ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၃/၈ စာ. ၁၀-၁၂
  • ဖိစီးမှုကို ထိန်းချုပ်နိုင်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖိစီးမှုကို ထိန်းချုပ်နိုင်!
  • နိုးလော့!—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်ကိုယ်ကို ဂရုစိုက်ပါ
  • ဆက်ဆံမှုကောင်းများကို ထိန်းသိမ်းထားခြင်း
  • သင့်ဘဝတွင် မျှတမှုကို ဖန်တီးခြင်း
  • ဖိစီးမှုကို အမြင်မှန်ရှိခြင်း
  • ဝိညာဉ်ရေးဆိုင်ရာကို ပြုစုပျိုးထောင်ခြင်း
  • စိတ်ချရသောမျှော်လင့်ချက်
  • ဖိစီးမှုကို မည်သို့ ထိန်းချုပ်နိုင်ပုံ
    နိုးလော့!—၂၀၁၀
  • အကျိုးပြုသောဖိစီးမှု အကျိုးယုတ်စေသောဖိစီးမှု
    နိုးလော့!—၁၉၉၉
  • ကျောင်းမှာဖိစီးမှုကြုံရင် ဘယ်လိုဖြေရှင်းရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ဖိစီးမှု—ကျွန်ုပ်တို့အပေါ် မည်သို့ သက်ရောက်သနည်း
    နိုးလော့!—၂၀၁၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၃/၈ စာ. ၁၀-၁၂

ဖိစီးမှုကို ထိန်းချုပ်နိုင်!

“ဘဝတွင်ဖိစီးမှုဟူသည် အမြဲရှိနေမည်ဖြစ်ပြီး ဖိစီးမှုပပျောက်စေဖို့ ကြိုးစားခြင်းထက်ယင်းအပေါ် ကျွန်ုပ်တို့တုံ့ပြန်ပုံကို အမှန်တကယ်ဆန်းစစ်ရပေမည်။”—နာမည်ကျော် ကျန်းမာရေးဆောင်းပါးရှင် လီယွန် ချဲတော့ဖ်။

သမ္မာကျမ်းစာက “နောက်ဆုံးသောနေ့ရက်” သည် “ကိုင်တွယ်ရခဲယဉ်းသည့် ကျပ်တည်းသောကာလ” ဖြစ်လိမ့်မည်ဟု တင်ကြိုဟောထားခဲ့သည်။ သာဓကအရ ကျွန်ုပ်တို့သည်—ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ—များဝန်းကျင်တွင် အသက်ရှင်နေရကြောင်း ထင်ရှားသည်။—၂ တိမောသေ ၃:၁-၅၊ ကဘ။

အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်ချမ်းမြေ့မှုရရှိရန် ခက်ခဲရခြင်းသည် အံ့အားသင့်စရာမဟုတ်ချေ! ငြိမ်းချမ်းစွာနေထိုင်လိုသူတို့ပင် ထိခိုက်နိုင်ပေသည်။ “ဖြောင့်မတ်သောသူသည် များစွာသောဒုက္ခဆင်းရဲခံရ” သည်ဟူ၍ ဆာလံဆရာဒါဝိဒ်ကရေးသားခဲ့သည်။ (ဆာလံ ၃၄:၁၉; ၂ တိမောသေ ၃:၁၂၊ နှိုင်းယှဉ်။) သို့တိုင် ဖိစီးမှုက သင့်ကိုလွှမ်းမိုးမသွားရန် ယင်းကိုလျော့ပါးစေဖို့ သင်ပြုလုပ်နိုင်သည့်အရာများစွာရှိသည်။ အောက်ပါအကြံပြုချက်များကို သုံးသပ်ကြည့်ပါ။

သင်ကိုယ်ကို ဂရုစိုက်ပါ

သင့်အစားအသောက်ကို သတိပြုပါ။ ကျန်းမာရေးနှင့်ညီညွတ်သောအစာတွင် ပရိုတင်း၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံပင်၊ အခြားဂျုံစပါးနှင့် နို့ထွက်ပစ္စည်းများပါဝင်၏။ သန့်စင်ထားသောအဖြူရောင်ဂျုံမှုန့်နှင့် ပြည့်ဝအဆီများကို သတိပြုပါ။ ဆား၊ သန့်စင်ထားသောသကြား၊ အရက်ယမကာနှင့် ကဖိန်းသုံးဆောင်နှုန်းကို ဂရုစိုက်ပါ။ အစားအသောက်ကို အမြော်အမြင်ရှိရှိစားသုံးခြင်းဖြင့် စိတ်ဖိစီးခံရဖို့လွယ်ကူခြင်းကို လျော့ပါးစေပေမည်။

ကာယလေ့ကျင့်ခန်း။ “ကိုယ်ခန္ဓာသန်စွမ်းရန် လေ့ကျင့်ခြင်းသည် . . . အကျိုးရှိ၏” ဟုသမ္မာကျမ်းစာ၌ အကြံပြုထားသည်။ (၁ တိမောသေ ၄:၈၊ သမ) အမှန်မှာ၊ တော်ရုံသင့်ရုံဖြစ်ကာ စွဲမြဲစွာလုပ်သည့်လေ့ကျင့်ခန်း—တစ်ပတ်လျှင် သုံးကြိမ်ဟု အချို့၏အကြံပြုချက်သည် နှလုံးကိုသန်စွမ်းစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေကာ ကိုလက်စထရောကို လျော့ပါးစေသည့်အပြင် နှလုံးရပ်တန့်ခြင်းအလားအလာကို လျော့စေနိုင်သည်။ ထိုထက်ကား လေ့ကျင်ခန်းသည် နေထိုင်ကောင်းသည့်ခံစားချက်ကို ဖြစ်စေ၏၊ အားသွန်ခွန်စိုက်လှုပ်ရှားနေစဉ်အတွင်း ထွက်လာသောအန်ဒိုဖင်းကြောင့် ဖြစ်ဖွယ်ရှိသည်။

အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးနည်းခြင်းက မောပန်းနွမ်းနယ်စေပြီး ဖိစီးမှုကိုထိန်းချုပ်နိုင်သည့် သင်၏စွမ်းရည်ကိုလျော့ကျစေသည်။ သင်သည် အိပ်စက်ခြင်းပြဿနာကြုံတွေ့နေရလျှင် အချိန်မှန်အိပ်ရာဝင်ဖို့နှင့် နိုးထဖို့ကြိုးစားပါ။ အချို့က ညဘက်အိပ်ခြင်းကိုမထိခိုက်စေရန် နေ့လယ်တစ်ရေးအိပ်ခြင်းကို မိနစ် ၃၀ ကန့်သတ်ထားဖို့ အကြံပြုကြသည်။

ဖွဲ့စည်းထားပါ။ မိမိတို့၏အချိန်ကို ထိန်းချုပ်ဖို့စီမံသူတို့သည် ဖိစီးမှုကို သာ၍တိုက်လှန်နိုင်စွမ်းရှိကြသည်။ ဖွဲ့စည်းမှုရှိရန် ဦးစားပေးထိုက်သည့်တာဝန်များကို ဦးစွာဆုံးဖြတ်ပါ။ ထို့နောက် ယင်းတို့ကို လျစ်လျူမရှုမိစေရန် ဇယားတစ်ခုထားရှိပါ။—၁ ကောရိန္သု ၁၄:၃၃၊ ၄၀၊ ဖိလိပ္ပိ ၁:၉ နှိုင်းယှဉ်။

ဆက်ဆံမှုကောင်းများကို ထိန်းသိမ်းထားခြင်း

ထောက်မမှုရယူပါ။ ဖိစီးမှုခံနေရစဉ်ကာလအတွင်း မိတ်ဆွေအပေါင်းအသင်းများနှင့် လူမှုဆက်သွယ်ရေးရှိသူတို့သည် အလွန်အမင်းဖိစီးလွှမ်းမိုးလာခြင်းမှ ကာကွယ်မှုကို အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ရရှိလေ၏။ ရင်ဖွင့်နိုင်သော ယုံကြည်ကိုးစားရသည့် မိတ်ဆွေတစ်ဦးမျှသာ ရှိထားခြင်းကပင် ခြားနားမှုကိုဖြစ်စေနိုင်သည်။ သမ္မာကျမ်းစာမှ စကားပုံတစ်ခုက ဤသို့ဆိုသည်– “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။”—သု. ၁၇:၁၇။

ပဋိပက္ခများကို ဖြေရှင်းပါ။ “အမျက်မပြေဘဲ နေမဝင်စေနှင့်” ဟူ၍ တမန်တော်ပေါလုကရေးသားခဲ့၏။ (ဧဖက် ၄:၂၇) အမျက်ဒေါသသိုထားမည့်အစား သဘောထားကွဲလွဲမှုများကို လျင်မြန်စွာဖြေရှင်းခြင်းဖြင့် ပညာရှိပုံကို နှလုံးရပ်တန့်မှု သေဘေးမှလွတ်ခဲ့သူ ၉၂၉ ဦးကို ပြုသည့်လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ ရန်ငြိုးကြီးသူတို့သည် မိမိတို့နှင့်သက်တူရွယ်တူရှိသော သိမ်မွေ့သည့်စိတ်သဘောထားရှိသူတို့နှင့်နှိုင်းစာလျှင် ပထမအကြိမ်နှလုံးရပ်တန့်ပြီးနောက် ဆယ်နှစ်အတွင်း ထပ်မံနှလုံးရပ်တန့်ပြီး သေဆုံးဖို့ရာအလားအလာ သုံးဆပိုများသည်။ သုတေသနပြုချက်ကို ရေးသားသူတို့က အမျက်ဒေါသသည် အပြင်းထန်ဆုံးသောပယောဂ ဖြစ်နိုင်ဖွယ်ရှိသော်လည်း ခန္ဓာကိုယ်မှတစ်ဆင့် ဖိစီးမှုဆိုင်ရာဟော်မုန်းကို တစ်ရှိန်ထိုးတက်လာစေသော မည်သည့်အပျက်သဘောမြင် စိတ်လှုပ်ရှားမှုမဆို အလားတူအကျိုးသက်ရောက်မှုဖြစ်စေနိုင်သည်ဟု ထောက်ပြကြသည်။ နယပုံပြင် ၁၄:၃၀ ၌ “ငြူစူသောသဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏” ဟုဖော်ပြထားသည်။

မိသားစုအတွက် အချိန်ပေးပါ။ ဣသရေလမိဘများသည် သူတို့သားသမီးများနှင့်အတူ အချိန်ကိုအသုံးပြုကာ ဖြောင့်မတ်သောမူများကို သူတို့လေးများ၏နှလုံးထဲသို့ သွတ်သွင်းပေးရန် မိန့်မှာခြင်းခံရကြသည်။ (တရားဟောရာ ၆:၆၊ ၇) သို့ပြုခြင်းကြောင့် ဖြစ်လာသည့်နှောင်ကြိုးသည် ယနေ့ဝမ်းနည်းဖွယ်ကောင်းလောက်အောင် ကင်းမဲ့လျက်ရှိသည့် မိသားစုစည်းလုံးညီညွတ်မှုကို တိုးမြှင့်ပေး၏။ လေ့လာမှုတစ်ရပ်က အိမ်ပြင်ထွက်၍အလုပ်လုပ်ကြရသော မောင်နှံစုံအချို့သည် နေ့စဉ် မိမိတို့၏ကလေးများနှင့် ဆော့ကစားသည့်အချိန်မှာ ၃.၅ မိနစ်မျှသာရှိကြောင်း ဖော်ပြသည်။ မည်သို့ပင်ဆိုစေ ဖိစီးမှုကို သင်ရင်ဆိုင်ရသောအခါ သင့်မိသားစုသည် အလွန်ပင်အားထားရာဖြစ်နိုင်သည်။ “မိသားစုသည် သင့်အား စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးသူလူစုတွင် ပါဝင်ပြီး သင်သည် မည်သို့သောလူစားမျိုးဖြစ်ကြောင်း အမှန်တကယ်သိရှိကာ မည်သို့ပင်ဖြစ်နေပါစေ သင့်ကို ချစ်ခင်နှစ်သက်ကြသူများဖြစ်သည်” ဟု ဖိစီးမှုနှင့်ပတ်သက်၍ စာအုပ်တစ်အုပ်ကဆို၏။ “မိသားစု ပူးပေါင်းဆောင်ရွက်မှုသည် ဖိစီးမှုကိုလျော့ပါးစေရာ၌ အကောင်းဆုံးနည်းလမ်းဖြစ်သည်။”

သင့်ဘဝတွင် မျှတမှုကို ဖန်တီးခြင်း

အကျိုးသင့်အကြောင်းသင့်ဖြစ်ပါ။ ကိုယ်ကာယပိုင်းနှင့် စိတ်ပိုင်းအရ ရေကုန်ရေခန်းအားထုတ်နေသူတစ်ဦးသည် ပင်ပန်းနွမ်းနယ်၍ စိတ်ဓာတ်ကျခြင်းဖြစ်ဖို့ အလွန်အလားအလာရှိသူဖြစ်သည်။ မျှတမှုသည် သော့ချက်ဖြစ်၏။ “ထက်ရပ်မှပညာကား . . . သင့်တင့်လျော်ကန်၏” ဟုတပည့်တော် ယာကုပ်ကရေးသားခဲ့သည်။ (ယာကုပ် ၃:၁၇၊ ကဘ; ဒေသနာ ၇:၁၆၊ ၁၇ နှင့် ဖိလိပ္ပိ ၄:၅ နှိုင်းယှဉ်။) သင်အကျိုးသင့်အကြောင်းသင့် ကိုင်တွယ်ဖြေရှင်းနိုင်သည့် အတိုင်းအတာထက် ကျော်လွန်၍ တောင်းဆိုမှုများကို ငြင်းဆန်ရန်သင်ယူပါ။

သင်ကိုယ်ကို အခြားသူနှင့် မနှိုင်းယှဉ်ပါလေနှင့်။ ဂလာတိ ၆:၄ က ဤသို့ဆိုသည်– “လူတိုင်း ကိုယ်ပြုသောအမှုကိုစစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆို [“သူတစ်ပါးနှင့်နှိုင်းယှဉ်၍မဟုတ်၊” ကဘ] ဘဲ ကိုယ်၌သာဝါကြွားဝမ်းမြောက်စရာအကြောင်းရှိလိမ့်မည်။” မှန်ပါသည်၊ ဝတ်ပြုခြင်းကိစ္စများ၌ပင် ဘုရားသခင်သည် နှိုင်းယှဉ်၍မျက်နှာလိုက်ခြင်း၊ ကျွန်ုပ်တို့တစ်ဦးချင်းစီ၏အခြေအနေများမှ ခွင့်ပြုသည်ထက်သာလွန်၍တောင်းဆိုခြင်း မပြုလုပ်ချေ။ ကိုယ်တော်သည် “မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍” ကျွန်ုပ်တို့၏ပေးဆက်မှုများနှင့် ယဇ်များကို လက်ခံတော်မူ၏။—၂ ကောရိန္သု ၈:၁၂။

အပန်းဖြေမှုအတွက် အချိန်ပေးပါ။ ယေရှုပင်လျှင် အလုပ်ကြိုးစားဆောင်ရွက်သော်လည်း မိမိကိုယ်တော်တိုင်နှင့် မိမိ၏နောက်လိုက်များအတွက် အနားယူဖို့ရာ အချိန်ပေးတော်မူ၏။ (မာကု ၆:၃၀-၃၂) ဒေသနာကျမ်းစောင်ကိုရေးရန် မှုတ်သွင်းခံရသူက အပြည့်အဝအပန်းဖြေခြင်းသည် အကျိုးပြုကြောင်း ယူမှတ်လေသည်။ သူ ဤသို့ရေးသားသည်– “ထိုအခါ ပျော်မွေ့ခြင်းအမှုကိုငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည် နေအောက်မှာစားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက်သာ၍ကောင်းသောအမှုမရှိ။ နေအောက်မှာ ဘုရားသခင်ပေးသနားတော်မူသောအသက်ကာလ၌၊ ကြိုးစားအားထုတ်၍ရသောအကျိုးတို့တွင်၊ ထိုအကျိုးကိုသာအမြဲခံရ၏။” (ဒေသနာ ၈:၁၅) မျှတမှုရှိသောပျော်ရွှင်မှုများသည် ခန္ဓာကိုယ်ကို လန်းဆန်းစေနိုင်ပြီး ဖိစီးမှုလျော့ပါးဖို့ ကူညီပေးနိုင်သည်။

ဖိစီးမှုကို အမြင်မှန်ရှိခြင်း

ဖိစီးမှုအခြေအနေများနှင့် ကြုံကြိုက်နေသောအခါ–

ဘုရားသခင့်မျက်နှာသာတော်ကိုမရဟု သင်ကောက်ချက်မချလိုက်ပါနှင့်။ သမ္မာကျမ်းစာက သစ္စာရှိအမျိုးသမီးတစ်ဦးဖြစ်သူ ဟန္နသည် နှစ်နှင့်ချီ၍ “ညှိုးငယ်သောစိတ်” (“အလွန်စိတ်ဆင်းရဲလျက်၊” Revised Standard Version) ရှိလေ၏ဟု ဖော်ပြသည်။ (၁ ဓမ္မရာဇဝင် ၁:၄-၁၁) ပေါလုသည် မာကေဒေါနိပြည်သို့ရောက်သောအခါ ‘အချက်တိုင်းတွင် စိတ်ဆင်းရဲ၏။’ (၂ ကောရိန္သု ၇:၅၊ Byington) ယေရှုသည် မိမိမသေဆုံးမီလေးတွင် “ပြင်းစွာသောဝေဒနာကိုခံ” ခဲ့ရကာ ကိုယ်တော်၏ဖိစီးမှုသည် ကြီးမားလွန်းသဖြင့် “ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း။”a (လုကာ ၂၂:၄၄) သူတို့သည် ဘုရားသခင်၏သစ္စာရှိကျေးကျွန်များဖြစ်ကြသည်။ သို့ဖြစ်၍ ဖိစီးမှုနှင့်သင်ကြုံရသောအခါ ဘုရားသခင်သည် သင့်ကိုစွန့်ပြီဟူ၍ကောက်ချက်ချဖို့ရာအကြောင်း လုံးဝမရှိချေ။

သင်၏စိတ်ဆင်းရဲခြင်းအခြေအနေများမှ သင်ခန်းစာယူပါ။ ပေါလုက သူ၏ “ကိုယ်၌စူးသောဆူးကို” ခံရပ်ခဲ့ရကြောင်းရေးသားခဲ့သည်။ သူ့ကို အလွန်အမင်းစိတ်ဆင်းရဲမှုဖြစ်စေသည့် ကျန်းမာရေးပြဿနာဖြစ်သည်မှာ သံသယဖြစ်စရာမလိုချေ။ (၂ ကောရိန္သု ၁၂:၇) သို့သော် ငါးနှစ်ခန့်ကြာပြီးနောက် သူကဤသို့ပြောနိုင်ခဲ့သည်– “ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကိုခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌သင်မိပြီ။ ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။” (ဖိလိပ္ပိ ၄:၁၂၊ ၁၃) မိမိ၏ “ကိုယ်၌စူးသောဆူး” ကြောင့် ပေါလုမပျော်ရွှင်ခဲ့သော်လည်း ယင်းကိုခံရပ်ခြင်းအားဖြင့် အစွမ်းခွန်အားအတွက် ဘုရားသခင်အပေါ် လုံးဝမှီခိုအားထားနိုင်ပုံကို သူသင်ယူခဲ့ပြီ။—ဆာလံ ၅၅:၂၂။

ဝိညာဉ်ရေးဆိုင်ရာကို ပြုစုပျိုးထောင်ခြင်း

ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရှုဆင်ခြင်ပါ။ “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။” (မဿဲ ၅:၃၊ ကဘ) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရှု၍ ဆင်ခြင်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။ ကျမ်းစောင်များကို လုံ့လဝီရိယရှိရှိသုတေသနပြုခြင်းအားဖြင့် ထိုနေ့တစ်နေ့လုံးအဖို့ ကျွန်ုပ်တို့အတွက်လိုအပ်သောအားပေးမှုဖြစ်စေသည့် သင့်တော်သောစကားလုံးကို မကြာခဏပင် ရှာဖွေတွေ့ရှိကြသည်။ (သု. ၂:၁-၆) ဆာလံဆရာက “အကျွန်ုပ်၏နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့်၊ အကျွန်ုပ်၏ဝိညာဉ်သည် ရွှင်လန်းပါ၏” ဟုရေးသားခဲ့သည်။—ဆာလံ ၉၄:၁၉။

ပုံမှန်ဆုတောင်းပါ။ ပေါလု ဤသို့ရေးသားခဲ့သည်– “သင်တို့ တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) မှန်ပါသည်၊ “သာမန်ထက်ထူးကဲသော တန်ခိုးတော်” လိုအပ်သည့်အခါ၌ပင် “ဘုရားသခင်၏ငြိမ်သက်ခြင်း” က ကျွန်ုပ်တို့အား ဒုက္ခပေးသောခံစားချက်များကို လွှမ်းမိုးပြီး ငြိမ်သက်သွားစေနိုင်သည်။—၂ ကောရိန္သု ၄:၇၊ ကဘ။

ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ပါ။ ခရစ်ယာန်အသင်းတော်သည် တန်ဖိုးရှိသောထောက်ပံ့မှုကိုပေးလျက်ရှိရာ ယင်း၌ရှိသူတို့သည် “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း . . . အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှု” ရန်အလေးအနက်တိုက်တွန်းခြင်းခံရ၏။ အကြောင်းကောင်းရှိ၍သာ ပထမရာစုနှစ်ရှိ ဟေဗြဲခရစ်ယာန်များအား “အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်” ဟူ၍ ပေါလုကပြောခဲ့ခြင်းဖြစ်သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

စိတ်ချရသောမျှော်လင့်ချက်

မှန်ပါသည်၊ ဖိစီးမှုကိုလျော့ချခြင်းသည် ရိုးရိုးပုံသေနည်းတစ်ခုအတိုင်း လိုက်ခြင်းထက်မျှမကပါ။ ရံဖန်ရံခါ တွေးခေါ်မှုကို အခြေခံကျကျ ပြောင်းလဲပစ်ဖို့လိုသည်။ ဥပမာ၊ လူတစ်ဦးသည် ဖြစ်ပေါ်လာသည့်အခြေအနေများက သူ့အားမလွှမ်းမိုးသွားစေရန် ယင်းတို့ကို ရင်ဆိုင်သည့်နည်းလမ်းသစ်များကိုသင်ယူဖို့ လိုအပ်ပေမည်။ အချို့ကိစ္စများတွင် ဖိစီးမှုဖြစ်သည့်အကြိမ် သို့မဟုတ် ပြင်းထန်မှုက ကျွမ်းကျင်မှုရှိသောဆေးကုသမှုကိုရှာဖွေဖို့ လိုကောင်းလိုစေမည်။

မှန်ပါသည်၊ ယနေ့ ဘဝတွင် မည်သူတစ်ဦးတစ်ယောက်မျှ အကျိုးယုတ်စေသောဖိစီးမှုမှ လုံးလုံးလွတ်ကင်းသည်ဟူ၍မရှိချေ။ သို့သော် သမ္မာကျမ်းစာက မကြာမီ ဘုရားသခင်သည် လူသားများအပေါ်သို့အာရုံစိုက်၍ အကျိုးယုတ်စေသောဖိစီးမှုမှန်သမျှကို ဖြစ်စေသည့်အခြေအနေအားလုံးကို ဖျက်ဆီးပစ်လိမ့်မည်ဟု ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေတော်မူသည်။ ဗျာဒိတ် ၂၁:၄ ၌ ဘုရားသခင်သည် “သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ” ဟူ၍ ကျွန်ုပ်တို့ဖတ်ရသည်။ ထို့နောက်တွင် သစ္စာရှိသောလူသားတို့သည် လုံခြုံမှုအပြည့်ဖြင့် နေရကြလိမ့်မည်။ ပရောဖက် မိက္ခာက ဤသို့တင်ကြိုဟောထားသည်– “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာထိုင်ကြလိမ့်မည်။ ကြောက်စေသောသူတစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏။”—မိက္ခာ ၄:၄။

[အောက်ခြေမှတ်ချက်]

a ချွေးအဖြစ်သွေးထွက်ခြင်းသည် အလွန်အမင်းစိတ်ဖိစီးမှုဆိုင်ရာ အချို့ကိစ္စများတွင် ဖြစ်ပျက်လေသည်ဟု မှတ်တမ်းတင်ထားသည်။ ဥပမာ၊ ဟဲမတီဒရိုစစ္စဖြစ်ရာတွင် သွေးရောင်သမ်းသော သို့မဟုတ် သွေးရောင်ခြယ်ပစ္စည်းများပါရှိသောအရည်များ ကိုယ်မှထွက်ခြင်း သို့မဟုတ် သွေးဖြင့်ရောနှောနေသော ကိုယ်ခန္ဓာဆိုင်ရာအရည်ကို ချွေးအဖြစ်စွန့်ထုတ်ခြင်းတို့ဖြစ်လေသည်။ သို့သော် ယေရှု၏အခြေအနေ၌ ယင်းတို့ထဲမှ မည်သည့်အရာဖြစ်ပျက်ကြောင်းကို အတိအကျမဆိုနိုင်ချေ။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

ဖိစီးမှုနှင့် ခွဲစိတ်ကုသမှု

အချို့ဆရာဝန်များသည် သူတို့၏လူနာများကို ခွဲစိတ်ခန်းထဲသို့မခေါ်ဆောင်သွားမီ သူတို့၏ဖိစီးမှုပမာဏကို သုံးသပ်ကြည့်ကြသည်။ ဥပမာ ခွဲစိတ်ဆရာဝန် ကမ်ရန် နာဇက်က ဤသို့ဆိုသည်–

“ခွဲစိတ်မှုစာရင်းမှာအမည်ပါနေတဲ့ လူတစ်ယောက်ဟာ အဲဒီနေ့မှာပဲထိတ်လန့်စရာနဲ့ကြုံခဲ့ရလို့ ခွဲစိတ်ခန်းထဲမဝင်ချင်ဘူးလို့ပြောခဲ့ရင် ကျွန်တော်က ခွဲစိတ်မှုကိုရွှေ့ဆိုင်းပေးလိုက်တယ်။” အဘယ်ကြောင့်နည်း။ နာဇက်က ဤသို့ ရှင်းပြသည်– “အလွန်ကြောက်ရွံ့ထိတ်လန့်နေတဲ့သူတွေကို ခွဲစိတ်ကုသတဲ့နေရာမှာ အခက်အခဲကြီးမားတာကို ခွဲစိတ်ဆရာဝန်တိုင်း သိကြပါတယ်။ သူတို့ဟာ သွေးထွက်များတတ်တယ်၊ ပိုပြီးရောဂါကူးစက်တဲ့အပြင် ပိုပြီးရှုပ်ထွေးတယ်။ ပြန်နာလန်ထူလာဖို့လည်း ပိုပြီးခက်တယ်။ သူတို့ တည်ငြိမ်နေရင် ပိုပြီးကောင်းပါတယ်။”

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဝိညာဉ်ရေးကို ပြုစုပျိုးထောင်ခြင်းသည်သင့်အား အေးဆေးတည်ငြိမ်စွာရှိနေစေဖို့ ကူညီပေး

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

သင့်ကျန်းမာရေးကို ဂရုစိုက်ခြင်းကဖိစီးမှုကိုလျော့ကျစေ

အနားယူခြင်း

ကျန်းမာရေးနှင့်ညီညွတ်သောအစာ

ကာယလေ့ကျင့်ခန်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ