ဦးသည် သူ၏သက်တမ်းအတွင်း တစ်ချိန်ချိန်တွင်” ဖြစ်ပေါ်ခံစားကြရသည်။ “မြင်းမည်းအရေဖျားကင်ဆာရောဂါသည် ၉၀ ရာခိုင်နှုန်းသည် နေရောင်ခံမှုကြောင့်ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ နေလောင်ထားသော အရေဖျားသည် ပျက်သုဉ်းကာ စောစောစီးစီး အသားအရေရွတ်တွသွားစေသည့်အပြင် ရောဂါပြီးစနစ်ကိုလည်း ရပ်သွားစေနိုင်ကြောင်း ထိုသတင်းကဆိုသည်။ ကနေဒီယံ ၄,၀၀၀ ကျော်နှင့်ပတ်သက်သည့် နိုင်ငံစစ်တမ်းတစ်ခုအရ ၈၀ ရာခိုင်နှုန်းသည် မိမိတို့အသားအရေအား နေရောင်ခံခြင်းသည် အန္တရာယ်ရှိကြောင်း သိကြသည်၊ သိလျက်နှင့်ပင် ထက်ဝက်နီးပါးသည် အကာအကွယ်လုပ်ခဲသည်။ ဤစစ်တမ်းကောက်ရာတွင် အဓိကစုံစမ်းစစ်ဆေးသူတစ်ဦးဖြစ်သော ဗြိတိသျှကိုလံဘီယာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာ ခရစ္စလိုဗာတိုက “ကျွန်တော်တို့အနေနဲ့ နေရောင်အန္တရာယ်ကင်းရေးကို အကျင့်တစ်ခုဖြစ်အောင်လုပ်ဖို့၊ နေရောင်ခံရင်း အမြော်အမြင်ရှိရှိ အန္တရာယ်ကင်းတဲ့နည်းလမ်းတွေကို” ပညာပေးဖို့ “လိုပါတယ်။”
အကုန်အကျများသော အကျင့်
ဆေးလိပ်သောက်ခြင်းသည် ငွေကုန်သည်။ မည်မျှကုန်ကျသနည်း။ ကယ်လီဖိုးနီးယား တက္ကသိုလ် ဘာကလေးဝဲလ်နက်စာအရ တစ်ရက်လျှင် စီးကရက် တစ်ဘူး သို့မဟုတ် နှစ်ဘူးသောက်ခြင်းအပေါ်မူတည်ပြီး နောက်ဆုံးတွင် ဒေါ်လာ ၂၃၀,၀၀၀ သို့မဟုတ် ၄၀၀,၀၀၀ ကုန်ကျနိုင်သည်။ “သင်သည် လူငယ်တစ်ယောက်ဖြစ်ပြီး ယနေ့မှစ၍ အနှစ် ၅၀ အထိ ဆက်သောက်သွားပြီး ဆေးလိပ်ကြောင့် သင်မသေသေးဟု ဆိုပါစို့။ ၂.၅ ဒေါ်လာတန် တစ်ရက် တစ်ဘူး (တွက်ရရှင်းရန် ဈေးတက်ခြင်းကို ထည့်မတွက်ဘဲနေကြစို့) တစ်နှစ်လျှင် ဒေါ်လာ ၉၀၀ ကျော် သို့မဟုတ် အနှစ် ၅၀ ကျော်လျှင် ဒေါ်လာ ၄၅,၀၀၀ ကျော် ကုန်ကျမည်။ ထိုကုန်ကျမည့်ငွေကို တစ်နှစ် ၅%တိုးဖြင့် ဘဏ်တွင်အပ်ထားလိုက်လျှင် လွယ်လွယ်လေးနှင့် စုစုပေါင်း ယင်းငွေ၏ လေးဆရရှိမည်” ဖြစ်ကြောင်း ဝဲလ်နက်စာ ကဆိုသည်။ အပိုအသက်အာမခံကြေးကုန်ကျစရိတ်နှင့် (အိမ်၊ အဝတ်အစားနှင့် သွားတို့အတွက်) အပိုသန့်ရှင်းရေးအသုံးစရိတ်တို့ကို ထည့်ပေါင်းလိုက်လျှင် အထက်ဖော်ပြပါအရေအတွက်ရှိသွားမည်ဖြစ်သည်။ ထိုစာက ဤသို့ထပ်ဆင့်သည်– “အကယ်၍ သင့်ကျန်းမာရေးအာမခံကြေးက ဆေးဝါးကုန်ကျသမျှကိုပေးရန်မဟုတ်လျှင် သင်ရင်ဆိုင်ရမည့် ဆေးလိပ်သောက်ခြင်းနှင့်ဆက်နွှယ်သော ဆေးဖိုးဝါးခ ယင်းတွင် မပါဝင်သေးချေ။”