အခန်း ၂
မမွေးဖွားမီဂုဏ်ပြုခံရ
သူမသည် ထာဝရဘုရင်ဖြစ်မည့်သားယောက်ျားကို မွေးဖွားရမည်ဟု မာရိအားကောင်းကင်တမန်ပြောသောအခါ သူမက ‘ဤအမှုသည် မည်သို့ဖြစ်မည်နည်း။ ကျွန်မသည် ယောက်ျားနှင့်မဆက်ဆံပါ’ ဟုမေးသည်။
‘အမြင့်ဆုံးသောဘုရား၏တန်ခိုး သင့်ကိုလွှမ်းမိုးမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်သက်ရောက်မည်။ ထိုကြောင့် ထိုသန့်ရှင်းသောကလေးကို ဘုရားသားဟုခေါ်ကြမည်’ ဟုဂါဗြေလရှင်းပြသည်။
မာရိယုံကြည်ရန် ဂါဗြေလဤသို့ဆက်ပြောသည်။ ‘အမြုံမဟုခေါ်သော သင့်အမျိုးဧလိရှဗက်လည်း ကိုယ်ဝန်ခြောက်လရှိပြီ။ ဘုရားသခင်မတတ်နိုင်တော်မူသောအမှုမရှိ။’
ဂါဗြေလစကားကိုမာရိယုံကြည်စွာဖြင့် ‘အကျွန်ုပ်သည် ယေဟောဝါကျွန်မဖြစ်ပါ၏။ သင်ပြောသည့်အတိုင်းဖြစ်ပါစေ’ ဟုဖြေဆိုလေသည်။
ဂါဗြေလပြန်သွားသည်နှင့် ယုဒတောင်တန်းဒေသ၌ ခင်ပွန်းဇာခရိနှင့်အတူနေထိုင်သော ဧလိရှဗက်ထံ အလည်သွားရန် မာရိပြင်ဆင်လေသည်။ နာဇရက်မြို့ရှိမာရိနေအိမ်မှ ထိုအရပ်သို့ သုံးလေးရက်ခရီးသွားရသည်။
ဇာခရိအိမ်သို့မာရိရောက်သောအခါ အိမ်ထဲဝင်၍ နှုတ်ဆက်စကားပြောဆိုလေသည်။ ထိုအချိန်တွင် ဧလိရှဗက်သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်လျက် မာရိအားဤသို့ပြောသည်။ “သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသောမင်္ဂလာရှိ၏။ အကျွန်ုပ်သခင်၏မယ်တော်သည် အကျွန်ုပ်ဆီသို့ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။ သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင် အကျွန်ုပ်ဝမ်းထဲ၌သူငယ်သည် ရွှင်မြှူးသောစိတ်နှင့်ခုန်၏။”
မာရိလည်း ကျေးဇူးတင်ဝမ်းသာစွာ ဤသို့ဆိုသည်။ “ငါ့စိတ်နှလုံးသည် ယေဟောဝါကိုချီးမွမ်း၏။ ငါ့ကိုကယ်တင်တော်မူသောအရှင် ဘုရားသခင်ကိုအမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။ အကြောင်းမူကား၊ မိမိကျွန်မ၏နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူအစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။ တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဖွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ။” မျက်နှာသာပြခံရသော်လည်း ဘုရားသခင့်ဂုဏ်တော်ကိုသာ မာရိချီးမွမ်းသည်။ “နာမတော်သည် ရိုသေဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်းကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။”
မှုတ်သွင်းခံ ပရောဖက်ပြုသီချင်းဖြင့် ဘုရားသခင်ကိုမာရိဆက်ချီးမွမ်းသည်။ “လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။ ဘုရင်တို့ကိုရာဇပလ္လင်ပေါ်မှချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။ ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။ ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ အာဗြဟံမှစသောသူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှာသတိထား၍ မိမိကျွန်ဣသရေလကို မစတော်မူပြီ။”
ဧလိရှဗက်နှင့် သုံးလခန့်မာရိနေထိုင်သည်။ ဧလိရှဗက်ဖွားခါနီး အပတ်များအတွင်း အကူအညီများစွာဖြစ်မည်မှာအမှန်။ ဘုရားရှင်၏အကူအညီဖြင့်ပဋိသန္ဓေရှိသော ထိုသစ္စာရှိအမျိုးသမီးနှစ်ဦးသည် သူတို့ဘဝတွင် ဤအကောင်းမြတ်ဆုံးအချိန်၌ အတူရှိနေခြင်းကား အမှန်ကောင်းပေစွ။
ယေရှုကိုမဖွားမြင်မီကပင် ဂုဏ်ပြုခံရခြင်းကို သတိပြုမိသလော။ ဧလိရှဗက်ကကိုယ်တော်အား “အကျွန်ုပ်သခင်” ဟုခေါ်၍ ဦးဆုံးမာရိရောက်လာချိန်တွင် သူမဝမ်းရှိသားသည် ဝမ်းသာစွာခုန်သည်။ တစ်ဖက်မှကြည့်ပြန်လျှင် မာရိနှင့်သူမ၏မွေးလာမည့်ကလေးကို အခြားသူတို့ အရိုအသေတန်ကြသည်ကို တွေ့ကြရမည်။ လုကာ ၁:၂၆-၅၆။
▪ မည်သို့ပဋိသန္ဓေတည်မည့်အကြောင်း မာရိသိနားလည်ရန် ဂါဗြေလဘာပြောသနည်း။
▪ ယေရှုဖွားမြင်ခြင်းမခံရမီကပင် မည်သို့ဂုဏ်ပြုခံခဲ့ရသနည်း။
▪ ဘုရားကိုချီးမွမ်းခြင်း ပရောဖက်ပြုသီချင်း၌ မာရိဘာပြောသနည်း။
▪ ဧလိရှဗက်နှင့် မာရိမည်မျှကြာ နေထိုင်သနည်း။ ဤအချိန်အတွင်း ဧလိရှဗက်နှင့်အတူ မာရိနေထိုင်ခြင်းသည် အဘယ်ကြောင့်လျောက်ပတ်သနည်း။