ခရီးစဉ် ၈၀၁ လေယာဉ်ပျက်ကျရာမှ ကျွန်တော်လွတ်မြောက်ခဲ့
ဂူအန်နယ်မြေထဲကို လေယာဉ်ဆင်းသက်နေချိန်မှာ ပြတင်းပေါက်ကနေအပြင်ကို ကျွန်တော်ကြည့်ခဲ့တယ်။ ‘ထူးဆန်းနေပါလား၊ အရမ်းမှောင်နေသလိုပဲ’ လို့ကျွန်တော်တွေးမိတယ်။ ဟုတ်ပါတယ်၊ အဲ့ဒီအချိန်ဟာ သန်းခေါင်ကျော်အချိန်ဖြစ်ပြီး သည်းထန်နေတဲ့မိုးက မြင်ကွင်းကိုညံ့စေခဲ့တယ်။ ဒါပေမဲ့ ကျွန်းရဲ့အမှတ်အသားမီးတွေနဲ့ လေယာဉ်ကွင်းရဲ့ လင်းထိန်နေတဲ့လေယာဉ်ပြေးလမ်းတွေကဘယ်မှာလဲ။ ကျွန်တော်မြင်နိုင်တဲ့ တစ်ခုတည်းသောအလင်းကတော့ ကျွန်တော်တို့ရဲ့ ဂျမ်ဘိုဂျက်တောင်ပံမှာရှိတဲ့ အလင်းမှိန်မှိန်လေးပါပဲ။
လေယာဉ်အမှုထမ်းတစ်ဦးက မြေပြင်ကိုဆင်းဖို့အတွက်ပြင်ဆင်ဖို့ ထုံးစံအတိုင်းကြေညာတယ်၊ လေယာဉ်ဘီးချသံကို ကျွန်တော်သေသေချာချာကြားခဲ့ရတယ်။ ရုတ်တရက်ပဲ လေယာဉ်နဲ့မြေပြင်ပွတ်တိုက်မိတဲ့ ဆူညံကျယ်လောင်တဲ့အသံထွက်လာတယ်။ လေယာဉ်ကိုထိန်းလို့မရဘဲ တုံ့ဆိုင်းတုံ့ဆိုင်းလှုပ်ရှားသွားနေတော့ ခရီးသည်တွေက သူတို့ရဲ့ထိုင်ခုံလက်တန်းတွေကို မြဲမြဲဆုပ်ကိုင်ထားပြီး “ဘာတွေဖြစ်ကုန်ပြီလဲ” လို့အော်ကြတယ်။
ကျွန်တော်တို့ရဲ့လေယာဉ်မှူး အတွက်မှားသွားပုံရတယ်၊ အဲ့ဒါကြောင့် ခဏလေးကြာတော့ ကျွန်တော်တို့ရဲ့ ဘိုးရင်း ၇၄၇ ဟာလေယာဉ်ကွင်းမရောက်ခင် သုံးမိုင်အလိုမှာရှိတဲ့ တောင်စောင်းတစ်ခုကို ဝုန်းကနဲဝင်ဆောင့်မိခဲ့တယ်။ ၁၉၉၇ ဩဂုတ်လ ၆ ရက်မှာ ဒီလေယာဉ်ပျက်ကျမှုကြောင့် ခရီးသည်နဲ့ လေယာဉ်အမှုထမ်းအားလုံးပေါင်း ၂၂၈ ယောက်သေဆုံးခဲ့တယ်။ ကျွန်တော်ကတော့ အသက်ရှင်ကျန်ခဲ့တဲ့သူ ၂၆ ယောက်ထဲက တစ်ယောက်ပါ။
ကျွန်တော်လေယာဉ်ပေါ်မတက်ခင် ကိုရီးယားနိုင်ငံဆိုးလ်မြို့မှာ လေကြောင်းပို့ဆောင်ရေးကိုယ်စားလှယ်က ကျွန်တော့်ရထားတဲ့ ရိုးရိုးတန်းထိုင်ခုံနေရာထက်ပိုကောင်းတဲ့ ပထမတန်းထိုင်ခုံထဲက နောက်ဆုံးကျန်တဲ့တစ်ခုံကို ကျွန်တော့်ကိုပေးခဲ့တယ်။ ကျွန်တော်ပီတိဖြစ်လွန်းလို့ ဂူအန်လေဆိပ်မှာကျွန်တော့်ကိုကြိုနေမယ့် ကျွန်တော့်ရဲ့ဇနီး စွန် ဒက်ခ်ကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်။ ဒီလိုထိုင်ခုံပြောင်းလိုက်တာဟာ အိပ်မက်ဆိုးကနေလွတ်သွားဖို့ အကျိုးဖြစ်စေခဲ့တယ်ဆိုတာကို ကျွန်တော်တွေ့ခဲ့ရတယ်။
လေယာဉ်ပျက်ကျပြီးနောက်ပိုင်းမြင်ကွင်း
ကောင်းကောင်းမမြင်ရတဲ့အတွက် လေယာဉ်အမှုထမ်းတွေဟာ တွေ့ကြုံရမယ့်ဘယ်အန္တရာယ်ကိုမှ သတိမထားမိခဲ့တာဖြစ်နိုင်တယ်။ အဖြစ်အပျက်တွေက အရမ်းမြန်လွန်းတယ်! တစ်ခဏအတွင်းမှာပဲ အဆိုးဆုံးအခြေအနေကိုရင်ဆိုင်ဖို့ ကျွန်တော်အားတင်းလိုက်တယ်၊ နောက်တစ်ခုကျွန်တော်သိလိုက်ရတာကတော့ ကျွန်တော်ဟာ ထိုင်ခုံပေါ်မှာသိုင်းကြိုးသိုင်းထားလျက်နဲ့ လေယာဉ်ရဲ့အပြင်ဘက် မြေကြီးပေါ်မှာရောက်နေတယ်ဆိုတာပါပဲ။ ကျွန်တော်သတိရသလား သတိမေ့သွားသလားဆိုတာကိုတော့ သေချာမသိတော့ဘူး။
‘အိပ်မက်မက်နေတာများလား’ လို့ ကျွန်တော်သံသယဖြစ်မိခဲ့တယ်။ မဟုတ်ဘူးဆိုတာကို ကျွန်တော်နားလည်လိုက်ပြီး လေယာဉ်ပျက်တဲ့သတင်းကို ကျွန်တော့်ဇနီးကြားခဲ့ရင် သူဘယ်လိုနေမလဲဆိုတာကို ကျွန်တော်ပထမဆုံးတွေးမိခဲ့တယ်။ သူ့ရဲ့မျှော်လင့်ချက် တစ်ခါမှမပျောက်သွားခဲ့ဘူးလို့ နောက်ပိုင်းမှာ ကျွန်တော့်ကိုပြန်ပြောပြခဲ့တယ်။ ခရီးသည်ခုနစ်ယောက်ပဲအသက်ရှင်တယ်လို့ လေဆိပ်မှာ လူတစ်ယောက်ရဲ့စကားကိုကြားခဲ့တဲ့အခါမှာတောင် အဲ့ဒီခုနစ်ယောက်ထဲမှာ ကျွန်တော်တစ်ယောက်ပါမယ်လို့ သူယုံကြည်ခဲ့တယ်။
လေယာဉ်ပျံဟာ လေးပိုင်းပြတ်သွားခဲ့ပြီး မညီမညာကြမ်းတမ်းတဲ့တောမြေပေါ်မှာ ပြန့်ကျဲနေတယ်။ လူသေကောင်တွေလည်း နေရာအနှံ့မှာပါပဲ။ လေယာဉ်ရဲ့အစိတ်အပိုင်းတွေဟာ မီးလောင်နေပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ ညည်းညူတဲ့အသံ၊ အော်ဟစ်သံတွေနဲ့ ပေါက်ကွဲသံတွေကို ကျွန်တော်ကြားခဲ့ရတယ်။ “ကယ်ကြပါဦး! ကယ်ကြပါ! ဆိုပြီးအသနားခံနေကြတယ်။ ကျွန်တော့်ရဲ့ထိုင်ခုံဟာ ခြောက်ပေအမြင့်ရှိတဲ့ ရှတဲ့မြက်ပင်တွေပေါ်ကျသွားတယ်။ ကြောက်စရာကောင်းလောက်အောင်လောင်နေတဲ့ မီးရဲ့အလင်းရောင်နဲ့ အနားလေးမှာရှိတဲ့ မတ်စောက်တဲ့တောင်ကို ကျွန်တော်မြင်နိုင်ခဲ့တယ်။ အဲ့ဒီအချိန်က မနက်နှစ်နာရီလောက်ရှိပြီး အဲ့ဒီနောက် မိုးဆက်ရွာခဲ့တယ်။
သူ့ရဲ့ခေါင်းအနောက်ဘက်မှာ ဦးရေတွဲလောင်းကျနေတဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်တော်သတိထားလိုက်မိတဲ့အချိန်အထိ ကျွန်တော်ထိခိုက်ဒဏ်ရာရတယ်လို့တောင် မထင်ခဲ့တဲ့အတွက် အရမ်းအံ့သြမိတယ်။ ချက်ချင်းပဲကျွန်တော့်ခေါင်းကိုစမ်းကြည့်တဲ့အခါ ဘယ်ဘက်မျက်စိအပေါ်ကကွဲနေတဲ့ဒဏ်ရာကနေ သွေးထွက်နေတာကိုကျွန်တော်တွေ့ခဲ့တယ်။ ကိုယ်ခန္ဓာရဲ့ကျန်တဲ့အပိုင်းကို ကျွန်တော်စပြီးစစ်ဆေးခဲ့တဲ့အခါ ပွန်းပဲ့ဒဏ်ရာလေးတွေကို တွေ့ခဲ့တယ်။ ပြင်းထန်တဲ့ဒဏ်ရာ တစ်ခုမှမတွေ့ရတဲ့အတွက် ဝမ်းသာစရာပါ။ ဒါပေမဲ့ ကျွန်တော့်ခြေထောက်တွေအရမ်းနာနေပြီး မလှုပ်ရှားနိုင်တော့ဘူး။ ခြေထောက်နှစ်ဖက်စလုံးကျိုးသွားခဲ့တယ်။
နောက်ပိုင်း ကျွန်တော်ဆေးရုံကိုရောက်တဲ့အခါ ဆရာဝန်တွေက ကျွန်တော့်ရဲ့ဒဏ်ရာတွေကို “သာမန်” အဖြစ်သတ်မှတ်ခဲ့ကြတယ်။ သူတို့က တခြားအသက်ရှင်နေတဲ့သူတွေနဲ့ နှိုင်းယှဉ်ပြီးပြောခဲ့တာပါ။ ခြေထောက်နှစ်ဖက်စလုံးပြတ်သွားတဲ့ အမျိုးသားတစ်ယောက်ကို အပျက်အယွင်းတွေကြားထဲက ဆွဲထုတ်ခဲ့ရတယ်။ တခြားသူတွေဟာ ပြင်းပြင်းထန်ထန်မီးလောင်ခံခဲ့ရတယ်၊ ပြင်းထန်တဲ့နာကျင်မှုကြောင့် ရက်သတ္တပတ်တော်တော်ကြာမှ သေဆုံးသွားခဲ့တဲ့သုံးယောက်အပါအဝင်ပေါ့။
မီးတောက်မီးလျှံတွေကြောင့် စိုးရိမ်မှု
ကျွန်တော့်ရဲ့ဒဏ်ရာတွေဆီကို စိတ်ရောက်နေမယ့်အစား ကယ်ဆယ်ရေးအဖွဲ့တွေ အချိန်မီရောက်လာပါ့မလားလို့ ကျွန်တော်စိုးရိမ်နေခဲ့တယ်။ ကျွန်တော်ရဲ့ ရိုးရိုးတန်းထိုင်ခုံနေရာဖြစ်ခဲ့တဲ့ လေယာဉ်ရဲ့အလယ်ပိုင်းဟာ အားလုံးနီးပါးပျက်စီးသွားခဲ့တယ်။ ကျန်တဲ့အပိုင်းတွေဟာမီးလောင်ခံရပြီး အတွင်းပိုင်းမှာပိတ်မိနေခဲ့တဲ့ခရီးသည်တွေဟာ ပြင်းထန်တဲ့ဝေဒနာကိုခံပြီး သေဆုံးခဲ့ကြရတယ်။ အကူအညီတောင်းနေတဲ့ သူတို့ရဲ့စူးစူးဝါးဝါးအော်သံတွေကို ကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ဘူး။
ကျွန်တော့်ရဲ့ထိုင်ခုံဟာ လေယာဉ်ရဲ့ဦးပိုင်းနားကိုရောက်သွားတယ်။ ကျွန်တော်ဟာ အပျက်အယွင်းတွေနဲ့မလှမ်းမကမ်းလောက်မှာ ကျသွားခဲ့တယ်။ ကျွန်တော့်လည်ပင်းကိုဆန့်ပြီး အနောက်ကိုကြည့်တဲ့အခါ မီးတောက်တွေကိုကျွန်တော်မြင်ရတယ်။ သိပ်မကြာခင် ကျွန်တော့်ဆီကိုရောက်လာလိမ့်မယ်ဆိုပြီး ကျွန်တော်စိုးရိမ်ခဲ့တာ။ တော်သေးတယ်၊ မရောက်လာခဲ့ဘူး။
နောက်ဆုံး ကယ်တင်ခံရခဲ့တယ်!
တဖြည်းဖြည်းနဲ့ မိနစ်ပေါင်းများစွာကုန်သွားခဲ့တယ်။ တစ်နာရီကျော်ကျော်လောက်တောင်ကြာသွားခဲ့ပြီ။ မနက် ၃ နာရီလောက်မှာ ကယ်ဆယ်ရေးအဖွဲ့သားတချို့က လေယာဉ်ပျက်ကျတဲ့နေရာကိုရှာတွေ့ခဲ့တယ်။ တောင်ထိပ်ပေါ်ကနေ သူတို့မြင်နေရတဲ့အရာတွေကို တအံ့တသြပြောနေတဲ့စကားကို ကျွန်တော်ကြားရတယ်။ သူတို့ထဲကတစ်ယောက်က “အဲ့ဒီမှာ တစ်ယောက်ယောက်ရှိသလား” လို့အော်ပြောတယ်။
“ရှိပါတယ်။ ကယ်ကြပါဦး!” လို့ ကျွန်တော်ပြန်အော်ပြောခဲ့တယ်။ တခြားခရီးသည်တွေလည်း ပြန်အော်ပြောကြတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ယောက်က တခြားတစ်ယောက်ကို “တဒ်” ဆိုပြီးခေါ်ခဲ့တယ်။ ဒါကြောင့် “ဟေး တဒ်၊ ငါဒီမှာဟေ့! တဒ်၊ ငါတို့ကိုလာကူညီပါဦး!” လို့ကျွန်တော်စပြီးအော်ခေါ်ခဲ့တယ်။
“ငါတို့ဆင်းလာကြပြီ! ခဏစောင့်ပါ” လို့ပြန်ပြောကြတယ်။
လူတော်တော်များများကို မီးလောင်တာကနေကာကွယ်ပေးခဲ့တဲ့ သည်းသည်းမည်းမည်းရွာခဲ့တဲ့မိုးက မြေပြင်ကိုချော်စေတဲ့အတွက် ဆင်းလာသူတွေကို ကြန့်ကြာနှောင့်နှေးစေခဲ့တယ်။ ဒါကြောင့် အသက်ရှင်နေတဲ့သူတွေဆီရောက်ဖို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ နောက်ထပ်အချိန်အတော်ကြာခဲ့တယ်။ ကျွန်တော့်ကိုရှာနေတဲ့အချိန်တွေဟာ ဆယ်ကမ္ဘာလောက်ကြာတယ်လို့ ကျွန်တော်ထင်ခဲ့တယ်။
“ငါတို့ရောက်လာကြပြီ။ ဘာမှမပူနဲ့” ဆိုပြီး လက်နှိပ်ဓာတ်မီးကိုင်ထားတဲ့ ကယ်ဆယ်ရေးသမားနှစ်ဦးကပြောတယ်။ ခဏကြာတော့ ကယ်ဆယ်ရေးသမားနှစ်ယောက်ထပ်ရောက်လာပြီး သူတို့အားလုံးဟာကျွန်တော့်ကို နေရာရွှေ့ဖို့ကြိုးစားကြတယ်။ နှစ်ယောက်က ကျွန်တော့်လက်မောင်းကိုမပြီး ကျန်တဲ့နှစ်ယောက်က ကျွန်တော့်ခြေထောက်တွေကိုမကြတယ်။ ဒီလမ်းမှာသယ်ပိုးခံရတာဟာ အသည်းခိုက်အောင်နာတယ်၊ အထူးသဖြင့် သူတို့ခဏခဏခြေချော်ကြလို့ပဲ။ ခပ်လှမ်းလှမ်းသွားပြီးတဲ့နောက် ကျွန်တော့်ကိုအောက်ချကြတယ်။ သူတို့ထဲကတစ်ယောက်က ထမ်းစင်သွားယူတယ်၊ ပြီးတော့ တောင်ထိပ်ပေါ်မှာရှိတဲ့ လူနာတင်ကားဆီကိုပို့ဖို့ စစ်ရဟတ်ယာဉ်ဆီသယ်သွားခဲ့ကြတယ်။
နောက်ဆုံး ကျွန်တော့်ဇနီးကို တွေ့လိုက်ရတယ်!
အရေးပေါ်အခန်းကို မနက် ၅:၃၀ မတိုင်ခင် ကျွန်တော်ရောက်သွားတယ်။ ကျွန်တော့်ရဲ့ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့် ဆရာဝန်တွေက ဖုန်ဆက်ဖို့အခွင့်မပေးကြဘူး။ ဒါကြောင့် ကျွန်တော်အသက်ရှင်နေတယ်ဆိုတာကို လေယာဉ်ပျက်ကျပြီးချိန်ကနေ ကိုးနာရီနီးပါးဖြစ်တဲ့ မနက် ၁၀:၃၀ အထိ ကျွန်တော့်ဇနီးမသိသေးဘူး။ အသက်ရှင်တဲ့သူတွေစာရင်းမှာ ကျွန်တော်ရဲ့နာမည်ကိုတွေ့ခဲ့တဲ့ မိတ်ဆွေတစ်ယောက်ဆီကနေ သူသိလိုက်ရတယ်။
နောက်ဆုံး ညနေ ၄:၀၀ နာရီလောက်မှာ ကျွန်တော့်ရဲ့ဇနီး ကျွန်တော်ကိုတွေ့ခွင့်ရခဲ့တယ်၊ ကျွန်တော် သူ့ကိုချက်ချင်းမမှတ်မိခဲ့ဘူး။ နာကျင်တဲ့ဆေးဝါးကုသခံထားရတာကြောင့် ကျွန်တော်ရဲ့အာရုံဟာ မကြည်မလင်ဖြစ်နေဆဲဖြစ်တယ်။ သူ့ရဲ့ပထမဆုံးစကားကတော့ “အစ်ကိုအသက်ရှင်နေသေးတဲ့အတွက် ကျေးဇူးတင်လိုက်တာ” တဲ့။ အဲ့ဒီမှာပြောတဲ့စကားတွေကိုတော့ ကျွန်တော်မမှတ်မိတော့ပါဘူး၊ ဒါပေမဲ့ နောက်ပိုင်းမှကျွန်တော်ပြန်သိရတာက “ကိုယ့်ကိုကျေးဇူးမတင်ပါနဲ့။ ယေဟောဝါကို ကျေးဇူးတင်ပါ” လို့ကျွန်တော်ပြန်ပြောခဲ့တယ်ဆိုတာပါပဲ။
ဦးစားပေးရမည့်အရာများကို ဦးစားပေးခြင်း
ဆေးရုံမှာ တဖြည်းဖြည်းကောင်းလာတာနဲ့အမျှ ကျွန်တော်ခံစားရတဲ့နာကျင်မှုတွေနဲ့ နေသားကျလာခဲ့တယ်။ ကိုရီးယားကနေ ဂူအန်ကိုပြောင်းခဲ့ချိန်ကနေ တစ်နှစ်နီးပါးဖြစ်တဲ့ ၁၉၈၇ တုန်းက ဆောက်လုပ်ရေးမတော်တဆထိခိုက်မှုမှာ စတုတ္ထအထပ်ငြမ်းပေါ်ကနေ ကျွန်တော်ပြုတ်ကျခဲ့ပြီး ခြေထောက်နှစ်ဖက်စလုံးကျိုးသွားခဲ့တယ်။ ဒါကကျွန်တော့်ဘဝအသက်တာမှာ အပြောင်းအလဲဖြစ်စေခဲ့တယ်။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့အစ်မက ကျမ်းစာလေ့လာဖို့အတွက်တိုက်တွန်းခဲ့တယ်။ ကျွန်တော့်နာလန်ထချိန်ခြောက်လအတွင်း အဲ့ဒါကိုလုပ်ဖို့အခွင့်အရေးရခဲ့တယ်။ ရလဒ်ကတော့ အဲ့ဒီနှစ်အတွင်းမှာပဲ ကျွန်တော့်ရဲ့အသက်တာကို ယေဟောဝါဘုရားသခင်ထံဆက်ကပ်အပ်နှံခဲ့ပြီး အထိမ်းအမှတ်အဖြစ်ရေနှစ်ခြင်းခံခဲ့တယ်။
လေယာဉ်ပျက်ကျပြီးကတည်းက “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့” လို့ပြောထားတဲ့ ကျွန်တော်အနှစ်သက်ဆုံးကျမ်းချက်ကို တွေးတောလာခဲ့တယ်။ (မဿဲ ၆:၃၃) လေယာဉ်ပျက်ကျပြီးနောက် ကုသမှုခံယူနေရတဲ့အချိန်မှာ ကျွန်တော့်ရဲ့အသက်တာကို ပြန်ချင့်ချိန်သုံးသပ်ဖို့အခွင့်အလမ်းရရှိခဲ့တယ်။
ခရီးစဉ်အမှတ် ၈၀၁ လေယာဉ်ပျက်ကျခဲ့ခြင်းက အသက်ဟာ အရမ်းတန်ဖိုးရှိတယ်ဆိုတာကို အလွန်တန်ခိုးပါသောနည်းနဲ့ ကျွန်တော့်ကိုစွဲမှတ်စေခဲ့တယ်။ ကျွန်တော် လွယ်လွယ်လေးနဲ့သေနိုင်တယ်လေ! (ဒေ. ၉:၁၁) ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ကိုယ်ခန္ဓာကိုပြုပြင်ဖို့ ခွဲစိတ်ကုသမှုတချို့လိုအပ်ခဲ့ပြီး ပြန်ပြီးကျန်းမာလာဖို့ ဆေးရုံမှာတစ်လကျော်နေခဲ့ရတယ်။
အခုတော့ ကျွန်တော်တို့ရဲ့မဟာဖန်ဆင်းရှင်ကို လူသားတွေအတွက် မြေကြီးပရဒိသုမှာ ပျော်ရွှင်စွာထာဝရအသက်ရှင်ဖို့ ကိုယ်တော့်ပြင်ဆင်ပေးချက်အပါအဝင် ကိုယ်တော်ရဲ့အံ့ဖွယ်ကောင်းသောဆုဖြစ်တဲ့အသက်ကို တကယ်တန်ဖိုးထားလေးမြတ်တယ်ဆိုတာကို တင်ပြချင်တယ်။ (ဆာလံ ၃၇:၉-၁၁၊ ၂၉; ဗျာဒိတ် ၂၁:၃၊ ၄) ဒီလိုကျေးဇူးတင်လေးမြတ်တယ်ဆိုတာကို အကောင်းဆုံးတင်ပြတဲ့နည်းကတော့ ကျွန်တော့်ဘဝအသက်တာမှာ ဘုရားသခင့်နိုင်ငံတော်ရေးရာတွေကို ပထမနေရာမှာဆက်ပြီးထားခြင်းအားဖြင့်ဖြစ်တယ်ဆိုတာကို ကျွန်တော်သဘောပေါက်လာပါတယ်။—ဆောင်းပါးရှင်ရေးသားပေးပို့သည်။
[Picture Credit Line on page 19]
US Navy/Sipa Press