အခန်း ၃၇
မုဆိုးမ၏ဝမ်းနည်းခြင်းကို ယေရှုပပျောက်စေခြင်း
စစ်ဗိုလ်၏ကျွန်ကို ကုသပေးပြီးမကြာမီ ကပေရနောင်အနောက်တောင်ဘက် မိုင် ၂၀ ကျော်ရှိ နာဣနမြို့သို့ ယေရှုထွက်ခွာစဉ် တပည့်များနှင့်လူအုပ်လိုက်လာသည်။ ညနေချိန်တွင် နာဣနမြို့အနီး၌ လုလင်တစ်ဦး၏အသုဘပို့သူလူအုပ်နှင့်ဆုံသည်။
မိခင်၏အခြေအနေမှာ အထူးဝမ်းနည်းစရာပင်။ ခင်ပွန်းသေဆုံးချိန်က တစ်ဦးတည်းသောသားရှိသေးသည့်အတွက် နှစ်သိမ့်မှုရ၍ သူမကြိုးစားအားထုတ်လေသမျှသည် သားအတွက်ဖြစ်ခဲ့သည်။ ယခုမူ စိတ်သက်သာမှုမရနိုင်ချေ။ သူမနှင့်အတူသင်္ချိုင်းသို့လိုက်ပါသွားသော မြို့သူမြို့သားများလည်း အလွန်ဝမ်းနည်းကြသည်။
ထိုအမျိုးသမီးကိုယေရှုမြင်သော် သူမ၏ကြေကွဲဝမ်းနည်းခြင်းကြောင့် ကိုယ်တော်စိတ်ထိခိုက်ပါသည်။ ထိုကြောင့်ကြင်နာစွာဖြင့် တစ်ချိန်တည်းစိတ်ချယုံကြည်နိုင်လောက်အောင် “မငိုကြွေးနှင့်” ဟုမိန့်တော်မူသည်။ ကိုယ်တော်၏ကိုယ်အမူအယာသည် လူအုပ်ကိုအာရုံစူးစိုက်စေသည်။ တလားကိုလက်နှင့်တို့သော် ထမ်းရွက်သူတို့သည်ရပ်တန့်ပြီး လူအားလုံးအံ့သြစွာ ရှုစားနေကြသည်။
လိုက်ပါလာသူတို့သည် ရောဂါအမျိုးမျိုးကိုအံ့သြဖွယ်နည်းဖြင့် ယေရှုကုသပေးခဲ့ကြောင်း တွေ့မြင်ဖူးသူတို့ဖြစ်သည်။ သို့သော် လူသေအားရှင်စေသည်ကိုကား မမြင်ဖူးကြချေ။ ဤအမှုကိုပြုနိုင်မည်လော။ ယေရှုက ရုပ်ကလာပ်အား “အချင်းလုလင်ထလော့” ဟုမိန့်မြွက်လိုက်သည်နှင့် လုလင်ထထိုင်လေသည်။ စကားပါပြောလာ၍ မိခင်အား လုလင်ကိုအပ်နှင်းတော်မူသည်။
လုလင်သည်အမှန်အသက်ရှင်သည်ကို လူအများတွေ့သောအခါ “ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ” ဟုဆိုကြသည်။ အခြားသူတို့က “ဘုရားသခင်သည် မိမိလူမျိုးကိုအကြည့်အရှုကြွလာတော်မူပြီ” ဟုဆိုကြသည်။ ဤအံ့ဖွယ်အမှုနှင့်ဆိုင်သောသတင်းသည် ယုဒပြည်တစ်ဝန်း၊ ဝန်းကျင်အရပ်ဒေသသို့ပျံ့နှံ့သွားလေသည်။
နှစ်ခြင်းဆရာယောဟန် ထောင်ထဲ၌ရှိနေသေးသည်။ ယေရှုပြုသမျှကို သူသိလိုသည်။ ဤအံ့ဖွယ်ရာအမှုများအကြောင်း သူ၏တပည့်များ ယောဟန်ကိုပြောကြားကြ၏။ ယောဟန်မည်သို့တုံ့ပြန်သနည်း။ လုကာ ၇:၁၁-၁၈။
▪ နာဣနမြို့အနီး ယေရှုရောက်သော် ဘာဖြစ်နေသနည်း။
▪ တွေ့မြင်ရသည့်အရာကြောင့် ယေရှုမည်သို့ဖြစ်သွား၍ အဘယ်အရာကိုပြုတော်မူသနည်း။
▪ ယေရှု၏အံ့ဖွယ်ရာအမှုကို လူများမည်သို့တုံ့ပြန်ကြသနည်း။