ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၂၀၅-စာ. ၂၀၉
  • မဟာဗာဗုလုန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဟာဗာဗုလုန်
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဟာဗာဗုလုန်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မဟာဗာဗုလုန် ပြိုလဲ၍တရားစီရင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဗာဗုလုန်မှောက်မှားသော ကိုးကွယ်မှု၏ ဗဟိုချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မြို့ကြီး ပျက်သုဉ်းခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၂၀၅-စာ. ၂၀၉

မဟာဗာဗုလုန်

အဓိပ္ပာယ်သတ်မှတ်ချက်– တစ်ဆူတည်းသောဘုရားမှန်ယေဟောဝါ၏ စစ်မှန်သောဝတ်ပြုရေးနှင့် မကိုက်ညီသော သွန်သင်ချက်များနှင့် အကျင့်ဓလေ့များ ကိုင်စွဲသည့်ဘာသာရေးအားလုံး သိမ်းကျုံးပါဝင်သည့် ကမ္ဘာ့မှောက်မှားသောဘာသာရေးအင်ပါယာဖြစ်သည်။ မှောက်မှားသောဘာသာရေးသည် နောဧခေတ်ရေလွှမ်းမိုးမှုနောက်ပိုင်းတွင် (နောင်၌ဗာဗုလုန်အဖြစ်ထင်ရှားခဲ့သော) ဘေဘယ်လ်တွင်အစပြုခဲ့သည်။ (က. ၁၀:၈-၁၀; ၁၁:၄-၉) နောင်၌ ဗာဗုလုန်ဘာသာရေးယုံကြည်ချက်များနှင့်အကျင့်ဓလေ့များသည် ဒေသများစွာသို့ ပျံ့နှံ့သွားလေသည်။ ထို့ကြောင့် မဟာဗာဗုလုန်သည် မှောက်မှားသောဘာသာရေးတစ်ခုလုံး၏ ဆီလျော်သောအမည်နာမဖြစ်လာသည်။

ဗျာဒိတ်ကျမ်းပါမဟာဗာဗုလုန်သည် မည်သည့်အရာဖြစ်ကြောင်း ဘာသာဓက ကထောက်ပြသနည်း

ယင်းသည် ရှေးခေတ်ဗာဗုလုန်မြို့မဖြစ်နိုင်ပါ။ ဗျာဒိတ်ကျမ်းကို စီ.အီး. ပထမရာစုအဆုံးပိုင်းတွင် ရေးသားခဲ့ပြီး ၎င်းသည် ကျွန်ုပ်တို့ခေတ်တိုင်အောင်အလှမ်းမီမည့် အဖြစ်အပျက်များအကြောင်းကို ဖော်ပြထားသည်။ အမေရိကန်းနားစွယ်စုံကျမ်းကဤသို့ဆို၏– “ထိုမြို့ [ဗာဗုလုန်] သည် ဘီ.စီ. ၅၃၉ ခုနှစ်တွင် မဟာစိုင်းရပ်စ် [ကုရု] လက်အောက် ပါရှန် [ပေရသိ] လူတို့၏သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ နောက်ပိုင်းတွင် မဟာအလက်ဇန္ဒားက ဗာဗုလုန်မြို့ကို မိမိ၏အရှေ့ပိုင်းအင်ပါယာမြို့တော်ပြုရန်စီစဉ်ခဲ့သော်လည်း သူသေဆုံးပြီးနောက်တွင် ဗာဗုလုန်သည် တဖြည်းဖြည်းမှေးမှိန်သွားခဲ့လေသည်။” (၁၉၅၆၊ အတွဲ ၃၊ စ. ၇) ယနေ့ထိုမြို့သည် လူနေမဲ့မြို့ပျက်ဖြစ်နေသည်။

ဗျာဒိတ်ကျမ်း၏ ပုံဆောင်ချက်၌ မဟာဗာဗုလုန်အား “မြို့ကြီး” တစ်မြို့၊ အခြားမင်းများကို အုပ်စိုးသော “နိုင်ငံ [ကဘ]” တစ်ခုအဖြစ်ညွှန်းဆိုထားသည်။ (ဗျာ. ၁၇:၁၈) ၎င်းအတွင်း၌ မြို့တစ်မြို့ကဲ့သို့ အဖွဲ့အစည်းမြောက်မြားစွာရှိပေမည်။ အခြားသောမင်းများပါဝင်အုပ်စိုးသည့် တိုင်းနိုင်ငံတစ်ခုကဲ့သို့ပင် နိုင်ငံတကာနှင့်အမျှ ကျယ်ပြန့်ပေမည်။ ကျမ်းစာက ယင်းသည် မင်းစိုးရာဇာများ (ပထမအပိုင်း) နှင့် မေထုန်ဆက်ဆံကြောင်း၊ စီးပွားရေးသမားများ (ဒုတိယအပိုင်း) အား ချမ်းသာကြွယ်ဝစေရန်များစွာ အထောက်အမပြုကြောင်း၊ တစ်ချိန်တည်းတွင် ကိုယ်တိုင်တတိယအပိုင်းအနေနှင့် “နတ်ဆိုးနေရာ” ဖြစ်ပြီး ‘ပရောဖက်များနှင့် သန့်ရှင်းသူတို့’ကို နှိပ်စက်ညှဉ်းပန်းသူလည်းဖြစ်လာကြောင်း ရေးသားဖော်ပြထားသည်။​—ဗျာ. ၁၈:၂၊ ၉-၁၇၊ ၂၄။

ရှေးဗာဗုလုန်သည် မိမိ၏ဘာသာရေးကြောင့်လည်းကောင်း၊ ယေဟောဝါအားအာခံအန်တုခြင်းကြောင့်လည်းကောင်း အထူးကျော်ကြားခဲ့သည်

က. ၁၀:၈-၁၀၊ ကဘ– “နိမ်ရောဒသည် . . . ယေဟောဝါကိုဆန့်ကျင်လျက် မိမိကိုယ်ကိုအားကြီးသောမုဆိုးအဖြစ် အစွမ်းပြခဲ့သည်။ . . . သူ့နိုင်ငံအစကား [နောက်ပိုင်းတွင်ဗာဗုလုန်ဖြစ်လာသော] ဘေဘယ်လ်ဖြစ်လေသည်။”

ဒံ. ၅:၂၂၊ ၂၃– “ကိုယ်တော် [ဗာဗုလုန်ဘုရင်ဗေလရှာဇာ] သည် . . . စိတ်နှလုံးကိုမနှိမ့်ချဘဲ ကောင်းကင်ဘုံ၏အရှင်ကို ဆန့်ကျင်ဘက်ပြု၍ . . . မျက်စိမမြင်၊ နားမကြား၊ အဘယ်အရာကိုမျှမသိသော ငွေဘုရား၊ ရွှေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုချီးမွမ်း၍ ကိုယ်တော်၏အသက်သခင်တည်းဟူသော ကိုယ်တော်၏အမှုအလုံးစုံတို့ကို စီရင်ပိုင်တော်မူသောဘုရားသခင်ကို မချီးမွမ်းဘဲနေပါပြီတကား။”

ရှေးသတ်ပုံသဏ္ဌာန်ကမ္ပည်းတစ်ခုတွင် ဤသို့ဖတ်ရသည်– “ဗာဗုလုန်တွင် အဓိကဘုရားများအတွက် ဗိမာန်ပေါင်း ၅၃ ဆောင်၊ မာဒွပ်ခ်နတ်ဘုရားအတွက်ဝတ်ကျောင်း ၅၅ ဆောင်၊ မြေကြီးနတ်ဘုရားများအတွက် ဝတ်ကျောင်း ၃၀၀၊ ကောင်းကင်နတ်ဘုရားများအတွက် ဝတ်ကျောင်း ၆၀၀၊ အစ်ရှ်တာနတ်ဘုရားမအတွက် ပလ္လင် ၁၈၀၊ နေရဂါလနှင့် အာဒက်နတ်ဘုရားများအတွက် ပလ္လင် ၁၈၀၊ အခြားသောဘုရားအသီးသီးတို့အတွက် ပလ္လင် ၁၂ ခု ရှိသည်။​—ဒဗ္ဗလျူကယ်လာ ရေးသည့် သမိုင်းရေးရာသမ္မာကျမ်းစာ (နယူးယောက်၊ ၁၉၆၄)၊ စ. ၃၀၁ တွင်ကိုးကားထားသည်။

အမေရိကန်းနားစွယ်စုံကျမ်းက “[ဗာဗုလုန်၏တစ်စိတ်တစ်ပိုင်းဖြစ်သော] ဆူမေးရီးယန်းယဉ်ကျေးမှုသည် ဘုန်းကြီးများ၏ကြီးစိုးမှုခံခဲ့ရသည်။ နိုင်ငံ၏အဓိပတိမှာ ဘုရားများ၏ကိုယ်စားလှယ်ဖြစ်သော လူးဂဲလ် (စာသားအရ ‘ကြီးမြတ်သောသူ’) ဖြစ်သည်။”​—(၁၉၇၇)၊ ခုနှစ်ထုတ်အတွဲ ၃၊ စ. ၉။

ထို့ကြောင့် ဗျာဒိတ်ကျမ်းမှ မဟာဗာဗုလုန်သည် ဘာသာရေး ဖြစ်သည်။ မြို့တစ်ခု သို့မဟုတ် အင်ပါယာတစ်ခုပမာဖြစ်သောကြောင့် တစ်ခုတည်းသောဘာသာရေးအဖွဲ့ကိုသာမရည်ညွှန်း၊ စစ်မှန်သောဘုရားသခင်ယေဟောဝါကိုဆန့်ကျင်သည့် ဘာသာရေးအားလုံးပါဝင်သည်။

ရှေးဗာဗုလုန်ဘာသာရေးခံယူချက်များနှင့်အကျင့်ဓလေ့များကို ယနေ့ကမ္ဘာ့ဘာသာရေးအသီးသီးတွင်တွေ့ရသည်

“အီဂျစ်၊ ပါးရှား၊ ဂရိ တို့သည် ဗာဗုလုန်ဘာသာရေး၏လွှမ်းမိုးမှုကိုခံခဲ့ကြရသည် . . . ကနဦးပိုင်းဂရိဒဏ္ဍာရီနှင့်ဘာသာရေးအစွဲအလမ်းနှစ်မျိုးလုံးတွင် ရှေမမျိုးနွယ်ရေးရာအပိုင်း များစွာရောနှောပါဝင်နေကြောင်းကို စောဒကတက်ဖွယ်မလိုအောင်ပင် ပညာရှင်အများက ဝန်ခံခဲ့ကြလေပြီ။ ထိုရှေမမျိုးနွယ်ရေးရာအပိုင်းများသည် အများအားဖြင့် ဘေဘီလိုးနီးယန်း (ဗာဗုလုန်) ဆိုင်ရာ သက်သက်ဖြစ်သည်။​—အမ်ဂျက်စထရိုအငယ် ရေးသားသည့် ဘေဘီလိုးနီးယားနှင့်အဆီးရီးယားနိုင်ငံတို့၏ဘာသာတရား (ဘော့စတွန်၊ ၁၈၉၈)၊ စ. ၆၆၉၊ ၇၀၀။

သူတို့၏ဘုရားများ– သုံးပါးတွဲဘုရားများရှိခဲ့သည်။ သူတို့၏နတ်ဘုရားများအနက် သဘာဝစွမ်းအင်အမျိုးမျိုးကို ကိုယ်စားပြုသောဘုရားများ၊ လူသားများ၏ အချို့သောလုပ်ကိုင်သွားလာမှုပေါ် အထူးသြဇာညောင်းသောဘုရားများပါဝင်ကြသည်။ (ဘေဘီလိုးနီးယားနှင့်အဆီးရီးယားနိုင်ငံတို့၏ဘာသာတရား၊ အိုကလိုဟိုးမားပြည်နယ်၊ ၁၉၆၃၊ နော်မင်မြို့၊ အက်စ်၊ အိပ်ချ်၊ ဟွတ်ခ်၊ စစ. ၁၄-၄၀) “ရှေးအထက်လူမျိုးများ၏ သုံးပါးပေါင်းတစ်ဆူအယူဟောင်းများကို ပြန်လည်မွမ်းမံထားရုံသာဖြစ်သည့် ပလေတို၏သုံးပါးပေါင်းတစ်ဆူအယူအဆသည် ခရစ်ယာန်အသင်းများသွန်သင်သည့် ဘုရားသုံးပါးတွဲအယူကို မွေးထုတ်လိုက်သော ဆင်ခြေဆင်လက်အတွေးအခေါ်ဆန်သည့်သုံးပါးပေါင်းဘုရားတစ်ဆူ ဖြစ်ဟန်တူသည်။ . . . ဤဒဿနပညာရှင် [ပလေတို] ၏ သုံးပါးပေါင်းဘုရားတစ်ဆူခံယူချက်ကို . . . ရှေး [မိစ္ဆာတိတ္ထိ] ဘာသာအားလုံးတို့တွင်တွေ့နိုင်သည်။”​—M. Lachâtre တည်းဖြတ်သည့် အများသုံးအဘိဓာန်သစ်၊ ပါရီ၊ ၁၈၆၅-၁၈၇၀၊ အတွဲ ၂၊ စ. ၁၄၆၇။

ရုပ်တုအသုံးပြုခြင်း– “[မက်ဆိုပိုတေးမီးယား (မေသောပေါတာမိ) ဘာသာတွင်] ရုပ်တု၏အခန်းကဏ္ဍသည် ကိုးကွယ်မှုအခမ်းအနားနှင့် တစ်ဦးစီ၏ဝတ်ပြုမှုတွင် ဗဟိုချက်မဖြစ်သည်။ ၎င်းရုပ်တုများ၏ဈေးချိုသောပုံတူများကိုကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခဲ့သည်ကိုထောက်ခြင်းအားဖြင့် သိနိုင်သည်။ အခြေခံအားဖြင့်ဆိုသော် ရုပ်တုများ၌ ထူးခြားသောကြန်အင်လက္ခဏာများ၊ အဆင်အယင်များရှိပြီး တော်လျော်စွာပြုစုစောင့်ရှောက်ထားလျှင် ဆိုင်ရာဘုရားများသည် ထိုရုပ်တုများတွင်ကိန်းဝပ်နေသည်ဟုယူမှတ်ကြသည်။”​—ရှေးမက်ဆိုပိုတေးမီးယား​—ဆိတ်သုဉ်းခဲ့သောယဉ်ကျေးမှုတစ်ခု၏ကားချပ် (ရှီကာဂို၊ ၁၉၆၄)၊ အေ.အယ်လ်.အိုပင်ဟမ်၊ စ. ၁၈၄။

သေခြင်းနှင့်ပတ်သက်သောယုံကြည်ချက်– “တစ်ချိန်ကဖြစ်ပေါ်လာသောအရာကို လုံးလုံးလျားလျားဖျက်ဆီးပစ်နိုင်သည့်အလားအလာရှိကြောင်း [ဗာဗုလုန်ရှိ] သာမညလူသော်လည်းကောင်း၊ ဘာသာရေးအတွေးအခေါ်ခေါင်းဆောင်များသော်လည်းကောင်း မစဉ်းစားမိကြချေ။ သေခြင်းသည် ဘဝတစ်ပါးသို့ကူးပြောင်းသည့်လမ်းဖြစ်သည်။”​—ဗာဗုလုန်နှင့်အာရှုရိဘာသာတရား၊ စ. ၅၅၆။

ဘုန်းကြီးများ၏ရာထူးဌာနန္တရ– “ဘုန်းကြီးနှင့်ဒါယကာများဟူ၍ခွဲခြားမှုသည် ဤ [ဗာဗုလုန်] ဘာသာရေး၏ဂုဏ်အင်္ဂါတစ်ရပ်ဖြစ်သည်။​—ဗြိတဲန်နစ်ကာစွယ်စုံကျမ်း၊ (၁၉၄၈)၊ အတွဲ ၂၊ စ. ၈၆၁။

နက္ခတ်ဗေဒင်၊ အတိတ်နိမိတ်ဖတ်ခြင်း၊ မှော်အတတ်၊ စုန်းအတတ်လိုက်စားခြင်း– သမိုင်းဆရာ အေအိပ်ချ်စေးစ် က ဤသို့ရေးသားသည်– “ရှေးဗာဗုလုန်ဘာသာတရား [တွင်] . . . အရာဝတ္ထုနှင့် သဘာဝစွမ်းအားတိုင်း ကိုယ်စီကိုယ်င ဇီ သို့မဟုတ် ဝိညာဉ်ရှိကြောင်း၊ ၎င်းကိုရှားမန်းခေါ် မှော်ပညာသည်ဘုန်းကြီးက ဂါထာမန္တရားများဖြင့် ထိန်းချုပ်နိုင်ကြောင်း ယူဆကြသည်။” (တိုင်းနိုင်ငံများသမိုင်း၊ နယူးယောက်၊ ၁၉၂၈၊ အတွဲ ၁၊ စ. ၉၆) “ခါလဒဲ [ဗာဗုလုန်] လူမျိုးများသည် ကြယ်များတွင် အနာဂတ်ကိုစူးစမ်းရှာဖွေခြင်းအားဖြင့် နက္ခတ်ဗေဒပညာလေ့လာခြင်းတွင် အလွန်တိုးတက်ခဲ့ကြသည်။ ဤပညာကို “နက္ခတ်ဗေဒင်” ဟုကျွန်ုပ်တို့ခေါ်သည်။”​—လူ့ယဉ်ကျေးမှုရောင်နီပေါ်စနှင့် ရှေးအရှေ့ဒေသဘဝ (ရှီကာဂို၊ ၁၉၃၈)၊ အာရ်.အမ်.အင်းဘတ်၊ စ. ၂၃၀။

မဟာဗာဗုလုန်သည် အရှက်ကင်းမဲ့စွာကာမဂုဏ်စည်းစိမ်ခံစားနေသောအကျင့်ပျက်ပြည့်တန်ဆာနှင့်တူ၏

ဗျာဒိတ် ၁၇:၁-၅ က ဤသို့ဆို၏– “လာခဲ့ပါ။ ရေ [လူများ] အပေါ်မှာထိုင်သောပြည့်တန်ဆာကြီး၌ စီရင်ခြင်းအမှုကိုငါပြမည်။ လောကီရှင်ဘုရင် [နိုင်ငံရေးအုပ်စိုးရှင်] တို့သည် မတရားသောမေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏မတရားသောမေထုန်၏စပျစ်ရည်နှင့်ယစ်မူးကြပြီ။ . . . နဖူး၌အက္ခရာတင်သောဘွဲ့မူကား နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သောအရာတို့၏အမိပေတည်း။” ဗျာဒိတ် ၁၈:၇ ကဆက်၍ “သူသည် ကိုယ်ကိုချီးမြောက်၍ [“အရှက်မရှိ၊” ကဘ] ကာမဂုဏ်၌ပျော်မွေ့သည်” ဟုထပ်ဆင့်ဖော်ပြထားသည်။

ကြီးစိုးလွှမ်းမိုးသောဘာသာရေးအဖွဲ့အစည်းများသည် သာမန်လူတန်းစားဒုက္ခရောက်ချင်ရောက်ပါစေ၊ အာဏာနှင့်ဥစ္စာရရေးအတွက် နိုင်ငံရေးအုပ်စိုးရှင်များနှင့် ကြံရာပါလုပ်လေ့ရှိသည်မှာ မမှန်ပေလော။ သူတို့၏အထက်တန်းဓမ္မဆရာကြီးများသည် မိမိတို့ပြုစုလုပ်ကျွေးအပ်သောလူများစွာ ဖွတ်တက်မွဲတေသွားကြပါစေ၊ မိမိတို့မူ စည်းစိမ်ယစ်နေကြသည်မှာလည်း မမှန်ပေလော။

ခရစ်ယာန်အမည်ခံဘာသာရေးများအား သမ္မာကျမ်းစာပါဘုရားသခင်ကို စိုးစဉ်းမျှမသိသောသူများနှင့် တစ်တန်းတည်းထား၍ မဟာဗာဗုလုန်၏အစိတ်အပိုင်းအဖြစ် မှတ်ယူခြင်းမှာလျောက်ပတ်သည်ဟု အဘယ့်ကြောင့်ဆိုနိုင်သနည်း

ယာ. ၄:၄– “မတရားသောမေထုန်၌မှီဝဲသောယောက်ျားမိန်းမတို့၊ လောကီမိတ်သဟာယသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့်မိတ်သဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။” (ထို့ကြောင့် သမ္မာကျမ်းစာပြောသည့်ဘုရားသခင့်အကြောင်းကို သူတို့သိသော်လည်း လောကနည်းလမ်းများကိုတုပခြင်းဖြင့် လောကကိုရွေး၍မိတ်ဖွဲ့လျှင် မိမိတို့ကိုယ်ကို ဘုရားသခင့်ရန်သူဖြစ်စေကြသည်သာ။)

၂ ကော. ၄:၄; ၁၁:၁၄၊ ၁၅– “ထိုသို့မယုံကြည်သောသူတို့ကား ဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ ဤလောကကိုအစိုးရသောဘုရားသည် သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏။” “စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကိုဟောသောဆရာဖြစ်ယောင်ဆောင်လျှင် အဘယ်ဆိုဖွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကိုခံရကြလတ္တံ့။” (ထို့ကြောင့် စစ်မှန်သောဘုရားသခင်သတ်မှတ်ထားသည့်နည်းအတိုင်း ကိုယ်တော်ကိုမကိုးကွယ်သောသူအားလုံး ခရစ်ယာန်အမည်ခံလင့်ကစား အမှန်အားဖြင့် ယေဟောဝါ၏မဟာရန်သူစာတန်မာရ်နတ်ကို ကိုးကွယ်ဝတ်ပြုနေခြင်းသာဖြစ်သည်။ ၁ ကောရိန္သု ၁၀:၂၀ ကိုလည်းရှု။)

မ. ၇:၂၁-၂၃– “သခင်၊ သခင်ဟု ငါ့ကို [ယေရှုခရစ်ကို] လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား သခင်၊ သခင် အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကိုပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့ ငါ့ထံမှဖယ်ကြဟုထိုသူတို့အား အတိအလင်းငါပြောမည်။”

အဘယ့်ကြောင့် မဟာဗာဗုလုန်မှ မဆိုင်းမလင့် ရေးကြီးသုတ်ပျာထွက်လာရန်လိုသနည်း

ဗျာ. ၁၈:၄– “ငါ၏လူမျိုးတို့ သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲကထွက်ကြလော့။”

ဗျာ. ၁၈:၂၁– “ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသောကြိတ်ဆုံကျောက်ကဲ့သို့သောကျောက်ကိုချီယူ၍ ပင်လယ်ထဲသို့ချပစ်ပြီးလျှင် ထိုနည်းတူ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာချပစ်၍ နောက်တစ်ဖန်မပေါ်မရှိရ။”

လု. ၂၁:၃၆– “ထို့ကြောင့် သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟုမှတ်တော်မူမည်အကြောင်း အစဉ်ဆုတောင်းလျက်စောင့်နေကြလော့။”

ကျမ်းစာသစ္စာတရားမသိဘဲ မဟာဗာဗုလုန်ထဲတွင်နေပြီး သေဆုံးခဲ့သောသူများ မည်သို့ဖြစ်မည်နည်း

တ. ၁၇:၃၀၊ သက– “ထာဝရဘုရားသည် လူတို့အသိပညာကင်းမဲ့သည့်အချိန်ကာလများကို လျစ်လျူရှုတော်မူခဲ့၏။ သို့သော် ယခုအခါ၌မူ အရပ်ခပ်သိမ်းမှလူအပေါင်းတို့အား ‘ကိုယ်အပြစ်ကိုမြင်၍ နောင်တရကြလော့’ ဟု အမိန့်ပေးတော်မူပြီ။”

တ. ၂၄:၁၅– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” (မည်သည့်မဖြောင့်မတ်သူများရှင်ပြန်ထမြောက်မည်ကိုကား ဘုရားသခင်ဆုံးဖြတ်တော်မူမည်။)

ယောဘ ၃၄:၁၂– “အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကိုပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့်စီရင်တော်မမူ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ