စိတ်ဓာတ်ကျဆင်းသူများအတွက် နှစ်သိမ့်မှု
“ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင်တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်ဟုငါတို့သိကြ၏။” (ရောမ ၈:၂၂) ယင်းကိုရေးသားခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်း ၁,၉၀၀ ကျော်က လူသားများခံစားနေရခြင်းသည် ကြီးမားခဲ့သည်။ လူများစွာတို့သည် စိတ်ဓာတ်ကျဆင်းနေကြသည်။ ထို့ကြောင့် “စိတ်ဓာတ်ကျဆင်းနေသောစိုးလ်များကို နှစ်သိမ့်စကားပြောပါ” ဟုခရစ်ယာန်များကိုတိုက်တွန်းထားသည်။—၁ သက်သာလောနိတ် ၅:၁၄၊ ကဘ။
ယနေ့လူ့ဒုက္ခဖိစီးမှုများသည် ပိုမိုကြီးမားလာပြီး ယခင်အချိန်ကထက်ပို၍များပြားသောလူများသည် စိတ်ဓာတ်ကျဆင်းမှုကိုခံစားနေကြရသည်။ သို့သော် ယင်းကိုကျွန်ုပ်တို့အံ့သြသင့်သလော။ မအံ့သြသင့်ပါ။ အကြောင်းမှာ သမ္မာကျမ်းစာက ယင်းတို့ကို “နောက်ဆုံးသောကာလ” ဟုသတ်မှတ်ဖော်ပြပြီး “ခဲယဉ်းသောကာလ” ဟုခေါ်ထားသည်။ (၂ တိမောသေ ၃:၁-၅) နောက်ဆုံးသောကာလတွင် “လူမျိုးတို့သည် ပြင်းထန်သောဒုက္ခဝေဒနာ ခံရကြ” ပြီး “လူတို့သည် မြေကြီးပေါ်တွင်ဖြစ်ပျက်လာမည့်အရာများကိုမျှော်၍ ကြောက်ရွံ့ ခြင်းကြောင့်မေ့မြော ကြလိမ့်မည်အကြောင်း ခရစ်တော်ယေရှုကြိုတင်ဟောထားသည်။—လုကာ ၂၁:၇-၁၁၊ ၂၅-၂၇၊ ကဘ။ မဿဲ ၂၄:၃-၁၄။
လူတို့သည် စိုးရိမ်မှု၊ ကြောက်ရွံ့ မှု၊ ပူဆွေးမှု သို့မဟုတ် အခြားသောအပျက်သဘောခံစားမှုများကို ရေရှည်ခံစားလာရသောအခါ စိတ်ဓာတ်ကျဆင်းလာတတ်ကြသည်။ စိတ်ဓာတ်ကျဆင်းရခြင်း သို့မဟုတ် အလွန်အမင်းဝမ်းနည်းရခြင်းအကြောင်းရင်းများမှာ ချစ်မြတ်နိုးရသူတစ်ဦးဦးသေဆုံးခြင်း၊ လင်မယားကွာရှင်းခြင်း၊ အလုပ်ပြုတ်ခြင်း သို့မဟုတ် နာတာရှည်ရောဂါတို့ကြောင့်ဖြစ်နိုင်သည်။ မိမိသည်တန်ဖိုးမရှိ၊ ဘာမျှအသုံးမကျဘဲ သူတစ်ပါးကို အနှောင့်အယှက်ပြုစိတ်ဆင်းရဲစေသူသာဖြစ်သည်ဟု ခံစားရပါများသောအခါတွင်လည်း လူတို့သည်စိတ်ဓာတ်ကျဆင်းတတ်ကြသည်။ ဖိစီးမှုများသည့်အခြေအနေ၏မွှေနှောက်ခြင်းကို မည်သူမဆိုခံရနိုင်သော်လည်း လူတစ်ဦးသည် မျှော်လင့်ချက်မဲ့ပြီး အခြေအနေဆိုးမှလွတ်ရာလမ်းမမြင်တော့ဟုခံစားရလျှင် ယင်းသည် ထိုသူအား အပြင်းအထန်စိတ်ဓာတ်ကျဆင်းမှုကို ဖြစ်စေနိုင်သည်။
ရှေးခေတ်ကလူများသည် အလားတူပင်ခံစားခဲ့ရသည်။ ယောဘသည် ဖျားနာမှုနှင့် ကိုယ်ရေးကိုယ်တာအကြောင်းမလှမှုများကို ခံစားခဲ့ရသည်။ ဘုရားသခင်သူ့ကိုစွန့်ပစ်ပြီဟုခံစားရသဖြင့် ဘဝကိုရွံမုန်းကြောင်းသူဖော်ပြခဲ့သည်။ (ယောဘ ၁၀:၁။ ၂၉:၂၊ ၄၊ ၅) ယာကုပ်သည် သူ့သားသေဆုံးဖွယ်ရှိသည့်အဖြစ်ကြောင့် နှစ်သိမ့်မှုကိုငြင်းပယ်ကာ သေရန်ဆန္ဒရှိခဲ့သည်။ (ကမ္ဘာဦး ၃၇:၃၃-၃၅) ကြီးလေးသည့်အမှားကြောင့်စိတ်မကြည်လင်သဖြင့် ဒါဝိဒ်ဤသို့မြည်တမ်းခဲ့သည်။ “ကျွန်ုပ်သည် တစ်နေ့လုံးဝမ်းနည်းစွာသွားလာရပါ၏။ ထုံကျင်လျက်ရှိနေပါ၏။”—ဆာလံ ၃၈:၆၊ ၈။ ကဘ။ ၂ ကောရိန္သု ၇:၅၊ ၆၊ သတင်းကောင်း။
ယနေ့လူများစွာတို့သည် မိမိတို့၏စိတ်ပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားမှုနှင့် ကာယရေးအရတတ်စွမ်းနိုင်မှုများထက်ပိုသောမနိုင်ဝန်ကို နေ့စဉ်အလေ့အထအဖြစ် ထမ်းရန်ကြိုးစားခြင်းအားဖြင့် စိတ်ဓာတ်ကျဆင်းမှုကိုဖြစ်စေသည်။ ဒုက္ခဖိစီးမှုတွင် အပျက်သဘောပါသည့်အတွေးနှင့်စိတ်လှုပ်ရှားမှုတို့ကပ်ပါလာပြီး ခန္ဓာကိုယ်ကိုထိခိုက်ကာ ဦးနှောက်ရှိဓာတ်သဘာဝများကိုမညီမမျှဖြစ်စေသဖြင့် နောက်ဆုံးစိတ်ဓာတ်ကျဆင်းမှုကိုဖြစ်စေတော့သည်။—သု၊ ၁၄:၃၀၊ နှိုင်းယှဉ်။
သူတို့လိုအပ်သောအကူအညီ
ပထမရာစုအချိန်က ဖိလိပ္ပိမြို့မှခရစ်ယာန်ဖြစ်သူ ဧပဖြောဒိတ်သည် ‘သူဖျားနာသည့်သတင်းကို [သူ့မိတ်ဆွေများ] ကြားသိသွားသောကြောင့် စိတ်ဓာတ်ကျခဲ့သည်။’ တမန်တော်ပေါလုကိုကူညီရန် သူ့မိတ်ဆွေများက သူ့အားရောမသို့စေလွှတ်သည့်နောက်ပိုင်းတွင် သူဖျားနာခဲ့ရာ မိမိသည် မိတ်ဆွေများကိုစိတ်ပျက်စေသူဖြစ်ပြီး မိမိအားအသုံးမကျသူအဖြစ်မိတ်ဆွေများထင်မှတ်မည်ဟူသောအတွေးက သူ့အားစိတ်ဓာတ်ကျစေသည်။ (ဖိလိပ္ပိ ၂:၂၅-၂၇၊ ၄:၁၈) တမန်တော်ပေါလု မည်သို့ကူညီခဲ့သနည်း။
“သို့ဖြစ်၍ သခင်ဘုရားကိုထောက်လျက် ဝမ်းမြောက်သောစိတ်နှင့် [ဧပဖြောဒိတ်] ကိုလက်ခံကြလော့။ ထိုသို့သောသူတို့ကို ရိုသေလေးမြတ်ကြလော့” ဟုပါရှိသည့် ဖိလိပ္ပိမြို့ရှိမိတ်ဆွေများထံရေးလိုက်သည့်စာတစ်စောင်နှင့်အတူ ဧပဖြောဒိတ်ကို အိမ်ပြန်လွှတ်လိုက်သည်။ (ဖိလိပ္ပိ ၂:၂၈-၃၀) ပေါလုက သူ့အားဤမျှချီးမွမ်းပြောဆိုခြင်းနှင့် ဖိလိပ္ပိမြို့သားများ၏လှိုက်လှဲကြင်နာစွာကြိုဆိုခြင်းတို့က ဧပဖြောဒိတ်အားနှစ်သိမ့်မှုဖြစ်စေပြီး သူ့စိတ်ဓာတ်ကျဆင်းမှုကို လျော့ပါးစေရန် အကူအညီဖြစ်စေခဲ့မည်မှာသေချာသည်။
“စိတ်ဓာတ်ကျဆင်းနေသောစိုးလ်များကို နှစ်သိမ့်စကားပြောပါ ” ဟူသောကျမ်းစာအကြံပေးချက်သည် အလွန်ကောင်းမြတ်လှပေသည်။ စိတ်ဓာတ်ကျဆင်းမှုခံစားနေရသောမိန်းမတစ်ယောက်က “ပြောရရင် လူများကသင့်ကို လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဂရုစိုက်နေတယ်ဆိုတာကို သင်သိဖို့လိုအပ်တယ်။ ‘ကျွန်ုပ်နားလည်ပါတယ်။ သင့်အခြေအနေကောင်းသွားမှာပါ’ လို့တစ်ယောက်ယောက်ကပြောဒါကို သင်ကြားရဖို့လိုအပ်တယ်” ဟုပြောခဲ့သည်။
စိတ်ဓာတ်ကျဆင်းသူသည် ဆွေးနွေးတိုင်ပင်ရန်အတွက် ကိုယ်ချင်းစာနာတတ်သည့်ပုဂ္ဂိုလ်ကိုရှာဖွေခြင်းဖြင့် မိမိကအဦးပြုရန်လိုအပ်လေ့ရှိသည်။ ထိုသူသည် ကောင်းစွာနားထောင်သူနှင့် အလွန်စိတ်ရှည်သူဖြစ်သင့်သည်။ သူ သို့မဟုတ် သူမသည် စိတ်ဓာတ်ကျဆင်းသူအား ဩဝါဒပေးခြင်း သို့မဟုတ် ‘ခင်ဗျားအဲဒီလိုမယူမှတ်သင့်ဘူး’၊ ‘အဲဒါသိပ်မှားတဲ့အတွေးအခေါ်တွေပေါ့’ စသည့်စီရင်ချက်ချပြောဆိုခြင်းများကို ရှောင်သင့်သည်။ စိတ်ဓာတ်ကျနေသူ၏စိတ်သည် ကြေကွဲလွယ်ပြီး ထိုသို့သောအပြစ်တင်သည့်လေသံများသည် သူ့ကိုယ်ကို ပို၍ဆိုးရွားစွာခံစားရစေမည်သာဖြစ်သည်။
စိတ်ဓာတ်ကျဆင်းသူသည် မိမိအသုံးမကျဟုခံစားရနိုင်သည်။ “အကျွန်ုပ်အသက်ရှင်ခြင်းထက် သေခြင်းသည်သာ၍ကောင်းပါ၏” ဟုရေးသားခဲ့သောကျမ်းရေးသူတစ်ဦးကဲ့သို့ပင် သူခံစားရပေမည်။ (ယောန ၄:၃) သို့သော် လူကိုဘုရားသခင်မည်သို့တန်ဖိုးထားသည်ဟူသည့်အချက်သည် အမှန်အရေးကြီးသည့်အချက်ဖြစ်ကြောင်း လူတစ်ဦးသတိရသင့်သည်။ ယေရှုခရစ်သည် လူများ၏ “မရိုသေ” ခြင်းကိုခံရသော်လည်း ယင်းသည် ဘုရားသခင့်ရှုထောင့်အရကိုယ်တော့်တန်ဖိုးအစစ်အမှန်ကို မပြောင်းလဲခဲ့ပါ။ (ဟေရှာယ ၅၃:၃) ဘုရားသခင်သည် မိမိ၏သားတော်ကိုချစ်သကဲ့သို့ သင့်ကိုလည်းချစ်တော်မူကြောင်းကို စိတ်ချပါ။—ယောဟန် ၃:၁၆။
စိတ်ဓာတ်ကျဆင်းသူများကို ယေရှုသနားခဲ့ပြီး သူတို့၏ပကတိတန်ဖိုးကိုပြန်မြင်ရန် ကိုယ်တော်ကူညီခဲ့သည်။ (မဿဲ ၉:၃၆။ ၁၁:၂၈-၃၀။ ၁၄:၁၄) ဘာမျှမဟုတ်သည့်စာကလေးများကိုပင် ဘုရားသခင်တန်ဖိုးထားကြောင်း ကိုယ်တော်ရှင်းပြခဲ့သည်။ “ထိုစာငှက်တစ်ကောင်ကိုမျှဘုရားသခင်မေ့လျော့တော်မမူ” ဟုကိုယ်တော်ပြောခဲ့သည်။ ကိုယ်တော့်အလိုတော်ဆောင်ရန်ကြိုးစားသောလူသားများအား ကိုယ်တော်မည်မျှပို၍တန်ဖိုးထားမည်ဖြစ်ခြင်း။ ယင်းနှင့်ပတ်သက်၍ယေရှုက “သင်တို့၏ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏” မိန့်တော်မူခဲ့သည်။—လုကာ ၁၂:၆၊ ၇။
အလွန်အမင်းစိတ်ဓာတ်ကျဆင်းနေသူ၊ မိမိ၏အားနည်းချက်နှင့်အပြစ်များကြောင့် ဖိစီးခံနေရသူအဖို့ ဘုရားသခင်သူ့ကိုထိုမျှတန်ဖိုးထားသည်ဟုယုံကြည်ရန် မလွယ်ကူသည်တော့မှန်ပါသည်။ ဘုရားသခင့်မေတ္တာနှင့်စောင့်ရှောက်မှုကို သူ,မထိုက်တန်ဟုကျိန်းသေခံစားရကောင်းခံစားရမည်။ “ကိုယ့်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်” တတ်ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်အသိအမှတ်ပြုထားသည်။ သို့သော် ယင်းသည် အဆုံးအဖြတ်ပြုရန်အကြောင်းလော။ မဟုတ်ပါ။ အပြစ်ရှိလူသားသည် အပျက်သဘောတွေးထင်နိုင်ပြီး မိမိကိုယ်ကိုပင်အပြစ်တင်နိုင်ကြောင်း ဘုရားသခင်သိနားလည်တော်မူသည်။ ထို့ကြောင့် ကိုယ်တော့်နှုတ်ကပါဌ်တော်က သူတို့အား “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက်သာ၍ကြီးမြတ်သည်ဖြစ်၍ အလုံးစုံတို့ကိုသိတော်မူသည်” ဟုနှစ်သိမ့်ထားသည်။—၁ ယောဟန် ၃:၁၉၊ ၂၀။
မှန်ပါသည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့၏အပြစ်နှင့်အမှားများထက်မက ပို၍မြင်တော်မူသည်။ ထောက်ထားညှာတာသင့်သည့်အခြေအနေ၊ ကျွန်ုပ်တို့၏အသက်တာတစ်ခုလုံး၊ ကျွန်ုပ်တို့၏စိတ်သဘောထားနှင့်ရည်ရွယ်ချက်များကို ကိုယ်တော်သိတော်မူသည်။ အပြစ်၊ ဖျားနာခြင်းနှင့် သေခြင်းတို့ကိုအမွေခံထားရခြင်းသည် ကျွန်ုပ်တို့အတွက် ကြီးမားသောအတားအဆီးများဖြစ်ကြောင်းကို ကိုယ်တော်သိတော်မူသည်။ ကိုယ့်ကိုယ်ကြောင့်ပူဆွေးသောကဖြစ်ပြီး အနှောင့်အယှက်ဖြစ်နေခြင်းကိုယ်နှိုက်က ကျွန်ုပ်တို့အပြစ်မပြုလိုကြောင်းနှင့် အခြေအနေမလွန်သေးကြောင်းကို ဖော်ပြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အလိုကိုဆန့်ကျင်ပြီး “အချည်းနှီးသောအရာကိုလက်အောက်ခံ” ကြရသည်ဟု ကျမ်းစာပြောထားသည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခများသည့်ဖြစ်အင်ကို သက်ဝင်ကြင်နာပြီး ကျွန်ုပ်တို့၏အားနည်းချက်များကို ထောက်ထားညှာတာတော်မူသည်။—ရောမ ၅:၁၂။ ၈:၂၀။ ကဘ။
ထာဝရဘုရား “[ယေဟောဝါ၊ ကဘ] သည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော” ရှိတော်မူကြောင်း ကျွန်ုပ်တို့စိတ်ချသည်။ “အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏။ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။” (ဆာလံ ၁၀၃:၈၊ ၁၂၊ ၁၄) အမှန်ပင် ယေဟောဝါသည် ‘ဆင်းရဲခြင်းအမျိုးမျိုးကိုခံရသောကျွန်ုပ်တို့အား သက်သာစေသည့် သက်သာခြင်းအမျိုးမျိုးတို့၏ဘုရားသခင်ဖြစ်တော်မူသည်။’—၂ ကောရိန္သု ၁:၃၊ ၄။
စိတ်ဓာတ်ကျဆင်းသူတို့အတွက်အကူအညီသည် သနားကြင်နာတတ်သောဘုရားသခင်နှင့်ပို၍နီးကပ်အောင်နေခြင်းနှင့် ‘ထမ်းရွက်ရသောဝန်ကို [ကိုယ်တော့်ထံ] ၌ချထားလော့’ ဟူသောကိုယ်တော့်ခေါ်ဖိတ်ချက်ကိုလက်ခံခြင်းတို့မှ အများဆုံးရရှိနိုင်သည်။ ကိုယ်တော်သည် “စိတ်နှိမ့်ချကြေကွဲသူတို့၏စိတ်နှလုံးကို အားတက်စေတော်မူ” နိုင်သည်အမှန်။ (ဆာလံ ၅၅:၂၂။ ဟေရှာယ ၅၇:၁၅၊ သမာကျမ်း) ထိုကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့အားပေးထားသည်။ “သင်တို့၏စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို [ယေဟောဝါ] ၌အပ်နှံကြလော့။” (၁ ပေတရု ၅:၇) မှန်သည်၊ ဆုတောင်းခြင်းဖြင့် လူတို့သည်ဘုရားသခင်ထံချဉ်းကပ်နိုင်ကြပြီး “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” ကိုခံစားရမည်။—ဖိလိပ္ပိ ၄:၆၊ ၇။ ဆာလံ ၁၆:၈၊ ၉။
ဘဝပုံစံကိုလက်တွေ့ကျကျပြုပြင်ပြောင်းလဲမှုပြုခြင်းကလည်း စိတ်ဓာတ်ကျဆင်းသည့်သဘောကို အောင်မြင်နိုင်သည်။ တီဗွီအလွန်အကျွံကြည့်ခြင်းကိုရှောင်ခြင်း၊ ကျန်းမာစေသည့်အစားအသောက်များကိုစားခြင်း၊ လေကောင်းလေသန့်ရယူခြင်းနှင့်လုံလောက်သောအနားယူခြင်း၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများအားလုံးတို့သည် အရေးကြီးသည်။ အမျိုးသမီးတစ်ယောက်သည် စိတ်ဓာတ်ကျဆင်းနေသူများအား အင်တိုက်အားတိုက်လမ်းလျှောက်စေခြင်းအားဖြင့် ကူညီပေးခဲ့သည်။ စိတ်ဓာတ်ကျဆင်းနေသူအမျိုးသမီးက “ကျွန်မလမ်းလျှောက်မသွားချင်ဘူး” ဟုပြောသောအခါ သူမက ကြင်နာသော်လည်းခိုင်မာသည့်သဘောဖြင့် “သွားကိုသွားရမယ်” ဟုပြန်ပြောခဲ့သည်။ သူမဤသို့ပြန်ပြောပြခဲ့သည်။ ‘ကျွန်မတို့လေးမိုင်အထိလျှောက်ခဲ့တယ်။ အပြန်ကျတော့ သူမောနေပြီ၊ ဒါပေမယ့် သူသက်သာလာတယ်။ အားတက်သရောကိုယ်လက်လှုပ်ရှားမှုဟာဘယ်လောက် အကူအညီဖြစ်စေတယ်ဆိုတာ ကိုယ်တိုင်မစမ်းကြည့်ခင်အထိယုံနိုင်မှာမဟုတ်ဘူး။’
အချို့တို့သည် ဆေးဝါးကုသမှုအပါအဝင်အကူအညီများအားလုံးကိုရရှိပြီးနောက်၌ပင် စိတ်ဓာတ်ကျမြဲကျလျက်ရှိသည်။ လူရွယ်အမျိုးသမီးတစ်ဦးက “အားလုံး ကိုကျွန်မစမ်းကြည့်ပြီးပြီ။ ဒါပေမယ့် စိတ်ဓာတ်ကျတာပျောက်မသွားဘူး” ဟုပြောခဲ့သည်။ လက်ရှိအချိန်တွင် မျက်စိကန်းသူများ၊ နားပင်းသူများ၊ မသန်စွမ်းသူများကို ပကတိပျောက်ကင်းအောင် မကုသပေးနိုင်သကဲ့သို့ပင်ဖြစ်သည်။ သို့ရာတွင် စိတ်ဓာတ်ကျဆင်းသူများသည် လူ့နာမကျန်းမှုဟူသမျှမှထာဝစဉ်ပျောက်ကင်းမည့် သေချာသောမျှော်လင့်ချက်ကိုပေးသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်ရှုခြင်းဖြင့် နှစ်သိမ့်မှုနှင့်မျှော်လင့်ချက်ကို ရယူနိုင်သည်။—ရောမ ၁၂:၁၂။ ၁၅:၄။
မည်သူမျှစိတ်ဓာတ်မကျဆင်းရတော့မည့်အချိန်
နောက်ဆုံးသောကာလတွင်ကျရောက်မည့် ကြောက်မက်ဖွယ်အမှုများဖော်ပြရင်း ယေရှုက “ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကိုရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကိုထောက်သဖြင့် မျှော်ကြည့်၍ခေါင်းကိုကြွကြလော့” ဆက်၍မိန့်တော်မူခဲ့သည်။ (လုကာ ၂၁:၂၈) ဘုရားသခင်၏ဖြောင့်မတ်သောကမ္ဘာသစ်ဖြစ်သည့် “ဘုရားသခင်သားတို့၏ထူးမြတ်သောလွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှကယ်လွှတ်ခြင်းချမ်းသာ” သို့ဝင်စားရန် ကယ်တင်ခံရမည့်အကြောင်းကို ယေရှုပြောနေခြင်းဖြစ်သည်။—ရောမ ၈:၂၁။
အတိတ်ကသောကဝန်ထုပ်များအောက်မှလွတ်မြောက်ပြီး နေ့စဉ်စိတ်ကြည်လင်လန်းဆန်းစွာနိုးထကာ တစ်နေ့တာလုပ်ငန်းဆောင်တာများကို စိတ်ပါလက်ပါလုပ်ဆောင်ရခြင်းကား မည်မျှစိတ်သက်သာမှုပါတကား။ မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ဓာတ်ကျဆင်းမှု၏ဟန့်တားနှောင့်ယှက်မှုကို ခံရတော့မည်မဟုတ်ပါ။ လူသားများအတွက် သေချာသည့်ကတိတော်မှာ ဘုရားသခင်သည် “သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။
အခြားသောအမှတ်အသားမပါရှိသည့်ကျမ်းကိုးကားချက်အားလုံးသည် ယုဒသန်ပြန်ဆိုသည့် သမ္မာကျမ်း မှဖြစ်သည်။