အခန်း ၃
ကြွတော်မူရာလမ်းကို ပြင်ဆင်သူမွေးဖွားခြင်း
ဖွားမြင်ရန်လစေ့နေသော ဧလိရှဗက်နှင့် မာရိသည်သုံးလနေထိုင်သည်။ သို့သော် ယခုသူ့အိမ်ရှိရာ နာဇရက်မြို့သို့ မာရိပြန်ချိန်တန်ပြီဖြစ်သည်။ ခြောက်လကြာလျှင် သူကိုယ်တိုင်သားဖွားရန် ရက်စေ့မည်ဖြစ်သည်။
မာရိပြန်၍မကြာမီ ဧလိရှဗက်သည် သားယောက်ျားကလေးကို ချောမောစွာဖွားမြင်ရာ ဧလိရှဗက်နှင့်ကလေးပါ ကျန်းမာသဖြင့် အလွန်ဝမ်းသာကြမည်ဖြစ်ခြင်း။ သူငယ်ကိုအိမ်နီးချင်းနှင့် ဆွေမျိုးတို့အား ဧလိရှဗက်ပြသည့်အခါ အားလုံးဝမ်းသာကြသည်။
ဘုရားပညတ်တော်အရ ဣသရေလပြည်တွင် သားယောက်ျားလေးများကို မွေးပြီးရှစ်ရက်မြောက်နေ့၌ အရေဖျားလှီးပေးရသည်။ ဤနေ့ရက်တွင် မိတ်ဆွေများ၊ ဆွေမျိုးများ အလည်အပတ်ရောက်လာကြသည်။ ကလေးကိုဖခင်အမည်၊ ဇာခရိဟူ၍ပင်ခေါ်သင့်ကြောင်း သူတို့အားလုံးပြောဆိုကြသည်။ သို့သော်ဧလိရှဗက်က “ထိုသို့မမှည့်ရ။ ယောဟန်အမည်ဖြင့်မှည့်ရမည်” ဟုဆိုသည်။ ကလေးအား ထိုအမည်မှည့်ရမည်ဟု ဂါဗြေလပြောကြောင်း သတိရပါ။
သို့ရာတွင် မိတ်ဆွေများက ‘ဤအမည်ဖြင့်သင်၏အဆွေအမျိုးတွင်မရှိ’ ဟူ၍ ကန့်ကွက်ကြသည်။ ထိုအခါ ဖခင်ဖြစ်သူအား သားကိုမည်သို့အမည်ပေးလိုကြောင်း လက်ဟန်ခြေဟန်ဖြင့်မေးမြန်းကြသည်။ ဇာခရိသည် သင်ပုန်းကိုတောင်းဆိုပြီး ‘‘သူ၏အမည်ကားယောဟန်’’ ဟုရေးလေသော် အားလုံးအံ့သြကြသည်။
သို့နှင့်ဇာခရိသည် အံ့ဖွယ်နည်းဖြင့် စကားပြန်ပြောနိုင်လေသည်။ ဧလိရှဗက်သားဖွားမည့်အကြောင်း ကောင်းကင်တမန်၏ကြေညာချက်ကို သူမယုံနိုင်ဖြစ်စဉ်က အလျက်နေသည်ကို သတိရပေမည်။ ဇာခရိစကားပြောနိုင်သည့်အခါ အိမ်နီးချင်းရှိသမျှတို့သည်အံ့သြလျက် “ဤသူငယ်သည် အဘယ်သို့သောသူဖြစ်လိမ့်မည်နည်း” ဟူ၍ဆို၏။
ထိုတွင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်လျက် ဤသို့ကြွေးကြော်သည်။ “ဣသရေလလူမျိုး၏ဘုရားသခင် [ယေဟောဝါ] သည်မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား . . . မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်းကျေးဇူးကိုပြုတော်မူ၍ . . . ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။” ဤ “ကယ်လွှတ်ခြင်းဦးချို” ကားမွေးဖွားခံရဦးမည့် သခင်ယေရှုပင်ဖြစ်သည်။ ကိုယ်တော်အားဖြင့် “ငါတို့သည် ရန်သူဘေးနှင့်ကင်းလွှတ်၍ ဘုရားသခင့်ရှေ့တော်၌ တစ်သက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်းပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်” ကိုဘုရားသခင်ပေးမည်ဟု ဇာခရိဆိုသည်။
ထို့နောက် သားယောဟန်အကြောင်း ဇာခရိဤသို့ပြောသည်။ “အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ပရောဖက်ဟုခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏သနားတော်မူခြင်းကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ကယ်တင်ခြင်းသို့ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအားဖေါ်ပြသဖြင့် လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှာ သင်သည် ရှေ့တော်၌သွားရလိမ့်မည်။ ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့် ကောင်းကင်မှနေအာရုဏ်သည် ငါတို့အပေါ်သို့တက်သဖြင့် မှောင်မိုက်နှင့်သေမင်း၏အရိပ်ထဲတွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍ ငါတို့အား ငြိမ်သက်ခြင်းလမ်းကိုပြလျက်ရှိသည်။”
ဤအချိန်ထိ အိမ်ထောင်မပြုရသေးပုံရှိသောမာရိသည် နာဇရက်မြို့သို့ပြန်ရောက်နေပေပြီ။ ကိုယ်ဝန်ရှိနေကြောင်း ထင်ရှားလာသည့်အခါ မာရိခမျာ မည်သို့ဖြစ်မည်နည်း။ လုကာ ၁:၅၆-၈၀။ ဝတ်ပြုရာ ၁၂:၂၊ ၃။
▪ ယောဟန်သည်ယေရှုထက် အသက်မည်မျှကြီးသနည်း။
▪ ယောဟန်ရှစ်ရက်သားအရွယ်၌ ဘာဖြစ်ပျက်ခဲ့သနည်း။
▪ မိမိလူမျိုးထံ ဘုရားသခင်မည်သို့အာရုံလှည့်သနည်း။
▪ ယောဟန်ဘာလုပ်လိမ့်မည်ဟု ကြိုဟောထားသနည်း။