အခန်း ၁၀၂
ယေရုရှလင်သို့ခရစ်တော် အောင်မြင်စွာဝင်ရောက်ခြင်း
နိသန်လ ၉ ရက်၊ တနင်္ဂနွေနေ့နံနက်တွင် ယေရှုသည်တပည့်များနှင့်အတူ ဗေသနိရွာမှထွက်ခွာ၍ သံလွင်တောင်ကိုဖြတ်ကာ ယေရုရှလင်သို့သွားကြသည်။ အချိန်အနည်းငယ်အတွင်း သံလွင်တောင်ပေါ်ရှိဗက်ဖာဂေရွာအနီးသို့ရောက်လာကြပြီး တပည့်နှစ်ဦးအား ဤသို့ညွှန်ကြားသည်။
“သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာ၌ချည်နှောင်လျက်ရှိသောမြည်းမနှင့်မြည်းကလေးကို သင်တို့သည်ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။ သူတစ်ပါးသည်သင်တို့အားတစ်စုံတစ်ခုကိုဆိုလျှင် ‘သခင်အလိုရှိသည်’ ဟုပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည်ချက်ချင်းပေးလိုက်မည်။”
ပထမတွင်ယေရှု၏တပည့်တို့သည် ဤညွှန်ကြားချက်များမှာ ပရောဖက်ပြုချက်ပြည့်စုံခြင်းနှင့်ဆက်နွယ်ကြောင်းမသိခဲ့သော်လည်း၊ နောက်ပိုင်းတွင် သူတို့သဘောပေါက်လာကြသည်။ ဘုရားကတိထားရာဘုရင်သည် “မြည်းကလေးကိုစီး၍” ယေရုရှလင်မြို့တွင်းသို့ဝင်လာမည်ဟု ပရောဖက်ဇာခရိကြိုဟောခဲ့သည်။ အလားတူပင်ဘုရင်ရှောလမုန်သည် ဘိသိက်ခံခြင်းငှာ မြည်းကလေးကိုစီးသွားခဲ့သည်။
ဗက်ဖာဂေရွာထဲတပည့်များဝင်၍ မြည်းမနှင့်မြည်းကလေးကိုယူသောအခါ အနီး၌ရပ်နေသူအချို့က “အဘယ်ကြောင့်မြည်းကြိုးကိုဖြည်သနည်း” ဟုမေးကြ၏။ တိရစ္ဆာန်များသည်သခင်အတွက်ဖြစ်သည်ဟုပြောသောအခါ တပည့်တို့အားယူသွားစေသည်။ တပည့်တို့သည် မြည်းမနှင့်မြည်းကလေးအပေါ်တွင် မိမိတို့ဝတ်ရုံကိုတင်ကြပြီး ယေရှုသည်မြည်းကလေးကိုစီးလေ၏။
ယေရုရှလင်ဘက်သို့ယေရှုသွားစဉ် လူအုပ်ကြီးလာ၍ လူအများသည် မိမိတို့အဝတ်ကိုချွတ်ပြီး အချို့မှာသစ်ခက်များကိုခုတ်၍လမ်း၌ခင်းကြ၏။ “ထာဝရဘုရား [ယေဟောဝါ] ၏အခွင့်နှင့် ကြွလာတော်မူသောဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်၌ငြိမ်သက်ခြင်းဖြစ်စေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်း” ဟုကြွေးကြော်ကြ၏။
ဖာရိရှဲအချို့မူ ဤကြွေးကြော်မှုများကြောင့် စိတ်အနှောင့်အယှက်ဖြစ်သဖြင့်ယေရှုကို “အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တော်များကိုဆုံးမပါ” ဟုဆိုကြ၏။ သို့သော်ယေရှုက “ဤသူတို့သည်တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်းကြွေးကြော်ကြလိမ့်မည်” ဟုမိန့်ဆို၏။
ယေရုရှလင်သို့ယေရှုချဉ်းကပ်စဉ် မြို့ကိုကြည့်၍ငိုကြွေးတော်မူပြီး “အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင်သင်သိရလျှင်မင်္ဂလာရှိ၏။ ယခုမူကားထိုအရာတို့ကို သင်၏မျက်စိရှေ့မှာမထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။” သူမသည်သိလျက်နှင့်မနာခံမှုကြောင့် ယေရှုကြိုတင်ပြောခဲ့သည့်အတိုင်း အခကိုပေးရမည်။
“သင်၏ရန်သူ (ဗိုလ်ချုပ်တိတုလက်အောက်ရှိရောမများ) တို့သည်သင့်ပတ်လည်တွင်တပ်တည်၍ လေးမျက်နှာ၌ဝိုင်:ရံလျက်ချုပ်ထားပြီးလျှင် သင်၏ကိုယ်မှစ၍ သင်၏သားသမီးတို့ကို မြေနှင့်တညီတည်းညှိသဖြင့် သင်၌ကျောက်တစ်ခုပေါ်တစ်ခုမျှ ထပ်ဆင့်၍မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလသည်ရောက်လိမ့်မည်” ဟုမိန့်ဆို၏။ ခရစ်တော်ကြိုတင်ဟောခဲ့သော ယေရုရှလင်ပျက်စီးခြင်းသည် ၃၇ နှစ်ကြာပြီးနောက် စီအီး ၇၀ တွင်အမှန်ပင်ပြည့်စုံခဲ့သည်။
စောစောပိုင်းသီတင်းပတ်အနည်းငယ်ခန့်က လူအုပ်ထဲရှိလူအများသည် လာဇရုအားယေရှုထမြောက်စေသည်ကို တွေ့ရှိခဲ့၍ ဤသူများသည် ထိုအံ့ဖွယ်အမှုကို အခြားသူများအားပြောဆိုနေကြသည်။ ထို့ကြောင့်ယေရှုသည်ယေရုရှလင်သို့ဝင်ရောက်သောအခါ တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ကြပြီး “ဤသူကားအဘယ်သူနည်း” ဟုလူတို့သိချင်ကြသည်။ “ဤလူကားဂါလိလဲပြည်နာဇရက်မြို့၌ပေါ်ထွန်းသော ပရောဖက်ယေရှုပင်ဖြစ်သည်” ဟုလူတို့ကအဆက်မပြတ်ပြောကြသည်။ ဖြစ်ပျက်နေသမျှကို ဖာရိရှဲတို့သည်အလျှင်းမတတ်နိုင်ကြသောကြောင့် “ဤလောကသည် ထိုသူနောက်သို့လိုက်ပါသွားကြပါသည်တကား” ဟုမြည်တမ်းကြ၏။
ယေရုရှလင်မြို့ကိုလည်ပတ်သည့်အခါ ထုံးစံရှိသည်အတိုင်း ဗိမာန်တော်သို့သွား၍ ယေရှုဆုံးမသွန်သင်၏။ ထိုတွင်မျက်စိကန်းသူများ၊ မစွမ်းမသန်သူများသည် အထံတော်သို့လာကြရာ သူတို့အနာရောဂါကို ကိုယ်တော်ငြိမ်းစေတော်မူ၏။ ယေရှုပြုတော်မူသောအံ့ဖွယ်အမှုတို့ကိုမြင်၍ သူငယ်တို့ကလည်း “ဒါဝိဒ်၏သားတော်ကယ်တင်တော်မူပါ၊ ကျွန်ုပ်တို့ဆုတောင်းပါ၏ [ကဘ]” ဟုဗိမာန်တော်၌ကြွေးကြော်ကြသည်ကိုကြားကြသောအခါ ယဇ်ပုရောဟိတ်အကြီးနှင့်ကျမ်းပြုဆရာတို့သည်ကြားမြင်လျှင် အမျက်ထွက်ကြ၍ “ဤသူတို့သည်အဘယ်သို့ ပြောဆိုသည်ကိုကြားသလော” ဟုယေရှုအားကန့်ကွက်ကြ၏။
“ငါကြား၏” ဟုယေရှုဖြေဆို၏။ “‘နို့စို့သူငယ်တို့နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်’ ဟူသောစကားကို သင်တို့သည်တစ်ခါတစ်ရံမျှမဖတ်ဖူးသလော” ဟုမိန့်ဆိုသည်။
ယေရှုသည် ဆက်လက်သွန်သင်တော်မူပြီး၊ ဗိမာန်တော်ရှိအရာခပ်သိမ်းကိုကြည့်ရှုတော်မူ၏။ မကြာမီပင်အချိန်နှောင်းလာသည်။ သို့နှင့်တပည့်တော် ၁၂ ပါးနှင့်အတူနှစ်မိုင်ခန့်ဝေးသောဗေသနိရွာသို့ပြန်သည်။ ထိုတနင်္ဂနွေညဉ့်ယံကို လာဇရု၏အိမ်တွင် တည်းခဲ့ပုံရသည်။ မဿဲ ၂၁:၁-၁၁၊ ၁၄-၁၇။ မာကု ၁၁:၁-၁၁။ လုကာ ၁၉:၂၉-၄၄။ ယောဟန် ၁၂:၁၂-၁၉။ ဇာခရိ ၉:၉။
▪ ယေရှုသည် မည်သည့်အချိန်၌ရှင်ဘုရင်အဖြစ် ယေရုရှလင်မြို့ထဲမည်ကဲ့သို့ဝင်သနည်း။
▪ လူအုပ်သည် ယေရှုကိုထောမနာပြုခြင်းသည် အဘယ်မျှလောက်အရေးကြီးသနည်း။
▪ ယေရုရှလင်မြို့ကိုရှုမြင်သောအခါ ယေရှုမည်ကဲ့သို့ခံစားရသနည်း။ မည်သည့်ပရောဖက်ပြုချက်ကို မိန့်မြွက်တော်မူသနည်း။
▪ ဗိမာန်တော်သို့ယေရှုသွားရောက်စဉ် ဘာဖြစ်ပျက်သနည်း။