အခန်း ၄၂
ဖာရိရှဲများကို ယေရှုအပြစ်တင်ဆုံးမ
နတ်ဆိုးတို့ကိုစာတန့်တန်ခိုးနှင့် မိမိနှင်ထုတ်သည်မှန်လျှင် စာတန်သည်မိမိဖာသာကွဲပြား၏ဟူ၍ ယေရှုဆင်ခြင်တက်သည်။ ဆက်၍ “အသီးအားဖြင့် အပင်၏သဘော ထင်ရှားသည်ဖြစ်၍ အသီးကောင်းလျှင်အပင်ကောင်းသည်ဟု ဆိုကြလော့။ အသီးမကောင်းလျှင် အပင်မကောင်းဟုဆိုကြလော့” ဟုမိန့်တော်မူသည်။
နတ်ဆိုးနှင်ထုတ်ခြင်းအသီးကောင်းသည် စာတန့်အမှုဆောင်ခြင်းဟု ယေရှုကိုစွပ်စွဲခြင်းကမိုက်မဲ၏။ အသီးကောင်းလျှင် အပင်မပုပ်နိုင်။ ဖာရိရှဲတို့၏စွပ်စွဲချက်များနှင့် ယေရှုအားအကြောင်းမရှိဆန့်ကျင်ခြင်းပုပ်ပျက်သောအသီးမူ သူတို့ကိုယ်နှိုက်ပုပ်ပျက်နေကြောင်း သက်သေထူသည်။ “အချင်းမြွေဆိုးအမျိုးတို့။ သင်တို့သည်အဆိုးဖြစ်လျက် ကောင်းသောစကားကိုအဘယ်သို့ ပြောဆိုနိုင်မည်နည်း။ စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏” ဟုယေရှုမိန့်ဆိုသည်။
ကျွန်ုပ်တို့နှုတ်မြွက်ရာတွင် မိမိတို့၏နှလုံးအခြေအနေမှန်ကို ဖေါ်ပြသည်ဖြစ်ရာ မိမိတို့ပြောဆိုရာအကြောင်းက တရားစီရင်ဆုံးဖြတ်ရန် အခြေအမြစ်ကိုပေး၏။ ယေရှုဤသို့ဆို၏။ “ငါဆိုသည်ကား လူတို့သည်အကျိုးမဲ့စကားပြောသမျှအတွက် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကိုခံရကြလတံ့။ သင့်စကားများအားဖြင့် သင်သည်အပြစ်လွှတ်လိမ့်မည်။ သို့မဟုတ် . . . အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်။”
အံ့ဖွယ်ရာများကို ယေရှုလုပ်ပြလျက်နှင့် ကျမ်းတတ်များ၊ ဖာရိရှဲများက “ကိုယ်တော်ပြတော်မူသော နိမိတ်လက္ခဏာ တစ်စုံတစ်ခုကိုမြင်ချင်ပါသည်” ဟုတောင်းဆိုကြ၏။ ယေရုရှလင်မှဖြစ်ကြသော ဤသူတို့ကိုယ်တိုင် ထိုအံ့ဖွယ်အမှုတို့ကို မမြင်ရသည်တိုင် ကိုယ်တော့်အံ့ဖွယ်အမှုများနှင့်စပ်လျဉ်း၍ မငြင်းနိုင်သောမျက်မြင်သက်သေ အထောက်အထားကားရှိနေသည်။ ထိုကြောင့်ယုဒခေါင်းဆောင်များအား “ဆိုးညစ်၍မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကိုတောင်းသည်မှာ ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ” ဟုယေရှုပြောသည်။
ဘာကိုဆိုလိုကြောင်းရှင်းပြရင်း ကိုယ်တော်ဤသို့ဆက်ပြောသည်။ “ယောနသည်ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့ လူသားသည်မြေကြီးထဲမှာ သုံးရက်နေရလတံ့။” ငါးကြီး၏မျိုခြင်းကိုခံရပြီးနောက် ပြန်ရှင်လာသည့်သဖွယ် ငါးကြီးအပြင်ဘက်ရောက်သောယောနနည်းတူ မိမိသေပြီးသုံးရက်မြောက်နေ့တွင် ပြန်ရှင်လာမည်ဟု ယေရှုကြိုပြောနေခြင်းဖြစ်သည်။ နောက်ပိုင်းယေရှုရှင်ပြန်ထမြောက်သည့်တိုင် ဂျူးခေါင်းဆောင်များက “ယောန၏နိမိတ်လက္ခဏာ” ကိုလက်မခံကြ။
သို့ဖြင့် ယောနဟောပြောခြင်းကြောင့် နောင်တရသောနိနဝေမြို့သားတို့သည် ယေရှုကိုငြင်းပယ်သောဂျူးတို့အားအပြစ်တင်ရန် တရားစီရင်ရာနေ့တွင် အသက်ရှင်လာကြမည်ဖြစ်ကြောင်း ယေရှုပြောသည်။ အလားတူရှောလမုန်၏ပညာစကားကိုနားထောင်ရန် မြေကြီးစွန်းမှလာပြီး မြင်ရာကြားရာများကြောင့် အံ့သြရသူ ရှေဘမိဖုရားနှင့်ခိုင်းနှိုင်းကာ “ဤအရပ်၌ကား ရှောလမုန်ထက်သာ၍ကြီးမြတ်သောသူရှိ၏” ဟုဆိုသည်။
ထိုနောက်လူတစ်ဦးမှ ညစ်ညူးသောနတ်ထွက်သွားခြင်းဥပမာကိုပေးသည်။ ထိုလူထဲမှနတ်ဆိုးထွက်သွားသော်လည်း ကောင်းသောအရာများဖြင့် ဖြည့်မထားခြင်းကြောင့် ထိုနတ်ဆိုးသည်သာ၍ညစ်ညူးသော နတ်ခုနစ်ယောက်နှင့်အတူ ထိုလူထဲဝင်ပြန်သည်။ “ဤလူမျိုး၌ထိုနည်းတူဖြစ်လတံ့” ဟုယေရှုမိန့်သည်။ လူထဲမှညစ်ညူးသောနတ် ယာယီထွက်ခွာသွားသကဲ့သို့ ဣသရေလလူမျိုးသည် စင်ကြယ်ခြင်းနှင့်ပြုပြင်ခြင်းကို ခံရသော်လည်း ဘုရားသခင်၏ပရောဖက်များကို ငြင်းပယ်ကြသည်။ ခရစ်တော်ကိုပင် ဆန့်ကျင်သည်အထိဖြစ်ကြသည်။ ထိုကြောင့်ယင်းလူမျိုး၏ ဆိုးညစ်သောအခြေအနေသည် ယခင်ထက်သာ၍ဆိုးကြောင်း ပေါ်လွင်သည်။
ယေရှုဟောနေစဉ် မိခင်နှင့်ညီများရောက်လာ၍ အပြင်တွင်ရပ်နေကြသည်။ ထိုအခါတစ်ယောက်က “မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်နှုတ်ဆက်လို၍ ပြင်မှာရပ်နေကြပါ၏” ဟုဆိုသည်။
“ငါ့အမိ၊ ငါ့ညီကားအဘယ်သူနည်း” ဟုယေရှုမေးသည်။ လက်တော်ကိုဆန့်၍ တပည့်တော်တို့ကိုညွှန်လျက် “ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း” ဟုမိန့်တော်မူသည်။ ကိုယ်တော်သည်ဆွေမျိုးအပေါ် သံယောဇဉ်မည်မျှရှိစေကာမူ တပည့်တော်များနှင့်မိမိ၏ပေါင်းသင်းဆက်ဆံမှုသည် ကိုယ်တော်အတွက် သာ၍မြတ်နိုးဖွယ်ဖြစ်ကြောင်း ဤနည်းဖြင့်ယေရှုတင်ပြတော်မူသည်။ မဿဲ ၁၂:၃၃-၅၀။ မာကု ၃:၃၁-၃၅။ လုကာ ၈:၁၉-၂၁။
▪ “အပင်” နှင့် “အသီး” ပါအကောင်းဖြစ်စေရန် ဖာရိရှဲများ မည်သို့ပျက်ကွက်သနည်း။
▪ “ယောန၏နိမိတ်” ကားအဘယ်နည်း။ နောင်တွင် ယင်းကိုမည်သို့ငြင်းပယ်ကြသနည်း။
▪ ခန္ဓာတွင်းမှ မသန့်ရှင်းသောနတ်ဆိုးထွက်လာသောသူနှင့် ပထမရာစုရှိ ဣသရေလလူမျိုး အဘယ်နည်းဖြင့်တူသနည်း။
▪ တပည့်တော်များနှင့် တရင်းတနှီးရှိခြင်းကို ယေရှုမည်သို့အလေးအနက်ဖေါ်ပြသနည်း။