သင့်ရပ်ကွက်အတွက်သတင်းကောင်း၏လက်တွေ့တန်ဖိုး
ယနေ့ကျွန်ုပ်တို့မကြာခဏကြားရတတ်သည့် လောက၏ထင်မြင်ယူဆချက်တစ်ခုမှာ “ခရစ်ယာန်ဘာသာ၏မူဝါဒတို့သည် လက်တွေ့မကျပါ။ ယခုလိုရှုပ်ထွေးလှသည့် လူ့အသိုင်းအဝိုင်းတွင် ယင်းသည်အံမဝင်ပါ” ဟူ၍ဖြစ်သည်။ သို့သော်ဟိန္ဒူခေါင်းဆောင် မိုဟန်ဒတ်စ်ကေဂန္ဒနှင့် ဗြိတိသျှဘုရင်ခံချုပ်ဟောင်းလော့ဒ်အာဝင်တို့စကားပြောဆိုသည့် မှတ်တမ်းကိုကြည့်လျှင် လုံးဝခြားနားစွာဖော်ပြထားကြောင်းတွေ့ရှိရသည်။ ဗြိတိသျှနှင့်အိန္ဒယနိုင်ငံစပ်ကြားပြဿနာကို မည်သို့ဖြေရှင်းရန်သဘောရှိကြောင်း လော့ဒ်အာဝင်က ဂန္ဒကိုမေးရာ ဂန္ဒကကျမ်းစာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး မဿဲခရစ်ဝင်ကျမ်းအခန်းကြီးငါးကိုဖွင့်၍ပြောသည်မှာ “ဒီတောင်ပေါ်ဒေသနာမှာ ခရစ်တော်သွန်သင်ခဲ့တဲ့အချက်တွေကို ခင်ဗျားနိုင်ငံနဲ့ကျွန်တော့်နိုင်ငံသာ သဘောတူကျင့်သုံးကြမယ်ဆိုရင် ကျွန်တော်တို့နှစ်နိုင်ငံတင်မကဘူး တစ်ကမ္ဘာလုံးရဲ့ပြဿနာတွေတောင် ပြေလည်သွားပါလိမ့်မယ်။”
ထိုဒေသနာတွင် ဝိညာဉ်ရေးကိုရှာရန်၊ နူးညံ့သိမ်မွေ့ရန်၊ ကရုဏာရှိရန်၊ ဖြောင့်မတ်ခြင်းကိုမြတ်နိုးရန် ပြောထားသည်။ လူသတ်ခြင်းကိုပြစ်တင်ရှုတ်ချထားရုံမက သူတစ်ပါးကိုအမျက်ထွက်ခြင်းပင်မှားကြောင်း၊ မတရားမေထုန်ကို ပြစ်တင်ထားရုံမျှမကဘဲ စိတ်နှင့်ပင်ပြစ်မှားလျှင် ထပ်တူဖြစ်ကြောင်းဆိုထားသည်။ အိမ်ထောင်ရေးပြိုကွဲစေပြီး သားသမီးများဒုက္ခရောက်စေနိုင်သည့် တာဝန်မဲ့လင်မယားကွာရှင်းခြင်းတို့ကို ဆန့်ကျင်ကန့်ကွက်ထားသည်။ ယင်းက ‘သင့်ကိုမနှစ်သက်သူကိုပင်ချစ်ရန်၊ လိုအပ်နေသူကိုကူညီရန်၊ ကြင်နာမှုကင်းမဲ့စွာသူတစ်ပါးကို တရားမစီရင်ရန်၊ မိမိကိုဆက်ဆံစေလိုသည့်အတိုင်း သူတစ်ပါးကိုဆက်ဆံရန်’ ပြောထားသည်။ ဤသွန်သင်ချက်အားလုံးကို လိုက်နာပါက ကြီးစွာသောအကျိုးဖြစ်ထွန်းမည်။ သင့်အသိုင်းအဝိုင်းတွင် ဤအချက်တို့ကိုကျင့်သုံးသူ ပိုများလာသည်နှင့်အမျှ၊ သင့်ဝန်းကျင်သည်ပို၍သာယာစိုပြေလာမည်။
ဤကိစ္စရပ်တွင် ယေဟောဝါသက်သေများ ဩဇာသက်ရောက်သည်။ အိမ်ထောင်မင်္ဂလာကိုလေးစားရန် ကျမ်းစာက သူတို့အားသွန်သင်ထားသည်။ သူတို့၏သားသမီးများသည် မှန်ကန်သောမူများအတိုင်း လေ့ကျင့်ခံထားကြရသည်။ အိမ်ထောင်မင်္ဂလာ၏အရေးကြီးမှုကို အလေးအနက်ထားကြသည်။ စည်းလုံးသောမိသားစုများသည် သင့်ရပ်ကွက်အတွက်သာမက သင့်တစ်မျိုးသားလုံးကိုအကျိုးပြုသည်။ မိသားစုနှောင်ကြိုးလျော့ရဲလာပြီး၊ သီလယိုယွင်းမှုများဝင်လာပါက ကမ္ဘာ့အာဏာစက်တို့ပင် ကျရှုံးခဲ့ကြောင်းရာဇဝင်တွင် ပုံသက်သေများစွာရှိသည်။ လူတစ်ဦးစီနှင့်မိသားစုလိုက်အပေါ် ခရစ်ယာန်ကျင့်စဉ်များအားဖြင့် ယေဟောဝါသက်သေတို့ ပို၍သြဇာလွှမ်းမိုးနိုင်သည်နှင့်အမျှ သင့်အသိုင်းအဝိုင်းတွင် စာရိတ္တပျက်ပြားမှု၊ ရာဇဝတ်မှုတို့လျော့နည်းကျဆင်းမည်ဖြစ်သည်။
လူ့အသိုင်းအဝိုင်းနှင့်တိုင်းနိုင်ငံများတွင် ပြဿနာတက်နေသည့်အရာတစ်ခုမှာ လူမျိုးရေးငဲ့ကွက်စိတ်ဖြစ်သည်။ ယင်းနှင့်ဆန့်ကျင်၍ တမန်တော်ပေတရုက “အကယ်စင်စစ်ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည်အထံတော်၌ မျက်နှာသာရသည်ကိုငါသိမြင်၏” ဟုဆို၏။ ပေါလုက “ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်ဝတည်းဖြစ်ကြ၏” ဟုရေးခဲ့သည်။ (တမန်တော် ၁၀:၃၄၊ ၃၅။ ဂလာတိ ၃:၂၈) ယေဟောဝါသက်သေတို့သည် ဤအချက်ကိုလက်ခံကြသည်။ သူတို့၏ကမ္ဘာ့ဌာနချုပ်၊ ဌာနခွဲများ၊ အသင်းတော်များတွင် လူမျိုးပေါင်းစုံ၊ အသားအရောင်ပေါင်းစုံတို့သည် အတူတကွအလုပ်လုပ်နေကြသည်။
အာဖရိကတွင် အချို့သောလူမျိုးစုတို့သည် ရန်မမူဘဲ အတူတကွ ရောနှော၍မရကြပါ။ သို့သော် ယေဟောဝါသက်သေတို့၏ စည်းဝေးပွဲများတွင်မူ ကွဲပြားသောလူမျိုးအသီးသီးတို့သည် အတူစား၊ အတူနေ၊ အတူဝတ်ပြုကိုးကွယ်ကြပြီး နွေးထွေးသောမိတ်သဟာယဖြင့် ပေါင်းသင်းနေကြသည်။ ယင်းကိုတွေ့မြင်သော အစိုးရအရာရှိတို့က အံ့သြကြသည်။ စစ်မှန်သောခရစ်ယာန်ကျင့်စဉ်စည်းလုံးခြင်း အကျိုးသက်ရောက်ပုံကို ၁၉၅၈ ခု၊ ဩဂုတ် ၂ ရက်ထုတ်နယူးယောက် Amsterdam News သတင်းစာကမှတ်ချက်ပြုထားသည်။ နယူးယောက်မြို့တွင် ကျင်းပသည့်လူနှစ်သိန်းခွဲကျော်တက်ရောက်သော သက်သေခံတို့၏အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးကိုကြည့်၍ မှတ်ချက်ချခြင်းဖြစ်သည်။
“လူတန်းစားအသီးသီး၊ ကမ္ဘာအရပ်ရပ်မှ နီဂရိုးများ၊ မျက်နှာဖြူများ၊ အရှေ့တိုင်းသားများတို့သည် ပျော်ရွှင်လွတ်လပ်စွာရောနှောနေကြသည်။ . . . နိုင်ငံပေါင်း ၁၂၀ မှဝတ်ပြုရန်လာကြသည့် သက်သေခံတို့သည် ငြိမ်းချမ်းစွာအတူတကွနေထိုင်ကြ၊ ဝတ်ပြုကြခြင်းက ထိုသို့ပြုရန်မည်မျှလွယ်ကူကြောင်း အမေရိကန်တို့ကို သက်သေပြခြင်းဖြစ်သည်။ . . . စည်းဝေးပွဲကြီးက လူသားများအတူတကွ နေထိုင်လုပ်ကိုင်နိုင်ကြောင်း အကောင်းဆုံးပုံသက်သေဖြစ်သည်။”
အများသောသူတို့က ခရစ်ယာန်ဘာသာ၏ကျင့်စဉ်တို့သည် ဤခေတ်အတွက်လက်တွေ့မကျဟု ပြောကောင်းပြောမည်။ သို့သော်အခြားမည်သည့်အရာလက်တွေ့ကျပြီနည်း၊ သို့မဟုတ် လက်တွေ့ကျမည်နည်း။ ခရစ်ယာန်ကျင့်စဉ်တို့ကို သင်လက်တွေ့ကျင့်သုံးပါက စစ်မှန်သောအကျိုးကိုရရှိမည်။ ယင်းကျင့်စဉ်တို့သည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ရေးရောက်ရှိလာသောအခါ “လူအမျိုးမျိုး” တို့ကိုစည်းလုံးစေမည့်အခြေအမြစ်ဖြစ်သည်။—ဗျာဒိတ် ၇:၉၊ ၁၀။
[စာမျက်နှာ ၂၄ ပါ အကျဉ်းဖော်ပြချက်]
လူမျိုးပေါင်းစုံ၊ အသားအရောင်ပေါင်းစုံတို့ အတူတကွအလုပ်လုပ်နေကြ
[စာမျက်နှာ ၂၄ ပါ အကျဉ်းဖော်ပြချက်]
ခရစ်ယာန်ဘာသာသည် လက်တွေ့ကျသည်။ ယင်းမှတစ်ပါးအခြားရှိပါသလော