ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၉/၈ စာ. ၂၀
  • ပုလဲနက် တောင်ပိုင်းသမုဒ္ဒရာမှ အဖိုးတန်ရတနာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပုလဲနက် တောင်ပိုင်းသမုဒ္ဒရာမှ အဖိုးတန်ရတနာ
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပုလဲနက်များ—ယင်းတို့၏တန်ဖိုး
  • သမိုင်းတစ်လျှောက် ပုလဲများ၏အခန်းကဏ္ဍ
  • “အလွန်အဖိုးထိုက်သည့် ပုလဲကို ရှာတွေ့ခြင်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • “တန်ဖိုးကြီးတဲ့ ပုလဲ” ကို ရှာတွေ့ခဲ့ကြ
    ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး
  • ယနေ့ “အလွန်အဖိုးထိုက်သည့်ပုလဲ” ကိုရှာဖွေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဘုရားရေးရာဘဏ္ဍာကို စိတ်စွဲလမ်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နိုးလော့!—၂၀၀၅
န၀၅ ၉/၈ စာ. ၂၀

ပုလဲနက် တောင်ပိုင်းသမုဒ္ဒရာမှ အဖိုးတန်ရတနာ

နယူးဇီလန်မှ နိုးလော့! စာရေးသူ ပေးပို့သည်

“မာနီဟီကီရှိ ပုလဲမွေးမြူရေးစခန်းအတွက် လုပ်သားများ အလိုရှိသည်” ဟူသောကြော်ငြာတစ်ခုကို “ကွက်ခ် အိုင်းလဲန် နယူးစ်” တွင်ဖတ်ရသည်။ ပုလဲကို မည်သို့မွေးမြူသနည်း။ မာနီဟီကီသည် အဘယ်နေရာတွင်ရှိသနည်းဟု သင်စဉ်းစားပေမည်။

မာနီဟီကီသည် ဝေးလံသောသန္တာကျောက်ကျွန်း တစ်ခုဖြစ်ပြီး ကျွန်းပေါင်း ၁၅ ခုဖြင့်ဖွဲ့စည်းထားသော ကွက်ခ်ကျွန်းစုတွင် တစ်ခုအပါအဝင်ဖြစ်ကာ နယူးဇီလန်အရှေ့မြောက်ဘက် မိုင် ၁,၆၀၀ အကွာတွင် တည်ရှိသည်။ မှတ်တမ်းအချို့အရ ၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ထိုနေရာ၌ ပုလဲနက်မွေးမြူရေးလုပ်ငန်းကို စတင်စမ်းသပ် လုပ်ကိုင်ခဲ့ကြသည်။ ယနေ့ ကူးသန်းရောင်းဝယ်မှုတွင် အောင်မြင်မှုရရှိနေသော ပုလဲနက်မွေးမြူရေးစခန်းများစွာကို မာနီဟီကီရှိ ပင်လယ်ရေတိမ်အိုင်များတစ်လျှောက် အနှံ့အပြားတွေ့ရှိရသည်။

ပုလဲနက်မွေးမြူရေးစခန်းများတွင် ကာယလုပ်သားများ လိုအပ်သော်လည်း နည်းပညာပိုင်းကျွမ်းကျင်မှုလည်း မရှိမဖြစ်လိုအပ်သည်။ အရည်အသွေးမီသော အမည်းရောင်အနားရှိသည့် ကမာကောင်များကို ဂရုတစိုက်ရွေးချယ်ခြင်းဖြင့် လုပ်ငန်းကိုစတင်သည်။ ထိုရွေးချယ်ထားသောအကောင်များကို ညင်သာစွာဖွင့်ပြီး ဖြောင့်တန်းသည့်ဓားငယ်ဖြင့် ကမာကောင်၏အသားကို ကျွမ်းကျင်စွာ ဖြတ်ထုတ်လိုက်သည်။ ထို့နောက် လုံးဝန်းသောဝတ်ဆံ သို့မဟုတ် အစေ့တစ်ခုကို ကမာကောင်၏ အခွံအတွင်းဖုံးအမြှေး မှထုတ်ယူသော တစ်ရှူးအပိုင်းအစနှင့်အတူ ထည့်သွင်းလိုက်သည်။ ပြီးလျှင် လုပ်သားများသည် ကမာကောင်ကို ပင်လယ်ရေတိမ်အိုင်တွင် ပြန်လွှတ်ပေးလိုက်ပြီး ၎င်းတို့ကို ဂရုစိုက်၍ကြည့်ရှုထိန်းသိမ်းကြကာ ပင်လယ်ရေမှော် သို့မဟုတ် ခရင်းကောင်များ တိုးပွားမလာစေရန် ဖယ်ရှားပေးကြသည်။

ထည့်သွင်းထားသော အတွင်းဖုံးအမြှေးတစ်ရှူးသည် ဝတ်ဆံကို တဖြည်းဖြည်းရစ်ပတ်လာပြီး ကနုကမာ ဟုခေါ်သည့် သက်တံရောင်လက်နေသော အတွင်းလွှာဖြင့် တစ်ထပ်ပြီးတစ်ထပ် ဖုံးအုပ်ပေးလေသည်။ ကမာကောင်သည် ထည့်သွင်းထားသောအရာကို မအန်ထုတ်ပစ်ပါက တစ်နှစ်ခွဲမှနှစ်နှစ်အတွင်း ပုလဲဖြစ်လာသည်။ ဤဖြစ်စဉ်တစ်ခုလုံးကို “လူနှင့် သဘာဝတရား၏ အံ့သြဖွယ်ပူးပေါင်းမှု” ဟုခေါ်ကြသည်။

ပုလဲနက်များ—ယင်းတို့၏တန်ဖိုး

တောင်ပစိဖိတ်ပုလဲနက်သည် ကမ္ဘာ့အရှားပါးဆုံးပုလဲများတွင် တစ်ခုအပါအဝင်ဖြစ်သောကြောင့် ယင်းသည် တန်ဖိုးအရှိဆုံးပစ္စည်းစာရင်းဝင်သည်။ အမှန်တွင် ပုလဲနက်များသည် သပိတ်ရောင်မှ ငွေရောင်လက်နေသော အဖြူရောင်အထိ တောက်ပစိုပြည်သော အရောင်အသွေးမျိုးစုံရှိကြသည်။ အချို့မှာ ပန်းရင့်ရောင်၊ ရွှေရောင်၊ ဝါညိုရောင်၊ ကြေးနီရောင်၊ အစိမ်းတောက်ရောင်၊ အပြာရောင်၊ ခရမ်းရောင် သို့မဟုတ် အရောင်အမျိုးမျိုးပြေးနေသောမီးခိုးရောင် တို့ဖြစ်ကြသည်။ ပန်းရောင်နှင့်ပန်းရင့်ရောင်၊ အစိမ်းရောင်နှင့်ရွှေရောင်၊ အစိမ်းရောင်နှင့်အနက်ရောင်၊ အပြာရောင်နှင့်အနက်ရောင်၊ ခရမ်းရောင်နှင့်အနက်ရောင် စသည်ဖြင့် အရောင်စပ်များကိုလည်း အံ့သြဖွယ်တွေ့ရနိုင်သည်။

ပုလဲတစ်လုံးကိုတန်ဖိုးဖြတ်သည့်အခါ အရောင်တစ်မျိုးက အခြားအရောင်ထက်ပို၍ တန်ဖိုးရှိသည်ဟု အမြဲမဆိုနိုင်ပါ။ ပုလဲတစ်လုံး၏အရည်အသွေးကို အမှန်တကယ်မြှင့်တင်ပေးသည့်အရာမှာ ယင်းအရောင်၏ တစ်ပြေးညီဖြစ်မှု သို့မဟုတ် တစ်သမတ်တည်းဖြစ်မှုဖြစ်သည်။ အရွယ်အစား၊ ပုံသဏ္ဌာန်၊ မျက်နှာပြင်နှင့် စိုပြည်တောက်ပြောင်မှု စသည့် အခြားအချက်တို့ဖြင့်လည်း ပုလဲ၏တန်ဖိုးကို ပိုင်းဖြတ်နိုင်သည်။

ရတနာကုန်သည်က ပုလဲ၏အရွယ်အစားအကြောင်း ပြောဆိုသောအခါ သူသည် ယင်း၏အချင်းကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ပုံမှန်အမျိုးအစားမှာ ၈ နှင့် ၁၂ မီလီမီတာကြားရှိပြီး ၁၈ မီလီမီတာ သို့မဟုတ် ယင်းအထက် ရှိသောပုလဲမှာ ထူးခြားရှားပါးသော အမျိုးအစားများဖြစ်ကြသည်။ အရွယ်အစားသည် အရေးကြီးဆုံးအချက် မဟုတ်သော်လည်း အများအားဖြင့် ပုလဲ၏တန်ဖိုးကို ယင်း၏အလေးချိန် သို့မဟုတ် ထုထည်ဖြင့်ပိုင်းဖြတ်ကြသည်။

အရောင်ကဲ့သို့ပင် ပုံသဏ္ဌာန်လည်းအမျိုးမျိုးရှိပါသည်။ အများအားဖြင့် လုံးဝန်းသောပုလဲသည် တန်ဖိုးအမြင့်ဆုံးဖြစ်သည်။ သို့သော် အရည်အစက်ပုံ သို့မဟုတ် မျက်ရည်စက်ပုံရှိသော ရတနာဖြင့် လှပသောလည်ဆွဲများနှင့် နားဆွဲများပြုလုပ်နိုင်ပါသည်။ လုံးဝိုင်းသောပုလဲများလည်းရှိပြီး ယင်းတို့ကို သိသာသောကွင်းများ သို့မဟုတ် အမြောင်းများ ဝိုင်းပတ်ထားသည်။ ကြယ်သီးပုံပုလဲ ဟုဆိုလျှင် တစ်ဖက်လုံး၊ တစ်ဖက်ပြားသောပုံရှိသည်။ ထို့ပြင် ဘရောခ်ခေါ် ပုံသဏ္ဌာန်မမှန်သောပုလဲများလည်း ရှိကြသည်။

အနာအဆာ လုံးဝမပါသောမျက်နှာပြင် ရှိသည့်ပုလဲသည် ရှားပါးပြီးတန်ဖိုးကြီးသည်။ ယေဘုယျအားဖြင့်ရှိတတ်သော အပြင်ပန်းချို့ယွင်းချက်များမှာ အချိုင့်ရာများ၊ အဖုအထစ်များ၊ အတွန့်အရှုံ့များ၊ ခြစ်ရာများ၊ အစက်အပျောက်များ သို့မဟုတ် အစွန်းအထင်းများ ဖြစ်ပြီး ယင်းတို့အားလုံးသည် သဘာဝအလျောက် ဖြစ်ပေါ်သည့်အရာများဖြစ်သည်။ အနာအဆာအနည်းငယ်သာရှိလျှင် သို့မဟုတ် အချို့နေရာများတွင်သာရှိလျှင် ပုလဲကိုအဆင်တန်ဆာ ပြုလုပ်သည့်အခါ ယင်းတို့မပေါ်အောင် ဖုံး၍ပြုလုပ်နိုင်ပါသည်။

ပုလဲ၏ ကနုကမာအထူအပါးပေါ်မူတည်သော ယင်း၏တောက်ပမှုကို သင်အမှန်တကယ် သတိထားမိပေလိမ့်မည်။ နောက်တစ်ချက်မှာ ယင်း၏ သက်တံရောင်ပြေးသော သို့မဟုတ် အလင်းပြန်သော အရည်အသွေးဖြစ်ပြီး ယင်းကပုလဲကို နှစ်သက်တပ်မက်မှုနှင့် ဆွဲဆောင်မှုဖြစ်စေသည်။ အရောင်၊ အရွယ်အစား၊ ပုံသဏ္ဌာန် သို့မဟုတ် မျက်နှာပြင်တို့ထက် တောက်ပမှုက ပို၍ဆွဲဆောင်နိုင်စွမ်းရှိကြောင်း အချို့က အခိုင်အမာပြောဆိုကြသည်။

ပုလဲများကိုဂရုစိုက်ရန်လို

စိန် သို့မဟုတ် ပတ္တမြား အစရှိသော အခြားကျောက်မျက်ရတနာများနှင့်မတူဘဲ ပုလဲကို “နူးညံ့” သောအရာအဖြစ် သတ်မှတ်ကြသည်။ အခြားလက်ဝတ်ရတနာ သို့မဟုတ် မာကျောသောပစ္စည်းများနှင့် ထိခိုက်မိလျှင် ခြစ်ရာများဖြစ်နိုင်သည်။ ထို့ကြောင့် သင်၌ပုလဲရှိပါက ယင်းတို့ကို ဝတ်ဆင်သည့်အခါဖြစ်စေ၊ သိမ်းဆည်းထားသည့်အခါဖြစ်စေ ဂရုစိုက်ပါ။

ချေးချွတ်မှုန့်၊ ရေမွှေးနှင့် အခြားအလှကုန်ပစ္စည်းများနည်းတူ လူ့ကိုယ်ခန္ဓာမှချွေးတွင်ပါဝင်သော အက်ဆစ်သည်လည်း ပုလဲကိုပျက်စီးစေနိုင်ပါသည်။ ကွတ်ခ်ကျွန်းစုမှ ထင်ရှားသော ရတနာကုန်သည်တစ်ဦးက အောက်ဖော်ပြပါ သန့်ရှင်းရေးလုပ်ပုံလုပ်နည်းကို အကြံပေးသည်– “ဇလုံငယ်တစ်လုံးတွင် ရေနှင့် ပန်းကန်ဆေးဆပ်ပြာအပျော့စားကို ရောစပ်ပါ။ ရေကို သွားပွတ်တံအနုဖြင့်မွှေပြီး ပုလဲနှင့်ယင်းကိုကွပ်ထားသောသတ္တုကို ညင်သာစွာတိုက်ချွတ်ပေးပါ။ ရေချိုနှင့်ဆေးပြီး နူးညံ့သောအဝတ်တစ်ခုနှင့် အခြောက်သုတ်ပါ။”

သမိုင်းတစ်လျှောက် ပုလဲများ၏အခန်းကဏ္ဍ

ပုလဲသည် လူသားများ အဆင်တန်ဆာဆင်မြန်းရာ၌ အသုံးပြုသော ရှေးအကျဆုံး ကျောက်မျက်ရတနာများထဲတွင် အပါအဝင်ဖြစ်ပြီး ရှေးခေတ်စာပေများတွင် အမွှမ်းတင်ရေးသားခြင်းခံရသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသနှင့် အာရှမှလူများသည် ယင်းတို့ကို အလွန်အမြတ်တနိုးတန်ဖိုးထားကြပြီး ပုလဲကို သန့်ရှင်းစင်ကြယ်ခြင်းနှင့် မြင့်မြတ်ခြင်း၏ အမှတ်အသားအဖြစ် ရှုမြင်ကြသည်။

ရှေးခေတ်ရောမနိုင်ငံတွင် ပုလဲကိုအလွန်တန်ဖိုးထား လေးမြတ်ကြသောကြောင့် အထက်လွှာလူတန်းစားများကိုသာ ဝတ်ဆင်ခွင့်ပြုသည်။ ပထမရာစု သဘာဝပညာရှင်နှင့် အတွေးအခေါ်ပညာရှင် ပလင်နီအကြီးက ပုလဲကို “ကမ္ဘာတစ်ဝန်းလုံးတွင် အလွန့်အလွန်ထူးကဲကောင်းမွန်သောပစ္စည်း” အဖြစ် ချီးမွမ်းပြောဆိုခဲ့သည်။ ကောင်းကင်နိုင်ငံတော်၏ အဖိုးထိုက်မှုကို ဥပမာပေးရာတွင် ယေရှုခရစ်သည် “ပုလဲ” တစ်လုံးအကြောင်း ပြောဆိုခဲ့သည်။ ယင်းပုလဲသည် အလွန်ပင်တန်ဖိုးရှိသောကြောင့် မြတ်သောပုလဲတို့ကို ရှာသောကုန်သည်တစ်ဦးသည် “သွား၍ မိမိရတတ်သမျှကိုရောင်းပြီးလျှင် ထိုပုလဲကိုဝယ်၏” ဟုကိုယ်တော်မိန့်တော်မူသည်။—မဿဲ ၁၃:၄၅၊ ၄၆။

ပုလဲများကို ယေရှုခရစ်ရည်ညွှန်းပြောဆိုခြင်းက ယင်းတို့၏ လှပမှုနှင့်တန်ဖိုးကို အမှန်ပင်ထင်ရှား ပေါ်လွင်စေပါသည်။ တောင်ပိုင်းသမုဒ္ဒရာတွင် တွေ့ရှိရသောပုလဲများ အပါအဝင် ဤရတနာများကို ဖန်ဆင်းတော်မူသည့်အရှင်ယေဟောဝါအား ကျွန်ုပ်တို့ မည်မျှကျေးဇူးတင်နိုင်ပါသည်တကား!

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံများ]

ပုလဲနက်များ (အသေးစိတ်မြင်နိုင်ရန် ပုံကြီးချဲ့ထား)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ