စိတ်ဝင်စားသူတို့မကြာခဏမေးတတ်သည့်မေးခွန်းများ
အချို့မေးခွန်းတို့ကို အခြားမေးခွန်းများထက်ပို၍မကြာခဏမေးတတ်ကြသည်။ ယင်းတို့အနက်အချို့ကိုဤတွင်ဆင်ခြင်သုံးသပ်ထားသည်။
ဘုရားသခင်သည်မေတ္တာရှင်ဖြစ်ပါက အဘယ်ကြောင့်ဆိုးသွမ်းမှုကို ခွင့်ပြုထားရသနည်း။
ဆိုးသွမ်းမှုကို ဘုရားသခင်ခွင့်ပြုထားသည်။ ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာတို့သည် စိတ်လိုကိုယ်လျောက်ဆိုးသွမ်းမှုကို ကျင့်နေကြသည်။ ဥပမာအားဖြင့် စစ်ကြေညာခြင်း၊ ကလေးများအပေါ်ဗုံးကြဲချခြင်း၊ မြေကြီးကိုကျွမ်းလောင်စေခြင်း၊ ငတ်မွတ်ခေါင်းပါးမှုဖြစ်စေခြင်းတို့ကိုပြုကြသည်။ သန်းပေါင်းများစွာတို့သည် ဆေးလိပ်သောက်သောကြောင့် အဆုတ်ကင်ဆာဖြစ်ပွားကြသည်။ စည်းမဲ့ကမ်းမဲ့လိင်ဆက်ဆံကြသောကြောင့် ကာလသားရောဂါများခံစားကြရသည်။ အရက်ကိုအလွန်အကျွံသောက်သုံးမှုကြောင့် အသဲရောင်ရောဂါရကြသည်။ ထိုသူတို့သည် ဆိုးသွမ်းမှုအားလုံးနိဂုံးချုပ်ဖို့ လုံးဝမလိုလားကြပါ။ ဆိုးသွမ်းမှုကြောင့်ခံရသည့် ပြစ်ဒဏ်များကိုသာ ပပျောက်စေလိုကြသည်။ သူတို့စိုက်သည့်အတိုင်း ရိတ်သိမ်းရသည့်အခါ၌ “ဘာကြောင့်ငါ့မှလာဖြစ်ရတာလဲ” ဟုညည်းညူပြီး ဘုရားသခင်ကိုအပြစ်တင်တတ်ကြသည်။ သု၊ ၁၉:၃ တွင် “လူသည်မိုက်သောသဘောကြောင့် လမ်းလွဲ၍စိတ်ထဲမှာထာဝရဘုရားကိုကဲ့ရဲ့ပြစ်တင်တတ်၏” ဟုဆိုသည်။ သူတို့၏ဆိုးသွမ်းသည့်လုပ်ရပ်ကို ဘုရားသခင်အဆုံးသတ်ပါက ဆိုးသွမ်းမှုပြုရသည့်လွတ်လပ်ခွင့်ဆုံးရှုံးကြောင်းကန့်ကွက်ပြောဆိုပေမည်။
ဆိုးသွမ်းမှုကို ယေဟောဝါခွင့်ပြုထားရခြင်း၏အဓိကအကြောင်းတစ်ခုမှာ စာတန်၏စိန်ခေါ်မှုကိုတုံ့ပြန်ရန်အတွက်ဖြစ်သည်။ စာတန်မာရ်နတ်က စမ်းသပ်မှုအောက်တွင် ဘုရားသခင်ကို သစ္စာစောင့်နိုင်မည့်သူမရှိဟုဆိုသည်။ (ယောဘ ၁:၆-၁၂၊ ၂:၁-၁၀) ဘုရားသခင်က စာတန်အားသူ့စွပ်စွဲချက်ကိုသက်သေထူခွင့်ပြုထားသည်။ (ထွက်မြောက်ရာ ၉:၁၆ နှင့်နှိုင်းယှဉ်ပါ။) စာတန်သည် မိမိ၏စွပ်စွဲချက်ကို သက်သေထူရန် လူသားတို့အား ယခုအထိဆက်၍ဒုက္ခပေးခြင်းဖြင့် ဘုရားသခင်ထံမှလွဲသွားအောင်ပြုနေသည်။ (ဗျာဒိတ် ၁၂:၁၂) မည်သို့ဆိုစေ၊ ယောဘသမာဓိစောင့်သိခဲ့သည်။ ယေရှုလည်း ထို့အတူဖြစ်သည်။ ခရစ်ယာန်စစ်များလည်း ယခုသမာဓိစောင့်နေကြသည်။—ယောဘ ၂၇:၅၊ ၃၁:၆။ မဿဲ ၄:၁-၁၁။ ၁ ပေတရု ၁:၆၊ ၇။
လူသားများထာဝစဉ်နေထိုင်ရမည့်မြေကြီးပရဒိသုကို ကျွန်ုပ်ယုံကြည်ချင်သော်လည်း ယင်းကားမဖြစ်နိုင်လွန်းသည်မဟုတ်လော။
ယင်းယူဆချက်ကား ကျမ်းစာအရမဟုတ်ပါ။ မဖြစ်နိုင်လွန်းပုံပေါက်ရခြင်းမှာ လူသားတို့သည် ရာစုနှစ်ပေါင်းများစွာဆိုးသွမ်းမှုကို တွေ့ကြုံခံစားခဲ့ရသောကြောင့်ဖြစ်သည်။ ယေဟောဝါသည် မြေကြီးကိုဖန်ဆင်းတော်မူ၍ ဖြောင့်မတ်သောလူသားများဖြင့်ပြည့်စေရန်၊ သစ်ပင်ပန်းမန်နှင့် သက်ရှိသတ္တဝါအားလုံးကို ထိန်းသိမ်းစောင့်ရှောက်ပြီး မြေကြီးကိုလှပအောင်ပြုပြင်မွမ်းမံရန် လူသားတို့ကိုတာဝန်ပေးခဲ့သည်။ ဤမြေကြီးကိုဖျက်ဆီးရန်မဟုတ်ပါ။ (စာမျက်နှာ ၁၂ နှင့် ၁၇ ကိုကြည့်ပါ) ကတိပြုထားသည့်ပရဒိသုအခြေအနေသည် မဖြစ်နိုင်လွန်းခြင်းဆိုသည်ထက်၊ လက်ရှိဝမ်းနည်းဖွယ်အခြေအနေတို့သည် ဆက်လက်တည်ရှိရန်ပင်မသင့်တော့သည့်အထိ ဆိုးရွားနေသည်။ ထိုကြောင့်ပရဒိသုကအစားဝင်မည်ဖြစ်သည်။
ဤကတိတော်တို့ကို ယုံကြည်ခြင်းသည် အယုံလွယ်ခြင်းမဟုတ်ပါ။ “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။” ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာခြင်းဖြင့် ယင်း၏ဉာဏ်ပညာထင်ရှားလာပြီး ယုံကြည်ခြင်းတိုးပွားလာသည်။—ရောမ ၁၀:၁၇။ ဟေဗြဲ ၁၁:၁။
ကျမ်းစာသည်ဒဏ္ဍာရီသာဖြစ်ပြီး သိပ္ပံနှင့်မကိုက်ညီဟုကဲ့ရဲ့ပြောဆိုသူတို့ ကျွန်ုပ်မည်သို့ဖြေဆိုနိုင်သနည်း။
ကျမ်းစာဆိုင်ရာရှေးဟောင်းသုတေသနပညာသည် ကျမ်းစာရာဇဝင်များ တိကျမှန်ကန်ကြောင်းအခိုင်အမာဖြစ်စေသည်။ စစ်မှန်သောသိပ္ပံပညာသည် ကျမ်းစာနှင့်သဘောညီညွတ်သည်။ အောက်ပါအချက်တို့သည် ပညာရှင်များရှာဖွေမတွေ့ရှိခင် နှစ်ပေါင်းများစွာကတည်းက ကျမ်းစာတွင်ရှိနှင့်ပြီးသားအမှန်တရားများဖြစ်သည်။ ကမ္ဘာမြေကြီးဖြစ်ပေါ်တိုးတက်ပြောင်းလဲလာသည့်ဖြစ်စဉ်၊ ကမ္ဘာမြေကြီးလုံးကြောင်း၊ လေဟာပြင်၌အတွယ်အတာမဲ့စွာတည်ရှိနေကြောင်း၊ ငှက်များပြောင်းရွှေ့ခြင်းအကြောင်းတို့ဖြစ်သည်။—ကမ္ဘာဦးအခန်းကြီး ၁။ ဟေရှာယ ၄၀:၂၂။ ယောဘ ၂၆:၇။ ယေရမိ ၈:၇။
ကျမ်းစာမှုတ်သွင်းခံရကြောင်းကို ပြည့်စုံပြီးသောပရောဖက်ပြုချက်တို့ကတင်ပြသည်။ ကမ္ဘာ့အာဏာစက်များစတင်ခြင်း၊ ကျရှုံးခြင်းအကြောင်းတို့ကို ဒံယေလကကြိုဟောထားခဲ့သည်။ မေရှိယပေါ်ထွန်းမည့် အချိန်နှင့်ကွပ်မျက်ခံရမည့်အချိန်တို့ကိုလည်း ကြိုဟောခဲ့သည်။ (ဒံယေလ အခန်းကြီး ၂၊ ၈။ ၉:၂၄-၂၇) ယနေ့ အခြားပရောဖက်ပြုချက်တို့သည် ပြည့်စုံနေဆဲဖြစ်သဖြင့် “နောက်ဆုံးသောကာလ” ကိုအမှတ်သညာပြုသည်။ (၂ တိမောသေ ၃:၁-၅။ မဿဲ အခန်းကြီး ၂၄) ဤသို့ကြိုတင်သိမြင်ချက်တို့သည် လူ့ဉာဏ်မမီသည့်အရာများဖြစ်သည်။ (ဟေရှာယ ၄၁:၂၃) ခိုင်လုံသည့်အထောက်အထားများကို ထပ်မံသိလိုလျှင် ကင်းမျှော်စင်အသင်းမှထုတ်ဝေသည့် The Bible—God’s Word or Man’s? နှင့် Life—How Did It Get Here? By Evolution or by Creation? စာအုပ်များကိုကြည့်ပါ။
ကျမ်းစာဆိုင်ရာမေးခွန်းများကိုဖြေဆိုနိုင်သည့်အခြေအနေရောက်အောင်ကျွန်ုပ် ဘာလုပ်ရမည်နည်း။
ကျမ်းစာကိုလေ့လာ၍ စဉ်းစားတွေးတောဖို့လိုသည်။ ထို့အတူဘုရားသခင့်ဝိညာဉ်တော်လမ်းညွှန်မှုကိုလည်း တောင်းခံနေရမည်။ (သု. ၁၅:၂၈။ လုကာ ၁၁:၉-၁၃) “သင်တို့တွင်တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အားစေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်မည်။” (ယာကုပ် ၁:၅) ကျမ်းစာလေ့လာမှုကို အထောက်အကူပေးပြီး အားထားသင့်သောစာအုပ်များလည်းရှိသည်။ အဲသယောပိအမတ်သည် ဖိလိပ္ပုနှင့်လေ့လာမှုပြုသကဲ့သို့ အများအားဖြင့်အခြားသူတို့၏အကူအညီလည်းလိုအပ်သည်။ (တမန်တော် ၈:၂၆-၃၅) ယေဟောဝါသက်သေတို့သည် စိတ်ဝင်စားသူတို့၏အိမ်တွင် ကျမ်းစာလေ့လာမှုအစီအစဉ်ကို အခမဲ့ကျင်းပပေးသည်။ ထိုသို့ပြုရန် အားမနာတမ်းတောင်းဆိုကြည့်ပါ။
ယေဟောဝါသက်သေတို့ကို လူအများ ဆန့်ကျင်ပြီး သူတို့နှင့်မလေ့လာရန် ကျွန်ုပ်ကိုအဘယ်ကြောင့်တားမြစ်ကြသနည်း။
ယေရှု၏ဟောပြောခြင်းကို ဆန့်ကျင်မှုများရှိခဲ့ပြီး၊ တပည့်တော်တို့လည်းအလားတူ ဆန့်ကျင်ခံရမည်အကြောင်း ကိုယ်တော်ပြောခဲ့သည်။ လူအချို့ကိုယ်တော်.သွန်သင်ချက်များအပေါ် စိတ်စွဲငြိခဲ့စဉ် ဘာသာရေးဆန့်ကျင်သူတို့က “သင်တို့ကိုပင်လှည့်ဖြားကြပြီလော။ မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူတစ်စုံတစ်ယောက်မျှရှိသလော” ဟုဒေါသတကြီးတုံ့ပြန်ခဲ့သည်။ (ယောဟန် ၇:၄၆-၄၈၊ ၁၅:၂၀) သက်သေခံများနှင့်မလေ့လာဖို့ သင့်ကိုအကြံပေးသူသည် အကြောင်းစုံမသိသေးသူ သို့မဟုတ် စိတ်စွန်းကွက်သူများဖြစ်သည်။ သက်သေခံတို့နှင့် လေ့လာလျက်သင်ကျမ်းစာအသိပညာ၌တိုးတက်၊ မတိုးတက် ကြည့်ပါလေ။—မဿဲ ၇:၁၇-၂၀။
သက်သေခံတို့သည် ကိုယ်ပိုင်ဘာသာ ရှိသူများထံအဘယ်ကြောင့် လည်ပတ်ရသနည်း။
ဤသို့ပြုခြင်းသည် ယေရှု၏ပုံသက်သေကို လိုက်လျှောက်ခြင်းဖြစ်သည်။ ဂျူးလူမျိုးများထံ ကိုယ်တော်သွားခဲ့သည်။ ဂျူးလူမျိုးတို့သည် ကိုယ်ပိုင်ဘာသာရှိသော်လည်း ယင်းသည်အများအားဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သွေဖည်ခဲ့သည်။ (မဿဲ ၁၅:၁-၉) လူမျိုးတိုင်းတွင် ခရစ်ယာန်အမည်ခံဘာသာတစ်ခုဖြစ်စေ၊ ခရစ်ယာန်မဟုတ်သောဘာသာဖြစ်စေ၊ ဘာသာတစ်ခုခုရှိစမြဲဖြစ်သည်။ လူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် စံကိုက်ဖြစ်သောယုံကြည်ချက်တို့ကို လက်ကိုင်ပြုထားရန် အရေးတကြီးလိုအပ်နေသည်။ သက်သေခံတို့ ယင်းသို့ပြုနိုင်ရန်ကူညီပေးဖို့ကြိုးစားခြင်းသည် အိမ်နီးချင်းကိုမေတ္တာပြကြောင်းတင်ပြခြင်းဖြစ်သည်။
မိမိတို့၏ဘာသာ သာလျှင်မှန်သည်ဟု သက်သေခံများယုံကြည်သလော။
မိမိဘာသာကိုအလေးထားသူမည်သူမဆို ယင်းသည်အမှန်ဖြစ်သည်ဟုသဘောထားသင့်သည်။ သို့မဟုတ်လျှင် သူသို့မဟုတ်သူမသည် ယင်းဘာသာတွင်အဘယ်ကြောင့်ပါဝင်ပတ်သက်နေရမည်နည်း။ “ခပ်သိမ်းသောအရာတို့ကိုစုံစမ်း၍ ကောင်းသောအရာကိုအမြဲကိုင်စွဲ” ရန်ခရစ်ယာန်များ ဆုံးမခံရသည်။ (၁ သက်သာလောနိတ် ၅:၂၁) မိမိယုံကြည်ချက်သည် သမ္မာကျမ်းစာနှင့်ညီမညီ ဆန်းစစ်ရမည်။ အကြောင်းမှာ၊ မှန်သောယုံကြည်ခြင်းတစ်ခုတည်းရှိသောကြောင့်ဖြစ်သည်။ ဧဖက် ၄:၅ က “သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး” ဟုအတည်ပြုထားသည်။ လမ်းစဉ်အများ၊ ဘာသာအများရှိပြီး အားလုံးကယ်တင်ခြင်းသို့ပို့ဆောင်သည်ဟူသော လျော့ရဲသည့်ခေတ်ပေါ်ယူဆချက်နှင့် ယေရှုသဘောမတူခဲ့ပါ။ ယင်းအစားကိုယ်တော်က “အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည်အလွန်ကျဉ်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည်နည်းကြ၏” ဟုဆိုခဲ့သည်။ ယင်းလမ်းကိုမိမိတို့တွေ့ပြီဟု ယေဟောဝါသက်သေတို့ ယုံကြည်ကြသည်။ သို့မဟုတ်ပါက အခြားဘာသာတစ်ခုကိုသူတို့ရှာပေမည်။—မဿဲ ၇:၁၄။
သူတို့သာလျှင် ကယ်တင်ခြင်းရမည့်သူများဖြစ်သည်ဟု သူတို့ယုံကြည်သလော။
မဟုတ်ပါ။ နှစ်ရာစုပေါင်းများစွာက အသက်ရှင်ခဲ့သည့်ယေဟောဝါသက်သေမဟုတ်သူတို့သည် ရှင်ပြန်ထမြောက်လာကြပြီး အသက်ရှင်ခွင့်ရကြမည်။ ယခုအသက်ရှင်သူများမှ “ကြီးစွာသောဒုက္ခ” မတိုင်မီသမ္မာတရားနှင့်ဖြောင့်မတ်ခြင်းတွင် ရပ်တည်ဦးမည့်သူတို့လည်း ကယ်တင်ခြင်းခံရကြမည်။ ထို့ပြင်ယေရှုက ကျွန်ုပ်တို့တစ်ယောက်နှင့်တစ်ယောက်မစီရင်ရန်ပြောခဲ့သည်။ ကျွန်ုပ်တို့ကအပေါ်ယံအသွင်အပြင်ကိုကြည့်တတ်သည်။ ယေဟောဝါမူ နှလုံးကိုကြည့်သည်။ မှန်ကန်တိကျစွာ ကိုယ်တော်မြင်နိုင်ပြီး ကရုဏာပါပါတရားစီရင်တော်မူသည်။ တရားစီရင်ခြင်းတာဝန်ကို ယေရှုအား ပေးအပ်ထားသည်။ ကျွန်ုပ်တို့၏တာဝန်မဟုတ်ပါ။—မဿဲ ၇:၁-၅၊ ၂၄:၂၁။
ယေဟောဝါသက်သေတို့၏အစည်းအဝေးများတက်ရောက်လျှင် မည်သည့်ငွေကြေးအလှူငွေများထည့်ရသနည်း။
ငွေကြေးအလှူငွေနှင့်ပတ်သက်၍ တမန်တော်ပေါလုဤသို့ပြောသည်။ “လူတိုင်းကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟုစိတ်ထင်နှင့်မလှူရ။ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။” (၂ ကောရိန္သု ၉:၇) ယေဟောဝါသက်သေတို့၏နိုင်ငံတော်ခန်းမနှင့်အစည်းအဝေးခန်းမများတွင် မည်သည့်အခါမျှ အလှူငွေမကောက်ခံပါ။ အလှူငွေထည့်ဝင်လိုသူ မည်သူမဆို လွယ်လင့်တကူထည့်ဝင်နိုင်ရန် အလှူငွေသေတ္တာများကိုထားပေးသည်။ မည်မျှထည့်သည်ကို အခြားမည်သူတစ်ဦးမျှမသိပါ။ အချို့သည်အခြားသူတို့ထက်ပို၍ထည့်နိုင်ကြသည်။ အချို့သည်လုံးဝထည့်နိုင်ကြမည်မဟုတ်။ ယေရုရှလင်ဗိမာန်တော်ရှိ အလှူငွေသေတ္တာတွင်ထည့်ဝင်သူများအကြောင်း ယေရှုမှတ်ချက်ချခဲ့စဉ်က သဘောထားမှန်ကိုကိုယ်တော်ဖော်ထုတ်တင်ပြခဲ့သည်။ တစ်ဦးတစ်ယောက်၏ပေးနိုင်စွမ်းနှင့်ပေးလိုသည့်ဆန္ဒက အရေးကြီးသည်။ မည်မျှပေးသည်မှာအဓိကမဟုတ်ပါ။—လုကာ ၂၁:၁-၄။
ကျွန်ုပ်ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာသောအခါ သူတို့ကဲ့သို့ပင်
ကျွန်ုပ်လည်းဟောပြောရမည်လော။
တစ်ဦးတစ်ယောက်သည် ခရစ်တော်အုပ်ချုပ်မည့်ကတိထားရာမြေကြီးပရဒိသုအကြောင်းသိကျွမ်းလာသည်နှင့်အမျှ အခြားသူတို့ကို ယင်းအကြောင်းပြောပြလိုစိတ်ပေါ်လာသည်။ သင်လည်းထိုသို့ပင်ဖြစ်မည်။ ယင်းကား သတင်းကောင်းပင်ဖြစ်သည်။—တမန်တော် ၅:၄၁၊ ၄၂။
ဤသို့ပြုခြင်းကား သင်သည်ခရစ်တော်ယေရှု၏တပည့်ဖြစ်ကြောင်း အရေးကြီးသောနည်းဖြင့်တင်ပြရာရောက်သည်။ သမ္မာကျမ်းစာကယေရှုကို “သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံ” ဟုခေါ်ဆိုထားသည်။ မြေကြီးပေါ်ရှိခဲ့စဉ်က “ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ” ဟုဟောပြောခဲ့ပြီး၊ ထိုသို့ပင်ဟောပြောရန် တပည့်တော်များကိုစေလွှတ်ခဲ့သည်။ (ဗျာဒိတ် ၃:၁၄။ မဿဲ ၄:၁၇။ ၁၀:၇) နောင်တွင်နောက်တော်လိုက်များအား “သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက်၊ . . . ဆုံးမသြဝါဒပေးကြလော့” ဟူသည့်အမိန့်ကိုပေးခဲ့သည်။ ကိုယ်တော်ကြိုပြောခဲ့သေးသည့်အချက်ကား အဆုံးမတိုင်ခင် “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။”—မဿဲ ၂၈:၁၉၊ ၂၀၊ ၂၄:၁၄။
ဤသတင်းကောင်းကိုကြေညာရန် နည်းအမျိုးမျိုးရှိသည်။ မိတ်ဆွေသူငယ်ချင်းတို့နှင့် စကားစမြည်ပြောဆိုရင်း ယင်းသို့ပြုဖို့အခွင့်အလမ်းရတတ်လေ့ရှိသည်။ အချို့စာရေး၍၊ အချို့တယ်လီဖုန်းဆက်၍ သတင်းကောင်းဟောကြသည်။ အချို့က သူငယ်ချင်းများအထူးစိတ်ဝင်စားမည်ဟုထင်ရသောစာပေစာတမ်းတို့ကို စာတိုက်ဖြင့်ပို့ပေးကြသည်။ သတင်းကောင်းမကြားလိုက်ရသူတစ်ယောက်မျှမရှိစေရန် သက်သေခံတို့သည် တစ်အိမ်တက်ဆင်းသတင်းကောင်းကိုကြေညာကြသည်။
ကျမ်းစာကလှိုက်လှဲစွာခေါ်ဖိတ်ထားသည်။ “ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ‘လာခဲ့ပါ’ ဟုဆိုကြ၏။ ကြားသောသူကလည်း ‘လာခဲ့ပါ’ ဟုဆိုပါစေ။ ရေငတ်သောသူသည်လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။” (ဗျာဒိတ် ၂၂:၁၇) ပရဒိသုကမ္ဘာနှင့်ယင်း၏ကောင်းချီးများအကြောင်း သူတစ်ပါးကိုပြောပြခြင်းသည် မိမိ၏စိတ်လိုကိုယ်လျောက်လုပ်ရမည့်ကိစ္စဖြစ်သည်။ ဤသတင်းကောင်းကိုဝေမျှလိုသောဆန္ဒပြည့်ဝသည့်နှလုံးဖြင့် ဟောပြောရမည်ဖြစ်သည်။
ယေဟောဝါသက်သေတို့နှင့် သူတို့၏ယုံကြည်ချက်များဆိုင်ရာ အခြားမေးခွန်းများလည်း သင်မေးလိုဦးမည်ဖြစ်သည်။ အချို့မေးခွန်းတို့သည် အချေအတင်ပြောရမည့်သဘောရှိကောင်းရှိမည်။ ယင်းတို့ကို ကျွန်ုပ်တို့ဖြေရန်အသင့်ရှိသည်။ ဤစာစောင်တွင် ဖော်ပြရန်အကန့်အသတ်ရှိသောကြောင့် သင့်ဒေသရှိသက်သေခံတို့ကိုမေးမြန်းရန် သင့်အားကျွန်ုပ်တို့ခေါ်ဖိတ်ပါသည်။ သူတို့၏ခန်းမတွင် သင်အစည်းအဝေးတက်ရောက်သည့်အခါ သို့မဟုတ် သင့်အိမ်သို့သူတို့လာရောက်လည်ပတ်သည့်အခါ ထိုသို့မေးမြန်းနိုင်သည်။ သို့မဟုတ် သင့်ဒေသရှိ ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးသို့စာရေးမေးမြန်းနိုင်ပါသည်။