အခန်း ၁၁၇
ဥယျာဉ်အတွင်း ပြင်းပြသောဝေဒနာ
ဆုတောင်းပြီးနောက်၊ ယေရှုနှင့်တမန်တော် ၁၁ ပါးသည် ယေဟောဝါအားချီးမွမ်းသီချင်းသီဆိုကြ၏။ ထိုနောက်အထက်ခန်းမမှဆင်းလာကြပြီး ညတွင်းချင်းကေဒြုန်ချိုင့်ဝှမ်းကိုဖြတ်ကာ ဗေသနိရွာသို့ဦးတည်သွားကြ၏။ သံလွင်ပင်များအလယ် သူတို့တွေ့ဆုံနေကျနေရာ သံလွင်တောင်ဝန်းကျင်ရှိဂေသရှေမန်ဥယျာဉ်တွင် ခေတ္တရပ်နားကြသည်။
ဥယျာဉ်အဝင်ဝအနီးတွင် တမန်တော်ရှစ်ပါးအားကိုယ်တော်က “ငါသည်ဟိုအရပ်သို့သွား၍ဆုတောင်းစဉ် ဤအရပ်၌ထိုင်နေကြလော့” ဟုညွှန်ကြားပြီး ပေတရု၊ ယာကုပ်နှင့်ယောဟန် သုံးဦးကိုခေါ်သွား၍ ဥယျာဉ်ထဲဝင်လေသည်။ ယေရှုသည် နှလုံးကြေကွဲစိတ်ပူပန်လွန်း၍ “ငါသည်သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ငါနှင့်အတူစောင့်၍နေကြလော့” ဟုသူတို့အားမိန့်ဆိုသည်။
သူတို့ထံမှအနည်းငယ်ခွာသွားပြီး မြေပေါ်မှာပျပ်ဝပ်၍ စိတ်အားတက်ကြွစွာဖြင့် “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေ” ဟုဆုတောင်းလေသည်။ ကိုယ်တော်ဘာကိုဆိုလိုသနည်း။ အဘယ်ကြောင့် “သေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်” ရသနည်း။ အသေခံ၍ရွေးဖိုးပေးရန် မိမိ၏ဆုံးဖြတ်ချက်မှ ယေရှုနောက်ဆုတ်နေခြင်းလော။
လုံးဝမဟုတ်ပါ။ ယေရှုသည်သေခြင်းမှလွတ်ရန် တောင်းခံနေခြင်းမဟုတ်။ တစ်ခါကပူဇော်သက္ကာအဖြစ်သေခြင်းကိုရှောင်ရန် ပေတရု၏အကြံပေးချက်ကိုပင် ယေရှုဆန့်ကျင့်ခဲ့သည်။ မကြာမီရွံရှာဖွယ်ရာဇဝတ်သားကဲ့သို့ မိမိသေရမည့်အဖြစ်သည် ခမည်းတော်၏နာမကိုရှုတ်ချမည်ကိုစိုးရိမ်သောကြောင့် ပြင်းပြသောဝေဒနာကိုယ်တော်ခံစားနေရခြင်းဖြစ်သည်။ နာရီအနည်းငယ်တွင် ဘုရားကိုရှုတ်ချသူ၊ အဆိုးရွားဆုံးသူတစ်ဦးအဖြစ်နှင့် သစ်တိုင်ပေါ်ရိုက်ထားခံရတော့မည်ကို ယခုယေရှုမြင်သည်။ ယင်းသည်ကိုယ်တော်အား များစွာစိတ်နှောင့်ယှက်မှုဖြစ်စေသည်။
ကြာရှည်စွာဆုတောင်းပြီးနောက် တမန်တော်သုံးဦးထံယေရှုပြန်လာ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့လေသည်။ ပေတရုအားကိုယ်တော်က “သင်တို့သည် တစ်နာရီခန့်မျှ ငါနှင့်အတူစောင့်နေခြင်းငှာ မစွမ်းနိုင်သလော။ စုံစမ်းနှောင့်ယှက်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့” ဟုမိန့်ဆိုသော်လည်း သူတို့ခံစားနေရသည့်ဖိစီးမှုနှင့် ညဉ့်နက်ချိန်ကိုအသိအမှတ်ပြုလျက် “စိတ်ဝိညာဉ်ကား စေတနာရှိသော်ငြားလည်း ကိုယ်မူကားအားနည်းသည်” ဟုဆို၏။
ထိုနောက်ဒုတိယအကြိမ်ထွက်သွားပြန်၍ “ဤခွက်” တည်းဟူသောယေရှုဆောင်ရွက်စရာယေဟောဝါ၏ခန့်အပ်ရာတာဝန်သို့မဟုတ်အလိုတော်ကို မိမိထံမှဘုရားသခင်ဖယ်ရှားပေးပါရန် တောင်းလျှောက်လေသည်။ တစ်ဖန်ပြန်လာသောအခါ တပည့်သုံးဦးသည် သွေးဆောင်မခံရရန်ဆုတောင်းနေသင့်သည့်အချိန်တွင် အိပ်ပျော်နေသည်ကို ယေရှုတွေ့ပြန်၍ သူတို့နှင့်စကားပြောသည့်အခါ ဘာမျှပြန်မပြောနိုင်ကြချေ။
တတိယအကြိမ် ကျောက်ခဲတစ်ပစ်လောက်ခွာသွား၍ဒူးထောက်လျက် “အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါ” ဟုမျက်ရည်နှင့်တကွဆုတောင်းလေသည်။ ရာဇဝတ်သားအဖြစ်မိမိ၏သေခြင်းသည် ခမည်းတော်နာမကိုရှုတ်ချမည်ဖြစ်သောကြောင့် ယေရှုသည်ပြင်းပြစွာခံစားရသည်။ အကြောင်းမှာဘုရားကိုကျိန်ဆဲရှုတ်ချသူအဖြစ် စွပ်စွဲခံရခြင်းသည် ကိုယ်တော်အတွက် အလွန်ခံရခက်စေသည်တကား။
သို့သော်ငြားလည်း ယေရှုက “ကျွန်ုပ်အလိုအတိုင်းမဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုအတိုင်းဖြစ်ပါစေ” ဟုဆက်၍ဆုတောင်းလေသည်။ ယေရှုသည် နာခံမှုရှိစွာ မိမိအလိုကိုငြင်းပယ်၍ ဘုရားအလိုတော်အတိုင်းဖြစ်စေသည်။ ထိုအခါ ကောင်းကင်တမန်ပေါ်လာ၍ ကိုယ်တော်ကိုအားပေးစကားပြောလေသည်။ ခမည်းတော်၏မျက်နှာသာကိုရရှိကြောင်း ယေရှုအားကောင်းကင်တမန်ပြောပုံရသည်။
ယေရှု၏တာဝန်သည် မည်မျှကြီးလေးပါသည်တကား။ ကိုယ်တော်နှင့်လူသားတစ်ရပ်လုံး၏ ထာဝရအသက်ရရေးကို ဆုံးဖြတ်ပေးမည့်အချိန်ဖြစ်နေသည်။ စိတ်ပိုင်းဖိစီးမှုသည် ကြီးမားလှ၏။ ထိုကြောင့်ယေရှုသည် သာ၍အားထုတ်ဆုတောင်းရာ ချွေးတို့သည်သွေးစက်ကဲ့သို့မြေပေါ်သို့ကျလေသည်။ “ယင်းသည်ရှားပါးထူးခြားသော ဖြစ်ရပ်ဖြစ်သော်လည်း ချွေးသည်သွေးအဖြစ် . . . ကြီးမားသောစိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုဖြစ်သည့်အခါ ပေါ်ပေါက်နိုင်သည်” ဟု The Journal of the American Medical Association ကသုံးသပ်ထားသည်။
ထိုနောက် တမန်တော်များထံတတိယအကြိမ်ပြန်လာ၍ သူတို့အိပ်ပျော်လျက်နေသည်ကို ထပ်မံတွေ့ပြန်သည်။ အလွန်ဝမ်းနည်းကြေကွဲမှုကြောင့် သူတို့သည်နွမ်းလျနေကြသည်။ “ဤသို့သောအချိန်တွင် သင်တို့သည် အိပ်ပျော်၍အနားယူနေကြပါသည်တကား။ အမှုလွန်ပြီ။ လူသားကို ဆိုးသောသူတို့လက်သို့အပ်နှံရသော အချိန်ရောက်လာပြီ။ ထကြ။ ငါတို့သွားကြကုန်အံ့။ ငါ့ကိုအပ်နှံသောသူသည် ရောက်လာပြီ” ဟုမိန့်တော်မူ၏။
ကိုယ်တော်စကားပြောနေစဉ်မှာပင် ယုဒရှကာရုတ်နှင့်အတူ မီးတုတ်၊ မီးခွက်၊ လက်နက်များကိုင်ဆောင်လာသူလူအုပ်ကြီးသည် ချဉ်းကပ်လာသည်။ မဿဲ ၂၆:၃၀၊ ၃၆-၄၇၊ ၁၆:၂၁-၂၃။ မာကု ၁၄:၂၆၊ ၃၂-၄၃။ လုကာ ၂၂:၃၉-၄၇။ ယောဟန် ၁၈:၁-၃။ ဟေဗြဲ ၅:၇။
▪ အထက်ခန်းမမှထွက်လာပြီးနောက် ယေရှုသည်တမန်တော်များကို မည်သည့်နေရာသို့ဦးဆောင်သွားပြီး ထိုနေရာ၌ကိုယ်တော်ဘာလုပ်သနည်း။
▪ ယေရှုဆုတောင်းနေစဉ် တမန်တော်များဘာလုပ်နေကြသနည်း။
▪ ယေရှုသည် အဘယ်ကြောင့်ပြင်းစွာသောဝေဒနာခံစားရပြီး ဘုရားရှင်အားကိုယ်တော်ဘာတောင်းခံသနည်း။
▪ ယေရှု၏ချွေးတို့သည်သွေးကဲ့သို့ဖြစ်ခြင်းက ဘာကိုတင်ပြသနည်း။