ဘုရားသခင့်သိုးတော်စုကို စည်းစည်းလုံးလုံးထိန်းကျောင်းခြင်း
အချို့မေးကြသည်မှာ “ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေတို့၏အသင်းတော်များကို အုပ်ချုပ်ကွပ်ကဲသည့်အစီအစဉ်မည်သို့ရှိသနည်။” ကျွန်ုပ်တို့၏အဖြေမှာ ပထမရာစုခရစ်ယာန်အသင်းတော်၏ပုံစံကိုလိုက်သောအုပ်ချုပ်ကွပ်ကဲမှုအစီအစဉ်အတိုင်းဖြစ်သည်။
၁၈၇၀ ခုနှစ်ကျော်နှစ်များတွင် ချားလ်စ်တေဇ်ရပ်စယ်လ်နှင့်သူ့အပေါင်းအဖော်တို့သည် မိမိတို့ကျမ်းစာလေ့လာရာမှ သိရှိလာသည်တို့ကိုဟောပြောခြင်းဖြင့်လည်းကောင်း၊ ပုံနှိပ်စာပေများဖြင့်လည်းကောင်း စတင်ဖြန့်ဝေလာကြသည်။ နိုင်ငံတစ်ဝန်းရှိ ဤလုပ်ငန်းကိုဆက်ဆံလုပ်ကိုင်လိုသော သူတို့သည်ရပ်စယ်လ်နှင့်သူ၏ရင်းနှီးသောအပေါင်းအဖော်တို့ကို သခင့်အမှုတော်ထမ်းဆောင်ရာတွင် အတွေ့အကြုံအရှိဆုံးသောအဖွဲ့ဖြစ်ပြီး ဤလုပ်ငန်းနှင့်ပတ်သက်သောအကြံဉာဏ်တို့ကို ပေးနိုင်သူများဟုယူမှတ်ခဲ့ကြသည်။
၁၈၈၄ ခုနှစ်ရောက်သောအခါ ဇိအုန်ကင်းမျှော်စင်အသင်းကို ပဲင်စီလ်ဘေးနီးယားပြည်နယ်ဓနသဟာယ ဥပဒေအရဖွဲ့စည်းတည်ထောင်ခဲ့သည်။ ရပ်စယ်လ်နှင့်တာဝန်ခံသူ့အပေါင်းအဖော်တို့သည် အဖွဲ့အစည်းကိုလည်းကောင်း၊ ကျမ်းစာကျောင်းသားတို့၏လှုပ်ရှားမှုတို့ကိုလည်းကောင်း ဦးဆောင်ညွှန်ကြားခြင်း၌ အနီးကပ်ပါဝင်လုပ်ဆောင်ကြသည်။ ၁၉၀၉ ခုနှစ်ရောက်သောအခါသူတို့၏ဌာနချုပ်ကို ဘရွတ်ကလင်နယူးယောက်သို့ ပြောင်းရွှေ့ခဲ့သည်။ ဤနှစ်များတစ်လျှောက်ကင်းမျှော်စင်အသင်း၏ ဒါရိုက်တာနှင့်အခြားသောဝိညာဏအရည်အချင်းပြည့်ဝသည့် ဘိသိက်ခံယောက်ျားလူနည်းစုတို့သည် ယေဟောဝါသက်သေတို့၏အုပ်ချုပ်ရေးအဖွဲ့အဖြစ်ဆောင်ရွက်ခဲ့ကြသည်။
အုပ်ချုပ်ရေးအဖွဲ့သည် ဘိသိက်ခံခရစ်ယာန်အမျိုးသား (၁၉၉၀ ခုတွင် ၁၂ ဦး) ဖြင့်ဖွဲ့စည်းထားပြီး၊ ခုနစ်ဦးမှာ ကင်းမျှော်စင်အသင်းဒါရိုက်တာအဖွဲ့တွင်ပါဝင်သည်။ ဤသူတို့သည် ကမ္ဘာချီယေဟောဝါသက်သေတို့၏လုပ်ဆောင်မှုကိုကြီးကြပ်သည်။ သူတို့သည် ဘုရားသခင်မှုတ်သွင်းခံရသူများမဟုတ်သောကြောင့် အမှားမကင်းကြပါ။ သို့သော်သူတို့သည်အမှားကင်းသော ဘုရားသခင့်နှုတ်ကပါဌ်ကို ဤကမ္ဘာတွင်အမြင့်ဆုံးသော အာဏာပိုင်အဖြစ်အားထားကြပြီး၊ ဘုရားအလိုတော်ကို အောက်ကျို့နာခံရာတွင်လည်း ဘဝတစ်လျှောက်အတွေ့အကြုံပြည့်ဝသူများဖြစ်ကြသည်။ သူတို့တစ်ဦးစီသည် ယေဟောဝါသက်သေတို့နှင့်အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းတွင် နှစ်ပေါင်း ၄၀ ထက်မနည်းမှတ်တမ်းရှိသူများဖြစ်သည်။
အသင်းထုတ်ဝေရာများကို အုပ်ချုပ်ရေးအဖွဲ့ကကြပ်မတ်ညွှန်ကြားသည်။ ရေးသားသမျှသည် သိုးတော်စု၏ဝိညာဏလိုအပ်ရာတို့ကို ကြည့်ရှုစောင့်ရှောက်ခြင်းအပေါ်အခြေပြုပြီး၊ ၄င်းတို့သည်ဆုတောင်း၍ဘုရားနှုတ်ကပါဌ်ကို စေ့စပ်သေချာစွာလေ့လာခြင်း၊ သုတေသနပြုခြင်းတို့မှ ရရှိသောအကျိုးရလဒ်ဖြစ်သည်။ ဤသူတို့သည်ကျမ်းစာကို ဆက်လက်လေ့လာနေလျက် ဘုရားသခင့်ရည်ရွယ်တော်မူချက်များတိုးတက်ပြည့်စုံလာခြင်း၊ ကမ္ဘာ့အခြင်းအရာနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်ပြည့်စုံလာခြင်း၊ ကမ္ဘာတစ်ဝန်းဘုရားလူမျိုးတော်၏ အခြေအနေတို့ကိုစောင့်ကြည့်နေစဉ် အခါအားလျော်စွာအချို့အယူဝါဒတို့ကို တိုးတက်သိနားလည်လာမှုနှင့်အညီ ပြုပြင်ယူရကြသည်။ ဤနည်းဖြင့်သမ္မာတရားအသိပညာ ကြွယ်ဝသထက်ကြွယ်ဝလာသည်။—ဆာလံ ၉၇:၁၁။ သု၊ ၄:၁၈။ ဒံယေလ ၁၂:၄။
အုပ်ချုပ်ရေးအဖွဲ့သည် နိုင်ငံပေါင်း ၂၀၀ ကျော်နှင့်ကျွန်းပေါင်းမြောက်မြားစွာတို့တွင် လှုပ်ရှားဆောင်ရွက်မှုတို့ကို ကြီးကြပ်ကွပ်ကဲရန် ကမ္ဘာအရပ်ရပ်ရှိ ၉၀ ကျော်သောဌာနခွဲတစ်ခုစီ၌ သုံးဦး သို့မဟုတ် ယင်းထက်ပိုသောအရည်အချင်းပြည့်ဝသည့်အမျိုးသားတို့ကို ဌာနခွဲကော်မတီဝင်များအဖြစ်ခန့်အပ်သည်။ ဌာနခွဲများက သူတို့၏ကြီးကြပ်မှုအောက်ရှိ အသင်းတော်များနှင့်ဆက်သွယ်သည်။ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနခွဲကော်မတီတို့စပ်ကြား ပုံမှန်ဆက်သွယ်မှုရှိသည်။ အခြေအနေတို့ကို မျက်ခြည်မပြတ်ရန်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့သည် ဌာနခွဲအများသို့နှစ်စဉ်တစ်ဦးစီလည်ပတ်ကြသည်။
ဤသူတို့သည် အခြားသူတို့၏ယုံကြည်ခြင်းကို အစိုးတရပြုသူများမဟုတ်ဘဲ၊ လူအမြောက်အမြားဘုရားနှုတ်ကပါဌ်တော်ကို လေ့လာသိရှိနိုင်ရန် ကြိုးစားအားထုတ်ကြသည့်ဓမ္မအမှုဆောင်များဖြစ်ကြသည်။ သူတို့သည် ငွေကြေးအမြတ်အစွန်းအတွက် လုပ်ဆောင်နေခြင်းမဟုတ်ပါ။ အခြားသောဗေသလမိသားစုရရှိသည့် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များအတိုင်း သူတို့ရရှိကြသည်။ ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေတို့တင်ပြသောဇွဲ၊ စည်းလုံးမှု၊ မြင့်မားသောစာရိတ္တစံချိန်၊ ကျမ်းစာသွန်သင်ချက်များအပေါ် သစ္စာစောင့်သိခြင်းတို့ကိုကြည့်၍ ဤသူတို့သည်သစ္စာရှိရှိအမှုဆောင်နေကြကြောင်းသိမြင်နိုင်သည်။—၁ ကောရိန္သု ၃:၅-၉။ ၄:၁၊ ၂။ ၂ ကောရိန္သု ၁:၂၄။ ၃:၁-၃။ ၁ ပေတရု ၅:၂၊ ၃။
• အဘယ်အုပ်ချုပ်မှုအစီအစဉ်များ တိုးတက်ဖြစ်ထွန်းလာသနည်း။
• ယနေ့အုပ်ချုပ်ရေးအဖွဲ့တွင်မည်သူများအမှုထမ်းနေကြသနည်း။ သူတို့၏တာဝန်ကားအဘယ်နည်း။
• အခြားတိုင်းနိုင်ငံများတွင်လုပ်ငန်းကိုမည်သို့ကြီးကြပ်ကွပ်ကဲသနည်း။
[စာမျက်နှာ ၂၆ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ယေဟောဝါသက်သေများ ဘုရားအလိုတော်ဆောင်နေသည့်ဒေသများ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံများ]
ကင်းမျှော်စင်အသင်းဥက္ကဌများ
စီတီရပ်စယ်လ်၊ ၁၈၈၄–၁၉၁၆
ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်၊ ၁၉၁၆–၁၉၄၂
အဲန်၊ အိပ်ချ်၊ နောရ်၊ ၁၉၄၂–၁၉၇၇
အက်ဖ်၊ ဒဗလျူဖရန့်ဇ်၊ ၁၉၇၇–
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံများ]
ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေတို့၏လုပ်ဆောင်မှုကို ကြီးကြပ်ကွပ်ကဲသောဌာနခွဲရုံး ၉၀ ကျော်မှအချို့ပုံ
ကနေဒါ
ဇမ်ဘီယာ
ဂျာမနီ
ဂျပန်
ဩစတြေးလျ
ဘရာဇီးလ်