ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ
ယေရှု မြေကြီးပေါ်တွင်ရှိခဲ့စဉ် ကိုယ်တော်သည် မိမိနောက်လိုက်များအား ဘုရားနိုင်ငံတော်အတွက် ဆုတောင်းရန် ပြောခဲ့သည်။ “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌ ပြည့်စုံပါစေသော။” (မဿဲ ၆:၉၊ ၁၀) ကိုယ်တော်သည် အဆက်မပြတ် “နိုင်ငံတော်နှင့်ယှဉ်သောသတင်း” ကိုလည်းပြောခဲ့သည်။ (မဿဲ ၄:၂၃) အမှန်မှာကိုယ်တော်သည် အခြားမည်သည့်အကြောင်းထက်မဆို နိုင်ငံတော်အကြောင်းကို ပိုမိုပြောခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နိုင်ငံတော်သည် ယနေ့ဘဝကို အလွန်အမင်း ကျပ်တည်းအောင် ပြုလုပ်နေသော ပြဿနာများကို ဖြေရှင်းရန် ဘုရားရှင်၏ အသုံးတော်ခံဖြစ်သောကြောင့်ပင်။ နိုင်ငံတော်အားဖြင့် ဘုရားရှင်သည် မကြာမီ စစ်မက်များ၊ ငတ်မွတ်မှု၊ ရောဂါ၊ ရာဇဝတ်မှုကို အဆုံးတိုင်စေပြီး၊ စည်းလုံးမှုနှင့် ငြိမ်းချမ်းရေးကိုဖြစ်စေမည်။ ထိုသို့သောကမ္ဘာတွင် သင်နေလိုပါသလော။ သို့ဖြစ်လျှင် ဤစာစောင်ကို သင်ဖတ်ရှုသင့်သည်။ ဤတွင်၊ ဘုရားနိုင်ငံတော်သည် အုပ်ချုပ်ရေးတစ်ခုဖြစ်ကြောင်း၊ သို့သော် ယင်းသည် လူသားများကို အုပ်ချုပ်ခဲ့သော မည်သည့်အုပ်ချုပ်ရေးထက်ကိုမဆို သာလွန်ကြောင်း သင်သိရှိရမည်။ ဘုရားရှင်သည် မိမိ၏ကျေးကျွန်များကို နိုင်ငံတော်နှင့်စပ်လျဉ်းသော ကိုယ်တော်၏ရည်ရွယ်ချက်များကို ရင်ဖိုဖွယ် အဆင့်ဆင့်ရှင်းလင်းသွားပုံကို သင်တွေ့ရဦးမည်။ ထပ်ဆင့်၍၊ ဘုရားနိုင်ငံတော်သည် သင့်အား ယနေ့ပင်လျှင် ကူမနိုင်ပုံကို သင်တွေ့ရမည်။
အမှန်မှာ၊ သင်သည် ယခုပင် ဘုရားနိုင်ငံတော်၏ လက်အောက်ခံတစ်ဦး ဖြစ်နိုင်သည်။ သို့သော် ထိုသို့ သင်မရွေးချယ်မီယင်းအကြောင်း သင်ထပ်သိဖို့လိုသည်။ သို့ဖြစ်သောကြောင့် ဤစာစောင်ကို သင်သုံးသပ်ရန် ကျွန်ုပ်တို့အားပေးပါသည်။ ဘုရားနိုင်ငံတော်အကြောင်း ၄င်းပြောပြသမျှသည် သမ္မာကျမ်းစာမှယူထားသည်။
ဦးဆုံးအနေနှင့် ကျွန်ုပ်တို့အဘယ်ကြောင့် ဘုရားနိုင်ငံတော်ကို ဤမျှလိုအပ်နေကြောင်း ကြည့်ကြပါစို့။
လူ့သမိုင်းအစ၌၊ ဘုရားရှင်သည် စုံလင်သောလူယောက်ျားကိုပြုလုပ်၍ ပရဒိသုတွင်နေရာချထားခဲ့သည်။ ထိုစဉ်က၊ နိုင်ငံတော်မလိုအပ်ခဲ့ချေ။
သို့သော်၊ ကျွန်ုပ်တို့၏ပထမမိဘနှစ်ပါး အာဒံနှင့်ဧဝသည် ပုန်ကန်သူ ကောင်းကင်တမန်စာတန်၏စကားကို နားထောင်ခဲ့သည်။ သူသည်ဘုရားနှင့်စပ်လျဉ်း၍ မုသာစကားပြောခဲ့ပြီး ဘုရားကိုလည်းပုန်ကန်စေခဲ့သည်။ ထိုကြောင့်သူတို့သေထိုက်သည်။ အကြောင်းမှာ “အပြစ်တရား၏အခကား သေခြင်းပေတည်း။”—ရောမ ၆:၂၃။
မစုံလင်သောအပြစ်သားသည် စုံလင်သောကလေးများ မရရှိနိုင်။ ထို့ကြောင့်အာဒံ၏ကလေးအားလုံးသည် မစုံလင်မှု၊ အပြစ်၊ သေခြင်းနှင့်မွေးဖွားလာရသည်။—ရောမ ၅:၁၂။
ထိုအချိန်မှစ၍ လူသားများသည် သူတို့အားအပြစ်နှင့်သေခြင်းမှ လွတ်မြောက်မှုအတွက် ကူညီရန် ဘုရားနိုင်ငံတော်ကိုလိုအပ်ခဲ့သည်။
နိုင်ငံတော်သည် ဘုရားနာမတော်အပေါ် စာတန်၏ မုသာပြောဆိုထားချက်များကိုလည်း ရှင်းလင်းဦးမည်။
အထူး “မျိုးနွယ်တော်” (သို့မဟုတ်သားမြေး) ဖွားမြင်လာကာလူသားများကို အပြစ်အောက်မှကယ်တင်မည်ဟု ယေဟောဝါကတိထားခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) ဤ “မျိုးနွယ်တော်” သည် ဘုရားနိုင်ငံတော်၏ဘုရင်ဖြစ်မည်။ ထိုသူကားမည်သူဖြစ်မည်နည်း။
အာဒံအပြစ်လုပ်ပြီးနောက် နှစ်ပေါင်း ၂၀၀၀ ခန့်ကြာသော်၊ အာဗြဟံအမည်ရှိသော အလွန်သစ္စာစောင့်သိသူ ပုဂ္ဂိုလ်တစ်ဦးရှိခဲ့သည်။ ယေဟောဝါရှင်ကအာဗြဟံအား မိမိ၏မြို့မှထွက်ခွါပြီးပလတိဏပြည်တွင် တဲလေးနှင့်နေရန် မိန့်ဆိုခဲ့သည်။
အာဗြဟံသည် အလွန်ခက်သောအရာတစ်ခုအပါအဝင် ယေဟောဝါမိန့်ဆိုချက်အားလုံးကို ပြုလုပ်ခဲ့သည်။ ယေဟောဝါရှင်က သူ့အား သူ၏သားဣဇာက်ကို ယဇ်ပလ္လင်၌ပူဇော်ရန် မိန့်ဆိုခဲ့သည်။
ယေဟောဝါသည် အမှန်တော့ လူသားပူဇော်သက္ကာကို အလိုမရှိခဲ့ချေ။ သို့သော် အာဗြဟံသည် မိမိအပေါ် မည်မျှချစ်ကြောင်း ကိုယ်တော်သိလိုသည်။ အာဗြဟံသည် ဣဇာက်ကို သတ်မည့်ဆဲဆဲတွင် ယေဟောဝါရှင်သူ့ကို ရပ်တန့်စေခဲ့သည်။
အာဗြဟံ၏ ကြီးမားသောယုံကြည်ခြင်းကြောင့် ယေဟောဝါသည် ပလတိဏပြည်ကို သူ၏သားမြေးတို့အားပေးမည်ဟု ကတိပြုကာ ကတိထားရာမျိုးနွယ်တော်သည် သူ၏မျိုးဆက်နှင့် သူ၏သားဣဇာက်မှ ဆင်းသက်မည့်အကြောင်း မိန့်ဆိုသည်။—ကမ္ဘာဦး ၂၂:၁၇၊ ၁၈။ ၂၆:၄၊ ၅။
ဣဇာက်တွင် ဧသောနှင့်ယာကုပ် အမြွှာသား နှစ်ဦးရှိသည်။ ယေဟောဝါရှင်က ကတိထားရာမျိုးနွယ်သည် ယာကုပ်အားဖြင့်လာမည့်အကြောင်း မိန့်ဆိုသည်။—ကမ္ဘာဦး ၂၈:၁၃-၁၅။
ဣသရေလဟု ယေဟောဝါအမည်ပေးခဲ့သော ယာကုပ်သည် သား ၁၂ ယောက်ရှိပြီး သူတို့အားလုံးလည်း ကလေးများရကြသည်။ သို့နှင့် အာဗြဟံ၏ ကလေးများ စတင်တိုးပွားလာကြသည်။—ကမ္ဘာဦး ၄၆:၈-၂၇။
နယ်မြေဒေသတွင် ဆိုးရွားသော ငတ်မွတ်ခြင်းဘေးဆိုက်သောအခါ ယာကုပ်နှင့် သူ၏မိသားစုသည် အီဂျစ်ပြည့်ရှင်ဖါရော၏ ဖိတ်ခေါ်ချက်အရ အီဂျစ်ပြည်သို့ပြောင်းရွှေ့သွားသည်။—ကမ္ဘာဦး ၄၅:၁၆-၂၀။
ကတိထားရာမျိုးနွယ်တော်သည် ယာကုပ်သား ယုဒမှဆင်းသက်မည်ဖြစ်ကြောင်း အီဂျစ်တွင်ဖေါ်ပြသည်။—ကမ္ဘာဦး ၄၉:၁၀။
ယာကုပ် သေပြီးနောက် သူ၏သားမြေးများ တိုးပွားလာရာ နိုင်ငံတစ်ခုကဲ့သို့ ဖြစ်လာသည်။ သို့နှင့် သူတို့အား အီဂျစ်လူမျိုးများသည် ကြောက်ရွံ့လာပြီး သူတို့ကိုကျွန်လုပ်လိုက်သည်။—ထွက်မြောက်ရာ ၁:၇-၁၄။
နောက်ဆုံးတွင် ယေဟောဝါသည် အလွန်သစ္စာစောင့်သိသူ မောရှေကို စေလွှတ်ပြီး ထိုခေတ်ကဖါရောအား ဣသရေလသားသမီးများကို လွှတ်ပေးရန် တောင်းဆိုစေသည်။—ထွက်မြောက်ရာ ၆:၁၀၊ ၁၁။
ဖါရောက ငြင်းဆန်သည်။ ထို့ကြောင့် ယေဟောဝါသည် အီဂျစ်ပြည်တွင် ဘေးဒဏ်ဆယ်ခု ကျရောက်စေသည်။ နောက်ဆုံး ဘေးဒဏ်မှာ ကိုယ်တော်သည် အီဂျစ်ရှိ သားဦးအားလုံးကို သတ်ပစ်ရန် သေခြင်းဆိုင်ရာကောင်းကင်တမန်ကို လွှတ်လိုက်၏။—ထွက်မြောက်ရာ အခန်းကြီး ၇ မှ ၁၂။
ဘုရားရှင်က ဣသရေလလူများအား သူတို့သည် ညနေစာအတွက် သိုးသငယ်ကိုသတ်၍ ယင်း၏သွေးအချို့ကို သူတို့၏တံခါးထုပ်တွင် သုတ်ထားလျှင် သေခြင်းဆိုင်ရာကောင်းကင်တမန်သည် သူတို့၏အိမ်များကို ကျော်သွားမည်ဟု မိန့်ဆိုသည်။ သို့နှင့် ဣသရေလသားဦးများ လွတ်မြောက်သွားသည်။—ထွက်မြောက်ရာ ၁၂:၁-၃၅။
ရလဒ်အနေနှင့် ဖါရောသည် ဣသရေလလူများကို အီဂျစ်မှထွက်ခွာရန် အမိန့်ပေးသည်။ သို့သော် သူစိတ်ပြောင်းကာ သူတို့ကို ပြန်ခေါ်ရန်အတွက် သူတို့နောက်မှ လိုက်လေ၏။
ယေဟောဝါရှင်သည် ဣသရေလလူများကို ပင်လယ်နီအားဖြင့်လွတ်မြောက်ရန် လမ်းဖွင့်ပေးသည်။ သို့ဖြင့် ဖါရောနှင့်သူ၏စစ်တပ် လိုက်ရန်ကြိုးစားသောအခါ သူတို့နစ်မြုပ်ကုန်ကြသည်။—ထွက်မြောက်ရာ ၁၅:၅-၂၁။
ယေဟောဝါသည် ဣသရေလ၏သားများကို ကန္တာရရှိ သိနာတောင်သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုတွင် ကိုယ်တော်သည် မိမိ၏ပညတ်ကိုပေးပြီး ယင်းတို့ကို စောင့်ရှောက်လျှင် သူတို့သည် ယဇ်ပုရောဟိတ်အမျိုးနှင့် သန့်ရှင်းသောလူမျိုး ဖြစ်လာမည့်အကြောင်း မိန့်ဆိုသည်။ သို့နှင့် အချိန်တန်သော် ဣသရေလလူများသည် ဘုရားနိုင်ငံတော်၏ အရေးပါသောကဏ္ဍတွင် ပါဝင်ခွင့်ရရှိခဲ့ကြသည်။—ထွက်မြောက်ရာ ၁၉:၆။ ၂၄:၃-၈။
ဣသရေလလူများ သိနာတောင်တွင် တစ်နှစ်ခန့်နေပြီးနောက် ယေဟောဝါသည် သူတို့အား သူတို့၏ဘိုးဘေးအာဗြဟံကို ကတိပြုခဲ့သောနယ်မြေ ပလတိဏပြည်သို့ ခေါ်ဆောင်သွားခဲ့သည်။ နောက်ပိုင်း၌ ဘုရားရှင်သည် ပလတိဏပြည်တွင် ဣသရေလများအား ဘုရင်များအားဖြင့် အုပ်ချုပ်ခွင့်ပြုခဲ့သည်။ သို့နှင့် ဘုရားရှင်၌ မြေကြီးပေါ်တွင် နိုင်ငံတစ်ခုရှိခဲ့သည်။
ဣသရေလလူများ၏ ဒုတိယမြောက်ဘုရင်မှာ ယုဒမှဆင်းသက်သူ ဒါဝိဒ်ဖြစ်သည်။ ဒါဝိဒ်သည် ဣသရေလရန်သူအားလုံးကို နိုင်နင်းပြီး ယေရုရှလင်ကို နိုင်ငံ၏မြို့တော် ပြုလုပ်လိုက်သည်။
ဒါဝိဒ်အုပ်ချုပ်စဉ် အဖြစ်အပျက်များက ယေဟောဝါသည် ဘုရင်တစ်ပါးကိုထောက်မလျှင် သူ့အားမည်သည့်အုပ်စိုးရှင်မှ မအောင်နိုင်ကြောင်းပြသသည်။
ယေဟောဝါရှင်က ကတိထားရာမျိုးနွယ်တော်သည် ဒါဝိဒ်မျိုးဆက်မှဖြစ်မည်ဟု မိန့်မြွက်ခဲ့သည်။—၁ ရာဇဝင်ချုပ် ၁၇:၇၊ ၁၁၊ ၁၄။
ဒါဝိဒ်၏သား ရှောလမုန်သည် နန်းဆက်ခံသည်။ သူသည် ပညာရှိဘုရင်တစ်ပါးဖြစ်ပြီး သူအုပ်စိုးစဉ် ဣသရေလများ သာယာဝပြောကြသည်။
ရှောလမုန်သည် ယေရုရှလင်တွင် ယေဟောဝါအတွက် ကောင်းမြတ်လှသော ဗိမာန်တော်လည်း တည်ဆောက်ခဲ့သည်။ ရှောလမုန် အုပ်ချုပ်မှုအောက် ဣသရေလလူများ အခြေအနေက ဘုရား၏လာလတံ့သော နိုင်ငံတော်အောက် လူသားများခံစားရမည့် ကောင်းချီးအချို့ကို ကျွန်ုပ်တို့အား ဖော်ပြသည်။—၃ ဓမ္မရာဇဝင် ၄:၂၄၊ ၂၅။
သို့သော် ရှောလမုန်ပြီးနောက် ဘုရင်အများသည် အလွန်ပင် သစ္စာမဲ့ကြသည်။
သို့သော် ဒါဝိဒ်၏မျိုးဆက်များ ယေရုရှလင်တွင် အုပ်စိုးနေစဉ် ယေဟောဝါသည် မိမိ၏ပရောဖက် ဟေရှာယကို အသုံးပြု၍ မြေကြီးတစ်ပြင်လုံးကို သစ္စာရှိစွာ အုပ်ချုပ်မည့် ဒါဝိဒ်၏အနာဂတ် သားတစ်ဦးအကြောင်း မိန့်မြွက်ခဲ့သည်။ ထိုသူကား ကတိထားရာမျိုးနွယ်တော်ဖြစ်မည်။—ဟေရှာယ ၉:၆၊ ၇။
ထိုပုဂ္ဂိုလ်၏ အုပ်ချုပ်ရေးသည် ရှောလမုန်ထက်သာ၍ ကြီးကျယ်ခမ်းနားမည့်အကြောင်း ပရောဖက်ဟေရှာယ ကြိုတင်ဟောခဲ့သည်။—ဟေရှာယ၊ အခန်းကြီး ၁၁ နှင့် ၆၅။
သို့နှင့် ဤမျိုးနွယ်တော်သည် မည်သူဖြစ်မည်ကို ဘုရားကျေးကျွန်များ ပို၍ တွေးတောခဲ့ကြသည်။
မျိုးနွယ်တော်မလာမီတွင် ဣသရေလဘုရင်များသည် ဆိုးသွမ်းလှ၍ ဘီစီအီး၊ ၆၀၇ ခုနှစ်တွင် ယေဟောဝါရှင်သည် နိုင်ငံကို ဗာဗုလုန်တို့၏ သိမ်းပိုက်မှုအောက် ရောက်စေပြီး လူအများကို ဗာဗုလုန်သို့ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်။ သို့သော် ဘုရားရှင်သည် မိမိ၏ကတိတော်ကို မမေ့လျော့။ မျိုးနွယ်တော်သည် ဒါဝိဒ်မျိုးဆက်တွင် ပေါ်လာရဦးမည်။—ယေဇကျေလ ၂၁:၂၅-၂၇။
ဣသရေလတွင် ဖြစ်ပျက်ပုံက ပညာရှိ၍ သစ္စာစောင့်သော လူသားဘုရင်တစ်ဦးသည် အကျိုးကျေးဇူးများဖြစ်စေသော်လည်း ယင်းအကျိုးသည် အကန့်အသတ်ရှိလေသည်။ သစ္စာစောင့်သူများသေပြီးနောက် သူတို့၏နောက်ဆက်ခံများ သစ္စာမဲ့သွားနိုင်သည်။ ဖြေရှင်းနည်းကားအဘယ်နည်း။
ကတိထားရာမျိုးနွယ်တော်ပင်။
နောက်ဆုံးတွင် နှစ်ထောင်ပေါင်းများစွာကြာသော် မျိုးနွယ်တော်ပေါ်ထွန်းလာသည်။ သူကားမည်သူနည်း။
အဖြေကို ဘုရားရှင်၏ကောင်းကင်တမန်တစ်ပါးသည် မာရိအမည်ရှိအိမ်ထောင်မရှိသူ ဣသရေလအပျိုကညာအားပေးခဲ့သည်။ သူက ယေရှုအမည်ရှိ သားတစ်ဦးရရှိမည့်အကြောင်း သူမအားပြောသည်။
ကောင်းကင်တမန်ပြောဆိုချက်ကားဤသို့။
“ထိုသားသည်ကား ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို [ယေဟောဝါ] ဘုရားသခင်သည် သူ့အားပေးတော်မူမည်။ ထိုသူသည်လည်း အုပ်စိုးလိမ့်မည်။”—လုကာ ၁:၃၂၊ ၃၃။
ထို့ကြောင့် ယေရှုသည် ကတိထားရာမျိုးနွယ်တော်ဖြစ်ပြီး နောက်ဆုံးတွင် ဘုရားနိုင်ငံတော်၏ ဘုရင်ဖြစ်လာသည်။ သို့သော် ယေရှုသည် ယခင်ကအသက်ရှင်ခဲ့သော သစ္စာရှိသူများနှင့် အဘယ်ကြောင့်ကွာခြားသနည်း။
ယေရှုသည် အံ့ဖွယ်နည်းဖြင့် မွေးဖွားခဲ့သည်။ ကိုယ်တော်၏မိခင်သည် အပျိုကညာဖြစ်ပြီး ကိုယ်တော်တွင် လူသားဖခင် မရှိချေ။ ယေရှုသည် ယခင်က ကောင်းကင်တွင်နေခဲ့ပြီး ဘုရားရှင်၏ သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသောတန်ခိုးက ကောင်းကင်မှ ယေရှုအသက်တာကို မာရိ၏သားအိမ်ထဲသို့ ပြောင်းပေးလိုက်သည်။ ထို့ကြောင့် ကိုယ်တော်သည် အာဒံ၏အပြစ်ကို အမွေမခံခဲ့ချေ။ ကိုယ်တော်၏ အသက်တာတစ်လျှောက်၊ အပြစ်မလုပ်ခဲ့ချေ။—၁ ပေတရု ၂:၂၂။
ယေရှုသည် အသက် ၃၀ တွင်နှစ်ခြင်းခံသည်။
ကိုယ်တော်သည် လူများအား ဘုရားနိုင်ငံတော်အကြောင်းပြောပြပြီး နောက်ဆုံးတွင် မိမိကိုယ်ကို နိုင်ငံတော်၏ဘုရင်အဖြစ် ဖေါ်ပြသည်။—မဿဲ ၄:၂၃၊ ၂၁:၄-၁၁။
ကိုယ်တော်သည် အံ့ဖွယ်ရာများစွာကိုလည်း ပြုလုပ်သည်။
မကျန်းမာသူများကိုလည်း ကိုယ်တော်ကုသပေးခဲ့သည်။—မဿဲ ၉:၃၅။
ဆာမွတ်နေသူများကိုလည်း ကိုယ်တော်အံ့ဖွယ်နည်းဖြင့် ကျွေးမွေးခဲ့သည်။—မဿဲ ၁၄:၁၄-၂၂။
ကိုယ်တော်သည် သေလွန်သူများကိုပင် ထမြောက်စေ၏။—ယောဟန် ၁၁:၃၈-၄၄။
ဤအံ့ဖွယ်များက ယေရှုသည် ဘုရားနိုင်ငံတော်၏ဘုရင်အဖြစ် မည်သို့သောအရာများ ပြုလုပ်မည်ကိုပြသသည်။
ဘုရင်ဒါဝိဒ်သည် ယေရုရှလင်ကို မိမိနိုင်ငံတော်၏မြို့တော်ဖြစ်ရန် မည်သို့လုပ်ဆောင်ခဲ့ပုံကို သင်မှတ်မိပါသလော။
ယေရှုက ဘုရားနိုင်ငံတော်သည် မြေကြီးပေါ်တွင်မဟုတ်ဘဲ ကောင်းကင်တွင်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ (ယောဟန် ၁၈:၃၆) ထို့ကြောင့်ပင် နိုင်ငံတော်ကို “ကောင်းကင်ယေရုရှလင်” ဟုခေါ်ဆိုခဲ့သည်။ —ဟေဗြဲ ၁၂:၂၂-၂၈။
နိုင်ငံတော်အောက် လက်အောက်ခံလိုသူများ နာခံရမည့်ပညတ်များကို ယေရှုဖေါ်ပြခဲ့သည်။ ဤပညတ်များသည် ယခုသမ္မာကျမ်းစာ၌ရှိသည်။ အရေးကြီးဆုံးပညတ်မှာ လူများသည် ဘုရားကို ချစ်ရမည်၊ တစ်ယောက်နှင့်တစ်ယောက်ချစ်ရမည်။—မဿဲ ၂၂:၃၇-၃၉။
ယေရှုက မိမိ၏ နိုင်ငံတော်တွင်အုပ်ချုပ်ရာ၌ မိမိတစ်ဦးတည်းသာ ဖြစ်မည်မဟုတ်ကြောင်း ဖေါ်ပြခဲ့သေးသည်။ ကောင်းကင်သွားရန် လူသားများထဲမှ ရွေးချယ်မည်ဖြစ်ပြီး ကိုယ်တော်နှင့်အတူ ထိုတွင်အုပ်ချုပ်မည်။ (လုကာ ၁၂:၃၂၊ ယောဟန် ၁၄:၃) ထိုတွင်မည်မျှရှိမည်နည်း။ ဗျာဒိတ် ၁၄:၁ က၊ ၁၄၄၀၀၀ ဟုဖြေဆိုသည်။
ယေရှုနှင့်အုပ်ချုပ်ရန် ၁၄၄၀၀၀ သာကောင်းကင်သို့သွားလျှင် ကျန်သောလူသားများ ဘာမျှော်လင့်နိုင်သနည်း။
သမ္မာကျမ်းစာက “ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” ဟုဆိုထားသည်။—ဆာလံ ၃၇:၂၉။
မြေကြီးပေါ်တွင် ထာဝစဉ်နေမည့်သူများကို “အခြားသိုး” ဟုခေါ်သည်။—ယောဟန် ၁၀:၁၆။
ထို့ကြောင့် မျှော်လင့်ချက်နှစ်ခုရှိသည်။ ကောင်းကင်သို့သွား၍ ယေရှုခရစ်နှင့်အုပ်ချုပ်ရန် ယေဟောဝါဘုရား ဖိတ်ခေါ်ခံရသူ ၁၄၄၀၀၀ ရှိလေသည်။ သို့သော် အခြားသန်းပေါင်းများစွာသည် ကိုယ်တော်၏ လက်အောက်ခံသားများအဖြစ် မြေကြီးပေါ်တွင် ထာဝစဉ်နေရန် သေချာသော မျှော်လင့်ချက်ရှိသည်။—ဗျာဒိတ် ၅:၁၀။
စာတန်သည် ယေရှုကို မုန်းတီးပြီး ကိုယ်တော်ကို ဆန့်ကျင်သည်။ ယေရှုသည် သုံးနှစ်ခွဲဟောပြောပြီးနောက် စာတန်သည် ကိုယ်တော်အားဖမ်းစေကာ နှက်တိုင်ပေါ်တွင်ရိုက်၍ သတ်ပစ်ခဲ့သည်။ ယင်းကို အဘယ်ကြောင့် ဘုရားရှင်ခွင့်ပြုခဲ့သနည်း။
အာဒံမှ ဆင်းသက်သောကြောင့် ကျွန်ုပ်တို့အားလုံးသည် အပြစ်လုပ်ပြီး သေထိုက်ကြောင်းသတိရပါ။—ရောမ ၆:၂၃။
ယေရှုသည် အံ့ဖွယ်နည်းဖြင့် မွေးဖွားလာသောကြောင့် ကိုယ်တော်သည် စုံလင်ပြီး မသေထိုက်ကြောင်းကိုလည်း သတိရပါ။သို့သော် ဘုရားသည်စာတန်အား ‘ယေရှုကိုဖနောင့်တွင်ကြိတ်ရန်’ ကိုယ်တော်ကိုသတ်ခွင့် ပြုခဲ့သည်။ သို့သော်ဘုရားရှင်သည် ကိုယ်တော်ကိုမသေနိုင်သော နံဝိညာဉ်အဖြစ် တစ်ဖန် ရှင်ပြန်ထမြောက်စေခဲ့သည်။ သို့သော် ကိုယ်တော်သည် စုံလင်သော လူ့အသက်တာကို ပိုင်ဆိုင်ခွင့် ရှိနေဆဲဖြစ်သောကြောင့် ယခုကိုယ်တော်သည် ယင်းကို ကျွန်ုပ်တို့လူသားများအား အပြစ်မှရွေးနှုတ်ရန် အသုံးပြုခဲ့သည်။—ကမ္ဘာဦး ၃:၁၅။ ရောမ ၅:၁၂၊ ၂၁။ မဿဲ ၂၀:၂၈။
ယေရှု၏ပူဇော်သက္ကာဆိုလိုချက်ကို ကျွန်ုပ်တို့အပြည့်အဝနားလည်ဖို့ ကူညီပေးရန် သမ္မာကျမ်းစာကယင်းကို ပရောဖက်ပြုချက်ပုံစံဖြင့် ပြောပြခဲ့သည်။
ဥပမာ၊ ယေဟောဝါသည် အာဗြဟံအား သူ၏ မေတ္တာကိုစမ်းသပ်သည့်အနေနှင့် သူ၏ သားကိုပူဇော်ရန် ပြောခဲ့သည်ကို သင်သတိရပါသလော။
ယင်းသည်၊ ယေရှုပူဇော်သက္ကာ၏ ပရောဖက်ပြုချက်ပုံစံ ဖြစ်သည်။ ယင်းက ကျွန်ုပ်တို့အသက်ရရန် ယေဟောဝါသည် မိမိ၏သားယေရှုကို ကျွန်ုပ်တို့အတွက် သေစေသည်အထိ လူသားများအပေါ် ကိုယ်တော်၏မေတ္တာမည်မျှကြီးမားကြောင်း ပြသခဲ့သည်။—ယောဟန် ၃:၁၆။
ယေဟောဝါရှင်သည် အီဂျစ်မှဣသရေလများကို ကယ်တင်ပုံနှင့် သေခြင်းဆိုင်ရာကောင်းကင်တမန်ကို သူတို့အပေါ်မှဖြတ်ကျော်စေကာ သူတို့၏သားဦးများအား ကယ်မခဲ့ပုံကို သင်သတိရပါသလော။—ထွက်မြောက်ရာ ၁၂:၁၂၊ ၁၃။
ယင်းသည် ပရောဖက်ပြုချက်ပုံစံ ဖြစ်ခဲ့သည်။ သိုးသငယ်အသွေးသည် ဣသရေလလူများ၏ သားဦးအတွက် အသက်ဖြစ်သကဲ့သို့ ယေရှုသွန်းသောအသွေးသည် ကိုယ်တော်ကို ယုံကြည်သူများအတွက် အသက်ဟု အဓိပ္ပာယ်ရှိသည်။ ထို့ပြင် ယင်းညအဖြစ်အပျက်များက ဣသရေလများအတွက် လွတ်မြောက်မှုဖြစ်သကဲ့သို့ ယေရှု၏သေခြင်းက လူသားကိုအပြစ်နှင့်သေခြင်းမှ လွတ်မြောက်စေခဲ့သည်။
ထို့ကြောင့် ယေရှုကို “လောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုးသငယ်” ဟုခေါ်ခဲ့သည်။ —ယောဟန် ၁:၂၉။
သို့သော်၊ ယေရှုမြေကြီးပေါ်တွင်ရှိစဉ် ကိုယ်တော်သည် တပည့်တော်များကိုစုရုံးပြီး မိမိ သေဆုံးပြီးနောက် နိုင်ငံတော်သတင်းကောင်းကိုဟောရန် သူတို့အား လေ့ကျင့်ပေးခဲ့သည်။—မဿဲ ၁၀:၅။ လုကာ ၁၀:၁။
ဤသူများသည် ယေရှုနှင့်ကိုယ်တော်၏ နိုင်ငံတော်တွင် အုပ်ချုပ်ရန် ဘုရားရွေးချယ်သော ပထမဆုံးလူသားများ ဖြစ်သည်။—လုကာ ၁၂:၃၂။
ဘုရားရှင်သည် ဂျူးများအား ပညတ်တော်ကို လိုက်လျှောက်လျှင် သူတို့သည် “ယဇ်ပုရောဟိတ်နိုင်ငံ” ဖြစ်လာမည်ဟု ကတိပြုသည်ကို သင်သတိရပါသလော။ ယခုတွင် သူတို့သည် ယေရှုကို လက်ခံလျှင် ကောင်းကင်ဆိုင်ရာ ယဇ်ပုရောဟိတ်များအဖြစ် အမှုဆောင်နိုင်သည်။
သို့သော် အများသောသူတို့သည် ယေရှုကို ငြင်းပယ်ကြသည်။
ထို့ကြောင့် ယင်းအချိန်မှစ၍ ဂျူးများသည် ဘုရားရှင်၏ရွေးချယ်ရာ လူမျိုးမဟုတ်တော့။ ပလတိဏပြည်သည်လည်း ကတိထားရာနယ်မြေ မဟုတ်တော့။—မဿဲ ၂၁:၄၃။ ၂၃:၃၇၊ ၃၈။
ယေရှုအချိန်မှစ၍ ကျွန်ုပ်တို့အချိန်အထိ ယေဟောဝါသည် ကောင်းကင်တွင် အုပ်ချုပ်မည့်သူများကို စုသိမ်းခဲ့သည်။ သူတို့ထဲမှ ထောင်ဂဏန်းအနည်းငယ်သည် ယနေ့ မြေကြီးပေါ်တွင် ရှိနေတုန်းပင်။ ကျွန်ုပ်တို့သည် သူတို့အား ဘိသိက်ခံအကြွင်းအကျန်ဟု ခေါ်သည်။—ဗျာဒိတ် ၁၂:၁၇။
ယခု၊ ဘုရားနိုင်ငံတော်သည် ဘာဖြစ်ကြောင်း သင်သိမြင်စ ပြုလေပြီ။ ယင်းသည် ကောင်းကင်ရှိ ဘုရားအစိုးရဖြစ်ပြီး ဘုရင်မှာ ယေရှုခရစ်ဖြစ်၍ ကိုယ်တော်နှင့် မြေကြီးမှ ၁၄၄၀၀၀ သည်ပူးပေါင်းမည်။ ယင်းသည် မြေကြီးပေါ်ရှိ သစ္စာရှိလူသားများကို အုပ်ချုပ်မည်ဖြစ်ပြီး မြေကြီးကို ငြိမ်းချမ်းစေမည့် တန်ခိုးရရှိမည်။
ယေရှု သေဆုံးပြီးနောက် ထမြောက်ကာ ကောင်းကင်သို့ ကြွသွားခဲ့သည်။ ထိုတွင် ကိုယ်တော်သည် ဘုရားနိုင်ငံတော်၌ ဘုရင်အဖြစ် စတင်အုပ်ချုပ်ရန် ကျရောက်မည့် ဘုရားရှင်၏ မိန့်ဆိုချိန်ကို စောင့်ဆိုင်းခဲ့သည်။ (ဆာလံ ၁၁၀:၁) ယင်းအချိန်ကား ဘယ်သောအခါနည်း။
တစ်ခါတစ်ရံ ယေဟောဝါရှင်သည် မိမိ၏နိုင်ငံတော်အကြောင်း လူများအားပြောပြရန် အိပ်မက်များပေးခဲ့သည်။
ဒံယေလလက်ထက်တွင် ယေဟောဝါရှင်သည် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာထံ ထိုသို့သောအိပ်မက် ပေးခဲ့သည်။ သစ်ပင်ကြီးတစ်ပင်အကြောင်းဖြစ်သည်။—ဒံယေလ ၄:၁၀-၃၇။
သစ်ပင်ကိုခုတ်လှဲလိုက်ပြီး ပင်စည်ကို ခုနစ်နှစ်ချည်နှောင်လေ၏။
သစ်ပင်သည်နေဗုခဒ်နေဇာကိုပုံဆောင်သည်။ ပင်စည်ကိုခုနစ်နှစ်ချည်နှောင်သကဲ့သို့ နေဗုခဒ်နေဇာသည် ခုနစ်နှစ်တိုင်တိုင် လူစိတ်ပျောက်ခဲ့သည်။ ပြီးနောက် လူစိတ်ပြန်ဝင်လာခဲ့သည်။
ဤအရာခပ်သိမ်းသည် ပရောဖက်ပြုချက်ပုံစံ ဖြစ်သည်။ နေဗုခဒ်နေဇာသည် ယေဟောဝါ၏ ကမ္ဘာချီအုပ်ချုပ်မှုကို ပုံတင်ပြသည်။ ပထမတွင် ယင်းကို ယေရုရှလင်တွင် ဘုရင်ဒါဝိဒ်မှ ဆင်းသက်သူများဖြင့် လုပ်ဆောင်ခဲ့သည်။ ဗာဗုလုန်သည် ယေရုရှလင်ကို ၆၀၇ ဘီစီအီး၊ တွင် သိမ်းပိုက်ခဲ့သောအခါ ထိုမင်းဆက်ဖြတ်တောက်ခံခဲ့ရသည်။ ဒါဝိဒ်၏မင်းဆက်တွင် “အစိုးပိုင်သောသူမရောက်မီတိုင်အောင်” နောက်မင်းတစ်ပါးရှိမည်မဟုတ်ချေ။ (ယေဇကျေလ ၂၁:၂၇) ထိုသူကားခရစ်တော်ယေရှုပင်။
၆၀၇ ဘီစီအီး၊ မှ ယေရှုစအုပ်ချုပ်သည်အထိ မည်မျှကြာမည်နည်း။ ပရောဖက်ပြုချက်ဆိုင်ရာ ခုနစ်နှစ်ဖြစ်သည်။ ယင်းကား ၂၅၂၀ နှစ်ဖြစ်သည်။ (ဗျာဒိတ် ၁၂:၆၊ ၁၄) ၆၀၇ ဘီစီအီး၊ မှ ၂၅၂၀ နှစ်သည်ကျွန်ုပ်တို့အား ၁၉၁၄ စီအီး၊ သို့ဆိုက်ရောက်စေသည်။
ထို့ကြောင့် ယေရှုသည် ၁၉၁၄ ခုနှစ်တွင်ကောင်းကင်တွင် စတင်အုပ်ချုပ်သည်။ ယင်းကဘာကိုဆိုလိုသနည်း။
သမ္မာကျမ်းစာက ရူပါရုံအားဖြင့် တမန်တော်ယောဟန်မြင်သည်ကို ပြောပြသည်။
သူသည် ကောင်းကင်၌ မိန်းမတစ်ယောက် သားယောက်ျားမွေးဖွားသည်ကို တွေ့ခဲ့ရသည်။—ဗျာဒိတ် ၁၂:၁-၁၂။
မိန်းမသည် ဘုရားရှင်၏ ကောင်းကင်ဆိုင်ရာ အဖွဲ့အစည်းကို ပုံဆောင်ပြီး၊ ကောင်းကင်ရှိ ဘုရားရှင်၏ ကောင်းကင်တမန် ကျေးကျွန်များအားလုံးနှင့် ဖွဲ့စည်းထားသည်။ သားယောက်ျားသည် ဘုရားနိုင်ငံတော်ကို ပုံဆောင်သည်။ ယင်းသည် ၁၉၁၄ ခုနှစ်တွင် “မွေးဖွား” ခဲ့သည်။
နောက်ဘာဖြစ်ခဲ့သနည်း။ ယေရှုသည် ဘုရင်အနေနှင့် ပထမဆုံးလုပ်သည့်အရာမှာ စာတန်၊ သူနှင့်အတူပုန်ကန်သည့် ကောင်းကင်တမန်အားလုံးကို ကောင်းကင်မှ မြေကြီးသို့ ပစ်ချလိုက်သည်။—ဗျာဒိတ် ၁၂:၉။
သမ္မာကျမ်းစာက ရလဒ်ကို ပြောပြသည်။ “ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလတခဏသာ ရှိသည်ကိုသိ၍ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။”—ဗျာဒိတ် ၁၂:၁၂။
ထို့ကြောင့် ကောင်းကင်တွင် ယေရှုစတင်အုပ်ချုပ်သောအခါ ကိုယ်တော်၏ရန်သူများသည် မြေကြီးပေါ်တွင်အလွန် လှုပ်ရှားလာခဲ့သည်။ သမ္မာကျမ်းက ကြိုတင်ဟောထားခဲ့သည့်အတိုင်း ကိုယ်တော်သည် ရန်သူများအလယ်၌ စတင်အုပ်ချုပ်ခဲ့သည်။—ဆာလံ ၁၁၀:၁၊ ၂။
ယင်းက လူသားများအတွက် မည်သို့ အဓိပ္ပာယ်ရှိသနည်း။
ယေရှုက စစ်မက်၊ ငတ်မွတ်ခြင်း၊ ကာလနာရောဂါများပြားခြင်းနှင့် ငလျင်များလှုပ်မည်ဟု ပြောခဲ့သည်။—မဿဲ ၂၄:၇၊ ၈။ လုကာ ၂၁:၁၀၊ ၁၁။
၁၉၁၄ ခုနှစ်မှစ၍ ဤအရာများဖြစ်သည်ကို ကျွန်ုပ်တို့တွေ့ရပြီး ယင်းက၊ ထိုအချိန်မှစ၍ နိုင်ငံတော် စတင်အုပ်ချုပ်နေကြောင်း ကျွန်ုပ်တို့သိနိုင်သည့် အကြောင်းရင်းတစ်ခုဖြစ်သည်။
“ဘေးများကို မျှော်၍ကြောက်လန့်သဖြင့် လူများတို့၏ အသက်ဆုံးခြင်း အမှုအရာတို့” လည်းဖြစ်ဦးမည်။ (လုကာ ၂၁:၂၅၊ ၂၆) ကျွန်ုပ်တို့သည် ယင်းကိုလည်း ၁၉၁၄ ခုနှစ်မှစ၍ တွေ့မြင်ခဲ့ရပြီ။
တမန်တော်ပေါလုက လူများသည် “ကိုယ့်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ . . . ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ကိုမချုပ်တည်းသောသူများဖြစ်မည်” ဟုထပ်ဆင့်လိုက်သည်။—၂ တိမောသေ ၃:၁-၅။
ယနေ့အသက်တာသည် အဘယ်ကြောင့် ဤမျှခက်ခဲရကြောင်း ယခုသင်သိရပေပြီ။ စာတန်သည် အလွန်လှုပ်ရှားနေသည်။ သို့သော် ဘုရားနိုင်ငံတော်လည်း အလုပ်များလျက်ရှိသည်။
၁၉၁၄ ခုနှစ်နောက်ပိုင်း၊ မကြာမီတွင် ယေရှုနှင့်ကောင်းကင်တွင်အုပ်ချုပ်မည့် အကြွင်းအကျန်သည် နိုင်ငံတော်တည်ထောင်ပြီးဖြစ်ကြောင်း သတင်းကောင်းကို စတင်ဟောပြောကြသည်။ ယခု ဤလုပ်ငန်းသည် ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း မြေကြီးတစ်ဝှန်းလုံးသို့ ပျံ့နှံ့လျက်ရှိသည်။—မဿဲ ၂၄:၁၄။
ဤဟောပြောခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်ကားအဘယ်နည်း။
ပထမမှာ၊ လူများကို ဘုရားနိုင်ငံတော်အကြောင်း ပြောပြရန်ဖြစ်သည်။
ဒုတိယမှာ၊ လူများသည် နိုင်ငံတော်အောက် လက်အောက်ခံဖြစ်လို၊ မဖြစ်လို ဆုံးဖြတ်ရန် သူတို့အားကူညီပေးဖို့ဖြစ်သည်။
ယေရှုက ကျွန်ုပ်တို့ခေတ်တွင် လူသားအားလုံးကို သိုးနှင့်ဆိတ်ခွဲမည်ဟု ပြောခဲ့သည်။—မဿဲ ၂၅:၃၁-၄၆။
“သိုး” များသည် ကိုယ်တော်နှင့်ကိုယ်တော်၏ ညီအစ်ကိုများအား ချစ်မြတ်နိုးသူများဖြစ်သည်။ “ဆိတ်” များသည် ထိုသို့မဟုတ်သူများဖြစ်သည်။
“သိုး” များသည် ထာဝရအသက် ရမည်ဖြစ်ပြီး၊ “ဆိတ်” များသည် ရမည်မဟုတ်။
ဤခွဲခြားခြင်းလုပ်ငန်းသည် နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြင့် ပြီးမြောက်လျက်ရှိသည်။
ဤတွင် ပရောဖက်ဟေရှာယ၏ ပရောဖက်ပြုချက်ကို ဖေါ်ပြထားသည်။
“နောက်ဆုံးသောကာလ၌ [ယေဟောဝါ] ၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။”—ဟေရှာယ ၂:၂။
လူသားများသည် ယခု “နောက်ဆုံးကာလ” ကိုရင်ဆိုင်နေရသည်။
ယေဟောဝါ၏ဝတ်ပြုရေး “အိမ်တော်” ကို မှားယွင်းသော ဘာသာအားလုံးအထက် ချီးမြှောက်ခံရသည်။
“များပြားသောသူတို့ကလည်း ‘လာကြလော့။ [ယေဟောဝါ] ဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်ကို ပြသသွန်သင်တော်မူ၍ ငါတို့သည်ခြေတော်ရာသို့ လိုက်သွားကြမည်’ ဟုခရီးသွားလျက်ပြောဆိုကြလိမ့်မည်။”—ဟေရှာယ ၂:၃။
ထို့ကြောင့်၊ ခပ်သိမ်းသောလူမျိုးတို့သည် ယေဟောဝါကိုဝတ်ပြုရန် ရောက်လာကြပြီး သူတို့နှင့်ပူးပေါင်းရန် အခြားသူများကို ဖိတ်ခေါ်ကြသည်။ သူတို့သည် ယေဟောဝါလိုလားသော နည်းလမ်းတော်အတိုင်း မည်သို့ကျင့်ကြံရမည်ကို သင်ယူကြသည်။
“သူတို့ ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကို တစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။”—ဟေရှာယ ၂:၄။
ယေဟောဝါကို ဝတ်ပြုသူများသည် စည်းလုံးပြီးငြိမ်းချမ်းသည်။
ဘုရားနိုင်ငံတော်၏ ဤလုပ်ဆောင်မှုကြောင့် ယခု ကမ္ဘာတစ်ဝှန်းတွင် နိုင်ငံတော်၏ လက်အောက်ခံ လေးသန်းနီးပါးရှိနေပေပြီ။
ကောင်းကင်သို့သွား၍ ခရစ်တော်နှင့်အုပ်ချုပ်ရန် မျှော်လင့်ချက်ရှိသူများမှ ကျန်ကြွင်းသူ အကြွင်းအကျန်ပတ်လည်၌ သူတို့ကိုစုရုံးခဲ့သည်။
သူတို့သည် ဘုရားအဖွဲ့အစည်းမှတဆင့် ဝိညာဏအစာကိုရရှိသည်။—မဿဲ ၂၄:၄၅-၄၇။
သူတို့သည် အမှန်ပင် တစ်ဦးကိုတစ်ဦးချစ်သည့် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်ညီအစ်ကိုများ အသင်းအပင်းဖြစ်သည်။—ယောဟန် ၁၃:၃၅။
သူတို့သည် စိတ်၏ငြိမ်သက်မှုခံစားရပြီး အနာဂတ်အတွက် မျှော်လင့်ချက်ရှိသည်။—ဖိလိပ္ပိ ၄:၇။
မကြာမီ၊ သတင်းကောင်းကို ကြေညာ၍ ပြီးစီးသွားတော့မည်။ “သိုး” များကိုလည်း စုသိမ်း၍ ပြီးစီးသွားမည်။ ထိုနောက် နိုင်ငံတော်က ဘာပြုလုပ်ပေးမည်နည်း။
သစ္စာရှိ ဘုရင်ဒါဝိဒ်သည် ဘုရားလူမျိုး၏ ရန်သူအားလုံးကို နိုင်နင်းခဲ့သည်ကို သင်သတိရပါသလော။ အလားတူပင် ဘုရင်ယေရှုလည်းပြုလုပ်မည်။
ဘုရင်နေဗုခဒ်နေဇာသည် တစ်ခါက၊ သူ၏အချိန်မှ ကျွန်ုပ်တို့အချိန်အထိ ကမ္ဘာ့အင်ပါယာအားလုံးကို ပုံဆောင်သည့် ဧရာမရုပ်တုကြီးအိပ်မက်ကို ရခဲ့သည်။
ထိုနောက် တောင်ပေါ်မှ ထွင်းလိုက်သော ကျောက်တစ်လုံးကို သူမြင်တွေ့ခဲ့ရပြီး ရုပ်တုကိုအစိတ်စိတ်ဖြစ်အောင် ချိုးဖဲ့လိုက်သည်။ ကျောက်တုံးသည် ဘုရားနိုင်ငံတော်ကိုပုံဆောင်သည်။
ယင်းသည် လက်ရှိဆိုးယုတ်သော ကမ္ဘာချီစနစ်အား ဖျက်ဆီးမည်ကို ဆိုလိုသည်။—ဒံယေလ ၂:၄၄။
ဤတွင် နိုင်ငံတော်က မှောက်လှန်မည့် အရာအချို့ဖြစ်သည်။
မှောက်မှားသော ဘာသာသည် ပင်လယ်ထဲသို့ ချပစ်လိုက်သော ကြိတ်ဆုံကဲ့သို့ ပျောက်သွားမည်။—ဗျာဒိတ် ၁၈:၂၁။
ထို့ကြောင့်ပင် ဘုရားကိုချစ်မြတ်နိုးသူအားလုံး မှောက်မှားသောဘာသာများထဲမှ ယခုပင် ထွက်လာရန် အားပေးနေခြင်းဖြစ်သည်။—ဗျာဒိတ် ၁၈:၄။
ထိုနောက်၊ ဘုရင်ယေရှုသည် “လူမျိုးတို့ကို ဒဏ်ခတ်၍ . . . သံလှံတံနှင့် အုပ်စိုးတော်မူမည်။”—ဗျာဒိတ် ၁၉:၁၅။
ယေဟောဝါသက်သေများသည် အခွန်များပေးဆောင်ကြပြီး နိုင်ငံတော်၏ဥပဒေများကို နာခံကြသော်လည်း နိုင်ငံရေးတွင် မဝင်စွက်ကြချေ။
နောက်ဆုံးတွင် “နဂါး” ကြီးစာတန်ကိုယ်နှိုက်ကို တွင်းနက်ထဲသို့ ချပစ်လိုက်သည်။—ဗျာဒိတ် ၂၀:၂၊ ၃။
ယေရှုကို ဘုရင်အဖြစ် လက်အောက်ခံသူ “သိုး” များသာ ဤဒုက္ခကြီးကို ကျော်နင်းမည်။ —မဿဲ ၂၅:၃၁-၃၄၊ ၄၁၊ ၄၆။
တမန်တော်ယောဟန်သည် ဒုက္ခကြီးကိုလွတ်မြောက်လာသော “သိုး” ရူပါရုံကိုမြင်ခဲ့သည်။
“ထိုနောက်မှ ငါကြည့်လျှင် အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့ အထဲမှထွက်၍ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက် စွန်ပလွံခက်ကိုကိုင်လျက် ပလ္လင်တော်ရှေ့ သိုးသငယ်ရှေ့မှာ ရပ်နေကြ၏။”—ဗျာဒိတ် ၇:၉။
“လူအုပ်ကြီး” သည် သတင်းကောင်းဟောပြောခြင်းကို တုံ့ပြန်သောသူအားလုံးနှင့် ဖွဲ့စည်းထားသည်။
သူတို့သည် “ကြီးစွာသောဒုက္ခ အထဲကထွက်မြောက်” လာကြသည်။—ဗျာဒိတ် ၇:၁၄။
“စွန်ပလွံခက်များ” ကသူတို့သည် ယေရှုကို သူတို့၏ဘုရင်အဖြစ် ကြိုဆိုကြောင်း တင်ပြသည်။
“ဖြူသောဝတ်လုံများ” သူတို့ဝတ်ဆင်ထားခြင်းက သူတို့သည် ယေရှု၏ပူဇော်သက္ကာတွင် ယုံကြည်ခြင်းရှိကြောင်း ပုံဆောင်သည်။
“သိုးသငယ်” သည် ယေရှုခရစ်ဖြစ်သည်။
ထိုတွင် သူတို့ မည်သည့်ကောင်းချီးများ ခံစားရမည်နည်း။ သစ္စာရှိ ဘုရင်ရှောလမုန် အုပ်စိုးခဲ့စဉ် ဣသရေလပြည်တွင်ရှိခဲ့သော ပျော်ရွှင်မှုများကို သင်သတိရပါသလော။ ယင်းသည် ဘုရင်ယေရှုလက်အောက် မြေကြီးပေါ် ပျော်ရွှင်မှုကို အသေးစား ပုံတင်ပြချက်ဖြစ်သည်။
ဟေရှာယ ကြိုတင်ဟောပြောခဲ့သည့်အတိုင်း လူသားများစပ်ကြားနှင့်၊ လူနှင့်တိရစ္ဆာန်များစပ်ကြား ပကတိငြိမ်းချမ်းမှုရှိမည်။—ဆာလံ ၄၆:၉။ ဟေရှာယ ၁၁:၆-၉။
ယေရှုသည် မြေကြီးပေါ်တွင်ရှိစဉ် လူနာများကိုပျောက်ကင်းစေသကဲ့သို့ ကိုယ်တော်သည်လူသားအားလုံးထံမှဖျားနာမှုကို ဖယ်ရှားမည်။—ဟေရှာယ ၃၃:၂၄။
လူထုကြီးကို ကိုယ်တော် ကျွေးမွေးသကဲ့သို့ လူသားအားလုံးထံမှ အစာခေါင်းပါးခြင်းကို ကိုယ်တော် ဖယ်ရှားပစ်မည်။—ဆာလံ ၇၂:၁၆။
ကိုယ်တော်သည် လူသေကို ထမြောက်စေခဲ့သည့်အတိုင်း ဘုရားနိုင်ငံတော်အောက် မိမိတို့ကိုယ်ကို ဝန်ခံမှုပြရန် အခွင့်အရေးအပြည့်အဝ မရရှိခဲ့သောလူသေများကို ကိုယ်တော်ထမြောက်စေမည်။—ယောဟန် ၅:၂၈၊ ၂၉။
တဖြည်းဖြည်းနှင့် ကိုယ်တော်သည် လူသားများကို အာဒံပျောက်ဆုံးခဲ့သော စုံလင်ခြင်းသို့ရောက်ရှိစေမည်။
ယင်းသည် ထူးမြတ်လှသော အနာဂတ်မဟုတ်ပေလော။ ယင်းကို သင်တွေ့မြင်လိုသလော။ သို့ဖြစ်လျှင် ယခုတွင်ပင် ဘုရားနိုင်ငံတော်အောက် သင့်ကိုယ်ကိုလက်အောက်ခံရန်နှင့် “သိုး” အဝင်ဖြစ်ရန် လုပ်ဆောင်ပါ။
သမ္မာကျမ်းစာကို လေ့လာပြီး ယေဟောဝါဘုရားနှင့်ခရစ်တော်ယေရှုကို သိကျွမ်းပါ။ —ယောဟန် ၁၇:၃။
အခြား နိုင်ငံတော်လက်အောက်ခံသူများနှင့်လည်း ပေါင်းသင်းပါ။—ဟေဗြဲ ၁၀:၂၅။
နိုင်ငံတော်ဥပဒေများကို သင်ကြားပြီး ယင်းတို့ကိုနာခံပါ။—ဟေရှာယ ၂:၃၊ ၄။
ယေဟောဝါအမှုတော်ဆောင်ရန် သင်၏အသက်တာကို ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံပါ။—မဿဲ ၂၈:၁၉၊ ၂၀။
ခိုးခြင်း၊ မုသာသုံးခြင်း၊ အကျင့်ပျက်ခြင်း၊ သောက်ကြူးခြင်းစသဖြင့် ယေဟောဝါဘုရား မနှစ်သက်သည့် အကျင့်များကိုရှောင်ပါ။—၁ ကောရိန္သု ၆:၉-၁၁။
နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းတွင် ပါဝင်ပါ။—မဿဲ ၂၄:၁၄။
သို့ပြုလျှင် ဘုရားအကူအညီဖြင့် အာဒံသည် မိမိ၏မျိုးဆက်အတွက် ဆုံးရှုံးခဲ့သော ပရဒိသုပြန်လည် တည်ထောင်သည်ကို သင်ရှုမြင်ရမည်ဖြစ်ပြီး ဤကတိတော် ပြည့်စုံလာသည်ကို သင်တွေ့ရမည်။ “ကောင်းကင်မှ ကြီးသောအသံကား၊ ‘ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဘူးသော အရာတို့သည် ရွေ့သွားကြပြီ။’”—ဗျာဒိတ် ၂၁:၃၊ ၄။
[စာမျက်နှာ ၂၀ ပါ ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
၆၀၇ ဘီစီအီး
ဘီစီအီး စီအီး ၁၉၁၄ စီအီး
၅၀၀ ၁၀၀၀ ၁၅၀၀ ၂၀၀၀ ၂၅၂၀
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
အာဗြဟံ
ဣဇာက်
ယာကုပ်
ယုဒ
ဒါဝိဒ်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
၁၄၄၀၀၀
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အာဒံ
ယေရှု