အခန်း ၃၆
တပ်မှူး၏ ကြီးစွာသောယုံကြည်ခြင်း
တောင်ပေါ်ဒေသနာကို ယေရှုဟောချိန်ကား ဓမ္မအမှုဆောင်ချိန် ထက်ဝက်ခန့်ရှိပေပြီ။ မြေကြီးပေါ်လုပ်ငန်းကိုပြီးစီးရန် တစ်နှစ်နှင့်ကိုးလခန့်သာ ကျန်တော့သည်။
ကိုယ်တော်၏ နေမြဲလိပ်စာပုံစံရှိ ကပေရနောင်မြို့သို့ ယခုယေရှုဝင်လာသည်။ ဤအချိန်တွင်ဂျူးအကြီးအကဲများ ကိုယ်တော်ထံလာရောက် တောင်းဆိုချက်ပြုသည်။ တစ်ပါးအမျိုးသားဖြစ်သော ရောမစစ်တပ်မှအရာရှိတစ်ဦး သူတို့ကိုစေလွှတ်လိုက်သည်။
ထိုတပ်မှူးအလွန်ချစ်သော အစေခံတစ်ဦးသည် အသည်းအသန်ဖျား၍ သေလုဆဲရှိရာ ယေရှုအားရောဂါပျောက်ကင်းပေးစေလိုသည်။ တပ်မှူးကိုယ်စား ဂျူးအမျိုးသားတို့က “ကျေးဇူးတော်ကိုခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ၏။ သူသည်အကျွန်ုပ်တို့အမျိုးကိုနှစ်သက်၍ အကျွန်ုပ်တို့အဖို့တရားဇရပ်ကိုဆောက်ပါပြီ” ဟုအနူးအညွတ်တောင်းဆိုကြသည်။
ယေရှုချက်ချင်းလိုက်သွား၍ တပ်မှူးအိမ်အနီးသို့ရောက်သော် တပ်မှူးသည်မိတ်ဆွေများကိုလွှတ်၍ “သခင်၊ ကိုယ်ကို ပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်းကျေးဇူးတော်ကို အကျွန်ုပ်မခံထိုက်ပါ။ ထို့အတူ အကျွန်ုပ်သည်ကိုယ်တော်ထံသို့ ရောက်ထိုက်သောသူမဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ” ဟုဆိုစေသည်။
သူတစ်ထူးအား အမိန့်ပေးလေ့ရှိသော တပ်မှူးတစ်ဦးအတွက် အလွန်နှိမ့်ချသော စိတ်ထားပါတကား။ သို့သော် ယေရှုအတွက်လည်း သူထည့်စဉ်းစားနေမည်ဖြစ်သည်။ ဂျူးထုံးစံအရ ဂျူးမဟုတ်သူတို့နှင့် ဆက်ဆံမှုမရှိအပ်ကြောင်း သူထောက်ထားနေမည်။ “ယုဒလူဖြစ်သောသူတို့သည် တစ်ပါးအမျိုးသားတို့နှင့် မပေါင်းဖေါ်မချဉ်းကပ်အပ်သည်ကို သင်တို့သိကြ၏” ဟူ၍ပေတရုပင်ပြောဆိုသည်။
ဤထုံးစံချိုးဖောက်ခြင်း၏ရလဒ်များကို ယေရှုအားမခံစေလို၍ မိတ်ဆွေတို့အား တပ်မှူးက “အမိန့်တော်တစ်ခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။ အကျွန်ုပ်သည်မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တစ်ဦးကို ‘သွားချေ’ ဟုဆိုလျှင်သွားပါ၏။ တစ်ဦးကို ‘လာခဲ့ပါ’ ဟုခေါ်လျှင်လာပါ၏။ ကျွန်ကိုလည်း ‘ဤအမှုကိုလုပ်တော့’ ဟု ဆိုလျှင်လုပ်ပါ၏” ဟုတောင်းဆိုစေသည်။
ထိုစကားကိုယေရှုကြားတော်မူလျှင် အလွန်အံ့ဩ၍ “ဤမျှလောက်ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး” ဟု မိန့်တော်မူသည်။ တပ်မှူး၏ကျွန်ကို ကုသပေးပြီးနောက် ယုံကြည်သောဂျူးမဟုတ်သူများသည် သစ္စာမရှိသောဂျူးတို့ငြင်းပယ်သည့်ကောင်းချီးများကိုခံစားရမည်အကြောင်း အခွင့်အရေးယူကာ ယေရှုပြောဆို၏။
“လူများတို့သည် အရှေ့အရပ်၊ အနောက်အရပ်မှလာ၍ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်တကွ လျောင်းရကြလတံ့။ နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချခြင်းကိုခံရလတံ့။”
“ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချခြင်းကိုခံရလတံ့သော နိုင်ငံတော်သားတို့” သည် ခရစ်တော်နှင့်အတူအစိုးရသူများအဖြစ် ဦးစွာကမ်းလှမ်းခံရခွင့်ကိုလက်မခံသော ဇာတိပကတိဂျူးများဖြစ်သည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်သည် ဘုရားသခင်၏နိုင်ငံတော်အစီအစဉ်ကို တင်စားသည်။ သို့ဖြစ်၍ တစ်ပါးအမျိုးသားတို့သည် “ကောင်းကင်နိုင်ငံတော်၌” ကဲ့သို့ ကောင်းကင်စားပွဲတော်၌ လျောင်းခွင့်ရမည်ဟူ၍ ယေရှုဆိုနေခြင်းဖြစ်သည်။ လုကာ ၇:၁-၁၀။ မဿဲ ၈:၅-၁၃။ တမန်တော် ၁၀:၂၈။
▪ တစ်ပါးအမျိုးသားတပ်မှူးအတွက် ဂျူးအမျိုးသားများ အဘယ်ကြောင့်တောင်းပန်ပေးကြသနည်း။
▪ အဘယ်ကြောင့် ယေရှုအားတပ်မှူးက မိမိအိမ်ထဲသို့ ဝင်ခွင့်မပေးရခြင်း ဖြစ်မည်နည်း။
▪ နိဂုံးချုပ်စကားများအားဖြင့် ယေရှုအဘယ်အရာကိုဆိုလိုနေသနည်း။