လူငယ်များအမေး . . .
ငွေသုံးချင်စိတ်ကို ငါဘယ်လို ချုပ်တည်းနိုင်မလဲ
“ကျွန်မ တကယ်မလိုအပ်တဲ့၊ မတတ်နိုင်တဲ့ပစ္စည်းကို ဈေးပေါပေါနဲ့ရလို့ ဝယ်ဖြစ်သွားတာ ခဏခဏပဲ။”—အဲန်နာ၊a ဘရာဇီး။
“တစ်ခါတလေ ကျွန်မသူငယ်ချင်းတွေက အုပ်စုလိုက် ငွေအကုန်ခံပြီးပျော်ဖို့ စီစဉ်ကြတယ်။ ကျွန်မလည်း သူငယ်ချင်းတွေနဲ့ ပျော်ချင်တယ်။ ‘ငါမတတ်နိုင်လို့ မလိုက်တော့ဘူး’ ဆိုပြီး ဘယ်သူမှမပြောချင်ကြဘူး။”—ဂျုံး၊ ဩစတြေးလျ။
ငွေကို သင်သုံးရသည်မှာ တစ်ခါမျှ လောက်ငပုံမရဖြစ်နေသလော။ အကယ်၍ မုန့်ဖိုးသာ နည်းနည်းလေးပိုရလိုက်လျှင် သင်လိုချင်သည့် ဂိမ်းကိုဝယ်နိုင်မည်။ သင့်လစာသာ နည်းနည်းများပါက သင် “လိုအပ်” နေသော ရှူးဖိနပ်ကို ဝယ်နိုင်မည်။ သင်လိုချင်သည့် ငွေပမာဏမရှိ၍ စိတ်ပျက်နေမည့်အစား သင်၌ရှိသည့်ငွေကို ကောင်းစွာသုံးစွဲတတ်ရန် သင်ယူပါ။
သင်သည် မိဘနှင့်အတူနေထိုင်သည့် လူငယ်တစ်ဦးဖြစ်ပါက မိဘနှင့်ခွဲနေသည့်အခါမှ ငွေသုံးစွဲပုံကိုသင်ယူလျှင်လည်း ဖြစ်နိုင်သည်။ သို့သော် ထိုသို့ပြုခြင်းသည် လေထီးအသုံးပြုပုံကို ဦးစွာမသင်ဘဲ လေယာဉ်ပေါ်မှ ခုန်ချသူနှင့် တူပေမည်။ သူသည် မြေပေါ်သို့မရောက်မီ အဘယ်အရာပြုလုပ်ရမည်ကို သိကောင်းသိသွားနိုင်ပေမည်။ သို့သော် မခုန်ချမီကတည်းက လေထီးအသုံးပြုနည်းများကို သင်ယူထားမည်ဆိုလျှင် ပိုကောင်းမည်မဟုတ်လော။
ထိုနည်းတူ ငွေကြေးအခက်အခဲများကို မကြုံရသေးမီအချိန်သည် ငွေသုံးစွဲပုံကို သင်ယူရန် အကောင်းဆုံးဖြစ်သည်။ ‘ငွေသည် ကွယ်ကာတတ်၏’ ဟု ဘုရင်ရှောလမုန်ရေးသားခဲ့သည်။ (ဒေ. ၇:၁၂) သို့သော် ငွေသုံးစွဲတတ်ရန် သင်ယူထားမှသာ အကာအကွယ်ရမည်။ ထိုသို့သင်ယူထားခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိလာပြီး မိဘများ၏အားကိုးမှုလည်းရရှိပေမည်။
ငွေသုံးစွဲပုံကိုသင်ယူ
အိမ်ထောင်တစ်ခုကို ထိန်းသိမ်းခြင်းတွင် အဘယ်အရာပါဝင်ကြောင်း သင့်မိဘများကို မေးကြည့်ဖူးသလော။ ဥပမာ၊ လစဉ် မီတာခ၊ ရေခ၊ ကားပြင်ခ၊ စားစရိတ်အပြင် အိမ်လခ သို့မဟုတ် အိမ်အတွက်အရစ်ကျသွင်းငွေ မည်မျှရှိသည်ကို သိသလော။ အသေးစိတ်သိစရာမလိုဟု သင်ထင်ကောင်းထင်ပေမည်။ သို့သော် သင်ကြောင့်လည်း ထိုသို့ကုန်ကျနေရသည်ကို မမေ့ပါနှင့်။ ထို့ပြင် သင်အိမ်ခွဲသွားသောအခါ ယင်းကုန်ကျစရိတ်များကို သင့်ဘာသာသင် ပေးဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းတို့ကို သင်သိထားသင့်သည်။ ထိုကုန်ကျစရိတ်စာရင်းများကို မိဘများအားမေးပြီး မည်သို့ဘတ်ဂျက်ဆွဲကြောင်း သူတို့ရှင်းပြစဉ် ဂရုစိုက်နားထောင်ပါ။
“ပညာရှိသောသူသည်နာခံသဖြင့် ပညာအတတ်တိုးပွားလျက် ဉာဏ်ကောင်းသောသူသည် အဘယ်သို့ကျင့်ကြံပြုမူနေထိုင်ရမည်ကိုသိရပါစေ” ဟု သမ္မာကျမ်းစာပါ ပညာရှိစကားတစ်ခွန်းကဆိုသည်။ (သု. ၁:၆၊ သမ္မာ) အစောပိုင်းကဖော်ပြခဲ့သော အဲန်နာ ဤသို့ပြောသည်– “ငွေကို ဘယ်လိုဘတ်ဂျက်ဆွဲရမယ်၊ ဘယ်လိုသုံးစွဲရမယ်ဆိုတာကို သိထားဖို့အရေးကြီးတယ်လို့ အဖေသင်ပေးတယ်။” အဲန်နာ၏မိခင်ကလည်း အခြားလက်တွေ့ကျအချက်များ သင်ပေးခဲ့သည်။ သူဤသို့ပြော၏– “အမေက ပစ္စည်းတစ်ခုမဝယ်ခင် ဈေးနှုန်းတွေကိုယှဉ်ကြည့်ဖို့လိုတယ်လို့ သင်ပေးတယ်။ ငွေနည်းနည်းလေးနဲ့ အိမ်ကို အမေ ကောင်းကောင်းထိန်းနိုင်ခဲ့တယ်။” ယင်းက အဲန်နာကို မည်သို့အထောက်အကူပြုသနည်း။ “အခုဆိုရင် ငွေကို ကျွန်မကောင်းကောင်း သုံးတတ်လာပြီ။ ငွေသုံးချင်စိတ်ကိုလည်း ချုပ်တည်းတတ်လာပြီ၊ မလိုအပ်ဘဲအကြွေးမယူတဲ့အတွက် စိတ်ပေါ့ပါးတယ်” ဟုသူပြောခဲ့သည်။
စိန်ခေါ်ချက်များကို အသိအမှတ်ပြုခြင်း
ငွေသုံးချင်စိတ်ကို ချုပ်တည်းသည်ဟုဆိုရာတွင် အပြောထက်အလုပ်ကပိုခက်သည်။ အထူးသဖြင့် သင်သည် မိဘနှင့်နေစဉ် မုန့်ဖိုးရသည့်အခါ သို့မဟုတ် လစာရသည့်အခါတွင်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကုန်ကျစရိတ်အတော်များများကို သင့်မိဘများ ပေးဆောင်သောကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် သင့်ငွေကို စိတ်ကြိုက် သုံးစွဲနိုင်ပေမည်။ “ငွေသုံးရတာ ကျွန်တော့်အတွက် အလွယ်လေးပဲ၊ ပြီးတော့ ပျော်စရာလည်းကောင်းတယ်” ဟု အိန္ဒိယမှ လူငယ်တစ်ဦးဖြစ်သူ ပါရက်ရှ်ကဆိုသည်။ ဩစတြေးလျမှ စယ်ရာကလည်း ထိုနည်းတူပင်။ “ဈေးဝယ်ထွက်ရတာ ပျော်စရာကြီး” ဟုသူဆိုသည်။
ထို့ပြင် ရွယ်တူချင်းများကလည်း ငွေကို သုံးသင့်သည်ထက်ပိုသုံးရန် ဖိအားပေးပေမည်။ အသက် ၂၁ နှစ်အရွယ်ရှိ အယ်လနာက “ဈေးဝယ်ထွက်တာဟာ ကျွန်မရဲ့ရွယ်တူတွေအတွက် အဓိက အပန်းဖြေနည်းဖြစ်နေပြီ။ ပျော်ချင်ရင်ငွေသုံးဆိုတဲ့ဆောင်ပုဒ်ကို ကျွန်မသူငယ်ချင်းတွေ လက်ခံထားပုံရတယ်” ဟုပြောပြသည်။
သင့်သူငယ်ချင်းများနှင့် တွဲဖက်ညီလိုသည်မှာ သဘာဝပင်။ သို့သော် သင့်ကိုယ်သင် ဤသို့မေးပါ– ‘သူငယ်ချင်းတွေနဲ့အတူ ငွေလိုက်သုံးတာက ငါတတ်နိုင်လို့လား ဒါမှမဟုတ် သုံးရမယ်လို့ ခံစားရလို့လား။’ လူများစွာသည် အပေါင်းအသင်းများကြားတွင် အထင်ကြီးခံလို၍ ငွေသုံးကြသည်။ အထူးသဖြင့် သင့်တွင် အကြွေးဝယ်ကတ်ရှိပါက ထိုစိတ်သဘောသည် ငွေကြေးပြဿနာကြီးများ ဖြစ်ပေါ်စေနိုင်၏။ ဘဏ္ဍာရေးအကြံပေးအရာရှိ စူဇီ အောရ်မန်က “သင့်ကိုထက် သင့်ပိုင်ဆိုင်ရာများကို အထင်ကြီးစေလိုလျှင် အကြွေးဝယ်ကတ်ကို တလွဲသုံးမည့်သူဖြစ်လာနိုင်သည်” ဟု သတိပေးခဲ့သည်။
သင့်အကြွေးဝယ်ကတ်ရှိငွေကို အကုန်သုံးပစ်မည့်အစား သို့မဟုတ် သင့်လခကို တစ်ညတည်းနှင့် အကုန်သုံးပစ်မည့်အစား အယ်လနာကဲ့သို့ဖြေရှင်းတတ်ရန် ကြိုးစားပါ။ “သူငယ်ချင်းတွေနဲ့လျှောက်လည်တဲ့အခါ ငွေဘယ်လောက်သုံးမယ်ဆိုတာ ကြိုတွက်သွားတယ်။ ကျွန်မလခကို ဘဏ်စာရင်းထဲ တန်းထည့်ပြီး လိုသလောက်ငွေကိုပဲ ထုတ်သွားတယ်။ အဲ့ဒီအပြင် ငွေကိုချွေတာသုံးတဲ့သူတွေ၊ တွေ့တာနဲ့ဝယ်မယ့်အစား တခြားဆိုင်တွေမှာ ဘယ်ဈေးရှိမလဲဆိုတာကို လိုက်ကြည့်ဖို့ အားပေးတဲ့သူတွေနဲ့ ဈေးဝယ်ထွက်တာ ပညာရှိတယ်လို့ ကျွန်မထင်တယ်” ဟုသူပြောသည်။—သု. ၁၃:၂၀။
မိဘများ ငြင်းဆိုသောအခါ သင်ယူလော့
သင် မုန့်ဖိုးမရ သို့မဟုတ် အလုပ်မရှိ၍ လခမရသည့်တိုင် မိဘနှင့်အတူနေစဉ်ပင် ငွေကြေးဆိုင်ရာ အရေးကြီးသင်ခန်းစာများကို သင်ယူနိုင်သည်။ ဥပမာ၊ မိဘများထံမှ ပိုက်ဆံတောင်းသည့်အခါ သို့မဟုတ် တစ်ခုခုဝယ်ပေးရန် ပူဆာသည့်အခါ သူတို့က ငြင်းဆိုပေမည်။ အဘယ်ကြောင့်နည်း။ တစ်ကြောင်းမှာ သင်လိုချင်သည့်အရာကို သူတို့မတတ်နိုင်၍ဖြစ်ပေမည်။ သူတို့မငြင်းပယ်လိုသော်လည်း ချုပ်တည်း၍ငြင်းပယ်လိုက်ခြင်းဖြင့် သင့်ကို ပုံသက်သေကောင်းပြနေခြင်းဖြစ်သည်။ ငွေကို ကောင်းစွာသုံးစွဲတတ်ရန် ချုပ်တည်းခြင်းရှိဖို့ အလွန်အရေးကြီးသည်။
သင်တောင်းသည့်အရာကို မိဘများတတ်နိုင်သည်ဆိုပါစို့။ သို့တိုင် သူတို့ မပေးဘဲနေပေမည်။ ထို့ကြောင့် သူတို့ သက်သက်တွန့်တိုနေသည်ဟု သင်ယူဆမည်။ သို့သော် သင့်ပျော်ရွှင်မှုသည် သင်လိုချင်သည့်အရာအားလုံးကို ရရှိခြင်းအပေါ်မမူတည်ကြောင်း အရေးကြီးသင်ခန်းစာကို သူတို့သင်ကြားပေးလို၍ဖြစ်မည်။ ဤကိစ္စနှင့်ပတ်သက်၍ သမ္မာကျမ်းစာက “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်” ဟုဆိုသည်။—ဒေ. ၅:၁၀။
ထိုစကားများ မှန်ကန်ကြောင်း လိုတရသည့် လူငယ်များစွာ၏အဖြစ်အပျက်က ဖော်ပြသည်။ ထိုသို့သောလူငယ်များသည် ဘယ်သောအခါမျှ မရောင့်ရဲနိုင်ကြောင်း အနှေးနှင့်အမြန်တွေ့ရှိလာကြသည်။ သူတို့ မည်မျှပင်ပြည့်စုံနေပါစေ ထပ်ဝယ်ရန်အမြဲလိုအပ်နေသည်ဟု ယူမှတ်ကြသည်။ လိုတရနေသော လူငယ်များသည် အရွယ်ရောက်လာသောအခါ ကျေးဇူးမသိတတ်တော့ချေ။ ‘ကျွန် [သို့မဟုတ် ကလေး] သည်ငယ်သောအရွယ်မှစ၍ ပျော်ပါးအောင်ကျွေးမွေးခြင်းကိုခံရလျှင် နောက်ဆုံး၌ ကျေးဇူးမသိတတ်သောသူ ဖြစ်လာလိမ့်မည်။’—သု. ၂၉:၂၁။
ငွေသည်အချိန်
ယဉ်ကျေးမှုအချို့တွင် အချိန်သည်ငွေဟူ၍ ဆိုရိုးစကားရှိသည်။ ငွေရရန် အချိန်ကုန်ခံရသောကြောင့် အချိန်ဖြုန်းခြင်းသည် ငွေဖြုန်းခြင်းပင်ဖြစ်သည်။ ယင်း၏ဆန့်ကျင်ဘက်ဖြစ်သည့် ငွေသည်အချိန်ဟူသောစကားသည်လည်း မှန်ကန်ပါသည်။ သင်သည် ငွေဖြုန်းပါက ထိုငွေရရန် ကုန်ခံခဲ့သောအချိန်ကိုဖြုန်းခြင်းပင်ဖြစ်သည်။ ငွေသုံးတတ်မည်ဆိုလျှင် အချိန်ကိုလည်း သုံးတတ်လာမည်။ မည်သို့အားဖြင့်နည်း။
အယ်လနာ၏စကားကို သုံးသပ်ကြည့်ပါ။ “ငွေဘယ်လောက်သုံးမယ်ဆိုတာကို ကန့်သတ်လိုက်တဲ့အခါ ငွေဘယ်လောက်ရှာရမယ်ဆိုတာကိုပါ ကျွန်မ ကန့်သတ်နိုင်တယ်။ လက်တွေ့ကျတဲ့ဘတ်ဂျက်တစ်ခုထားပြီး အဲ့ဒီအတိုင်းလိုက်လုပ်တဲ့အတွက် အကြွေးဆပ်ဖို့ အချိန်များများ အလုပ်လုပ်စရာမလိုတော့ဘူး။ အဲ့ဒါကြောင့် ကျွန်မအချိန်နဲ့ ကျွန်မဘဝက ကျွန်မလက်ထဲမှာပဲရှိတယ်” ဟုသူပြောသည်။ သင့်ဘဝကို ထိုသို့ဖြစ်စေလိုမည် မဟုတ်ပေလော။
[အောက်ခြေမှတ်ချက်]
a နာမည်များပြောင်းထားသည်။
ချင့်တွေးစရာ
◼ ငွေသုံးစွဲလိုစိတ်ကို ချုပ်တည်းရန် သင့်အတွက်ခက်သလော။ အဘယ်ကြောင့်နည်း။
◼ ငွေတပ်မက်ခြင်းကို အဘယ်ကြောင့် ရှောင်သင့်သနည်း။—၁ တိမောသေ ၆:၉၊ ၁၀။
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ငွေများစွာရှိခြင်းက အဖြေလော
ငွေများစွာရှိခြင်းက သင့်ငွေသုံးစွဲခြင်းပြဿနာကို ပြေလည်စေမည်လော။ ဘဏ္ဍာရေးအကြံပေးအရာရှိ စူဇီ အောရ်မန်က “လစာများများရလျှင် ငွေကြေးပြဿနာများ ပြေလည်သွားမည်ဟု ကျွန်ုပ်တို့အားလုံး ထင်ကြသော်လည်း ယင်းသို့ဖြစ်ခဲသည်” ဟုဆိုသည်။
ဥပမာ၊ သင်ကားမောင်းနေသည်ဆိုပါစို့။ ကားထဲဓာတ်စီပိုထည့်ထားသောကြောင့် ကားကို ကောင်းစွာမထိန်းဘဲနေမည် သို့မဟုတ် မျက်စိမှိတ်မောင်းမည်ဆိုလျှင် ဘေးကင်းမည်ဟု ယူမှတ်မည်လော။ သို့ဖြင့် လိုရာခရီးကို ချောချောမောမော ရောက်နိုင်မည်ဟုထင်သလော။ ထိုနည်းတူပင် ငွေသုံးပုံသုံးနည်းကို မသင်ယူထားပါက ငွေများများရလျှင်လည်း သင့်အခြေအနေ ထူးခြားလာမည်မဟုတ်ပါ။
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ထိန်းချုပ်လော့
ယခင်လက သင် ငွေမည်မျှသုံးခဲ့သနည်း။ အဘယ်အတွက် သုံးခဲ့သနည်း။ သင်သိသလော။ ငွေသုံးလိုစိတ်က သင့်ကိုမထိန်းချုပ်မီ ယင်းကို သင် ထိန်းချုပ်နိုင်သည့် နည်းလမ်းများကို အောက်တွင်ဖော်ပြထားသည်။
◼ စာရင်းပြုစုထားပါ။ သင်ရရှိသောငွေနှင့် ရရှိသည့်ရက်စွဲကို အနည်းဆုံးတစ်လစာ စာရင်းပြုစုထားပါ။ သင်ဝယ်သောပစ္စည်းတစ်ခုစီနှင့် ၎င်း၏တန်ဖိုးကိုရေးမှတ်ပါ။ လကုန်သည့်အခါ ရငွေအားလုံးကိုပေါင်း၍ သုံးစွဲငွေအားလုံးကိုလည်း ပေါင်းပါ။
◼ ဘတ်ဂျက်ဆွဲပါ။ စာရွက်တစ်ရွက်ပေါ်တွင် ကော်လံသုံးခုဆွဲပါ။ ပထမကော်လံတွင် တစ်လအတွင်း သင်ရရှိဖို့မျှော်လင့်သည့် ဝင်ငွေအားလုံးကိုရေးချပါ။ ဒုတိယကော်လံတွင် အဘယ်အတွက် ငွေသုံးမည်ကိုရေးသားပါ၊ ထိုသို့ရေးသားရာတွင် သင်ပြုစုခဲ့သောစာရင်းကို သဘောတရားအဖြစ် အသုံးပြုပါ။ သင် ရည်ရွယ်ထားရာတစ်ခုစီအတွက် အမှန်တကယ်သုံးလိုက်သော ငွေကိုရက်စွဲအလိုက် တတိယကော်လံတွင်ရေးပါ။ မရည်ရွယ်ထားခဲ့ဘဲ သုံးမိသည့်ငွေအားလုံးကိုလည်း ရေးပါ။
◼ သင့်အစီအစဉ်ကို ပြုပြင်ပါ။ အချို့ပစ္စည်းများအတွက် ခန့်မှန်းထားသည်ထက် ငွေပိုကုန်သွား၍ အကြွေးတင်သွားပါက သင့်အစီအစဉ်ကို ပြုပြင်ပြောင်းလဲပါ။ အကြွေးဆပ်လိုက်ပါ။ ထိန်းချုပ်ထားပါ။
[ဇယား]
ယင်းကိုညှပ်၍ အသုံးပြုပါ
ကျွန်ုပ်၏ လစဉ်ဘတ်ဂျက်
ဝင်ငွေ အသုံးစရိတ်များအတွက် ဘတ်ဂျက် အမှန်တကယ်သုံးသော ပမာဏ
ထောက်ပံ့ကြေး စားစရိတ်
အဝတ်အစား
အခြား ဖုန်း
အပန်းဖြေမှု
အလှူငွေ
စုငွေ
အခြား
စုစုပေါင်း စုစုပေါင်း စုစုပေါင်း
[ရုပ်ပုံ]
ငွေဖြုန်းခြင်းက ထိုငွေရရှိရန် ကုန်သွားသောအချိန်ကိုဖြုန်းခြင်းပင်ဖြစ်ကြောင်း သတိရပါ
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
သင့်မိဘများကို ဘတ်ဂျက်ဆွဲပုံဆွဲနည်း ပြခိုင်းပါ