ကလေးများ အကြမ်းဖက်ခံရ
နေဝင်ရီတရောအချိန်တွင် ယူဂန္ဓာနိုင်ငံ၏ လမ်းမများပေါ်၌ ထောင်နှင့်ချီသော ကလေးသူငယ်များ ဖိနပ်မပါဘဲ လျှောက်သွားနေကြသည်ကို တွေ့မြင်နိုင်သည်။ သူတို့လေးများသည် မှောင်ရီမပျိုးမီ မိမိတို့၏ကျေးရွာများမှ ထွက်ခွာကာ ဂူလူ၊ ကစ်ဂူမ်နှင့် လီရာအစရှိသည့် မြို့ကြီးများသို့ ခြေကျင်ထွက်သွားကြသည်။ အဆိုပါမြို့ကြီးများသို့ရောက်သည့်အခါ အဆောက်အအုံများ၊ ကားဂိတ်များ၊ ပန်းခြံများနှင့် ခြံဝင်းများထဲသို့ လူစုခွဲ၍ ဝင်သွားကြသည်။ နောက်တစ်နေ့ နေထွက်ချိန်၌ အိမ်သို့ပြန်လာနေကြသည့် ထိုကလေးများကို လမ်းမများပေါ်တွင် ပြန်တွေ့ရသည်။ အဘယ်ကြောင့် သူတို့ ဤသို့လုပ်နေကြရသနည်း။
အချို့က သူတို့ကို ညဘက်ပုံမှန်အလုပ်ဆင်းသူများဟု ယူမှတ်ကြသည်။ သို့သော် ထိုလူငယ်လေးများသည် ညဆိုင်းအလုပ်ဆင်းသူများမဟုတ်ကြချေ။ သူတို့လေးများသည် နေဝင်သွားသည်နှင့် အိမ်မှ ချက်ချင်းထွက်ခွာကြရ၏။ အကြောင်းမှာ ကျေးရွာများတွင် မှောင်စပျိုးသည်နှင့် အိမ်တွင်မနေရဲလောက်အောင် အန္တရာယ်ရှိ၍ဖြစ်သည်။
ပြောက်ကျားတပ်များသည် ကျေးလက်ဒေသများသို့ ဝင်ရောက်ကာ ကလေးသူငယ်များကို ပြန်ပေးဆွဲလာကြသည်မှာ အနှစ်နှစ်ဆယ်နီးပါးတိုင်ခဲ့ပြီ။ နှစ်စဉ်နှစ်တိုင်း ရာနှင့်ချီသော ယောက်ျားလေးများနှင့် မိန်းကလေးများကို ၎င်းတို့အိမ်များမှ ခိုးယူပြီးနောက် တောနက်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ အဆိုပါကလေးများသည် အများအားဖြင့် ညပိုင်းတွင် အခိုးခံရကာ သူပုန်များက သူတို့ကို အရန်တပ်အဖြစ်လည်းကောင်း၊ ကလေးအထမ်းသမားများအဖြစ်လည်းကောင်း၊ လိင်ကျေးကျွန်များအဖြစ်လည်းကောင်း ထားကြသည်။ သူတို့ခိုင်းသည့်အတိုင်းမလုပ်ပါက ကလေးများသည် နှာခေါင်း သို့မဟုတ် နှုတ်ခမ်းအဖြတ်ခံရနိုင်သည်။ ထို့ပြင် ထွက်ပြေးဖို့ကြိုးစားပါက ဖော်ပြရန်မသင့်တော်သည့်နည်းဖြင့် ရက်ရက်စက်စက် အသတ်ခံကြရသည်။
အခြားနည်းဖြင့် အကြမ်းဖက်မှု၏ သားကောင်ဖြစ်ရရှာသော ကလေးများလည်းရှိပါသေးသည်။ စီအဲရာလေယွန်နိုင်ငံရှိ ကိုယ်အင်္ဂါချို့တဲ့နေသည့် ဆယ်ကျော်သက်လေးများသည် သူတို့၏ခြေလက်များကို ဓားကိုင်သူပုန်များ ဖြတ်ပစ်စဉ်က လမ်းလျှောက်တတ်ခါစအရွယ်များ ဖြစ်ကြသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် ယောက်ျားလေးများနှင့် မိန်းကလေးများသည် လိပ်ပြာပုံစံမိုင်းဗုံးများနှင့် ဆော့ကစားမိ၍ လက်ချောင်းများ၊ မျက်လုံးများ ပျက်စီးဆုံးရှုံးသွားရသည်။
လူငယ်အချို့မှာ အခြားနည်းတစ်နည်းဖြင့် အကြမ်းဖက်ခံရသည်။ ဥပမာ၊ ၁၉၉၅ ခုနှစ်၌ အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့စဉ်က အသတ်ခံရသည့်လူ ၁၆၈ ဦးတွင် ကလေး ၁၉ ဦးပါဝင်ပြီး ၎င်းတို့အနက် အချို့မှာ နို့စို့အရွယ်များဖြစ်ကြသည်။ မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးသည် လေပြင်းတစ်ချက်ဝှေ့လိုက်သည့်အခါ ငြိမ်းသွားရသကဲ့သို့ ဗုံးဒဏ်ကြောင့် ထိုကလေးငယ်လေးများ၏အသက် ရုတ်ခြည်းချုပ်ငြိမ်းသွားခဲ့ရသည်။ ဤအကြမ်းဖက်လုပ်ရပ်သည် ကလေးသူငယ်များ၏ အခွင့်အရေးဖြစ်သော ရယ်ရယ်မောမော ပြေးလွှားဆော့ကစားခြင်း၊ မိခင်ဖခင်တို့၏ ထွေးပိုက်ယုယမှုခံယူခြင်းတို့ကို လုယူသွား၏။
အဆိုပါအဖြစ်အပျက်များမှာ မကြာသေးမီက ဖြစ်ပျက်ခဲ့ခြင်းဖြစ်သော်လည်း ရှေ့တွင် ကျွန်ုပ်တို့တွေ့ကြရမည့်အတိုင်း အကြမ်းဖက်လုပ်ရပ်သည် လူသားထုကို ရာစုနှစ်ပေါင်းများစွာ ဘေးသင့်စေခဲ့ပြီဖြစ်သည်။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]
ကလေးသေဆုံးမှုအတွက် အသင့်ပြင်ထားခြင်း
“ဒီမနက် ကျွန်တော့်ရဲ့ ဆယ့်တစ်နှစ်အရွယ်သားကို အိပ်ရာနှိုးတော့ သားက ‘ဒီနေ့ကော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သွားပြီလား’ လို့မေးတယ်။” နိုင်ငံအတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့်ပတ်သက်၍ စာရေးဆရာ ဒေးဗစ် ဂရိုစ်မန်က ထိုသို့ရေးသားခဲ့သည်။ သူက “ကျွန်တော့်သားဟာ ကြောက်နေတယ်” ဟုဆိုသည်။
မကြာသေးမီအချိန်က အကြမ်းဖက်တိုက်ခိုက်မှုများတွင် ကလေးအမြောက်အမြား သေဆုံးသွားကြရာ မိဘအချို့သည် ဤသို့သောသေဆုံးမှုအတွက် အသင့်ပြင်ထားကြသည်။ “ငယ်ရွယ်တဲ့စုံတွဲတစ်တွဲက အနာဂတ်နဲ့ပတ်သက်တဲ့ သူတို့ရဲ့အစီအစဉ်အကြောင်း ကျွန်တော့်ကိုပြောပြဖူးတာ ဘယ်တော့မှမမေ့ဘူး။ သူတို့လက်ထပ်ပြီးရင် ကလေးသုံးယောက်ယူမယ်။ နှစ်ယောက်မဟုတ်ဘူး၊ သုံးယောက်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်သေသွားရင် နှစ်ယောက်ကျန်ဦးမယ်လို့ပြောတယ်” ဟု ဂရော့စ်မန်းက ရေးသားခဲ့သည်။
ကျန်ကလေးနှစ်ယောက် သို့မဟုတ် သုံးယောက်စလုံး သေဆုံးသွားပါက သူတို့ဘာလုပ်ကြမည့်အကြောင်းကိုမူ မပြောပြခဲ့ချေ။a
[အောက်ခြေမှတ်ချက်]
a ဤကဏ္ဍပါ ကိုးကားချက်များသည် ဒေးဗစ် ဂရိုစ်မန်ရေးသားသည့် ဘဝလမ်းစဉ်ဖြစ်နေသော သေခြင်းတရား စာအုပ်မှဖြစ်ပါသည်။
[Picture Credit Line on page 3]
© Sven Torfinn/Panos Pictures