ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၉၉
  • ယေရိခေါ၌ ယေရှုသွန်သင်တော်မူသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရိခေါ၌ ယေရှုသွန်သင်တော်မူသည်
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရိခေါ၌ ယေရှုသွန်သင်တော်မူသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မျက်မမြင်တွေကိုကုသပေး၊ ဇက်ခဲကိုကူညီပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဘုရားသခင်ကို ချစ်တဲ့သူတွေနဲ့ မိတ်ဖွဲ့သင့်တယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ရာဇဝတ်မှု ပပျောက်လုချိန် ယခုနီးပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၉၉

အခန်း ၉၉

ယေရိခေါ၌ ယေရှုသွန်သင်တော်မူသည်

မကြာမီယေရှုနှင့်အတူ ခရီးဖော်လူအုပ်သည် ယေရုရှလင်မှတစ်ရက်ခရီးဝေးသော ယေရိခေါမြို့သို့ရောက်လာကြသည်။ ယေရိခေါမြို့သည် နှစ်မြွှာမြို့ဖြစ်ပြီး ဂျူးမြို့ဟောင်းသည် ရောမမြို့သစ်နှင့် တစ်မိုင်ခန့်ကွာဝေးသည်။ လူအုပ်သည် မြို့ဟောင်းမှမြို့သစ်သို့ဝင်လာစဉ် မျက်မမြင်သူတောင်းစားနှစ်ဦးသည် အသံဗလံများကြားကြသည်။ တစ်ဦး၏အမည်မှာ ဗာတိမဲဖြစ်သည်။

ယေရှုဖြတ်သွားနေသည်ကိုသတိပြုမိကြ၍ ဗာတိမဲနှင့်သူ့အဖော်တို့က “ဒါဝိဒ်၏သားတော်၊ ကျွန်ုပ်တို့ကိုကယ်မသနားတော်မူပါ” ဟုစအော်ဟစ်ကြ၏။ ထိုသူတို့ကိုတိတ်ဆိတ်စေရန် လူအုပ်သည်ငေါက်ငမ်းသော်လည်း “ဒါဝိဒ်၏သားတော်အရှင်၊ ကျွန်ုပ်တို့ကိုကယ်မသနားတော်မူပါ” ဟုသာ၍ကျယ်လောင်စွာဟစ်အော်ကြသည်။

ဆူညံသံများကိုကြား၍ ယေရှုရပ်တော်မူ၏။ အသံကုန်အော်ဟစ်နေကြသူတို့ကိုခေါ်လာရန် မိမိအပါး၌ရှိသူတို့အားမိန့်ဆို၏။ သူတို့သည် မျက်မမြင်သူတောင်းစားများထံသွား၍ တစ်ဦးအား “သင့်ကိုခေါ်တော်မူသည်” ဟုဆိုကြ၏။ လူကန်းသည် စိတ်လှုပ်ရှားမှုကြီးစွာဖြင့် မိမိဝတ်ရုံကိုခွာချလျက်ခုန်၍ ယေရှုထံတော်သို့သွား၏။

“သင်တို့၌အဘယ်သို့ပြုစေလိုသနည်း” ဟုယေရှုမေး၏။

“အရှင်၊ အကျွန်ုပ်တို့၏မျက်စိမြင်စေခြင်းငှာပြုတော်မူပါ” ဟုလူကန်းနှစ်ဦးကအသနားခံကြ၏။

သနားခြင်းစိတ်ရှိတော်မူ၍ သူတို့မျက်စိကိုတို့တော်မူ၏။ မာကု၏မှတ်တမ်းအရ လူကန်းတစ်ဦးအားယေရှုက “သွားလော့၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီ” ဟုဆိုသည်။ ထိုခဏခြင်းတွင် လူကန်းများမျက်စိမြင်၍ နှစ်ဦးစလုံး ဘုရားသခင်ကိုချီးမွမ်းကြသည်။ ဤဖြစ်ရပ်ကိုတွေ့မြင်သူအပေါင်းတို့လည်း ဘုရားသခင်ကိုချီးမွမ်းကြ၏။ တုံ့ဆိုင်းခြင်းမရှိဘဲ ဗာတိမဲနှင့်သူ့အဖော်သည် ယေရှုနောက်တော်သို့ စလိုက်ကြလေ၏။

ယေရိခေါမြို့ကိုယေရှုဖြတ်စဉ် လူအုပ်အလွန်ကြီးမားပြီး လူကန်းတို့ကိုကုသပေးခဲ့သောသူအား လူတိုင်းတွေ့လိုကြသည်။ ယေရှုကိုအဖက်ဖက်မှလူများတိုးဝှေ့ကြသောကြောင့် အချို့ဆိုလျှင်ယေရှုကိုအရိပ်အယောင်မျှပင်မမြင်နိုင်ချေ။ ထိုအထဲတွင် ယေရိခေါနှင့်ပတ်ဝန်းကျင်ရှိအခွန်ခံတို့၏ခေါင်း ဇက္ခဲသည်အရပ်ပုလွန်းသဖြင့် အဖြစ်အပျက်တို့ကိုမမြင်နိုင်ချေ။

ထိုကြောင့်ဇက္ခဲသည်ပြေး၍ ကြွတော်မူမည့်လမ်းပေါ်ရှိ သဖန်းပင်ပေါ်တက်ရာ အပေါ်စီးမှအရာရာတိုင်းကိုကောင်းစွာမြင်နိုင်လေသည်။ လူအုပ်ချဉ်းကပ်လာစဉ်တွင် ယေရှုသည်အပင်ပေါ်မော့ကြည့်ပြီး “ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ငါတည်းမည်” ဟုဆို၏။ ဇက္ခဲသည် သူ၏နာမည်ကြီးသောဧည့်သည်အတွက် ပြင်ဆင်မှုပြုရန် သစ်ပင်ပေါ်မှဝမ်းပမ်းတသာဆင်းပြီး အိမ်သို့အမြန်သွားလေ၏။

သို့သော်ယင်းကိုလူအများတွေ့မြင်သောအခါ မကျေမချမ်းဖြစ်ကြသည်။ ထိုသို့သောသူ၏ဧည့်သည်လုပ်ခြင်းသည် ယေရှုအတွက်မသင့်တော်ဟုသူတို့ထင်ကြသည်။ အခွန်ခံလုပ်ငန်းတွင် မရိုးမသားမတရားတောင်းဆိုခြင်းဖြင့် ဇက္ခဲကြွယ်ဝလာသောကြောင့်ဖြစ်သည်။

လူအများလိုက်ပါလာကြပြီး ဇက္ခဲအိမ်သို့ယေရှုဝင်သောအခါ “ဆိုးသောသူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကိုခံတော်မူသည်တကား” ဟုသူတို့အပြစ်တင်ကြသည်။ သို့တစေ ဇက္ခဲအား နောင်တရရန်အလားအလာရှိသူအဖြစ် ယေရှုမြင်သည်အတိုင်း စိတ်မပျက်ချေ။ အကြောင်းမှာ၊ ဇက္ခဲသည်ရပ်၍ “သခင်၊ အကျွန်ုပ်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အားပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ဥစ္စာအနည်းငယ်ကိုကျွန်ုပ်ယူမိလျှင် လေးဆပြန်၍ပေးပါ၏” ဟုကြေညာသောကြောင့်ဖြစ်သည်။

မိမိ၏စည်းစိမ်မှတစ်ဝက်ကို ဆင်းရဲသားတို့အားဝေပေးခြင်း၊ အခြားတစ်ဝက်ကို သူကလိန်ကျခဲ့သောသူတို့အား ပြန်လျော်ပေးခြင်းဖြင့် မိမိ၏နောင်တသည်စစ်မှန်ကြောင်း ဇက္ခဲသက်သေပြသည်။ လူများအပေါ်သူမည်မျှကြွေးတင်နေသည်ကို သူ၏အခွန်မှတ်တမ်းများမှ သူတွက်ချက်နိုင်ပုံရှိ၏။ ‘လူသည်သိုးနွားကိုခိုး၍သတ်သည်ရှိသော် သိုးတစ်ကောင်အတွက် သိုးလေးကောင်ကိုပြန်ပေးရမည်’ ဟူသောဘုရားပညတ်နှင့်အညီ လေးဆပြန်လျော်ပါမည်ဟုသူကျိန်ဆိုသည်။

မိမိပစ္စည်းများကိုဝေငှပေးမည်ဟု ဇက္ခဲပြုသောကတိကိုယေရှုကျေနပ်သဖြင့် “ဤသူသည်အာဗြဟံ၏သားဖြစ်သည်နှင့်အလျောက် ယနေ့ပင်ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်ပေါ်မှာသက်ရောက်လေ၏။ လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာကြွလာသတည်း” ဟုဆိုသည်။

မကြာမီက ‘ပျောက်သောသူ’ ၏အခြေအနေကို ဖြုန်းတီးသောသားပုံပြင်ဖြင့် ယေရှုဥပမာဆောင်ပြောဆိုခဲ့သည်။ ယခုမူ တကယ်ပျောက်နေသောသူကိုပြန်ရသည့်အဖြစ်မျိုးကြုံတွေ့နေရပြီ။ ဇက္ခဲကဲ့သို့သော အာဗြဟံ၏ပျောက်နေသောသားများကို ယေရှုအာရုံစူးစိုက်ရှာဖွေ၍ တည့်မတ်ပေးခြင်းကို ဘာသာရေးခေါင်းဆောင်များနှင့် သူတို့နောက်လိုက်သူများသည် ညည်းညူအပြစ်တင်ကြသော်လည်း ထိုသို့ယေရှုဆက်လက်ပြုတော်မူသည်။ မဿဲ ၂၀:၂၉-၃၄။ မာကု ၁၀:၄၆-၅၂။ လုကာ ၁၈:၃၅–၁၉:၁၀။ ထွက်မြောက်ရာ ၂၂:၁။

▪ မျက်မမြင်သူတောင်းစားများကို မည်သည့်နေရာတွင်ယေရှုတွေ့ဖွယ်ရှိသနည်း။ သူတို့အတွက်ဘာလုပ်ပေးသနည်း။

▪ ဇက္ခဲကားအဘယ်သူနည်း။ အဘယ်ကြောင့်သူသစ်ပင်ပေါ်တက်သနည်း။

▪ သူ၏နောင်တကိုဇက္ခဲမည်သို့သက်သေတင်ပြသနည်း။

▪ ဇက္ခဲအပေါ် ယေရှုဆက်ဆံပုံမှ ကျွန်ုပ်တို့မည်သည့်သင်ခန်းစာရရှိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ