အခန်း ၁၇
ခရစ်တော် ပြန်ကြွလာခြင်း— ၎င်းကို မည်သို့ မြင်နိုင်သနည်း
၁။ (က) ခရစ်တော် အဘယ်ကတိပြုခဲ့သနည်း။ (ခ) ခရစ်တော် ပြန်ကြွလာရန် အဘယ်ကြောင့် လိုအပ်သနည်း။
“ငါသည် . . . တစ်ဖန်လာပြန်” မည်။ (ယောဟန် ၁၄:၃) အသေမခံမီတစ်ည၌ တမန်တော်များနှင့် အတူရှိစဉ် သူတို့အားယေရှု ထိုသို့ ကတိပေးတော်မူခဲ့၏။ နိုင်ငံတော်အာဏာနှင့် ခရစ်တော် ပြန်ကြွလာ၍ လူသားများအတွက် ငြိမ်းချမ်းရေး၊ ကျန်းမာရေးနှင့် အသက်ရရှိစေခြင်းသည် ယခုအချိန်တွင် အလိုအပ်ဆုံး ဖြစ်နေသည်ကို အသင် လက်ခံပေမည်။ သို့ရာတွင် ခရစ်တော် မည်သို့ ပြန်ကြွလာသနည်း။ ကိုယ်တော်ကို မည်သူများ မည်သို့သောနည်းဖြင့် မြင်ကြသနည်း။
၂။ (က) ပြန်ကြွလာသောအခါ ခရစ်တော်သည် တမန်တော်များအပါအဝင် ဘိသိက်ခံ နောက်တော်လိုက်များကို အဘယ်နေရာတွင် နေထိုင်ရန် ခေါ်ဆောင်သွားမည်နည်း။ (ခ) သူတို့သည် ထိုနေရာတွင် မည်သို့သောခန္ဓာ ရှိကြမည်နည်း။
၂ ခရစ်တော် ပြန်ကြွလာခြင်းသည် ကမ္ဘာပေါ် နေထိုင်ရန် ကြွလာခြင်း မဟုတ်ပါ။ ထိုသို့အစား ကိုယ်တော်နှင့်အတူ ဘုရင်အဖြစ် စိုးစံမည့်ပုဂ္ဂိုလ်များကို ကိုယ်တော်နှင့်အတူ ကောင်းကင်တွင် စံမြန်းရန် ချီဆောင်သွားမည်သာဖြစ်သည်။ တမန်တော်များအား ယေရှု ဤသို့ မိန့်ဆိုခဲ့၏– “ငါသည် . . . တစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ယောဟန် ၁၄:၃) ထို့ကြောင့် ခရစ်တော် ပြန်ကြွလာသောအခါ ကောင်းကင်သို့ ချီဆောင်ခံရသူများသည် နာမ်ဝိညာဉ်ပုဂ္ဂိုလ်များ ဖြစ်လာပြီးလျှင် ခရစ်တော်ကို ဘုန်းပွင့်သော နာမ်ဝိညာဉ်ကိုယ်နှင့် မြင်ရကြမည်။ (၁ ကောရိန္သု ၁၅:၄၄) သို့သော် ကောင်းကင်သို့မသွားသော ကျန်လူသားများသည် ခရစ်တော် ပြန်ကြွလာသောအခါ ကိုယ်တော်ကို မြင်ကြသလော။
လူသားတစ်ယောက်အနေနှင့် ပြန်မကြွလာနိုင်သည့်အကြောင်း
၃။ လူသားများသည် ခရစ်တော်ကို ဘယ်တော့မျှ မြင်ရတော့မည်မဟုတ်ကြောင်း အဘယ်ကျမ်းစာ သာဓကက တင်ပြသနည်း။
၃ ထိုည၌ပင် တမန်တော်များအား ယေရှု ဤသို့ဆက်၍ မိန့်ဆိုခဲ့သည်– “ခဏကြာသော် ဤလောကသားတို့သည် ငါ့ကို မြင်ရတော့မည်မဟုတ်။” (ယောဟန် ၁၄:၁၉၊ သမ) “ဤလောကသားတို့” ဆိုရာ၌ လူသားများကို ရည်ညွှန်းသည်။ ထို့ကြောင့် ယေရှုက မိမိသေပြီးနောက် ကမ္ဘာသားများ မိမိကိုမြင်ရတော့မည်မဟုတ်ဟု ရှင်းရှင်း မိန့်တော်မူ၏။ တမန်တော်ပေါလုက “ဇာတိအမျိုး [အသွေးအသား] ကိုထောက်၍ ခရစ်တော်ကို အထက်က သိမှတ်သော်လည်း ယခုမှစ၍ ထိုသို့သောသိမှတ်ခြင်း မရှိ” ဟုရေးသားခဲ့သည်။—၂ ကောရိန္သု ၅:၁၆။
၄။ ခရစ်တော်သည် မျက်မြင်မရသော တန်ခိုးရှင်၊ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အနေနှင့် ပြန်ကြွလာမည်ကို အဘယ်အချက်က ပြသနည်း။
၄ သို့တစေ၊ လူအများက ခရစ်တော်သည် အသေသတ်ခံရစဉ်က ကိုယ်ခန္ဓာနှင့်ပင် ပြန်ကြွလာမည်၊ ကမ္ဘာပေါ် အသက်ရှင်နေသမျှ လူသားအားလုံး ကိုယ်တော်ကို မြင်ရကြမည်ဟု ထင်မှတ်ယုံကြည်နေကြသည်။ သို့ရာတွင် ကျမ်းစာက ခရစ်တော်သည် ကောင်းကင်တမန်များ ခြံရံလျက် ဘုန်းတန်ခိုးနှင့် ပြန်ကြွလာမည်၊ “ဘုန်းရှိသောပလ္လင်ပေါ်မှာ ထိုင်” တော်မူမည်ဟု ဆို၏။ (မဿဲ ၂၅:၃၁) ယေရှု ပြန်ကြွလာပြီး မြေကြီးဆိုင်ရာ ပလ္လင်ပေါ်မှာ လူတစ်ယောက်ကဲ့သို့ နန်းထိုင်မည်ဆိုပါက ကောင်းကင်တမန်များထက် ရာထူးနိမ့်ပေလိမ့်မည်။ သို့သော် ကိုယ်တော်သည် ဘုရားသခင်၏ နာမ်ဝိညာဉ်သားအပေါင်းတွင် တန်ခိုးအကြီးဆုံး၊ ဘုန်းအရှိဆုံးပုဂ္ဂိုလ်အဖြစ် ပြန်ကြွလာသည်ဖြစ်ရာ သူတို့ကဲ့သို့ပင် ကိုယ်တော်ကို လူ့မျက်စိဖြင့် မမြင်နိုင်ပေ။—ဖိလိပ္ပိ ၂:၈-၁၁။
၅။ ခရစ်တော်သည် လူ့ကိုယ်ခန္ဓာဖြင့် အဘယ်ကြောင့် ကြွလာနိုင်မည်မဟုတ်သနည်း။
၅ တစ်ဖက်တွင်ကြည့်လျှင် လွန်ခဲ့သော အနှစ် ၁,၉၀၀ ကျော်အချိန်ကဆိုလျှင် ယေရှုအနေဖြင့် မိမိကိုယ်ကို နိမ့်ကျစေလျက် လူတစ်ယောက်အဖြစ် ခံယူရန် လိုအပ်ခဲ့သည်။ ကျွန်ုပ်တို့အတွက် ရွေးနုတ်ဖိုးအဖြစ် မိမိ၏ စုံလင်သော လူသားအသက်ကို ပေးဆက်ရန်လို၍ဖြစ်သည်။ တစ်ကြိမ်က ယေရှု ဤသို့ရှင်းပြခဲ့သည်– “ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဖို့အလိုငှာ စွန့်သော ငါ၏အသားပေတည်း။” (ယောဟန် ၆:၅၁) သို့နှင့် ယေရှုသည် မိမိအသွေးအသားခန္ဓာကို လူသားတို့အတွက် ယဇ်အဖြစ် ပေးဆက်ခဲ့သည်။ ထိုယဇ်သည် မည်မျှတာရှည်စွာ အကျိုးတည်မည်နည်း။ တမန်တော်ပေါလု ဤသို့ဖြေ၏– “ယေရှုခရစ်၏ ကိုယ်တော်ကို တစ်ခါတည်း [အခါခပ်သိမ်းအတွက် တစ်ကြိမ်တည်း၊ ကဘ] ပူဇော်သောအားဖြင့် ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။” (ဟေဗြဲ ၁၀:၁၀) ခရစ်တော်သည် လောကီသားတို့ အသက်အတွက် မိမိအသားကို ပေးဆက်ခဲ့ပြီဖြစ်၍ ၎င်းကို ပြန်ယူကာ နောက်တစ်ကြိမ် လူပြန်ဖြစ်၍ မရတော့ပါ။ ဤအခြေခံအကြောင်းရင်းကြောင့် ကိုယ်တော်၏ ပြန်ကြွလာခြင်းသည် အခါခပ်သိမ်းအတွက် တစ်ကြိမ်တည်း ပူဇော်လိုက်ပြီးဖြစ်သော မိမိ၏လူသားကိုယ်ခန္ဓာဖြင့် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။
အသွေးအသားကိုယ်ခန္ဓာကို ကောင်းကင်သို့ ယူဆောင်တော်မမူ
၆။ ခရစ်တော်သည် မိမိ၏ အသွေးအသားခန္ဓာကို ကောင်းကင်သို့ ယူဆောင်သွားခဲ့သည်ဟု လူအများ အဘယ်ကြောင့် ယုံကြည်ကြသနည်း။
၆ သို့ရာတွင် ခရစ်တော်သည် မိမိ၏အသွေးအသားကိုယ်ခန္ဓာကို ကောင်းကင်သို့ ယူဆောင်သွားခဲ့သည်ဟု လူတော်တော်များများ ယုံကြည်ထင်မှတ်ကြ၏။ ခရစ်တော် သေခြင်းမှ ထမြောက်သောအခါ ဂူအတွင်း၌ ကိုယ်တော့် အသွေးအသား ကိုယ်ခန္ဓာ မရှိတော့ ဟူသောအချက်ကို သူတို့ ထောက်ပြ၏။ (မာကု ၁၆:၅-၇) ထို့အပြင် ယေရှုသည် အသေခံသည့်နောက်၌ တပည့်တော်များရှေ့အသွေးအသားကိုယ်ခန္ဓာဖြင့် ကိုယ်ယောင်ထင်ရှားပြီး မိမိအသက်ရှင်နေကြောင်းကို ပြသတော်မူခဲ့သည်။ တစ်ကြိမ်တွင် မိမိတကယ်ပင်ထမြောက်ခဲ့ကြောင်းကို သောမ ယုံကြည်စေရန် မိမိနံဘေးရှိ အပေါက်ကို လက်ဖြင့် ထိုးစမ်းစေတော်မူခဲ့သည်။ (ယောဟန် ၂၀:၂၄-၂၇) ယင်းအချက်က ခရစ်တော်သည် အသေခံရာ ကိုယ်ခန္ဓာဖြင့်ပင် ထမြောက်တော်မူကြောင်း သက်သေမပြပေလော။
၇။ ခရစ်တော်သည် ကောင်းကင်သို့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အနေနှင့် တက်ကြွတော်မူခဲ့သည်ကို အဘယ်အရာက သက်သေပြသနည်း။
၇ မပြပါ။ အလွန်ရှင်းလင်းစွာဖြင့် ကျမ်းစာ ဤသို့ဆိုထားပါသည်– “ခရစ်တော်သည် ကိုယ်ခန္ဓာ၌ အသေသတ်ခြင်းကိုခံသော်လည်း နာမ်ဝိညာဉ်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသဖြင့် . . . ဒုစရိုက်အပြစ်များကြောင့် တစ်ကြိမ်တည်း ခံတော်မူ၏။” (၁ ပေတရု ၃:၁၈၊ သမ္မာ) အသွေးအသားခန္ဓာရှိသော လူသားတို့သည် ကောင်းကင်၌ အသက်မရှင်နိုင်။ ကောင်းကင်အသက်တာသို့ ထမြောက်သည့်ကိစ္စနှင့်ပတ်သက်၍ ကျမ်းစာ ဤသို့ဆို၏– “စိုက်သောအခါ ဇာတိပကတိကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ . . . လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်။” (၁ ကောရိန္သု ၁၅:၄၄-၅၀) ဝိညာဏကိုယ်ရှိသော နာမ်ဝိညာဉ်ပုဂ္ဂိုလ်များသာ ကောင်းကင်၌ အသက်ရှင်နိုင်သည်။
၈။ ခရစ်တော်၏ လူ့ခန္ဓာ ဘာဖြစ်သွားသနည်း။
၈ သို့ဖြစ်လျှင် ယေရှု၏ အသွေးအသားကိုယ်ခန္ဓာသည် မည်သို့ဖြစ်သွားသနည်း။ တပည့်တော်တို့သည် ကိုယ်တော်၏သင်္ချိုင်းဂူ ဟာလာဟင်းလင်းဖြစ်နေသည်ကို မတွေ့ခဲ့သလော။ တွေ့ခဲ့ပါသည်။ ယေရှု၏ကိုယ်ခန္ဓာကို ဘုရားသခင် ဖျောက်ဖျက်ပစ်လိုက်သည့်အတွက် ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ပြုတော်မူသနည်း။ ကျမ်းစာ၌ ရေးထားသည့်အချက်ကို ပြည့်စုံစေ၏။ (ဆာလံ ၁၆:၁၀; တမန်တော် ၂:၃၁) သို့နှင့် ယခင်က မောရှေ၏ ကိုယ်ခန္ဓာကိုဖျောက်ဖျက်သကဲ့သို့ ယေရှု၏ကိုယ်ခန္ဓာကိုလည်း ဖျောက်ဖျက်သင့်သည်ဟု ယေဟောဝါမြင်တော်မူခဲ့သည်။ (တရားဟောရာ ၃၄:၅၊ ၆) ထို့ပြင် ခန္ဓာတော်သည် ဂူတွင်း၌ ကျန်ရစ်နေလျှင် ယေရှု၏ တပည့်တော်တို့သည် ထိုအချိန်၌ ဝိညာဏရေးရာများကို စေ့စုံစွာ သဘောမပေါက်သေးသဖြင့် ယေရှု သေခြင်းမှ ထမြောက်တော်မူကြောင်းကို နားလည်နိုင်ကြမည်မဟုတ်။
၉။ ထမြောက်လာသောယေရှု ထင်ရှားပြသော ကိုယ်ပေါ်ရှိ ဒဏ်ရာထဲသို့ သောမ အဘယ်ကြောင့် လက်နှိုက်ကြည့်နိုင်ခဲ့သနည်း။
၉ သို့ရာတွင် တမန်တော်သောမသည် ယေရှု၏ နံဘေးရှိ အပေါက်ကို လက်ဖြင့် ထိုးစမ်းနိုင်သည်ဖြစ်ရာ နှက်တိုင်ပေါ် သံရိုက်ခံခဲ့ရသော ကိုယ်ခန္ဓာနှင့်ပင် ကိုယ်တော်ထမြောက်ခဲ့ကြောင်း မပြသလော။ မပြပါ။ ရှေးအချိန်က ကောင်းကင်တမန်များ ပြုသကဲ့သို့ ယေရှုသည် ကိုယ်ယောင် ထင်ရှားပြခြင်း၊ သို့မဟုတ် အသွေးအသားကိုယ်ခန္ဓာတစ်ခုကို ယူတင်လိုက်ခြင်းသာ ဖြစ်သည်။ မိမိ မည်သူဖြစ်သည်ကို သောမ စိတ်ချယုံကြည်စေရန် ဒဏ်ရာပေါက်များပါသော ကိုယ်ခန္ဓာကို အသုံးပြုတော်မူခြင်းဖြစ်သည်။ ကိုယ်တော်သည် အာဗြဟံ တစ်ခါက ဧည့်ခံခဲ့သော ကောင်းကင်တမန်များကဲ့သို့ လူစင်စစ်ပမာ စားနိုင်၊ သောက်နိုင်ဟန် ရှိခဲ့သည်။—ကမ္ဘာဦး ၁၈:၈; ဟေဗြဲ ၁၃:၂။
၁၀။ ယေရှုသည် ရုပ်ခန္ဓာအမျိုးမျိုး ယူတော်မူခဲ့ကြောင်း အဘယ်အချက်က ပြသနည်း။
၁၀ ယေရှုသည် အသေခံစဉ်ကခန္ဓာကဲ့သို့သောကိုယ်ဖြင့် သောမရှေ့ကိုယ်ယောင်ထင်ရှားပြခဲ့သော်လည်း နောက်တော်လိုက်များရှေ့ကိုယ်ယောင်ပြသောအခါ၌မူကား ကိုယ်အမျိုးမျိုးကို ယူတင်တော်မူ၏။ ယင်းကြောင့် မာဂဒါလမာရိက အစပိုင်းတွင် ယေရှုကို ဥယျာဉ်မှူးတစ်ယောက်ဟု ထင်မှတ်ခဲ့သည်။ အခြားအချိန်များတွင် တပည့်တော်တို့သည် ကိုယ်တော်ကိုတွေ့စတွင် ကိုယ်တော်ဖြစ်မှန်း မသိခဲ့ကြပေ။ ထိုနေရာများ၌ ကိုယ်တော်၏ ကိုယ်အသွင်အပြင်က ကိုယ်တော် မည်သူမည်ဝါဖြစ်ကြောင်းကို မပြဘဲ သူတို့မှတ်မိသော ကိုယ်တော့်စကားနှင့် ပြုမူပုံကြောင့်သာ ကိုယ်တော်ကို သူတို့သိရှိကြခြင်းဖြစ်သည်။—ယောဟန် ၂၀:၁၄-၁၆; ၂၁:၆၊ ၇; လုကာ ၂၄:၃၀-၃၁။
၁၁၊ ၁၂။ (က) ခရစ်တော်သည် မည်သည့်နည်းဖြင့် ကမ္ဘာမှ ထွက်ခွာခဲ့သနည်း။ (ခ) ထို့ကြောင့် ခရစ်တော် အဘယ်နည်းဖြင့် ပြန်ကြွလာမည်ကို ကျွန်ုပ်တို့ မျှော်လင့်သင့်သနည်း။
၁၁ ယေရှုထမြောက်ပြီးနောက် ရက်ပေါင်း ၄၀ တိုင်တိုင် တပည့်တော်များရှေ့အသွေးအသားကိုယ်ဖြင့် အကြိမ်ကြိမ် ထင်ရှားပြတော်မူ၏။ (တမန်တော် ၁:၃) ၎င်းနောက် ကောင်းကင်သို့ ကြွမြန်းတော်မူ၏။ သို့သော် ‘ပေါ်လာတဲ့ ကောင်းကင်တမန်နှစ်ပါးက ခရစ်တော်ဟာ “သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန် ကြွလာတော်မူလတ္တံ့” ဆိုပြီး မပြောဘူးလား’ ဟူ၍ အချို့ကမေးမည်။ (တမန်တော် ၁:၁၁) မှန်ပါသည်၊ သူတို့ ထိုသို့ပြောခဲ့ပါသည်။ “နည်းတူ” ဟုသူတို့ပြောပါသည်။ ၎င်းခန္ဓာဖြင့်ဟု မဆိုကြပါ။ ယေရှု၏ ခွဲခွာပုံ ခွဲခွာနည်းကား မည်သို့နည်း။ လူပရိသတ်အများရှေ့တွင်မဟုတ်ဘဲ တိတ်ဆိတ်စွာ တက်ကြွတော်မူ၏။ တမန်တော်များသာ သိလိုက်ကြသည်။ လောကသားများ မသိလိုက်ရ။
၁၂ တမန်တော်များနှင့်ခွာ၍ ယေရှု ကောင်းကင်သို့ ကြွမြန်းပုံအကြောင်း ကျမ်းစာ မည်သို့ဖော်ပြသည်ကို စဉ်းစားကြည့်ပါ– “တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ် သခင်ဘုရားသည် အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင် ခံယူလေ၏။” (တမန်တော် ၁:၉) ယေရှု ကောင်းကင်သို့ တက်ကြွနေစဉ် တမန်တော်များ ကိုယ်တော်ကို မမြင်အောင် မိုးတိမ်တိုက်က ကွယ်လိုက်သည်။ ထို့ကြောင့် ခွဲခွာသွားနေသော ယေရှုသည် သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ ကိုယ်တော်ကို မမြင်ရတော့ချေ။ ထိုနောက် ကိုယ်တော်သည် မိမိ၏ ဝိညာဏခန္ဓာဖြင့် ကောင်းကင်သို့ တက်ကြွတော်မူလေသည်။ (၁ ပေတရု ၃:၁၈) သို့ဖြင့် ကိုယ်တော်၏ ပြန်ကြွလာခြင်းသည်လည်း လူ့မျက်စိဖြင့် မမြင်နိုင်သည့် ဝိညာဏကိုယ်ဖြင့် ဖြစ်သည်။
လူတိုင်း မည်သို့ ရှုမြင်ရကြောင်း
၁၃။ ခရစ်တော် မိုးတိမ်ဖြင့်ကြွလာသောအခါ “ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်” ဟူသောစကားကို မည်သို့သဘောပေါက်ရန် ဖြစ်သနည်း။
၁၃ သို့ဖြစ်လျှင် ဗျာဒိတ် ၁:၇ ပါ စကားများကို မည်သို့နားလည်ရမည်နည်း။ ထိုတွင် တမန်တော်ယောဟန်က ဤသို့ရေးထားသည်– “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။” ဤတွင် ကျမ်းစာက ပကတိမျက်စိဖြင့်မြင်ခြင်းကို ပြောနေခြင်းမဟုတ်။ စဉ်းစားသိမြင်ခြင်း၊ သို့မဟုတ် သိရှိနားလည်ခြင်း ဟူသောသဘောဖြင့် ပြောနေခြင်းသာဖြစ်သည်။ လူတစ်ယောက် အကြောင်းတစ်ခုကို သဘောပေါက်နားလည်သောအခါ ‘ကျွန်တော်မြင်ပြီ’ ဟုပြော၏။ ကျမ်းစာ၌ “သင်တို့၏ ဉာဏ်မျက်စိ” အကြောင်းပင် ဆိုထားသည်။ (ဧဖက် ၁:၁၈) ထို့ကြောင့် “ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်” ဟူသော အသုံးအနှုန်းမှာ ခရစ်တော်ရောက်ရှိနေပြီဖြစ်ကြောင်း လူတိုင်း နားလည်သိမှတ်ကြမည်ကို ဆိုလိုသည်။
၁၄။ (က) “ကိုယ်တော်ကို ထိုးဖောက်သောသူတို့” ကား မည်သူများကို ဆိုလိုသနည်း။ (ခ) ခရစ်တော်၏ ရောက်ရှိခြင်းကို လူတိုင်းသိမြင်ကြသောအခါ အဘယ်ကြောင့် ကြီးစွာ ဝမ်းနည်းပူဆွေးခြင်း ဖြစ်မည်နည်း။
၁၄ ကိုယ်တော်ကို တကယ်တမ်း “ထိုးဖောက်” သောသူတို့သည် ကမ္ဘာပေါ်တွင် မရှိတော့။ ထို့ကြောင့် ထိုသူတို့သည် ခရစ်တော်၏ မျက်မှောက်ခေတ် နောက်တော်လိုက်များကို ထိခိုက်နာကျင်စေခြင်းဖြင့် ပထမရာစုကလူတို့၏အကျင့်ကို တုပသောပုဂ္ဂိုလ်များကို ပုံဆောင်သည်။ (မဿဲ ၂၅:၄၀၊ ၄၅) ဆိုးယုတ်သော ဤသူများကို များမကြာမီ ခရစ်တော်စီရင်တော်မူလိမ့်မည်။ ဤအချက်နှင့်ပတ်သက်၍ သူတို့အား ကြို၍ သတိပေးပြီး ဖြစ်သည်။ စီရင်ခံရသောအခါ ဘာဖြစ်နေပြီကို သူတို့ “မြင်” ရကြမည် သို့မဟုတ် သိမှတ်ရကြလိမ့်မည်။ သူတို့ဝမ်းနည်းမဆုံး ဖြစ်ရကြလိမ့်မည်!
ခရစ်တော် ကမ္ဘာပေါ်သို့ ပြန်ကြွလာသလော
၁၅။ “ပြန်လာ” ဟူသောစကားကို မည်သို့သုံးလေ့ရှိသနည်း။
၁၅ ပြန်လာသည်ဆိုရာ၌ တကယ့်ပကတိနေရာတစ်ခုသို့ လာသည်ကို အမြဲမဆိုလိုပါ။ လူနာများ ‘ပြန်ကျန်းမာလာပြီ’ ဟုဆိုလေ့ရှိသည်။ မင်းဟောင်းတစ်ပါး ‘အာဏာပြန်ရလာ’ သည်ဟူ၍လည်း ပြောလေ့ရှိသည်။ ထိုနည်းတူ အာဗြဟံအား ဘုရားသခင်က “ချိန်းချက်သော ဖွားချိန်စေ့သောအခါ သင့်ဆီသို့ ငါပြန်လာ၍ စာရာသည် သားကိုရလိမ့်မည်” ဟု မိန့်တော်မူ၏။ (ကမ္ဘာဦး ၁၈:၁၄; ၂၁:၁) ယေဟောဝါ ပြန်လာသည်ဆိုရာ၌ ပကတိ ပြန်လာခြင်းမဟုတ်ဘဲ ကတိတော်ရှိသည့်အတိုင်းပြုရန် စာရာဆီသို့ အာရုံလှည့်ခြင်းကို ဆိုလိုသည်။
၁၆။ (က) ခရစ်တော် မည်သည့်နည်းဖြင့် ကမ္ဘာကို ပြန်ကြွလာသနည်း။ (ခ) ခရစ်တော် မည်သည့်အခါ ပြန်ကြွလာခဲ့သနည်း။ ထိုအခါ ဘာဖြစ်လာသနည်း။
၁၆ ထိုနည်းတူ ခရစ်တော်ပြန်ကြွလာခြင်းသည်လည်း ကမ္ဘာပေါ်သို့ ပကတိပြန်လာခြင်း မဆိုလို။ ယင်းအစားနိုင်ငံတော်အာဏာကို ယူဆောင်လျက် ကမ္ဘာဆီသို့ အာရုံပြုတော်မူခြင်းကိုဆိုလိုသည်။ ထိုသို့ပြုရာ၌ မိမိ၏ ကောင်းကင်ပလ္လင်ကိုစွန့်ကာ ကမ္ဘာသို့ တကယ်ဆင်းသက်လာရန် မလို။ လွန်ခဲ့သည့်အခန်းတွင် ကျွန်ုပ်တို့ တွေ့ခဲ့ရသည့်အတိုင်း ကျမ်းစာသာဓကရပ်က စီ.အီး. ၁၉၁၄ ခုနှစ်တွင် ခရစ်တော်ပြန်ကြွလာပြီး စတင်အုပ်စိုးရန် ဘုရားသခင့်အချိန် ဆိုက်ရောက်ခဲ့ကြောင်း ပြသခဲ့ပြီ။ ထို့ကြောင့် ထိုအချိန်၌ ကောင်းကင်တွင် “ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏ အာဏာတော်စက်လည်း ဖြစ်၏” ဟူသော ကြွေးကြော်သံ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။—ဗျာဒိတ် ၁၂:၁၀။
၁၇။ ခရစ်တော်၏ ပြန်ကြွလာခြင်းသည် မျက်မြင်မရ ဖြစ်သောကြောင့် ကိုယ်တော် ပြန်ကြွလာပြီဖြစ်ကြောင်း ကျွန်ုပ်တို့ သိနိုင်ရန် ဘာကို ပေးတော်မူခဲ့သနည်း။
၁၇ ခရစ်တော်ပြန်ကြွလာခြင်းကို လူ့မျက်စိဖြင့် မမြင်နိုင်ရကား၊ တကယ်ပင် ဖြစ်ခဲ့ကြောင်း ခိုင်လုံစွာ သက်သေပြနိုင်သည့် နည်းတစ်နည်းရှိသလော။ ရှိပါသည်။ ခရစ်တော်ကိုယ်တိုင်က မျက်စိဖြင့် မြင်နိုင်သည့် “နိမိတ်” တစ်ခု ပေးတော်မူခဲ့သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ကိုယ်တော်သည် မျက်စိဖြင့် မမြင်နိုင်သောနည်းဖြင့် ရောက်ရှိနေပြီး ဤကပ်ကမ္ဘာ၏ ဆုံးခန်းလည်း နီးပြီဖြစ်ကြောင်း သိရှိနိုင်သည်။ ၎င်း “နိမိတ်” ကို ဆန်းစစ်ကြည့်ကြစို့။
[စာမျက်နှာ ၁၄၂ ပါ ရုပ်ပုံ]
ခရစ်တော်သည် မိမိကိုယ်ခန္ဓာကို ယဇ်အဖြစ် စွန့်တော်မူပြီး ဖြစ်၏။ ဘယ်တော့မျှ ၎င်းကို ပြန်ယူပြီး လူဖြစ်မလာနိုင်တော့ပါ
[စာမျက်နှာ ၁၄၄ ပါ ရုပ်ပုံ]
ယေရှု ထမြောက်ပြီးနောက် မာဂဒါလမာရိက ယေရှုကို အဘယ်ကြောင့် ဥယျာဉ်မှူးတစ်ဦးအဖြစ် အထင်မှားခဲ့သနည်း
[စာမျက်နှာ ၁၄၅ ပါ ရုပ်ပုံ]
ထမြောက်လာသော ယေရှုက သောမအား မည်သို့သော အသွေးသားခန္ဓာထဲသို့ လက်နှိုက်ကြည့်ရန် မိန့်တော်မူသနည်း
[စာမျက်နှာ ၁၄၇ ပါ ရုပ်ပုံ]
ခရစ်တော်သည် ကမ္ဘာမှ ထွက်ခွာစဉ်ကနည်းတူ ပြန်ကြွလာမည်။ မည်သည့်နည်းဖြင့် ထွက်ခွာခဲ့သနည်း