ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၃/၈ စာ. ၁၂-၁၄
  • ထိခိုက်စေသောစကားကို ရှောင်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထိခိုက်စေသောစကားကို ရှောင်လော့
  • နိုးလော့!—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ညစ်ညူးသည့်ပြက်လုံးများကို စက်ဆုပ်ရွံရှာလော့
  • ဘုရားသခင်မနှစ်သက်သည့် ရုန့်ရင်းကြမ်းတမ်းသောစကားများ
  • ကျွန်ုပ်တို့၏နှုတ်ကို ချုပ်တည်းခြင်း
  • ကုစားမှုဖြစ်စေသော စကားများ
  • “ကောင်းတဲ့စကားကို အပြုသဘောပါပါ ပြောကြပါ”
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • ‘ကောင်းတဲ့စကားကို အပြုသဘောပါပါ ပြောကြပါ’
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ကောင်းသောစကားများကို နေ့စဉ်အသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • နာကျင်စေတဲ့ အပြောအဆိုကို ရှောင်နိုင်ပုံ
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၄
န၀၄ ၃/၈ စာ. ၁၂-၁၄

သမ္မာကျမ်းစာရှုထောင့်

ထိခိုက်စေသောစကားကို ရှောင်လော့

“နှုတ်တစ်ပါးတည်းအထဲက ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ်ပါသည်တကား။ ငါ့ညီအစ်ကိုတို့၊ ထိုသို့ မဖြစ်ကောင်းရာ။”—ယာကုပ် ၃:၁၀။

စကားပြောဆိုနိုင်စွမ်းသည် လူသားတို့ကို တိရစ္ဆာန်များနှင့် ကွဲပြားခြားနားစေသည့် ထူးခြားသော ဝိသေသလက္ခဏာတစ်ခုဖြစ်၏။ ဝမ်းနည်းစရာမှာ လူအချို့သည် ဤအခွင့်ထူးကို တလွဲသုံးခဲ့ကြသည်။ စော်ကားမော်ကား၊ ကျိန်ဆဲသော၊ ရင့်သီးသော၊ ဘုရားတရားကိုလွန်ကျူးသော၊ ရိုင်းစိုင်းသော၊ ညစ်ညမ်းသောစကားတို့သည် တစ်ခါတစ်ရံ ကာယပိုင်းထိခိုက်ဒဏ်ရာများထက်ပင် ပိုထိခိုက်နာကျင်စေတတ်သည်။ “သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူတချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏” ဟုကျမ်းစာကဆိုသည်။—သု. ၁၂:၁၈။

လူများစွာသည် အမြဲလိုလို ကျိန်ဆဲခြင်း၊ ကျိန်ဆိုခြင်းတို့ကို ပြုတတ်ကြသည်။ ကလေးများသည် ညစ်ညမ်းသည့်စကားများ ပို၍ပြောဆိုလာကြကြောင်း ကျောင်းများက အစီရင်ခံကြသည်။ သို့ရာတွင် ထိခိုက်နစ်နာစေသောစကားကို စိတ်လှုပ်ရှားမှုဆိုင်ရာထွက်ပေါက်အဖြစ် သုံးနှုန်းပြောဆိုသည့်အခါ အကျိုးပြုနိုင်သည်ဟု လူတချို့ ပြောကြသည်။ နိုင်ငံရေးသိပ္ပံကျောင်းမှ ကျောင်းသားတစ်ဦးက ဤသို့ရေးခဲ့သည်– “ရိုးရိုးစကားလုံးတွေနဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်အတိမ်အနက်ကို မဖော်ပြနိုင်ဘူး။ ညစ်ညမ်းတဲ့စကားကမှ တကယ်ထိရောက်တာ။” ခရစ်ယာန်များသည် ထိခိုက်နစ်နာစေသည့်စကားကို ပေါ့ပေါ့တန်တန် သဘောထားသင့်ပါသလော။ ယင်းကို ဘုရားသခင် မည်သို့သဘောထားသနည်း။

ညစ်ညူးသည့်ပြက်လုံးများကို စက်ဆုပ်ရွံရှာလော့

ညစ်ညမ်းသောစကားသည် ခေတ်သစ်အသွင်သဏ္ဌာန်တစ်ခု မဟုတ်ချေ။ လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးက တမန်တော်များခေတ်၌ ညစ်ညမ်းသောစကားများကို လူတို့ပြောဆိုခဲ့ကြမှန်း သိရှိရပါက သင်အံ့အားသင့်မည်လော။ သာဓကအနေနှင့် ကောလောသဲအသင်းတော်ရှိ အချို့သူများသည် ဒေါသထွက်သည့်အခါ ညစ်ညစ်ညမ်းညမ်း ပြောဆိုခဲ့ကြပုံရသည်။ ဖြစ်နိုင်ဖွယ်ရှိသည်မှာ သူတို့သည် လက်စားချေလိုသည့်သဘောဖြင့် အခြားသူများကို တိုက်ခိုက်ရန် သို့မဟုတ် ထိခိုက်နစ်နာစေရန် တမင်တကာ ယင်းသို့ပြောဆိုခြင်းဖြစ်မည်။ အလားတူပင် ယနေ့လူများစွာသည် ဒေါသပေါက်ကွဲသည့်အခါ ညစ်ညစ်ညမ်းညမ်း ပြောဆိုတတ်ကြသည်။ ထို့ကြောင့် ကောလောသဲမြို့သားများထံရေးသော ပေါလု၏စာသည် ကျွန်ုပ်တို့ခေတ်နှင့်လည်း သက်ဆိုင်ပါသည်။ ပေါလု ဤသို့ရေးခဲ့၏– “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားကို သုံးခြင်းတို့ကိုလည်းကောင်း သင်တို့နှုတ်မှ ပယ်ရှင်းကြလော့။” (ကောလောသဲ ၃:၈) ရှင်းနေသည်မှာ ခရစ်ယာန်များသည် ဒေါသပေါက်ကွဲခြင်း၊ ဒေါသနှင့်တွဲဖက်တတ်သည့် ညစ်ညမ်းသည့်စကားတို့ကို ရှောင်ကြဉ်ကြရန် သတိပေးခံခဲ့ကြရသည်။

လူများစွာသည် အခြားသူများအား ထိခိုက်နစ်နာစေလိုသည့်သဘောဖြင့် ညစ်ညစ်ညမ်းညမ်းပြောဆိုကြခြင်းမဟုတ်သည်မှာ မှန်ပါသည်။ ညစ်ညမ်းသည့်စကားကို အမှုမဲ့အမှတ်မဲ့ ပြောဆိုတတ်ကြသည်။ ဤသို့ဖြင့် ရိုင်းစိုင်းသည့်အသုံးအနှုန်းများသည် နေ့စဉ်သုံးစကားတွင် နက်ရှိုင်းစွာပါရှိလာသည်။ အချို့မှာ အဓိပ္ပာယ်မဲ့ကျိန်ဆိုစကားမပါဘဲ ပြောဆိုဆက်သွယ်ဖို့ အခက်တွေ့နေကြသည်။ ညစ်ညမ်းသည့်စကားများကို ဟာသလုပ်၍ မကြာခဏ ပြောဆိုတတ်ကြသည်။ သို့သော် ညစ်ညမ်းသည့်ပြက်လုံးများကို အသေးအမွှားလေးဟုသာ ကျွန်ုပ်တို့ ရှုမြင်သင့်သလော။ အောက်ပါတို့ကို သုံးသပ်ကြည့်ပါလေ။

ညစ်ညမ်းသောပြက်လုံးသည် အခြားသူများအား ပျော်စေလိုသည့်သဘောဖြင့် ပြောဆိုသည့် အော့နှလုံးနာဖွယ်စကားဖြစ်၏။ ယခုခေတ်တွင် ညစ်ညမ်းသည့်ပြက်လုံးများသည် အများအားဖြင့် လိင်ကိုအသားပေးထားသည်။ မိမိကိုယ်ကိုဂုဏ်သရေရှိသူဟု ယူဆကြသူများစွာမှာ ထိုကဲ့သို့သောစကားကို ပျော်စရာဟု သဘောထားကြသည်။ (ရောမ ၁:၂၈-၃၂) ထို့အပြင် ဟာသပြက်လုံးများတွင် သဘာဝနှင့် သဘာဝမဟုတ်သည့် လိင်မှုကိစ္စများအကြောင်းကို အသားပေးပြောဆိုနေကြသည်မှာ အံ့အားသင့်စရာမဟုတ်တော့ချေ။ ညစ်ညမ်းသည့်ပြက်လုံးသည် ရုပ်ရှင်များအပြင် ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များတွင် ပါဝင်လျက်ရှိသည်။

သမ္မာကျမ်းစာက ညစ်ညမ်းသည့်ပြက်လုံးများနှင့်ပတ်သက်၍ နှုတ်ဆိတ်၍မနေပါ။ တမန်တော်ပေါလုသည် ဧဖက်မြို့ရှိ ခရစ်ယာန်များထံ ဤသို့ရေးခဲ့သည်– “မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားနှင့်မျှမဆက်ဆံကြနှင့်။ မတော်မလျော်သော ညစ်ညူးပြက်ပြယ်ပြက်ရယ်သော စကားများကိုလည်း ပယ်လော့။” (ဧဖက် ၅:၃၊ ၄) ညစ်ညမ်းသည့်စကားကို မည်သည့်သဘောဖြင့်ပြောဆိုပါစေ ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာစရာဖြစ်သည်မှာ ရှင်းနေပါသည်။ ယင်းသည် လက်သင့်မခံနိုင်ဖွယ်ဖြစ်သည်။ ထိခိုက်နစ်နာစေသည့်စကားဖြစ်၏။

ဘုရားသခင်မနှစ်သက်သည့် ရုန့်ရင်းကြမ်းတမ်းသောစကားများ

ထိခိုက်နစ်နာစေသောစကားတွင် ညစ်ညမ်းသည့်စကားထက်မက ပိုအကျုံးဝင်သည်မှာ သေချာပါသည်။ စော်ကားမော်ကားပြောဆိုခြင်း၊ ထေ့ငေါ့ပြောဆိုခြင်း၊ လှောင်ပြောင်သရော်ခြင်းနှင့် ကြမ်းတမ်းသည့် ပြစ်တင်ဝေဖန်ချက်များသည် အလွန်ပင် ထိခိုက်စေနိုင်၏။ ကျွန်ုပ်တို့အားလုံးသည် အထူးသဖြင့် ထေ့ငေါ့ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်းတို့ ပျံ့နှံ့နေသည့်ပတ်ဝန်းကျင်တွင် စကားအားဖြင့် မှားတတ်ကြသည်ကို ဝန်ခံရပါမည်။ (ယာကုပ် ၃:၂) သို့တိုင် ခရစ်ယာန်စစ်များသည် ဆဲရေးတိုင်းထွာသည့်စကားကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ချေ။ ထိခိုက်နစ်နာစေသည့် အပြောအဆိုအားလုံးကို ယေဟောဝါဘုရားသခင် မနှစ်သက်ကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားသည်။

ဥပမာအနေနှင့် ဓမ္မရာဇဝင်စတုတ္ထစောင်တွင် ပရောဖက်ဧလိရှဲအား နှောင့်ယှက်ပြောဆိုခဲ့သော လူငယ်အုပ်စုတစ်စုအကြောင်းကို ကျွန်ုပ်တို့ သိရှိကြသည်။ မှတ်တမ်းက သူတို့သည် “ဟေဦးပြည်း တက်ဦးလော့! ဟေဦးပြည်း တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏” ဟုဆိုထားသည်။ ယေဟောဝါသည် ထိုလူငယ်များ၏ စိတ်နှလုံးကိုသိမြင်နိုင်ပြီး သူတို့၏ မလိုမုန်းထားစိတ်ကို သိမြင်တော်မူသဖြင့် သူတို့၏မတော်မလျော်ပြောဆိုမှုကို အလွန်အလေးအနက်သဘောထားခဲ့သည်။ ဘုရားသခင်သည် ထိုဆဲရေးကဲ့ရဲ့သောလူငယ် ၄၂ ဦးကို သေဘေးသင့်စေခဲ့ကြောင်း မှတ်တမ်းက ဖော်ပြထားသည်။—၄ ဓမ္မရာဇဝင် ၂:၂၃၊ ၂၄။

ဣသရေလလူမျိုးများသည် “ဘုရားသခင်၏တမန်တို့ကို ပြက်ရယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တော်တို့ကို ညှဉ်းဆဲသောကြောင့် ထာဝရဘုရား[သခင်]၏ အမျက်တော်မငြိမ်းနိုင်အောင်” ဖြစ်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၆) ကိုယ်တော်၏လူမျိုးများ ရုပ်ပုံကိုးကွယ်ခြင်းနှင့် နာခံမှုမရှိခြင်းတို့ကြောင့် အဓိကအားဖြင့် ဘုရားသခင် အမျက်ထွက်ခဲ့သည်မှန်သော်လည်း ဘုရားသခင့်ပရောဖက်များအား မတော်မတရားပြောဆိုခဲ့ကြကြောင်း သမ္မာကျမ်းစာက သတ်သတ်မှတ်မှတ်ဖော်ပြထားသည်မှာ မှတ်သားစရာဖြစ်၏။ ထိုသို့သောအပြုအမူကို ဘုရားသခင် လုံးလုံးမနှစ်မြို့ကြောင်း ယင်းက ပေါ်လွင်စေ၏။

သို့ဖြစ်၍ ခရစ်ယာန်များကို သမ္မာကျမ်းစာက ဤသို့သတိပေးထား၏– “အသက်ကြီးသောသူကို ကျပ်တည်းစွာမဆုံးမနှင့်။” (၁ တိမောသေ ၅:၁) ယင်းမူသည် လူအားလုံးနှင့် ဆက်ဆံရာတွင် အကျုံးဝင်သည်။ “အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညင်းသောသဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာပြု” ရန် ကျွန်ုပ်တို့ကို သမ္မာကျမ်းစာက အားပေးထားပါသည်။”—တိတု ၃:၂။

ကျွန်ုပ်တို့၏နှုတ်ကို ချုပ်တည်းခြင်း

တစ်စုံတစ်ယောက်အား စကားဖြင့် တိုက်ခိုက်ပြောဆိုလိုသည့်စိတ်ကို တွန်းလှန်ရန် တစ်ခါတစ်ရံ ခက်ခဲတတ်၏။ အခန့်မသင့်သည့်အခါ လူတစ်ဦးသည် ပြစ်မှားသူ၏မျက်မှောက်တွင် သို့မဟုတ် မျက်ကွယ်တွင် အပြစ်ပေးသည့်သဘောဖြင့် ခက်ထန်ကြမ်းတမ်းသည့် စကားများ ပြောဆိုသင့်သည်ဟု ခံစားရပေမည်။ သို့တိုင် ယင်းသို့သော စေ့ဆော်မှုကို တွန်းလှန်ရပေမည်။ နယပုံပြင် ၁၀:၁၉ တွင်ဤသို့ဆိုထားသည်– “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။”

ဘုရားသခင်၏ကောင်းကင်တမန်များသည် ပုံသက်သေကောင်းတစ်ခု ချမှတ်ထားကြ၏။ သူတို့သည် လူသားများပြုကျင့်သည့် မကောင်းမှုအားလုံးကို သိမြင်ကြ၏။ ကောင်းကင်တမန်များသည် လူသားထက် ခွန်အားတန်ခိုးကြီးမားကြသော်လည်း “ထာဝရဘုရား[သခင်]ရှေ့တော်၌ သူတို့အား ကဲ့ရဲ့စွာသောပြစ်တင်ခြင်းကို မပြုကြ။” (၂ ပေတရု ၂:၁၁) ဘုရားသခင်သည် လူသားအားလုံး၏ မကောင်းမှုများကို လုံးဝသိမြင်တော်မူပြီး ယင်းကိစ္စများကို အပြည့်အဝပြုပြင်ပေးနိုင်စွမ်းရှိကြောင်း ကောင်းကင်တမန်များ သိထားကြသဖြင့် သူတို့၏နှုတ်ကို ချုပ်တည်းခဲ့ကြသည်။ ကောင်းကင်တမန်မင်း မိက္ခေလသည် စာတန်ကိုပင် ကဲ့ရဲ့ပြစ်တင်ခြင်းမပြုခဲ့ချေ။—ယုဒ ၉။

ခရစ်ယာန်များသည် ကောင်းကင်တမန်များကို ကြိုးစားပြီး တုပကြပါသည်။ သူတို့သည် ကျမ်းစာ၏ ဤသတိပေးဆုံးမစကားကို လိုက်နာကြသည်– “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။ ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ် ပြန်၍မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရား[သခင်]မိန့်တော်မူ၏။’”—ရောမ ၁၂:၁၇-၁၉။

စိတ်ဝင်စားဖွယ်မှာ ကျွန်ုပ်တို့၏လေသံနှင့် အသံပမာဏက ကျွန်ုပ်တို့ပြောဆိုသည့်စကားကို တိုး၍ထိခိုက်စေနိုင်သည်။ လင်ယောက်ျားနှင့် ဇနီးသည်တို့သည် တစ်ဦးကိုတစ်ဦး အပြိုင်အဆိုင်အော်ဟစ်ပြောဆိုတတ်ကြသည်။ မိဘများစွာသည် သူတို့၏ကလေးများကို မကြာခဏ အော်ဟစ်ငေါက်ငမ်းတတ်ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ခံစားချက်များကို ဖော်ပြသည့်အခါ အော်ဟစ်ပြောဆိုစရာမလိုချေ။ သမ္မာကျမ်းစာက ဤသို့တိုက်တွန်းထားသည်– “ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသော မနာလိုခြင်းကိုလည်းကောင်း သင်တို့မှပယ်ရှားကြလော့။” (ဧဖက် ၄:၃၁) ကျမ်းစာက ဤသို့လည်းဆိုထားသေး၏– “သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ” ဖြစ်ရမည်။—၂ တိမောသေ ၂:၂၄။

ကုစားမှုဖြစ်စေသော စကားများ

ဆဲရေးတိုင်းထွာခြင်းနှင့် ညစ်ညမ်းသည့်စကားပြောဆိုခြင်းသည် ယနေ့တွင် ခေတ်စားနေသောကြောင့် ခရစ်ယာန်များသည် ထိခိုက်နစ်နာစေသည့် ယင်း၏သြဇာကို တွန်းလှန်နိုင်ရန် နည်းလမ်းရှိထားသင့်သည်။ ကျမ်းစာက အလွန်ကောင်းသည့် နည်းတစ်ခုကိုပေးထား၏၊ ၎င်းမှာ ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ရန်ဖြစ်၏။ (မဿဲ ၇:၁၂၊ လုကာ ၁၀:၂၇) ကိုယ်နှင့်စပ်ဆိုင်သူကို အမှန်တကယ် စိတ်ဝင်တစားရှိခြင်းနှင့် ချစ်ခြင်းတို့က ကုစားမှုဖြစ်စေသော စကားလုံးများကို အမြဲသုံးနှုန်းပြောဆိုရန် လှုံ့ဆော်ပေးပါလိမ့်မည်။ ကျမ်းစာက ဤသို့ဆို၏– “ညစ်ညူးသော စကားတစ်ခွန်းကိုမျှ သင်တို့ နှုတ်ထဲကမထွက်စေနှင့်။ ကြားနာသောသူတို့၏ အကျိုးကိုပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။”—ဧဖက် ၄:၂၉။

ထို့အပြင် ဘုရားသခင်၏စကားတော်ကို စိတ်စွဲမှတ်ထားခြင်းက ထိခိုက်နစ်နာစေသည့် အပြောအဆိုကို ရှောင်ကြဉ်ဖို့ ထောက်ကူပေးသည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းနှင့် ဆင်ခြင်တွေးတောခြင်းတို့က “ခပ်သိမ်းသောညစ်ညူးခြင်းကို ပယ်ရှား” ရန် ကူညီပေးနိုင်ပါသည်။ (ယာကုပ် ၁:၂၁) မှန်ပါသည်၊ ဘုရားသခင့်၏စကားတော်သည် ကျွန်ုပ်တို့၏စိတ်ကို ကုစားပေးနိုင်၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ