လိမ်လည်လှည့်ဖြားမခံရရန် မိမိကိုယ်ကိုကာကွယ်နည်း
“ရိုသားသူကို လိမ်လည်လှည့်ဖြား၍ မရနိုင်ပါ” ဟူသောဆိုရိုးစကားကို သင်ကြားဖူးပေမည်။ ဆိုရိုးစကားများစွာကဲ့သို့ပင် ယင်းသည်လည်း မမှန်ကန်ပါ။ ရိုးသားသူများသည် နေ့တိုင်းလိုလို လိမ်လည်လှည့်ဖြားခံနေကြရသည်; ရိုးသားမှုတစ်ခုတည်းက ကာကွယ်မှု မပေးနိုင်ပါ။ ကမ္ဘာပေါ်ရှိ အတော်ဆုံးသူတချို့သည် လူတို့၏ငွေများကို မရိုးသားသောနည်းများဖြင့် ရယူရန် ကြံစည်နေကြသည်။ လွန်ခဲ့သောနှစ် တစ်ရာကျော်အချိန်က စာရေးသူတစ်ဦး ဤသို့မှတ်ချက်ချခဲ့သည်– “အလွန်ကျွမ်းကျင်စွာ အကွက်ချစီစဉ်ထားသော လိမ်လည်နည်းအချို့ရှိသည်၊ အလိမ်မခံရပါက ထုံထိုင်းအနသူဟု ဆိုရမလောက်ပင်။”
လှည့်ဖြားမှုသည် ရှေးအချိန်၊ ဧဒင်ဥယျာဉ်မှ အစပြုခဲ့သည်။ (ကမ္ဘာဦး ၃:၁-၅) လိမ်လည်သည့် နည်းဟောင်းများစွာရှိသကဲ့သို့ နည်းသစ်များကိုလည်း တစ်ချိန်လုံး တီထွင်နေကြသည်။ သို့ဖြစ်၍ မိမိကိုယ်ကို မည်သို့ကာကွယ်နိုင်သနည်း။ ရာဇဝတ်မှုကျူးလွန်သူတို့ အသုံးပြုသော လိမ်လည်လှည့်ဖြားနည်းအားလုံးကို သိစရာမလိုပါ။ လိမ်လည်လှည့်ဖြားမခံရအောင် ကာကွယ်ရာတွင် အခြေခံကြိုတင်ကာကွယ်မှုအနည်းငယ်က အလွန်ထိရောက်နိုင်ပါသည်။
ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံခြုံစွာသိမ်းထားပါ
လူတစ်ဦးသည် သင်၏ချက်လက်မှတ်စာအုပ် သို့မဟုတ် အကြွေးဝယ်ကတ်များ ခိုးသွားပါက ယင်းတို့ကိုသုံးကာ ပစ္စည်းများဝယ်ယူနိုင်သည်။ အကယ်၍ သူသည် သင်၏ဘဏ်စာရင်းအချက်အလက်များကို ခိုးယူသွားပါက သင့်နာမည်အသုံးပြုကာ ငွေလွှဲစာရေးနိုင်သည်။ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သူအလုံအလောက်ရရှိထားလျှင် ထိုသူသည် သင့်အယောင်ဆောင်နိုင်သည်။ သင့်မှတ်ပုံတင် အခိုးခံရပြီဆိုလျှင် ရာဇဝတ်သားတစ်ဦးသည် သင့်ဘဏ်စာရင်းထဲမှငွေများကို ထုတ်ယူသွားနိုင်သည်၊ သင့်အကြွေးကတ်စာရင်းဖြင့် ပစ္စည်းများဝယ်ယူနိုင်သည်၊ သင့်နာမည်ဖြင့် ငွေချေးယူနိုင်သည်။a သင်မကျူးလွန်သော ရာဇဝတ်မှုအတွက်ပင် အဖမ်းခံရနိုင်သည်!
ထိုသို့သော လိမ်လည်လှည့်ဖြားမှု မခံရအောင် မိမိကိုယ်ကို ကာကွယ်ရန် ဘဏ်စာရင်းရှင်းတမ်းများ၊ ချက်လက်မှတ်စာအုပ်များ၊ ယာဉ်မောင်းလိုင်စင်၊ လူမှုဖူလုံရေးကတ် သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်အပါအဝင် ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းအားလုံးကို ဂရုစိုက်ထိန်းသိမ်းပါ။ ခိုင်လုံသည့်အကြောင်းပြချက်မရှိလျှင် သင့်ကိုယ်ရေးကိုယ်တာ သို့မဟုတ် ငွေကြေးအချက်အလက်များကို အခြားသူများအား မပေးပါနှင့်။ အထူးသဖြင့် အကြွေးဝယ်ကတ်နံပါတ်နှင့် ဘဏ်စာရင်းအချက်အလက်များကို မပေးမိရန်ဖြစ်သည်။ တစ်စုံတစ်ဦးအား အကြွေးဝယ်ကတ်နံပါတ်ပေးသင့်သည့် တစ်ခုတည်းသောအချိန်မှာ ထိုကတ်ဖြင့် တစ်ခုခုဝယ်ချိန်တွင်ဖြစ်သည်။
ငွေလိမ်သူများသည် ထိုသို့သောအချက်အလက်များရရှိရန် အမှိုက်ပုံးများတွင် မွှေနှောက်ရှာဖွေတတ်ကြသည်။ ကိုယ်ရေးအချက်အလက်များပါသော စာရွက်စာတမ်းများကို ပစ်ရုံပစ်မည့်အစား မီးရှို့ပစ်ခြင်း သို့မဟုတ် အပိုင်းပိုင်းဆုတ်ပစ်ခြင်းသည် ပညာရှိရာကျသည်။ ယင်းတွင် အသုံးပြုမရတော့သည့် အကြွေးဝယ်ကတ်များ၊ ယာဉ်မောင်းလိုင်စင်များ၊ နိုင်ငံကူးလက်မှတ်များအပြင် အသုံးပြုပြီးသော ချက်လက်မှတ်၊ ဘဏ်စာရွက်၊ အကျိုးဆောင် စာရွက်စာတမ်းများပါ ပါဝင်သည်။ သင်မတောင်းခံဘဲ စာတိုက်မှရောက်လာသော အကြွေးဝယ်ကတ်လျှောက်လွှာများတွင် သင်နှင့်ပတ်သက်သော အချက်အလက်များပါရှိပြီး တစ်စုံတစ်ဦးက အလွဲသုံးစားလုပ်နိုင်သောကြောင့် ထိုလျှောက်လွှာများကို ဖျက်ဆီးပစ်ခြင်းသည်လည်း ပညာရှိရာကျသည်။
အသိဉာဏ်ကို အသုံးပြုပါ
လိမ်လည်လှည့်ဖြားသူအများစု အဓိကသုံးသည့်နည်းမှာ ငွေရင်းနှီးမြှုပ်နှံမည်ဆိုပါက အကျိုးအမြတ်များများရမည်ဟူသော မဖြစ်နိုင်သည့် ကတိပေးခြင်းဖြစ်သည်။ လူသိများသော ဖြတ်လမ်းချမ်းသာနည်းတစ်နည်းမှာ ပိရမစ်အစီအစဉ်ဖြစ်သည်။ ယင်းသို့သောနည်းအမျိုးမျိုးရှိသော်လည်း သမားရိုးကျနည်းမှာ ရင်းနှီးမြှုပ်နှံသူများကို နောက်ထပ်ရင်းနှီးမြှုပ်နှံသူများ ရှာဖွေစေပြီး အဖွဲ့ဝင်သစ်များရရှိသည့်အတွက် ဝန်ဆောင်ခပေးခြင်းဖြစ်သည်။b ထိုနည်းတူပင် လက်ဆင့်ကမ်းပွားပို့ပေးရသည့်စာများသည်လည်း စာရင်းထိပ်ဆုံးတွင်ရှိ လူတို့ထံသို့ ငွေသွင်းရန်တောင်းဆိုခြင်းဖြင့် အလားတူလုပ်ဆောင်သည်။ အာမခံချက်မှာ သင်၏အမည်လည်း စာရင်းထိပ်ဆုံးသို့ရောက်သည့်အခါ ဒေါ်လာထောင်ချီရမည်ဟူ၍ဖြစ်သည်။
အဖွဲ့ဝင်သစ်များ ဆက်၍သွင်းနေရန် မဖြစ်နိုင်ခြင်းကြောင့် ပိရမစ်အစီအစဉ် ပျက်စီးသွားလေ့ရှိသည်။ ဤတွက်ချက်မှုကို သုံးသပ်ကြည့်ပါ။ လူငါးဦးဖြင့် ပိရမစ်အစီအစဉ်ကို စတင်သည်ဆိုပါစို့၊ သူတို့တစ်ဦးစီသည် လူသစ်ငါးဦးကို ရှာရမည်ဆိုပါက အဖွဲ့ဝင် ၂၅ ဦးရလာမည်။ တစ်ဖန် သူတို့တစ်ဦးစီသည် နောက်ထပ် ၅ ဦးစီကိုဆက်ရှာဖွေပါက ၁၂၅ ဦးအထိ တိုးများလာမည်။ အဆင့်ကိုးအထိရောက်လာသည့်အခါ အဖွဲ့ဝင်သစ် နှစ်သန်းနီးပါးခန့် ဖြစ်လာမည်ဖြစ်ပြီး သူတို့ကတစ်ဖန် အဖွဲ့ဝင်သစ်ဆက်ရှာဖွေပါက ကိုးသန်းကျော်သွားပေမည်! ပိရမစ်အစီအစဉ်ကို ကမကထပြုသူများသည် အဖွဲ့ဝင်သစ်များ နောက်ထပ်တိုးမလာနိုင်တော့သည့်အဆင့်ကို ကောင်းစွာသိထားကြသည်။ ထိုအဆင့်သို့ ရောက်ခါနီးပြီဟု သူတို့ယူမှတ်သည့်အခါ ငွေများကိုယူကာ ထွက်ပြေးကြတော့သည်။ သင့်ငွေများ ဆုံးရှုံးသွားနိုင်ဖွယ်ရှိသည်၊ သင်စည်းရုံးထားသူများသည် သူတို့ဆုံးရှုံးသွားသည့်ငွေကို သင့်ထံမှ ပြန်တောင်းကြပါလိမ့်မည်။ ပိရမစ်အစီအစဉ်တစ်ခုတွင် သင်ငွေရအောင်ပြုလုပ်ခြင်းသည် တစ်စုံတစ်ဦးကို ငွေဆုံးရှုံးစေခြင်းဖြစ်ကြောင်း သတိရပါ။
တစ်စုံတစ်ယောက်က ငွေအလွယ်တကူရနိုင်သည် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် အမြတ်များစွာရမည်ဟု ကမ်းလှမ်းနေပါသလော။ ဤအချက်ကို သတိပြုပါ– ကမ်းလှမ်းချက်တစ်ခုသည် အလွန်ကောင်းလွန်းနေပုံရလျှင် အများအားဖြင့် လိမ်လည်မှုဖြစ်လေ့ရှိသည်။ “ဒါဟာ ထူးတော့ထူးနေတယ်” ဟုယူဆကာ ကြော်ငြာများ၊ သက်သေအထောက်အထားများကို အလျင်အမြန် မယုံလိုက်ပါနှင့်။ လူတို့သည် သင့်ကိုချမ်းသာကြွယ်ဝစေရန် မိမိတို့၏ငွေကို အဆုံးရှုံးခံမည်မဟုတ်ကြောင်း၊ လျှို့ဝှက်ချက်များကို ပြောပြမည်မဟုတ်ကြောင်း စိတ်စွဲမှတ်ထားပါ။ သင့်ကိုချမ်းသာကြွယ်ဝစေမည့် သတင်းထူးတစ်ခု ရှိထားကြောင်း တစ်စုံတစ်ဦး ပြောလှာပါက မိမိကိုယ်ကို ဤသို့မေးပါ– ‘သူကိုယ်တိုင်ချမ်းသာဖို့ ဘာကြောင့်မလုပ်တာလဲ။ ဘာကြောင့် အချိန်ကုန်ခံပြီး ငါ့ကို ရောင်းနေတာလဲ။’
သင်သည် ပြိုင်ပွဲတစ်ခုတွင် အနိုင်ရထားသည် သို့မဟုတ် ဆုတစ်ခုကိုရရှိသည်ဟု ဆိုလှာလျှင်ကော အသို့နည်း။ စိတ်မလှုပ်ရှားပါနှင့်—ယင်းသည် လူများစွာကို တစ်ပတ်ရိုက်ပြီးခဲ့သည့် အယုံသွင်းမှုတစ်ခု ဖြစ်နိုင်စရာရှိသည်။ ဥပမာ၊ အင်္ဂလန်မှ အမျိုးသမီးတစ်ဦးသည် ကနေဒါမှ စာတစ်စောင် လက်ခံရရှိခဲ့သည်၊ ယင်းစာတွင် သူသည် ဆုတစ်ခုကို ဆွတ်ခူးရရှိကြောင်း၊ သို့သော် ဆုရရှိရန် ဝန်ဆောင်ခ ၂၅ ဒေါ်လာ အရင်ပေးပို့ဖို့လိုကြောင်း ပါရှိသည်။ ငွေပို့ပေးပြီးနောက် ကနေဒါမှ ဖုန်းခေါ်မှုကို လက်ခံရရှိခဲ့သည်၊ သူသည် ဒေါ်လာ ၂၄၅,၀၀၀ တန်တတိယဆု ကံစမ်းမဲပေါက်ထားကြောင်း၊ သို့သော် နောက်ထပ်ဝန်ဆောင်ခအတွက် ယင်းဆုငွေ၏ တစ်ရာခိုင်နှုန်းကို ကြိုတင်ပေးဆောင်ရမည်ဖြစ်ကြောင်း ပြောလှာသည်။ သူသည် ဒေါ်လာ ၂,၄၅၀ ပို့ပေးပြီးနောက် ဘာမျှပြန်မရတော့ပေ။ သင်သည် “လက်ဆောင်” တစ်ခု သို့မဟုတ် ဆုတစ်ခုရရှိသည်ဟုဆိုလာပါက ယင်းသည် လိမ်လည်မှုတစ်ခုဖြစ်သည်။ မိမိကိုယ်ကို ဤသို့မေးပါ၊ ‘ငါ ဝင်မပြိုင်တဲ့ ပြိုင်ပွဲတစ်ခုမှာ ဆုတစ်ခုရဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ။’
နာမည်ကောင်းရှိသူတို့နှင့်သာ လုပ်ကိုင်ဆောင်ရွက်ပါ
သင်သည် မရိုးသားသူများကို သိနိုင်ပါသည်ဟု ယုံကြည်ပါသလော။ သတိပြုပါ! လူလိမ်များသည် သူတစ်ပါးကို မည်သို့အယုံသွင်းရမည်ကို သိထားကြသည်။ မိမိတို့အား ယုံကြည်လာအောင် ပြုလုပ်ရာတွင်လည်း ကျွမ်းကျင်ကြသည်။ ရိုးသားသူဖြစ်စေ၊ မရိုးသားသူဖြစ်စေ ဈေးရောင်းသူများသည် ကုန်ပစ္စည်းတစ်ခုကိုမရောင်းမီ မိမိကိုယ်ကို အရင်ရောင်းရမည်ကို သိထားကြသည်။ ယင်းက လူတိုင်းကို မယုံကြည်သင့်ဟု ဆိုလိုခြင်းတော့ မဟုတ်ပါ၊ သို့သော် လိမ်လည်လှည့်စားမခံရအောင် မိမိကိုယ်ကိုကာကွယ်ရာတွင် သံသယစိတ်အတော်အသင့်ရှိထားရန် အရေးကြီးသည်။ သင်၏အသိဉာဏ်ဖြင့် လူတစ်ဦး၏သမာဓိကို ပိုင်းဖြတ်ရန် ကြိုးစားမည့်အစား လိမ်လည်မှုများစွာ၏ လက္ခဏာဖြစ်သော ဤသဲလွန်စနှစ်ခုကို သတိထားကြည့်ပါ– ပထမ၊ ကမ်းလှမ်းချက်သည် ယုံရခက်လောက်အောင် ကောင်းလွန်းနေသလော၊ ဒုတိယ၊ ရောင်းသူသည် သင့်အား အဆောတလျင် ဆုံးဖြတ်ချက်ချခိုင်းနေသလော။
ယုံရခက်လောက်အောင်ကောင်းလွန်းသော ကမ်းလှမ်းမှုများစွာကို အင်တာနက်တွင် တွေ့ရသည်။ အင်တာနက်တွင် အဖိုးတန်အရာများနှင့်ဝန်ဆောင်မှုကို ကမ်းလှမ်းထားသော်လည်း ရာဇဝတ်မှုကျူးလွန်သူများက လူတို့ကို မြန်မြန်နှင့် အမည်မပေါ်ဘဲ လှည့်ဖြားနိုင်ကြသည်။ သင့်တွင် အီး-မေးလ်စာရင်းဖွင့်ထားပါသလော။ ရှိပါက သင်မတောင်းခံသည့် အရောင်းအဝယ်အီး-မေးလ်စာများစွာကို လက်ခံရရှိပေမည်။ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကြောင်း မရေမတွက်နိုင်အောင် ဖော်ပြကမ်းလှမ်းထားပါက ယင်းတို့အများစုသည် လိမ်လည်မှုဖြစ်သည်။ ကုန်ပစ္စည်း သို့မဟုတ် လုပ်ငန်းဝန်ဆောင်မှုတချို့အတွက် မတောင်းခံဘဲရောက်လာသော အီး-မေးလ်တစ်ခုကို ငွေပို့ပေးလိုက်မည်ဆိုပါက နောက်ထပ်ပြန်ရနိုင်စရာမရှိတော့ပါ။ တစ်စုံတစ်ခုကို ပို့ပေးသည့်တိုင် သင်ရင်းနှီးထားသောငွေ၏တန်ဖိုးနှင့် မမျှသောပစ္စည်းဖြစ်မည်။ အကောင်းဆုံးအကြံဉာဏ်မှာ သင်မတောင်းခံဘဲ အီး-မေးလ်ပေးပို့သူထံမှ မည်သည့်အရာကိုမျှ မဝယ်ပါနှင့်။
ဖုန်းဖြင့် တစ်စုံတစ်ခုကို ရောင်းသူတို့နှင့်ပတ်သက်လျှင်လည်း ယင်းအတိုင်းပင်ဖြစ်သည်။ တယ်လီဖုန်းဖြင့် အရောင်းအဝယ်ပြုလုပ်မှုများစွာသည် တရားဝင်ဖြစ်သော်လည်း တယ်လီဖုန်းဈေးကွက် အစီအစဉ်များသည် လူတို့ထံမှ နှစ်စဉ် ဒေါ်လာသန်းထောင်နှင့်ချီ လိမ်လည်ကြသည်။ သင့်ထံ ဖုန်းဆက်စကားပြောသူတစ်ဦးဦးနှင့် ပြောရုံမျှဖြင့် အဆင့်မြင့်ဖိအားပေးနည်းသုံးကာ ပြောဆိုသည့်စကားသည် အမှန်ဟုတ်မဟုတ် မသိနိုင်ပါ။ လူလိမ်တစ်ဦးသည် ဘဏ်တစ်ခုမှကိုယ်စားလှယ် သို့မဟုတ် အကြွေးဝယ်ကတ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးအဖြစ်ပင် အယောင်ဆောင်ပေမည်။ သင်စာရင်းဖွင့်ထားသည့်ဘဏ် သို့မဟုတ် ကုမ္ပဏီတစ်ခုမှဟုဆိုသူတစ်ဦးဦးသည် သူတို့တွင် ရှိထားပြီးသင့်သော အချက်အလက်များကို မေးမြန်းလာပါက ထိုသူကို သံသယဝင်သင့်သည်။ ထိုသို့ဖြစ်ပါက ထိုသူ၏ဖုန်းနံပါတ်ကို တောင်းနိုင်သည်။ ထိုနောက် ဖုန်းခေါ်ကြည့်ခြင်းဖြင့် ထိုဘဏ် သို့မဟုတ် ထိုကုမ္ပဏီ၏နံပါတ် ဟုတ်မဟုတ် စစ်ဆေးကြည့်ပါ။
သင့်အားဖုန်းဆက်သည့် လူစိမ်းတစ်ဦးအား သင့်အကြွေးဝယ်ကတ်နံပါတ် သို့မဟုတ် အခြားမည်သည့်ကိုယ်ရေးအချက်အလက်ကိုမျှ မပေးခြင်းသည် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ တစ်စုံတစ်ဦးသည် သင်အလိုမရှိသော ပစ္စည်းတစ်ခုခုကို ရောင်းလိုကြောင်း ဖုန်းဆက်လာပါက ယဉ်ကျေးစွာဖြင့် ဤသို့ပြန်ပြောနိုင်သည်၊ “ဝမ်းနည်းပါတယ်၊ ကျွန်တော်မသိတဲ့လူတွေနဲ့ ဖုန်းထဲကနေ ဘာအရောင်းအဝယ်မှ မလုပ်ပါဘူး။” ထိုနောက် ဖုန်းချလိုက်ပါ။ သင့်ကို လိမ်လည်ရန် ကြိုးစားနိုင်စရာရှိသည့် လူစိမ်းတစ်ဦးနှင့် မလိုအပ်ဘဲ စကားဆက်ပြောစရာ အကြောင်းမရှိပါ။
နာမည်ကောင်းရှိသောလုပ်ငန်းများ၊ လူများနှင့်သာ ဆက်သွယ်ပါ။ တယ်လီဖုန်း သို့မဟုတ် အင်တာနက်ဖြင့် ယုံကြည်စိတ်ချစွာ လုပ်ဆောင်နိုင်သော တရားဝင်ကုမ္ပဏီများစွာရှိပါသည်။ ဖြစ်နိုင်မည်ဆိုလျှင် အရောင်းစာရေး၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတချို့မှတစ်ဆင့် ရင်းနှီးမြှုပ်နှံခြင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းပါ။ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သော အချက်အလက်များ တောင်းခံပါ၊ တရားဝင်ဖြစ်ကြောင်း သေချာစေရန် ဂရုတစိုက်ဖတ်ရှုလေ့လာပါ။ ဆုံးဖြတ်ချက်အလျင်အမြန်ချရန် တွန်းအားပေးခြင်း သို့မဟုတ် ဖိအားပေးခြင်း မခံပါနှင့်။
အသေးစိတ်အချက်အလက်များကို ချရေးပါ
လိမ်လည်လှည့်စားမှုအားလုံးသည် လိမ်လည်မှုအသွင်ဖြင့် မစတင်ပါ။ ရိုးရိုးသားသားစီးပွားရေးလုပ်ငန်းတစ်ခုသည် ဆိုးဆိုးရွားရွားဆုံးရှုံးသွားနိုင်သည်။ ယင်းသို့ဖြစ်သည့်အခါ ယင်းလုပ်ငန်းကို လုပ်ကိုင်သူတို့သည် ထိတ်ထိတ်ပျာပျာဖြစ်ပြီး သူတို့၏ဆုံးရှုံးသွားရာများကို မမှန်ကန်သောနည်းလမ်းများဖြင့် ပြန်လည်ရယူရန် လုပ်ဆောင်ကြတော့သည်။ ကုမ္ပဏီ၏ ဝင်ငွေ၊ အမြတ်ငွေကို လိမ်လည်ဖော်ပြပြီး နောက်ပိုင်း လုပ်ငန်းပြိုပျက်သွားသောအခါ လက်ကျန်ငွေများကိုယူကာ ထွက်ပြေးတိမ်းရှောင်သွားကြသည့် အလုပ်အမှုဆောင်များအကြောင်း သင်ကြားဖူးပေမည်။
လိမ်လည်လှည့်ဖြားခံရခြင်း၊ နားလည်မှုလွဲခြင်းတို့ မဖြစ်စေရန် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံမှုတစ်စုံတစ်ရာ မပြုလုပ်မီ အသေးစိတ်အချက်အလက် စာရွက်စာတမ်းများကို ရယူထားသင့်သည်။ သင်လက်မှတ်ထိုးသည့် မည်သည့်စာချုပ်စာတမ်းတွင်မဆို ငွေရင်းနှီးမြှုပ်နှံသည့် အခြေအနေ၊ ကတိကဝတ်များအားလုံး မှတ်တမ်းတင်သင့်သည်။ ရင်းနှီးမြှုပ်နှံမှုတစ်ခုသည် မည်မျှပင်ယုံကြည်စိတ်ချဖွယ်ဖြစ်သည့်တိုင် ကိစ္စရပ်များသည် စီစဉ်ထားသည့်အတိုင်း ဖြစ်လာမည်ဟု မည်သူမျှ အာမ,မခံနိုင်ကြောင်းကိုလည်း သတိရပါ။ (ဒေ. ၉:၁၁) အန္တရာယ်မရှိသည့် ရင်းနှီးမြှုပ်နှံမှုဟူ၍ မရှိပါ။ ထို့ကြောင့် အလုပ်အကိုင် မအောင်မြင်သည့်အခါ တစ်ဦးစီ၏ တာဝန်၊ ဝတ္တရားများနှင့်ပတ်သက်၍လည်း သတ်သတ်မှတ်မှတ် သဘောတူစာချုပ် ချုပ်ထားသင့်သည်။
အကျဉ်းချုပ်သုံးသပ်ခဲ့ပြီးဖြစ်သော အခြေခံမူများကို သတိပြုကာ လက်တွေ့ကျင့်သုံးခြင်းဖြင့် အလိမ်ခံရမည့်အန္တရာယ်မှ အတော်အတန်ကင်းဝေးစေနိုင်ပါသည်။ သမ္မာကျမ်းစာမှ ရှေးပညာရှိစကားတွင် တန်ဖိုးရှိအကြံဉာဏ်ပေးထားသည်။ “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” (သု. ၁၄:၁၅) လူလိမ်တစ်ဦးသည် ပြောသမျှကိုယုံတတ်သည့် လွယ်ကူသောပစ်မှတ်များကို ရွေးချယ်ကြသည်။ ဝမ်းနည်းစရာမှာ လူအများစုသည် အလိမ်မခံရအောင် ကြိုတင်ပြင်ဆင်ထားခြင်းမရှိကြပါ။
[အောက်ခြေမှတ်ချက်]
a နိုးလော့! မတ် ၂၂၊ ၂၀၀၁၊ စာမျက်နှာ ၁၉-၂၁ [လိပ်] ကိုရှု။
b ပိရမစ်အစီအစဉ်ဟူသည် “မိမိတို့ကဲ့သို့ပင် အခြားသူများအား ဆွဲဆောင်ရသည့် အလုပ်မျိုးလုပ်ဆောင်ရန် စည်းရုံးရသည့်အခွင့်အရေးအတွက် ဝင်ကြေးပေးရသည့် အဆင့်များစွာပါသော ဈေးကွက်အစီအစဉ်” ဟူ၍အနက်ဖွင့်ကြသည်။ ထိုအစီအစဉ်များသည် အများအားဖြင့် ကုန်ထုတ်လုပ်မှုများမရှိပါ။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
ကမ်းလှမ်းချက်တစ်ခုသည် ကောင်းလွန်းနေလျှင် အများအားဖြင့် လိမ်လည်မှုဖြစ်လေ့ရှိသည်
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အလိမ်ခံရသူတို့အတွက် အကြံပြုချက်
အလိမ်ခံရသူများသည် ယေဘုယျအားဖြင့် ရှက်စိတ်၊ အပြစ်ရှိသည်ဟူသောခံစားချက်၊ စိတ်ကသိကအောက်ဖြစ်မှုနှင့် မိမိကိုယ်ကို ဒေါသထွက်မှုတို့ကြောင့် မခံမရပ်နိုင်ဖြစ်တတ်ကြသည်။ သင့်ကိုယ်သင် အပြစ်မတင်ပါနှင့်။ သင်သည် အလိမ်ခံရသူဖြစ်သည်; အပြစ်တင်ခံရမည့်သူမှာ သင့်အား လိမ်လည်သွားသူဖြစ်သည်။ သင်အမှားပြုလုပ်ခဲ့လျှင် မိမိကိုယ်ကို ဝန်ခံပါ၊ ပြီးနောက် အတိတ်တွင် ထားခဲ့ပါ။ ကိုယ့်ကိုယ်ကို မိုက်မဲသူဟု မသတ်မှတ်လိုက်ပါနှင့်။ လူလိမ်များသည် နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ ဘဏ်မန်နေဂျာများ၊ အမှုဆောင်အရာရှိများ၊ အခွန်ငွေမန်နေဂျာများ၊ ရှေ့နေများဖြစ်သော ပညာတတ်ကြီးများကိုပင် အောင်မြင်စွာ လိမ်လည်လှည့်ဖြားခဲ့ကြကြောင်း သတိရပါ။
အလိမ်ခံရသူများသည် ငွေကြေးပစ္စည်းဥစ္စာများကိုသာမက မိမိကိုယ်ကိုယုံကြည်စိတ်ချမှု၊ မိမိကိုယ်ကိုတန်ဖိုးထားမှုတို့ကိုပါ လုယူသွားကြသည်။ “မိတ်ဆွေ” တစ်ဦး၏ လိမ်လည်ခံရခြင်းသည် ယုံကြည်စိတ်ချမှုကို သစ္စာဖောက်ခြင်းမည်၏။ အလိမ်ခံရခြင်းက စိတ်ထိခိုက်စေသည်။ ဝမ်းနည်းပူဆွေးစေသည်။ သင်ရင်ဖွင့်နိုင်သူ တစ်ဦးဦးကို ပြောပြခြင်းက အကူအညီဖြစ်လေ့ရှိသည်။ ဆုတောင်းခြင်းမှလည်း နှစ်သိမ့်မှုများစွာ ရရှိနိုင်သည်။ (ဖိလိပ္ပိ ၄:၆-၈) သို့သော် ထိုကိစ္စကို မတွေးဘဲနေရမည်ဖြစ်ကြောင်း သတိပြုပါ။ စိတ်နာကျင်မှုကို အဘယ်ကြောင့် တာရှည်စေရမည်နည်း။ အပြုသဘောရှိသောပန်းတိုင်များကိုချမှတ်ပြီး ယင်းတို့ကိုရရှိအောင်ကြိုးပမ်းပါ။
ဆုံးရှုံးသွားရာများကို ပြန်ရရှိနိုင်မည့် အစီအစဉ်များကို အမြော်အမြင်ရှိရှိ သတိပြုပါ။ လူလိမ်များသည် ဆုံးရှုံးသွားသည့်ငွေများကို ပြန်လည်ရရှိအောင် လုပ်ပေးမည်ဟု ကမ်းလှမ်းကာ အလိမ်ခံရသူကို ဆက်သွယ်ပါလိမ့်မည်။ သူတို့၏ ရည်ရွယ်ချက်မှာ ထိုသူကို ထပ်၍လိမ်လည်လှည့်ဖြားရန် ဖြစ်သည်။
[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
မရိုးသားသော အစီအစဉ်များ—အီး-မေးလ်တွင်တွေ့ရလေ့ရှိသည့် မရိုးသားသောအစီအစဉ်ခြောက်ခု
၁။ ပိရမစ်အစီအစဉ်များ– အနည်းငယ်သာ ကြိုးစားအားထုတ်ဖို့လိုပြီး ငွေအနည်းငယ်သွင်းရုံဖြင့် ငွေများစွာရနိုင်သည့် အခွင့်အရေးများအဖြစ် ရုပ်ဖျက်ထားလေ့ရှိသည်။ အစီအစဉ်တစ်ခုမှာ သင်သည် ဝင်ကြေးပေးကာအသင်းဝင်ပြီး အခြားအဖွဲ့ဝင်အသစ်များကို သွေးဆောင်နိုင်မည်ဆိုပါက ကွန်ပျူတာ သို့မဟုတ် အီလက်ထရွန်နစ် ပစ္စည်းတစ်ခုခု ရရှိမည်ဖြစ်ကြောင်း ကမ်းလှမ်းခြင်းဖြစ်သည်။ အခြားနည်းမှာ လက်ဆင့်ကမ်းစာ ပွားပေးခြင်းဖြစ်သည်။ လက်ဆင့်ကမ်းစာ ပွားပေးခြင်းသည် အများအားဖြင့် တရားဝင်မဟုတ်ပါ။ ယင်းတို့တွင် ရင်းနှီးမြှုပ်နှံသူ အများစုသည် ငွေဆုံးရှုံးကြသည်။
၂။ အိမ်တွင်အလုပ်ဖြစ်သည့် အစီအစဉ်များ– မရိုးသားသောအစီအစဉ်တစ်ခုမှာ လက်ဝတ်ရတနာ၊ ကစားစရာအရုပ်များ သို့မဟုတ် လက်မှုပစ္စည်းအပိုင်းများကို တပ်ဆင်ပေးရန် ကမ်းလှမ်းခြင်းဖြစ်သည်။ ပစ္စည်းများအတွက် သင်ငွေကုန်မည်ဖြစ်ပြီး ပစ္စည်းတပ်ဆင်ရာတွင် အချိန်ကုန်သည်၊ သို့သော် သင်၏ပစ္စည်းကိုရောင်းရန် အလုပ်ကမ်းလှမ်းခဲ့သူများအားပြသည့်အခါ သင့်ပစ္စည်းသည် အရည်အသွေးမပြည့်မီသောကြောင့် ရောင်းမထွက်နိုင်ဟု ပြောပေလိမ့်မည်။
၃။ ကျန်းမာရေး၊ ဓာတ်စာ အစီအစဉ်များ– လေ့ကျင့်ခန်း သို့မဟုတ် အစားရှောင်စရာမလိုဘဲ ကိုယ်အလေးချိန်ကျစေသည့်ဆေးလုံးများ၊ ပန်းသေရောဂါကုသနည်းနှင့် ဆံပင်ကျွတ်ခြင်းကို လျော့ပါးစေသည့် ကရင်မ်များစသဖြင့် အင်တာနက်တွင် ကမ်းလှမ်းချက်များစွာရှိသည်။ ယင်းကမ်းလှမ်းချက်တွင် ပျောက်ကင်းသူတို့၏ သက်သေအထောက်အထားများကို ပူးတွဲတင်ပြထားသည်။ ထိုကြော်ငြာများတွင် “သိပ္ပံပညာအောင်မြင်မှု၊” “အံ့ဖွယ်ပျောက်ကင်းမှု၊” “လျှို့ဝှက်ဖော်မျူလာ၊” နှင့် “ရှေးအစဉ်အလာသုံးဆေး” စသည့်စကားစုများ ပါဝင်လေ့ရှိသည်။ အမှန်မှာ ယင်းတို့အများစုသည် အကျိုးဖြစ်ထွန်းမှုမရှိကြပါ။
၄။ ရင်းနှီးမြှုပ်နှံရန် အခွင့်အရေးများ– ဤအကြံအစည်များမှာ အရှုံးမရှိဘဲ အမြတ်များများရမည်ဟူသော ကမ်းလှမ်းချက်ဖြစ်သည်။ သာမန်အဆိုပြုချက်တစ်ခုမှာ နိုင်ငံခြားဘဏ်တစ်ခုတွင် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ ငွေကြေးကို ကိုင်တွယ်လုပ်ဆောင်သူများသည် ဘဏ္ဍာရေးဆိုင်ရာ အထက်အရာရှိကြီးများနှင့် အဆက်အသွယ်ရှိပြီး အတွင်းသတင်းရရှိသူများဖြစ်သည်ဟု အာမခံကာ ရင်းနှီးမြှုပ်နှံမည့်သူများကို သွေးဆောင်ကြသည်။
၅။ ဂုဏ်သိက္ခာ ဆယ်ပေးခြင်း– မရိုးသားသော ဤအစီအစဉ်မှာ ကားတစ်စီးဝယ်ယူရန် သို့မဟုတ် အလုပ်ရရှိစေသည့် အကြွေးဝယ်ကတ်ရရှိစေရန် ယခင်ငွေကြေးမှတ်တမ်းမှတ်ရာနှင့်ပတ်သက်၍ မလိုလားအပ်သော အချက်အလက်များကိုဖယ်ရှားပေးမည်ဟု ကမ်းလှမ်းခြင်းဖြစ်သည်။ ထိုသို့အာမခံသော်လည်း သူတို့ကတိအတိုင်း မလုပ်ဆောင်နိုင်ကြပါ။
၆။ အလည်အပတ်ခရီးစဉ်ဆု အစီအစဉ်များ– ငွေအနည်းငယ်သာကုန်ကျမည့် အားလပ်ရက်လည်ပတ်ခွင့်ဆုကို သင်ဆွတ်ခူးလိုက်ကြောင်း အီး-မေးလ်မှ ဂုဏ်ပြုစာရရှိပေမည်။ အချို့က သင့်ကို အထူးရွေးချယ်သည်ဟု ဆိုမည်။ ထိုသို့သောစာသည် သန်းနှင့်ချီသော အခြားသူများထံသို့လည်း ရောက်ရှိနိုင်ကြောင်းနှင့် ဝန်ဆောင်မှုနေရာထိုင်ခင်းစသည်တို့သည် ကြော်ငြာထားသည်နှင့် တခြားစီဖြစ်ကြောင်းကို စိတ်စွဲမှတ်ထားပါ။
[Credit Line]
Source: U.S. Federal Trade Commission
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ပိရမစ်အစီအစဉ်များသည် အမြဲတစေ ပြိုလဲလေ့ရှိ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
သင်လက်မှတ်ထိုးထားသည့် မည်သည့်စာချုပ် စာတမ်းတွင်မဆို ငွေရင်းနှီးမြှုပ်နှံသည့် အနေအထား၊ ကတိကဝတ်များအားလုံး မှတ်တမ်းတင်ထားသင့်