မြေကြီး
အဓိပ္ပာယ်သတ်မှတ်ချက်– ကျမ်းစာ၌ “မြေကြီး” ဟူသောဝေါဟာရသည် အဓိပ္ပာယ်တစ်မျိုးထက်မကရှိသည်။ များသောအားဖြင့် ယေဟောဝါရက်ရောစွာပေးသနားသဖြင့် လူသားတို့ဘဝကျေနပ်ကြွယ်ဝစွာ အသက်ရှင်နေထိုင်နိုင်သောကမ္ဘာဂြိုဟ်ဟု ကျွန်ုပ်တို့ယူမှတ်၏။ သို့ရာတွင် “မြေကြီး” ကို ဥပစာအဖြစ် အသုံးပြုကောင်းပြုမည်ကို နားလည်သင့်သည်။ ဥပမာ၊ ဤဂြိုဟ်ပေါ်နေထိုင်ကြသောလူ၊ သို့မဟုတ် စရိုက်တစ်မျိုးတစ်ဖုံရှိသည့်လူ့ဘောင်ကိုဆိုလိုနိုင်သည်။
မြေကြီးသည် နျူကလီးယားစစ်ပွဲအတွင်း ပျက်စီးသွားမည်လော
မြေကြီးဆိုင်ရာ ဘုရားသခင့်ရည်ရွယ်ချက် မည်သို့ဖြစ်ကြောင်း သမ္မာကျမ်းစာက ဆိုသနည်း
မ.၆:၁၀– “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ [လည်း] ပြည့်စုံပါစေသော။”
ဆာ. ၃၇:၂၉– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”
ဒေသနာ ၁:၄ နှင့် ဆာလံ ၁၀၄:၅ တို့ကိုလည်းရှု။
သို့တစေ၊ တိုင်းနိုင်ငံများသည် ဘုရားသခင့်ရည်ရွယ်ချက်ကို အလေးထားကြသည်မဟုတ်ရကားမြေကြီးကို လူမနေထိုင်နိုင်အောင်ဖျက်ဆီးချင်ဖျက်ဆီးဖို့အကြောင်းရှိသလော
ဟေရှာ. ၅၅:၈-၁၁– “ထာဝရဘုရားမိန့်တော်မူသည်ကား၊ . . . မိုးကောင်းကင်သည် မြေကြီးထက်သာ၍မြင့်သကဲ့သို့ . . . ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက် . . . သာ၍မြင့်၏။ . . . ငါ၏နှုတ်ကပါဌ်စကားသည် . . . အကျိုးမရှိဘဲငါ့ထံသို့မပြန်ရ။ ငါ့အလိုကိုပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌အောင်လိမ့်မည်။”
ဟေရှာ. ၄၀:၁၅၊ ၂၆– “[ယေဟောဝါဘုရားသခင်၏အမြင်တွင်] လူအမျိုးမျိုးတို့သည် ရေပုံးမှကျသောရေစက်ကဲ့သို့ဖြစ်၍ ချိန်ခွင်၌မြူမှုန့်ကဲ့သို့ထင်မှတ်စရာရှိ၏။ . . . အထက်သို့မျှော် [၍နေလနှင့်ကြယ်ကုဋေကုဋာတို့ကို] ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှမပေါ်ဘဲမနေရ။” (နိုင်ငံများထုတ်လုပ်သော နျူကလီးယားစွမ်းအားတို့သည် လူ့အဖို့ကြောက်မက်ဖွယ်ဖြစ်၏။ သို့သော် ကြယ်ကုဋေကုဋာသုံးစွဲသောစွမ်းအား မည်မျှကြီးမားသည်ကို ကျွန်ုပ်တို့စဉ်းစား၍ပင်မရနိုင်။ ၎င်းတို့ကို မည်သူဖန်ဆင်း၍ထိန်းချုပ်သနည်း။ လူမျိုးတို့သည် မိမိတို့၏နျူကလီးယားလက်နက်များကိုအသုံးပြုရာ၌ ဘုရားသခင့်ရည်ရွယ်ချက်ကို ပျက်စီးစေမည်ဆိုလျှင် သူတို့အား ကိုယ်တော်မတားဆီးနိုင်ဘဲရှိမည်လော။ အီဂျစ်ဘုရင်ဖာရောက ဣသရေလလူတို့လွတ်မြောက်ရေးကို တားဆီးရန်ကြံစည်သောအခါ သူ၏တပ်ကို ဘုရားသခင်ဖျက်ဆီးတော်မူခဲ့သည်။ ဤအချက်က ကိုယ်တော်တတ်နိုင်ကြောင်း သာဓကထင်ရှားစေသည်။—ထွ. ၁၄:၅-၃၁။)
ဗျာ. ၁၁:၁၇၊ ၁၈– “အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရဘုရားသခင်၊ ကိုယ်တော်၏မဟာတန်ခိုးတော်ကိုယူဆောင်၍ စိုးစံတော်မူသောကျေးဇူးတော်ကို အကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။ လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍ အမျက်တော်သည်လည်းရောက်ပါပြီ။ . . . မြေကြီးကိုဖျက်ဆီးသောသူတို့ကိုဖျက်ဆီးတော်မူသောအချိန်ရောက်ပါပြီ။”
ဘုရားသခင်ကိုယ်တော်တိုင် မြေကြီးကိုမီးဖြင့် ဖျက်ဆီးတော်မူမည်လော
၂ ပေတရု ၃:၇၊ ၁၀ က ထိုအမြင်ကိုထောက်ခံသလော။ “ယခုရှိသောမိုးကောင်းကင်နှင့်မြေကြီးမူကား တရားဆုံးဖြတ်၍ အဓမ္မလူတို့ကိုဖျက်ဆီးသောနေ့ရက်တိုင်အောင် ထိုနှုတ်ကပါဌ်တော်အားဖြင့်သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလိုငှာနေရစ်သတည်း။ . . . သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ထာဝရဘုရား၏နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍ မြေကြီးပေါ်မှာပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင် [“ထင်ရှားလာ၊” NAB; “ဖော်ထုတ်ခံရ၊” ကဘ] ကြလိမ့်မည်။” (မှတ်ချက်– သိနာကျမ်းတွဲနှင့်ဗက်တီကင်စာမူ ၁၂၀၉၊ နှစ်စောင်စလုံး စတုတ္ထရာစုကဖြစ်ပြီး “ဖော်ထုတ်ခံရ” ဟုဆိုထားသည်။ နောက်ပိုင်းမှစာမူများဖြစ်သောပဉ္စမရာစုမှ အာလက်ဇန္ဒြီးယားကျမ်းတွဲနှင့် ၁၆ ခုမြောက်ရာစုမှ ကလင်မင်ပြန်လည်ပြင်ဆင်သော လူကြိုက်များကျမ်းတို့က “လောင်ကျွမ်း” ဟုဆိုထားသည်။)
ဗျာဒိတ် ၂၁:၁ က ကျွန်ုပ်တို့၏ဂြိုဟ်ကမ္ဘာပျက်စီးမည်ဟု အရိပ်အမြွက်ပြသလော။ “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်းငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍သမုဒ္ဒရာမရှိ။”
အထက်ကျမ်းချက်များ၏ရှင်းလင်းချက်သည် ရှေ့နောက်စကားနှင့်လည်းကောင်း၊ကျန်ကျမ်းစာများနှင့်လည်းကောင်း ညီညွတ်ပါမှမှန်ကန်မည်
ဤကျမ်းချက်များ (၂ ပေတရု ၃:၇၊ ၁၀ နှင့် ဗျာဒိတ် ၂၁:၁) က ပကတိဂြိုဟ်မြေကြီး မီးဖြင့်လောင်ကျွမ်းခြင်းခံရမည်ကိုဆိုလိုလျှင် ပကတိကောင်းကင် (ကြယ်နက္ခတ်တာရာများ) လည်း မီးဖြင့်ဖျက်ဆီးခြင်းခံရမည်ဖြစ်သည်။ သို့ရာတွင် စာသားအတိုင်း ဤသို့ယူမှတ်ခြင်းသည် မဿဲ ၆:၁၀၊ ဆာလံ ၃၇:၂၉ နှင့် ၁၀၄:၅ အပြင်၊ သုတ္တံ ၂:၂၁၊ ၂၂ ပါ အာမခံချက်နှင့်ဆန့်ကျင်လိမ့်မည်။ ထို့ပြင် မီးသည် နဂိုကပူပြင်းနေပြီဖြစ်သောနေနှင့်ကြယ်များအပေါ် ဘာအာနိသင်သက်ရောက်နိုင်ဦးမည်နည်း။ ထို့ကြောင့် အထက်ကိုးကားသောကျမ်းချက်များပါ “မြေကြီး” သည် အဓိပ္ပာယ်နောက်တစ်မျိုးရှိရပါလိမ့်မည်။
ကမ္ဘာဦး ၁၁:၁၊ ဓမ္မရာဇဝင်တတိယစောင် ၂:၁၊ ၂၊ ၁ ရာဇဝင်ချုပ်ပထမစောင် ၁၆:၃၁၊ ဆာလံ ၉၆:၁ စသည်တို့၌ “မြေကြီး” ကို ဥပစာအဖြစ်သုံးစွဲထားပြီး လူသား၊ လူ့ဘောင်အဖွဲ့အစည်းကိုဆိုလိုသည်။ ၂ ပေတရု ၃:၇၊ ၁၀ နှင့် ဗျာဒိတ် ၂၁:၁ လည်းထို့အတူဖြစ်မည်လော။
ရှေ့နောက်စကားများဖြစ်သော ၂ ပေတရု ၃:၅၊ ၆ နှင့် ၂:၅၊ ၉၊ ၁၀ တို့၌ နောဧလက်ထက်က ရေလွှမ်းမိုးမှုနှင့် နှိုင်းယှဉ်၍ဆိုထားကြောင်းသတိပြုလေ။ ထိုရေလွှမ်းမိုးမှု၌ ဆိုးယုတ်သောလူ့ဘောင် ဖျက်ဆီးခံရသော်လည်း နောဧနှင့်သူ့အိမ်ထောင်အပြင် ကမ္ဘာကိုယ်နှိုက်မပျက်စီးခဲ့ချေ။ ထို့အတူ၊ ၂ ပေတရု ၃:၇ ၌ဖျက်ဆီးခံရမည့်သူများမှာ “အဓမ္မလူတို့” ဖြစ်ကြောင်းဆိုထားသည်။ ဤနေရာ၌ပြောသော “မြေကြီး” မှာ လူ့ဘောင်ဆိုးကိုရည်ညွှန်း၏ဟုဆိုလျှင် အထက်၌ကိုးကားသောကျမ်းချက်များ သာဓကပြသည့်အတိုင်း ကျန်ကျမ်းစာများနှင့် လုံးဝညီညွတ်ပေသည်။ “ဖော်ထုတ်ခံရ” သောအရာမှာ ပုံဆောင်သော “မြေကြီး၊” သို့မဟုတ် လူ့ဘောင်ဆိုးဖြစ်သည်။ အဓိပ္ပာယ်မှာ ယေဟောဝါသည် အယောင်အဆောင်ရှိသမျှကို မီးမြှိုက်၍ဖယ်ရှားကာ ဘုရားမဲ့လူ့ဘောင်၏ဆိုးသွမ်းမှုကိုဖော်ထုတ်လျက်လုံးဝဖျက်ဆီးခြင်းခံထိုက်သည့်အရာအဖြစ် ပေါ်လွင်စေတော်မူမည်ဟူ၍ဖြစ်သည်။ ထိုလူ့ဘောင်ဆိုးသည် ဗျာဒိတ် ၂၁:၁ ပါ “ရှေးမြေကြီး” လည်းဖြစ်သည်။
ဤအချက်နှင့်အညီ၊ (“ကောင်းကင်နှင့်မြေကြီးသည်လွန်သွားရလိမ့်မည်၊ . . . မူကား”) ဟူသော လုကာ ၂၁:၃၃ (သမ္မာ) ပါ ယေရှု၏စကားကို “. . . သည်ထက်၊ ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏” ဟူသော လုကာ ၁၆:၁၇ (သမ္မာ) ပါ အလားတူစကား၏ဆိုလိုချက်နှင့်အညီ အဓိပ္ပာယ်ကောက်ရပေလိမ့်မည်။ စကားနှစ်ရပ်စလုံးက ဖော်ပြပါအခြေအနေများမဖြစ်နိုင်ကြောင်း အလေးအနက်ပြုခြင်းသာဖြစ်သည်။—မဿဲ ၅:၁၈ ကိုပါရှု။
ဖြောင့်မတ်သူများကို ကောင်းကင်သို့ချီဆောင်၍ လူဆိုးတို့ကိုဖျက်ဆီးပြီးနောက် မြေကြီးပေါ်သို့တစ်ဖန် ပြန်ပို့တော်မူမည်လော
ဗျာဒိတ် ၂၁:၂၊ ၃ က ဤအချက်ကိုထောက်ခံသလော– “သန့်ရှင်းသောမြို့တည်းဟူသောယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဖို့တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင့်အထံတော် ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါမြင်၏။ ကောင်းကင်မှကြီးသောအသံကား ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။” (ဘုရားသခင်သည် လူတို့နှင့်အတူ “ကျိန်းဝပ်” ၍ “သူတို့နှင့်အတူနေ” တော်မူမည်ဟူသောအချက်က ကိုယ်တော်သည် အသွေးအသားနှင့်လူဖြစ်လာမည်ကိုဆိုလိုသလော။ မဖြစ်နိုင်ချေ။ အကြောင်းမှာ၊ ယေဟောဝါက မောရှေအား “ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိ” ဟုမိန့်ဆိုခဲ့၍ဖြစ်သည်။ [ထွ. ၃၃:၂၀] သို့ဖြစ်၍ ဤအချက်နှင့်လျော်ညီစွာ ယေရုရှလင်မြို့သစ်အဖွဲ့ဝင်များသည် မြေကြီးပေါ်သို့ လူသားများအဖြစ်ပြန်လာကြလိမ့်မည်မဟုတ်။ သို့ဖြစ်လျှင် ဘုရားသခင်သည် လူသားတို့ “နှင့်အတူနေ” ၍ ယေရုရှလင်မြို့သစ်သည် ‘ကောင်းကင်မှဆင်းသက်လာ’ သည်ဆိုရာ၌အဘယ်သဘောဖြင့်နည်း။ ကမ္ဘာဦး ၂၁:၁ ၌ သဲလွန်စကိုတွေ့နိုင်ပေသည်။ ထိုကျမ်းချက်က ဘုရားသခင်သည် စာရာကို “အကြည့်အရှုကြွ” ကာ သက်ကြီးရွယ်အိုအချိန်၌ သားဆုပေးတော်မူကြောင်း ဆိုထားသည်။ ထွက်မြောက်ရာ ၄:၃၁ ၌ ဘုရားသခင်သည် မောရှေကို ကယ်လွှတ်ရှင်အဖြစ်စေလွှတ်တော်မူခြင်းဖြင့် ဣသရေလလူတို့ကို “အကြည့်အရှုကြွ” တော်မူကြောင်း ဆိုထားသည်။ လုကာ ၇:၁၆ က ဘုရားသခင်သည် ယေရှုအား အမှုတော်ဆောင်ရန်စေလွှတ်ခြင်းဖြင့် မိမိလူမျိုးတော်ကို “အကြည့်အရှုကြွ” တော်မူကြောင်းဖော်ပြ၏။ အခြားဘာသာပြန်ကျမ်းများက မိမိလူမျိုးတော်ဘက်သို့ “အာရုံပြုတော်မူ” သည် [ကဘ] ဟူ၍ဖြစ်စေ၊ သူတို့အပေါ် ‘စေတနာဖြင့်ပြု’ တော်မူသည် [NE] ဟူ၍ဖြစ်စေသုံးနှုန်း၏။ ထို့ကြောင့် ဗျာဒိတ် ၂၁:၂၊ ၃ က ဘုရားသခင်သည် အမိန့်တော်နာခံသူလူသားများအား ကောင်းကင်ယေရုရှလင်မြို့သစ်မှတစ်ဆင့် ကောင်းချီးပေးခြင်းအားဖြင့် လူသားတို့ထံ ‘ကြွလာ’ ၍ သူတို့နှင့်အတူ နေတော်မူမည်ဟုဆိုလိုခြင်းဖြစ်ရပေမည်။
သု. ၂:၂၁၊ ၂၂၊ သမ– “ဖြောင့်မှန်သောသူတို့သည် နေပြည် [“မြေကြီးပေါ်၊” NE] တွင်တည်လျက် စုံလင်သူတို့ [“အပြစ်မဲ့သူတို့၊” NE] လည်းမြဲကြလိမ့်မည်။ လူဆိုးတို့မူကား ထိုပြည် [“မြေကြီး၊” KJ] မှ ပယ်ရှားခြင်းခံရ၍ သစ္စာမဲ့သောသူတို့လည်း နုတ်ပယ်ခြင်းကိုခံရကြလိမ့်မည်။” (အပြစ်မဲ့သူများသည် ကမ္ဘာသို့ပြန်လာမည်ဟုမဆို၊ ‘မြေကြီးပေါ်နေမြဲနေရစ်’ မည်ဟုသာဆိုကြောင်းသတိပြုပါ။)
မြေကြီးဆိုင်ရာဘုရားသခင့်မူလရည်ရွယ်ချက်ပြောင်းလဲခဲ့ပြီလော
က. ၁:၂၇၊ ၂၈– “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီလူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင် အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်းအုပ်စိုးကြလော့ဟု မိန့်တော်မူ၍ သူတို့ကို ကောင်းချီးပေးတော်မူ၏။” (ဤနည်းအားဖြင့် ဘုရားသခင်က မြေကြီးကို အာဒံဧဝတို့၏သားမြေးများဖြင့်ပြည့်စေလျက် ကမ္ဘာချီပရဒိသုကိုစောင့်ရှောက်ထိန်းသိမ်းသွားကြရန် မိမိရည်ရွယ်တော်မူကြောင်း ထင်ရှားစေပေသည်။ ဘုရားသခင်သည် ကမ္ဘာကိုလူနေထိုင်ရန် ခမ်းနားတင့်တယ်အောင်၊ လူ့အဝေးကြည့်မှန်ပြောင်းနှင့် အာကာသယာဉ်များဖြင့် စူးစမ်းတွေ့ရှိသမျှဂြိုဟ်အားလုံးအနက် တစ်မူထူးခြားအောင် တန်ဆာဆင်ပြီးနောက်မှ အာဒံ့အပြစ်ကြောင့် မိမိရည်ရွယ်ချက်ကို အထမမြောက်စေတော့ဘဲ စွန့်ပစ်တော်မူခဲ့သလော။)
ဟေရှာ. ၄၅:၁၈– “မိုးကောင်းကင်ကိုဖန်ဆင်းတော်မူသောထာဝရဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူသောဘုရားသခင် မိန့်တော်မူသည်ကား၊ ငါသည် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။” (ဟေရှာယ ၅၅:၁၀၊ ၁၁ ကိုလည်းရှု။)
ဘုရားသခင့်စနစ်သစ်၌ မည်သူမျှမသေလျှင် ကမ္ဘာမည်သို့ဆံ့တော့မည်နည်း
မြေကြီးဆိုင်ရာမိမိရည်ရွယ်ချက်အကြောင်း ထုတ်ဖော်မိန့်ကြားစဉ် “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ [ကြလော့]” ဟုသာမိန့်တော်မူခဲ့ကြောင်းသတိရပါ။ (က. ၁:၂၈) ဘုရားသခင်သည် လူ့အားမွေးဖွားခြင်းသတ္တိကိုပေးတော်မူသည်ဖြစ်ရာ ၎င်းနှင့်ပတ်သက်သော ရည်ရွယ်တော်မူချက်ပြီးမြောက်လာသောအခါ ကမ္ဘာပေါ်တွင် မွေးဖွားမှုကိုရပ်စဲစေရန် တတ်နိုင်တော်မူသည်။
မည်သို့သောလူစားအား မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ခွင့်ပေးတော်မူမည်နည်း
ဇေ. ၂:၃– “တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့၊ထာဝရဘုရားကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကိုတွေ့ကောင်းတွေ့ကြလိမ့်မည်။”
ဆာ. ၃၇:၉၊ ၁၁– “ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံရကြလိမ့်မည်။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍များပြားသောငြိမ်သက်ခြင်း၌မွေ့လျော်ကြလိမ့်မည်။”