ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kl အခန်း ၁၂ စာ. ၁၀၈-၁၁၇
  • ဆိုးညစ်သော နာမ်ဝိညာဉ်အင်အားစုကို တွန်းလှန်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆိုးညစ်သော နာမ်ဝိညာဉ်အင်အားစုကို တွန်းလှန်လော့
  • ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုးညစ်သောနာမ်ဝိညာဉ်များ—၎င်းတို့၏မူလအစနှင့် ရည်မှန်းချက်
  • နာမ်ဝိညာဉ်ဆိုးများ သင့်ကိုလှည့်ဖြားရန် ကြိုးစားပုံ
  • နတ်ဝိဇ္ဇာအတတ်ကို သမ္မာကျမ်းစာ ပြစ်တင်ရှုတ်ချရခြင်းအကြောင်း
  • ဆွဲဆောင်ခြင်းမှ တိုက်ခိုက်ခြင်းသို့
  • နာမ်ဝိညာဉ်ဆိုးများကို ခုခံတွန်းလှန်နည်း
  • နာမ်ဝိညာဉ်ဆိုးများကို ဆက်လက်တိုက်ပွဲဝင်ပါ
  • ဝိညာဉ်သတ္တဝါတွေ—ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်ပုံ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • နတ်ဆိုးတွေကို တွန်းလှန်ဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • နာမ်ဝိညာဉ်ဆိုးများ တန်ခိုးကြီး၏
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • နတ်ဝိဇ္ဇာအတတ်ကို ရှောင်သင့်သည့် အကြောင်းရင်း
    နိုးလော့!—၂၀၀၈
နောက်ထပ် ကြည့်ပါ
ထာဝရအသက်ရစေသော အသိပညာအသိပညာ
kl အခန်း ၁၂ စာ. ၁၀၈-၁၁၇

အခန်း ၁၂

ဆိုးညစ်သော နာမ်ဝိညာဉ်အင်အားစုကို တွန်းလှန်လော့

၁။ နာမ်ဝိညာဉ်ဆိုးများနှင့် ရင်ဆိုင်ရသည့်အခါ၌ ယေရှု မည်သို့တုံ့ပြန်တော်မူသနည်း။

ယေရှုသည် နှစ်ခြင်းခံပြီးလျှင်ပြီးချင်း ဆုတောင်းပတ္ထနာပြုရန်နှင့် တွေးတောဆင်ခြင်ရန်အတွက် ယုဒလွင်တီးခေါင်သို့ ကြွသွားတော်မူ၏။ ထိုတွင် စာတန်ကကိုယ်တော်အား ဘုရားသခင့်ပညတ်တော်ကို ချိုးဖောက်စေရန် ကြိုးပမ်းခဲ့သည်။ သို့သော် ယေရှုသည် မာရ်နတ်၏သွေးဆောင်မှုကိုငြင်းပယ်ကာ ဆင်ထားသောကျော့ကွင်းတွင် အမိမခံခဲ့ချေ။ ယေရှုသည် မြေကြီးပေါ်ဓမ္မအမှုတော် ဆောင်ရွက်စဉ် ဆိုးညစ်သောအခြားနာမ်ဝိညာဉ်များနှင့်လည်း ရင်ဆိုင်တော်မူခဲ့သည်။ သို့သော် ကိုယ်တော်သည် ၎င်းတို့ကို ထပ်ခါတလဲ ပြစ်တင်ကြိမ်းမောင်း၍ တွန်းလှန်တော်မူခဲ့သည်။—လုကာ ၄:၁-၁၃; ၈:၂၆-၃၄; ၉:၃၇-၄၃။

၂။ အဘယ်မေးခွန်းများကို ကျွန်ုပ်တို့ စဉ်းစားဆင်ခြင်ကြမည်နည်း။

၂ ထိုရင်ဆိုင်တွေ့ ကြုံမှုများကိုဖော်ပြသည့် သမ္မာကျမ်းစာရေးသားချက်များက ဆိုးညစ်သောနာမ်ဝိညာဉ်အင်အားစုများ မုချတည်ရှိကြောင်း လက်ခံယုံကြည်စေသည်။ ၎င်းတို့သည် လူတို့ကိုလှည့်ဖြားရန် ကြိုးစားကြသည်။ သို့သော် နာမ်ဝိညာဉ်ဆိုးများကို ကျွန်ုပ်တို့ တွန်းလှန်နိုင်ပါသည်။ သို့ရာတွင် ဆိုးညစ်သောနာမ်ဝိညာဉ်များ အဘယ်ကဖြစ်လာကြသနည်း။ ၎င်းတို့သည် လူသားတို့ကို လှည့်ဖြားရန် အဘယ်ကြောင့်ကြိုးစားကြသနည်း။ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အဘယ်နည်းလမ်းများကို ၎င်းတို့အသုံးပြုကြသနည်း။ ဤမေးခွန်းများ၏ အဖြေများကိုရရှိလျှင် နာမ်ဝိညာဉ်ဆိုးအင်အားစုများကို တွန်းလှန်ရာ၌ အထောက်အကူဖြစ်မည်။

ဆိုးညစ်သောနာမ်ဝိညာဉ်များ—၎င်းတို့၏မူလအစနှင့် ရည်မှန်းချက်

၃။ စာတန်မာရ်နတ် မည်သို့ဖြစ်ပေါ်လာသနည်း။

၃ ဘုရားသခင်သည် လူသားများကိုမဖန်ဆင်းမီ ကြာမြင့်စွာကတည်းက နာမ်ဝိညာဉ်သတ္တဝါအမြောက်အမြားကို ဖန်ဆင်းတော်မူ၏။ (ယောဘ ၃၈:၄၊ ၇) အခန်း ၆ တွင် ရှင်းပြခဲ့သည့်အတိုင်း ၎င်းကောင်းကင်တမန်များအနက်မှတစ်ပါးက လူသားများ ယေဟောဝါအားကိုးကွယ်မည့်အစား မိမိအားကိုးကွယ်စေလိုသည့်ဆန္ဒဖြစ်ပေါ်ခဲ့သည်။ ထိုရည်မှန်းချက်အောင်မြင်ရေးအတွက် ဆိုးညစ်သောဤကောင်းကင်တမန်က ဖန်ဆင်းရှင်ကို အတိုက်အခံလုပ်၍ ကိုယ်တော်အကြောင်း သွားပုပ်လေလွင့်ပြောသည့်အပြင် ဘုရားသခင်သည် မုသားသုံးသူဖြစ်သည်ဟုပင် ကနဦးလူမိန်းမဖြစ်သူကို စောင်းပါးရိပ်ခြည်ဆိုလိုက်သေးသည်။ ယင်းကြောင့် ဤသူပုန်သည် စာတန် (ခုခံတွန်းလှန်သူ) မာရ်နတ် (သွားပုပ်လေလွင့်ပြောသူ) ဟူ၍ သင့်လျော်စွာအမည်တွင်လာခဲ့သည်။—ကမ္ဘာဦး ၃:၁-၅; ယောဘ ၁:၆။

၄။ နောဧခေတ်၌ ကောင်းကင်တမန်အချို့ အဘယ်သို့ပြစ်မှားခဲ့ကြသနည်း။

၄ နောက်ပိုင်းတွင် အခြားကောင်းကင်တမန်များလည်း စာတန်ဘက်ပါသွားကြသည်။ ဖြောင့်မတ်သောသူ နောဧလက်ထက်တွင် ၎င်းတို့အထဲမှအချို့သည် မြေကြီးပေါ်မှအမျိုးသမီးများနှင့် သံဝါသပြုလိုသည့်ဆန္ဒရမ္မက် ပြေပျောက်စေရန် ကောင်းကင်ဘုံမှအမှုတော်ကိုစွန့်၍ အသွေးအသားခန္ဓာကို ယူဆောင်ခဲ့ကြသည်။ ဤသို့နာခံမှုမရှိသောလမ်းစဉ်ကိုလိုက်ရန် ထိုကောင်းကင်တမန်များပေါ် စာတန်သြဇာလွှမ်းမိုးခဲ့သည်မှာ ယုံမှားဖွယ်မရှိ။ ဤသို့ဖြင့် နက်ဖလင်ခေါ် ကပြားကလေးများ မွေးဖွားလာသည်။ ၎င်းတို့သည် ကြမ်းကြုတ်၍အနိုင်ကျင့် ဗိုလ်ကျသူများဖြစ်လာကြသည်။ ရေလွှမ်းမိုးဘေးကြီးကို ယေဟောဝါကျရောက်စေခဲ့စဉ်က ဖောက်ပြန်သောလူသားများနှင့်တကွ နာခံမှုမရှိသောကောင်းကင်တမန်တို့၏ မျိုးမစစ်သောသားသမီးများသည် ပျက်စီးကုန်ကြသည်။ ပုန်ကန်သောကောင်းကင်တမန်တို့မူကား အသွေးအသားခန္ဓာကိုစွန့်၍ နာမ်ဝိညာဉ်ဘုံသို့ပြန်သွားခြင်းဖြင့် ပျက်စီးခြင်းဘေးမှ လွတ်မြောက်ခဲ့ကြသည်။ သို့သော် ဘုရားသခင်သည် ထိုနတ်ဆိုးတို့ကို အပယ်ခံများအဖြစ် ဝိညာဏမှောင်မိုက်၌ ချုပ်ထားတော်မူ၏။ (ကမ္ဘာဦး ၆:၁-၇၊ ၁၇; ယုဒ ၆) သို့ပင်ငြားလည်း “နတ်ဆိုးမင်း” စာတန်နှင့် သူ၏ဆိုးညစ်သောကောင်းကင်တမန်တို့သည် ပုန်ကန်မှုဆက်လက်ပြုလုပ်ခဲ့ကြသည်။ (လုကာ ၁၁:၁၅) ၎င်းတို့၏ပန်းတိုင်ကား အဘယ်နည်း။

၅။ စာတန်နှင့်သူ၏နတ်ဆိုးတို့၌ အဘယ်ရည်မှန်းချက် ရှိကြသနည်း။ လူတို့အားထောင်ဖမ်းရန် အဘယ်အရာကို သူတို့အသုံးပြုကြသနည်း။

၅ စာတန်နှင့်နတ်ဆိုးတို့၏ ယုတ်မာသောရည်မှန်းချက်မှာ ယေဟောဝါကို လူတို့ကျောခိုင်းသွားစေရန်ပင်ဖြစ်သည်။ ထို့ကြောင့် ဤဆိုးညစ်သောသူတို့သည် လူ့သမိုင်းတစ်လျှောက် လူတို့ကိုလှည့်ဖြား၍ ခြိမ်းခြောက်တိုက်ခိုက်လာခဲ့ကြသည်။ (ဗျာဒိတ် ၁၂:၉) မျက်မှောက်ခေတ်သာဓကများက နတ်ဆိုးတို့၏ရန်လိုတိုက်ခိုက်မှုသည် ယခုအခါ၌ ယခင်ကထက် ပို၍ရက်စက်ကြမ်းကြုတ်လာကြောင်း အတည်ပြုသည်။ နတ်ဆိုးတို့သည် လူတို့ကို ထောင်ချောက်ဆင်ဖမ်းရန် ပုံသဏ္ဌာန်အမျိုးမျိုးရှိသောနတ်ဝိဇ္ဇာအတတ်ကို အသုံးပြုလေ့ရှိသည်။ ယင်းအစာကို နတ်ဆိုးများ မည်သို့အသုံးပြုကြသနည်း။ သင့်ကိုယ်ကို သင်မည်သို့ကာကွယ်နိုင်သနည်း။

နာမ်ဝိညာဉ်ဆိုးများ သင့်ကိုလှည့်ဖြားရန် ကြိုးစားပုံ

၆။ နတ်ဝိဇ္ဇာအတတ်ကား အဘယ်နည်း။ နတ်ဝိဇ္ဇာအတတ်အချို့ကား အဘယ်နည်း။

၆ နတ်ဝိဇ္ဇာအတတ်ကား အဘယ်နည်း။ ၎င်းမှာ နတ်ဆိုးများ သို့မဟုတ် နာမ်ဝိညာဉ်ဆိုးများနှင့် တိုက်ရိုက်အားဖြင့်ဖြစ်စေ၊ နတ်ဝင်သည်တစ်ဦးဦးအားဖြင့်ဖြစ်စေ ပါဝင်ပတ်သက်ခြင်းပင်ဖြစ်သည်။ ထောင်ချောက်ရှိအစာသည် မုဆိုးများအတွက် အသုံးဝင်သကဲ့သို့ နတ်ဝိဇ္ဇာအတတ်သည် နတ်ဆိုးများအတွက် အသုံးဝင်၏။ ၎င်းသည် သားကောင်ကိုဆွဲဆောင်၏။ မုဆိုးသည် အစာအမျိုးမျိုးကိုအသုံးပြု၍ တိရစ္ဆာန်များကို ထောင်ချောက်ရှိရာသို့ မျှားခေါ်သည့်နည်းတူ နာမ်ဝိညာဉ်ဆိုးများကလည်း လူသားများကို ၎င်းတို့၏ဩဇာအောက်သို့ရောက်လာအောင် နတ်ဝိဇ္ဇာအတတ်အမျိုးမျိုးကို အားပေးကြသည်။ (ဆာလံ ၁၁၉:၁၁၀ နှိုင်းယှဉ်။) ၎င်းတို့အနက်အချို့မှာ အနာဂတ်ဟောခြင်း၊ မှော်အတတ်၊ နိမိတ်ဖတ်ခြင်း၊ စုန်းအတတ်၊ ပြုစားခြင်း၊ နတ်ဝင်သည်ကိုမေးခြင်းနှင့် လူသေကိုမေးမြန်းခြင်းတို့ဖြစ်သည်။

၇။ နတ်ဝိဇ္ဇာအတတ် မည်မျှပျံ့နှံ့သနည်း။ ခရစ်ယာန်အမည်ခံနိုင်ငံများ၌ပင် နတ်ဝိဇ္ဇာအတတ် အဘယ်ကြောင့် ရှင်သန်ဖွံ့ဖြိုးနေရသနည်း။

၇ ထောင်ချောက်ရှိအစာသည် မျှော်မှန်းသည့်အတိုင်း အလုပ်ဖြစ်မြောက်သည်။ အကြောင်းမှာ နတ်ဝိဇ္ဇာအတတ်သည် ကမ္ဘာတစ်ဝန်းတွင် လူတို့ကိုဖမ်းစားနိုင်သောကြောင့်ဖြစ်သည်။ တောရွာများတွင်နေထိုင်သူတို့သည် ပယောဂဆရာများထံသွားကြပြီး မြို့နေရုံးဝန်ထမ်းများသည် နက္ခတ်ဗေဒင်ဆရာများနှင့် တိုင်ပင်ကြသည်။ ခရစ်ယာန်အမည်နိုင်ငံများ၌ပင် နတ်ဝိဇ္ဇာအတတ်ရှင်သန်ဖွံ့ဖြိုးလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စု တစ်ခုတည်း၌ စုစုပေါင်းစောင်ရေ ၁၀,၀၀၀,၀၀၀ ကျော်ထုတ်ဝေလျက်ရှိသော မဂ္ဂဇင်းအမျိုး ၃၀ ခန့်သည် နတ်ဝိဇ္ဇာအတတ်အမျိုးမျိုးကို သီးသန့်ရေးသားဖော်ပြကြသည်။ ဘရာဇီးပြည်သူတို့သည် နတ်ဝိဇ္ဇာအတတ်နှင့်ဆိုင်သော ပစ္စည်းများအတွက် နှစ်စဉ်ဒေါ်လာသန်းပေါင်း ၅၀၀ ကျော်ဖိုးသုံးစွဲလျက်ရှိကြသည်။ သို့တစေ၊ ထိုနိုင်ငံ၌ နတ်ပွဲသို့ မကြာမကြာသွားရောက်သူ ၈၀ ရာခိုင်နှုန်းမှာ ပွဲတော်တက်သော ဗတ္တိဇံခံပြီးသည့် ကက်သလစ်ဘာသာဝင်များဖြစ်ကြသည်။ ဓမ္မဆရာဘုန်းကြီးအချို့က နတ်ဝိဇ္ဇာအတတ် လိုက်စားကြသဖြင့် ဘာသာတရားကိုင်းရှိုင်းသူအများက ဤသို့လိုက်စားခြင်းကို ဘုရားသခင် နှစ်သက်လက်ခံသည်ဟု ထင်မှတ်ကြသည်။ သို့သော် မှန်ပါသလော။

နတ်ဝိဇ္ဇာအတတ်ကို သမ္မာကျမ်းစာ ပြစ်တင်ရှုတ်ချရခြင်းအကြောင်း

၈။ နတ်ဝိဇ္ဇာအတတ်နှင့်ပတ်သက်သော သမ္မာကျမ်းစာအမြင်သဘောထားကား အဘယ်နည်း။

၈ သင့်အနေဖြင့် နတ်ဝိဇ္ဇာအတတ်အချို့သည် နာမ်ဝိညာဉ်ကောင်းများနှင့် ဆက်သွယ်သည့်နည်းလမ်းများဖြစ်သည်ဟု သင်ကြားခြင်းခံခဲ့ရပါက နတ်ဝိဇ္ဇာအတတ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ မည်သို့ဆိုထားသည်ကို သိရှိရသည့်အခါ သင်အံ့အားသင့်မိပေမည်။ ယေဟောဝါ၏လူမျိုးတော်သည် ဤသို့သတိပေးခံရသည်– “ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှာ၊ နတ်ဝင်သူကိုမမှီဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။” (ဝတ်ပြုရာ ၁၉:၃၁; ၂၀:၆၊ ၂၇) “နတ်ဝိဇ္ဇာအတတ်လိုက်စားသူတို့” သည် “ဒုတိယ [ထာဝရ] သေခြင်းတည်းဟူသော ကန့်နှင့်လောင်သောမီးအိုင်” ၌ ဘဝဇာတ်သိမ်းရမည်ဟူ၍ ဗျာဒိတ်ကျမ်းစာစောင်က သတိပေးထားသည်။ (ဗျာဒိတ် ၂၁:၈; ၂၂:၁၅၊ ကဘ) နတ်ဝိဇ္ဇာအတတ်အမျိုးမျိုးကို ယေဟောဝါဘုရားသခင် နှစ်သက်သဘောကျခြင်းမရှိပါ။ (တရားဟောရာ ၁၈:၁၀-၁၂) အဘယ်ကြောင့်နည်း။

၉။ ယခုခေတ်တွင် နာမ်ဝိညာဉ်လောကမှလာသော သတင်းစကားများသည် ယေဟောဝါထံတော်မှမဟုတ်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့် ကောက်ချက်ချနိုင်သနည်း။

၉ သမ္မာကျမ်းစာရေးသားခြင်းမပြီးစီးမီက ယေဟောဝါသည် လူသားအချို့နှင့်ဆက်သွယ်ရန် နာမ်ဝိညာဉ်ကောင်းများ သို့မဟုတ် ဖြောင့်မတ်သောကောင်းကင်တမန်များကို စေလွှတ်တော်မူခဲ့သည်။ ကျမ်းစာရေးသားပြီးစီးချိန်မှစ၍ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ယေဟောဝါအား နှစ်သက်လက်ခံဖွယ်နည်းဖြင့်ဝတ်ပြုရန် လူသားများ လိုအပ်သည့်လမ်းညွှန်မှုကို ပေးလာခဲ့သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇; ဟေဗြဲ ၁:၁၊ ၂) ကိုယ်တော်သည် နတ်ဝင်သည်များအား သတင်းစကားပေးခြင်းအားဖြင့် မိမိ၏သန့်ရှင်းသောနှုတ်ကပါဌ်တော်ကို ဥပေက္ခာပြုတော်မူမည်မဟုတ်။ ယခုခေတ်တွင် နာမ်ဝိညာဉ်လောကမှလာသော သတင်းစကားမှန်သမျှသည် နာမ်ဝိညာဉ်ဆိုးများထံမှ လာခြင်းသာဖြစ်သည်။ နတ်ဝိဇ္ဇာအတတ်လိုက်စားခြင်းဖြင့် နတ်ဆိုး၏နှောင့်ယှက်ခြင်း ခံရတတ်သည်၊ သို့တည်းမဟုတ် နတ်ဆိုးပူးခြင်းပင် ခံရတတ်သည်။ ထို့ကြောင့် မည်သည့်နတ်ဝိဇ္ဇာအတတ်နှင့်မျှ မပတ်သက်ရန် ဘုရားသခင်က မေတ္တာဖြင့် သတိပေးတော်မူ၏။ (တရားဟောရာ ၁၈:၁၄; ဂလာတိ ၅:၁၉-၂၁) ၎င်းပြင်၊ နတ်ဝိဇ္ဇာအတတ်ကို ယေဟောဝါမည်သို့သဘောထားကြောင်း သိရှိပြီးနောက် ၎င်းကိုဆက်လက်လိုက်စားမည်ဆိုပါက ကျွန်ုပ်တို့သည် ပုန်ကန်သောနာမ်ဝိညာဉ်ဆိုးများကို ထောက်ခံရာရောက်သည့်ပြင် ဘုရားသခင့်ရန်သူများပင် ဖြစ်သွားနိုင်သည်။—၁ ဓမ္မရာဇဝင် ၁၅:၂၃; ၁ ရာဇဝင်ချုပ် ၁၀:၁၃၊ ၁၄; ဆာလံ ၅:၄။

၁၀။ အနာဂတ်ဟောခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းကို အဘယ်ကြောင့်ရှောင်ကြဉ်သင့်သနည်း။

၁၀ ရေပန်းစားသော နတ်ဝိဇ္ဇာအတတ်တစ်မျိုးမှာ အနာဂတ်ဟောခြင်းပင်ဖြစ်ပြီး ၎င်းမှာနာမ်ဝိညာဉ်များ၏အကူအညီဖြင့် အနာဂတ် သို့မဟုတ် မသိနိုင်သောအရာကို သိအောင်ကြိုးစားခြင်းဖြစ်သည်။ အနာဂတ်ဟောသည့်အတတ်အချို့မှာ နက္ခတ်ဗေဒင်၊ ဓာတ်ဖန်လုံးကြည့်၍ဟောခြင်း၊ အိပ်မက်ဖတ်ခြင်း၊ လက္ခဏာကြည့်ခြင်းနှင့် ဖဲချပ်ဖြင့်ရှေ့ ဖြစ်ဟောခြင်းတို့ဖြစ်သည်။ လူအများက အနာဂတ်ဟောခြင်းကို အန္တရာယ်ကင်းသောပျော်စရာအဖြစ် သဘောထားကြသော်လည်း သမ္မာကျမ်းစာကမူ ဗေဒင်ဆရာများနှင့် နာမ်ဝိညာဉ်ဆိုးများသည် ဒွန်တွဲလျက်ရှိကြောင်းပြဆိုသည်။ သာဓကအဖြစ် တမန်တော် ၁၆:၁၆-၁၉ (သတင်းကောင်း) ၌ မိန်းမငယ်တစ်ဦးအား “ဗေဒင်ဟော” နိုင်သောအစွမ်းပေးသည့် “ဗေဒင်ဟောနိုင်သောနတ်မိစ္ဆာ” အကြောင်းဖော်ပြထားသည်။ သို့သော် နတ်ဆိုးကိုနှင်ထုတ်လိုက်သည့်အခါ မိန်းမငယ်၏အနာဂတ်ဟောနိုင်သောအစွမ်းလည်း ပျောက်သွားလေသည်။ အနာဂတ်ဟောခြင်းသည် မိမိတို့၏ထောင်ချောက်အတွင်းသို့ လူတို့ကျရောက်စေရန် နတ်ဆိုးများအသုံးပြုသည့် အစာတစ်မျိုးဖြစ်သည်မှာ ရှင်းနေပါသည်။

၁၁။ သေလွန်သူတို့နှင့်ဆက်သွယ်ရန် ကြိုးစားခြင်းသည် အဘယ်ကြောင့် ထောင်ချောက်တွင်း ကျရောက်သွားနိုင်သနည်း။

၁၁ ချစ်ရသူတစ်ဦးဆုံးပါးသွားခြင်းကြောင့် သင်ဝမ်းနည်းပူဆွေးဖြစ်နေမည်ဆိုလျှင် အစာနောက်တစ်မျိုး၏ သွေးဆောင်ခြင်းနောက်သို့ လွယ်လင့်တကူပါသွားနိုင်သည်။ နတ်ဝင်သည်တစ်ဦးက သင့်အား ထူးခြားသောသတင်းပေးမည်၊ သို့မဟုတ် သေဆုံးသွားသူ၏အသံနှင့်တူသောအသံဖြင့် စကားပြောမည်။ သတိထားပါ! သေလွန်သူနှင့်ဆက်သွယ်ရန်ကြိုးစားခြင်းဖြင့် ထောင်ချောက်တစ်ခုအတွင်းသို့ ကျရောက်သွားနိုင်သည်။ အဘယ်ကြောင့်နည်း။ သေလွန်သူတို့သည် စကားမပြောနိုင်သောကြောင့်တည်း။ လူတစ်ဦးသေဆုံးသည့်အခါ “မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏” ဟူ၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က ရှင်းလင်းစွာဆိုထားသည်ကို သင်မုချသတိရပေမည်။ လူသေတို့သည် “အဘယ်အရာကိုမျှမသိ။” (ဆာလံ ၁၄၆:၄; ဒေသနာ ၉:၅၊ ၁၀) စင်စစ်အားဖြင့် နတ်ဆိုးတို့သည် သေလွန်သူ၏အသံကိုတုပ၍ နတ်ဝင်သည်အား သွားလေသူ၏အကြောင်းကို အသိပေးနိုင်ကြောင်း သိရှိထားပြီးဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၂၈:၃-၁၉) ထို့ကြောင့် “လူသေကိုမေးမြန်းသောသူ” မည်သူမဆို နာမ်ဝိညာဉ်ဆိုးတို့၏ ထောင်ချောက်အတွင်းကျရောက်ပြီး ယေဟောဝါဘုရားသခင့်အလိုတော်ကို လွန်ဆန်၍ ပြုမူရာရောက်သည်။—တရားဟောရာ ၁၈:၁၁၊ ၁၂; ဟေရှာယ ၈:၁၉။

ဆွဲဆောင်ခြင်းမှ တိုက်ခိုက်ခြင်းသို့

၁၂၊ ၁၃။ နတ်ဆိုးများသည် လူတို့ကိုသွေးဆောင်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်း၌ အလျှော့မပေးတတ်ကြောင်း အဘယ်အထောက်အထား ရှိသနည်း။

၁၂ နတ်ဝိဇ္ဇာအတတ်နှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်ကပါဌ်တော် ပေးထားသည့်သြဝါဒအတိုင်း လိုက်နာမည်ဆိုလျှင် နတ်ဆိုးတို့ထောင်ထားသောအစာကို သင်ငြင်းပယ်ရာရောက်သည်။ (ဆာလံ ၁၄၁:၉၊ ၁၀; ရောမ ၁၂:၉ နှိုင်းယှဉ်။) သို့ပြုလျှင် ဆိုးညစ်သောနာမ်ဝိညာဉ်များသည် သင့်အားဖမ်းဆီးရန် အားထုတ်ခြင်းပြုမည်မဟုတ်တော့ဟု ဆိုလိုသလော။ လုံးဝမဟုတ်ပါ! စာတန်သည် ယေရှုကို သုံးကြိမ်သွေးဆောင်ပြီးနောက် “ကိုယ်တော်၏အထံတော်မှထွက်ခွာ၍ အခါအခွင့်ကောင်းကို စောင့်နေ၏။” (လုကာ ၄:၁၃၊ သတင်းကောင်း) ထိုနည်းတူ အလျှော့မပေးတတ်သော နာမ်ဝိညာဉ်များသည် လူတို့ကိုဆွဲဆောင်ရုံမျှမက တိုက်ခိုက်မှုလည်းပြုတတ်ကြသည်။

၁၃ ဘုရားသခင့် အမှုတော်ထမ်းယောဘကို စာတန်တိုက်ခိုက်သည့်အကြောင်း ရှေ့ပိုင်းတွင် စဉ်းစားဆင်ခြင်ခဲ့သည်ကို ပြန်ပြောင်းသတိရပါ။ မာရ်နတ်သည် ယောဘ၏မွေးမြူရေးတိရစ္ဆာန်များကို ဆုံးရှုံးစေသည်၊ သူ၏အစေခံအများကို သေဆုံးစေသည်၊ သူ၏သားသမီးများကိုပင် သတ်ပစ်ခဲ့သည်။ ၎င်းနောက် ယောဘကို နာကျင်သောရောဂါဆိုး စွဲစေသည်။ သို့သော် ယောဘသည် ဘုရားသခင်အပေါ် သမာဓိစောင့်ထိန်းခဲ့သဖြင့် ကြီးမားသောကောင်းချီးမင်္ဂလာ ခံစားခဲ့ရသည်။ (ယောဘ ၁:၇-၁၉; ၂:၇၊ ၈; ၄၂:၁၂) ထိုအချိန်ကတည်းက နတ်ဆိုးများသည် လူအချို့ကို စကားမပြောနိုင်အောင်၊ မျက်စိကန်းအောင်ပြုလုပ်ကာ လူသားများ ဝေဒနာခံစားနေသည်ကိုကြည့်၍ ပျော်မွေ့လာခဲ့ကြသည်။ (မဿဲ ၉:၃၂၊ ၃၃; ၁၂:၂၂; မာကု ၅:၂-၅) ယနေ့လည်း သတင်းများအရ နတ်ဆိုးများသည် လူအချို့ကိုလိင်နှင့်ပတ်သက်၍ အနှောင့်အယှက်ပေးပြီး အချို့ကို စိတ်မနှံ့အောင်ပြုလုပ်ကြသည်။ အချို့ကိုမူ ဘုရားသခင်ကိုပြစ်မှားခြင်းဖြစ်သည့် လူသတ်မှုကျူးလွန်အောင်၊ မိမိကိုယ်ကိုသတ်သေအောင် သွေးထိုးပေးသည်။ (တရားဟောရာ ၅:၁၇; ၁ ယောဟန် ၃:၁၅) သို့သော်လည်း တစ်ချိန်က နာမ်ဝိညာဉ်ဆိုးများ၏ကျော့ကွင်း၌ ကျော့မိခဲ့သူထောင်ပေါင်းများစွာသည် ထိုကျော့ကွင်းမှ အလွတ်ရုန်းထွက်နိုင်ခဲ့ကြပြီဖြစ်သည်။ အဘယ်သို့ ရုန်းထွက်နိုင်ခဲ့ကြသနည်း။ အရေးပါသောခြေလှမ်းများကို တက်လှမ်းခြင်းအားဖြင့် ဖြစ်ပါသည်။

နာမ်ဝိညာဉ်ဆိုးများကို ခုခံတွန်းလှန်နည်း

၁၄။ ပထမရာစုနှစ် ဧဖက်မြို့မှ ခရစ်ယာန်များ၏စံနမူနာနှင့်အညီ နာမ်ဝိညာဉ်ဆိုးများကို သင်မည်ကဲ့သို့ ခုခံတွန်းလှန်နိုင်သနည်း။

၁၄ သင့်အနေဖြင့် နာမ်ဝိညာဉ်ဆိုးများကိုတွန်းလှန်၍ မိမိနှင့်မိမိ၏မိသားစုကို ၎င်းတို့၏ကျော့ကွင်းများမှ ကာကွယ်နိုင်သည့်နည်းတစ်နည်းကား အဘယ်နည်း။ ယုံကြည်သူများဖြစ်မလာမီက နတ်ဝိဇ္ဇာအတတ်လိုက်စားခဲ့ကြသည့် ဧဖက်မြို့မှ ပထမရာစုခရစ်ယာန်တို့သည် ခိုင်မာပြတ်သားသည့်ခြေလှမ်းများ လှမ်းခဲ့ကြသည်။ “မှော်အတတ်ကို အသုံးပြုခဲ့သူအများပင် မိမိတို့၏ကျမ်းစောင်များကို စုသိမ်းယူဆောင်လာ၍ လူပုံအလယ်တွင် မီးရှို့ကြ၏” ဟူ၍ကျွန်ုပ်တို့ဖတ်ရသည်။ (တမန်တော် ၁၉:၁၉၊ သတင်းကောင်း) သင့်အနေဖြင့် နတ်ဝိဇ္ဇာအတတ်ကို မလိုက်စားခဲ့သည့်တိုင်အောင် နတ်ဝိဇ္ဇာအတတ်အတွက် အသုံးဝင်သော၊ သို့မဟုတ် အရိပ်နိမိတ်ဆောင်သော မည်သည့်အရာကိုမဆို ဖယ်ရှားပစ်ပါ။ ၎င်းတို့တွင် စာအုပ်များ၊ မဂ္ဂဇင်းများ၊ ဗီဒီယိုခွေများ၊ ပိုစတာများ၊ တေးသီချင်းခွေများ၊ နတ်ဝိဇ္ဇာအတတ်အတွက် ရည်စူးအသုံးပြုသောပစ္စည်းများ ပါဝင်သည်။ ၎င်းပြင် ရုပ်ပုံများ၊ အဆောင်လက်ဖွဲ့များ၊ ဘေးဆီးရန်ကာဝတ်ဆင်သည့်ပစ္စည်းများနှင့် နတ်ဝိဇ္ဇာအတတ်လိုက်စားသူတို့ထံမှ လက်ခံရရှိသော လက်ဆောင်များလည်း ပါဝင်သည်။ (တရားဟောရာ ၇:၂၅၊ ၂၆; ၁ ကောရိန္သု ၁၀:၂၁) သာဓကပြရသော် ထိုင်းနိုင်ငံရှိ ဇနီးမောင်နှံတစ်စုံသည် နတ်ဆိုးများ၏နှောင့်ယှက်ခြင်းကို ကြာမြင့်စွာခံစားခဲ့ရကြသည်။ နောက်ပိုင်းတွင် နတ်ဝိဇ္ဇာအတတ်နှင့်ပတ်သက်သော ပစ္စည်းများကိုရှင်းပစ်လိုက်ကြသည်။ မည်သည့်အကျိုးရလဒ်ရရှိသနည်း။ သူတို့သည် နတ်ဆိုးတို့၏တိုက်ခိုက်မှုမှလွတ်မြောက်၍ ဝိညာဉ်ရေးတွင် ကောင်းစွာတိုးတက်လာကြသည်။

၁၅။ နာမ်ဝိညာဉ်ဆိုးအင်အားစုနှင့် ခုခံတွန်းလှန်ရာ၌ မရှိမဖြစ်လိုအပ်သော အခြားခြေလှမ်းကား အဘယ်နည်း။

၁၅ လိုအပ်သော နောက်ခြေလှမ်းတစ်လှမ်းမှာ ဘုရားပေးဝိညာဏ ချပ်ဝတ်တန်ဆာအပြည့်အစုံကို ဝတ်ဆင်ပါဟူသော တမန်တော်ပေါလု၏သြဝါဒစကားအတိုင်း လိုက်နာကျင့်ဆောင်ခြင်းပင်ဖြစ်သည်။ (ဧဖက် ၆:၁၁-၁၇) ခရစ်ယာန်တို့အနေဖြင့် နာမ်ဝိညာဉ်ဆိုးများ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ရန် ကာကွယ်ရေးကို အခိုင်အမာပြင်ဆင်ကြရမည်။ ဤခြေလှမ်း၌ အဘယ်အရာပါဝင်သနည်း။ ပေါလုက “မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကိုကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသောလွှားကိုလည်း ခပ်သိမ်းသောလက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ယူဆောင်ကြလော့” ဟူ၍ဆို၏။ မှန်ပါသည်၊ သင့်ယုံကြည်ခြင်းခိုင်ခံ့လေလေ နာမ်ဝိညာဉ်ဆိုးအင်အားစုကို တွန်းလှန်သည့် သင့်အစွမ်းလည်း ကြီးမားလေလေဖြစ်မည်။—မဿဲ ၁၇:၁၄-၂၀။

၁၆။ သင်၏ယုံကြည်ခြင်းကို ခိုင်ခံ့အောင် မည်သို့ပြုလုပ်နိုင်သနည်း။

၁၆ ယုံကြည်ခြင်းကို မည်သို့ခိုင်ခံ့စေနိုင်သနည်း။ သမ္မာကျမ်းစာကို မပြတ်လေ့လာ၍ ယင်း၏သြဝါဒကို အသက်တာတွင် လက်တွေ့ကျင့်သုံးခြင်းအားဖြင့်ဖြစ်သည်။ လူတစ်ဦး၏ယုံကြည်ခြင်းခိုင်ခံ့မှုသည် ယုံကြည်ခြင်း၏အခြေခံဖြစ်သည့် ဘုရားသခင်အားသိကျွမ်းခြင်းပညာ မည်မျှခိုင်ခံ့သည်ဟူသောအချက်ပေါ် များစွာမူတည်ပါသည်။ သမ္မာကျမ်းစာလေ့လာရာမှ သိရှိနှလုံးသွင်းမိသည့် တိကျမှန်ကန်သောအသိပညာသည် သင့်ယုံကြည်ခြင်းကို တည်ဆောက်ပေးကြောင်းကို သင်သဘောတူသည်မဟုတ်လော။ (ရောမ ၁၀:၁၀၊ ၁၇) သို့ဆိုလျှင် ဤလေ့လာမှုကို ဆက်လက်ပြုလုပ်၍ ယေဟောဝါသက်သေများ၏ အစည်းအဝေးများကိုတက်သည့်ထုံးစံ မွေးမြူသွားမည်ဆိုပါက သင့်ယုံကြည်ခြင်းသည် ယခုထက်မကပို၍ခိုင်ခံ့လာမည်မှာ ယုံမှားဖွယ်မရှိ။ (ရောမ ၁:၁၁၊ ၁၂; ကောလောသဲ ၂:၆၊ ၇) ထိုယုံကြည်ခြင်းသည် နတ်ဆိုးတိုက်ခိုက်မှုကို ကာကွယ်ပေးသည့် မြေကတုတ်ဖြစ်လာပေမည်။—၁ ယောဟန် ၅:၅။

၁၇။ နာမ်ဝိညာဉ်ဆိုးအင်အားစုများကို တွန်းလှန်ရာ၌ နောက်ထပ်အဘယ်ခြေလှမ်းများလှမ်းရန်လိုအပ်ဖွယ်ရှိသနည်း။

၁၇ နာမ်ဝိညာဉ်ဆိုးအင်အားစုများကို တွန်းလှန်နေသူတစ်ဦး နောက်ထပ်အဘယ်ခြေလှမ်းများလှမ်းသင့်သနည်း။ ဧဖက်မြို့မှခရစ်ယာန်တို့သည် နတ်ဆိုးအယူကြီးစိုးသည့်မြို့တွင် နေထိုင်ကြသောကြောင့် အကာအကွယ်လိုအပ်ကြသည်။ သို့နှင့် ပေါလုက “ကာလအစဉ် . . . ဝိညာဉ်တော်၌ ဆုတောင်းကြလော့” ဟူ၍မှာကြားလိုက်သည်။ (ဧဖက် ၆:၁၈၊ သမ္မာ) ကျွန်ုပ်တို့သည် နတ်ဆိုးကြီးစိုးသည့်လောကအတွင်း နေထိုင်နေကြရသဖြင့် နာမ်ဝိညာဉ်ဆိုးများကို တွန်းလှန်ရာ၌ ဘုရားသခင်၏အကာအကွယ်ရရှိရေးအတွက် အပြင်းအထန်ဆုတောင်းရန် အထူးလိုအပ်သည်။ (မဿဲ ၆:၁၃) ဤနေရာ၌ ခရစ်ယာန်အသင်းတော်မှ ခန့်အပ်ခံအကြီးအကဲများ၏ ဝိညာဉ်ရေးကူညီစောင်မမှုနှင့် ဆုတောင်းမှုတို့သည် အထောက်အကူဖြစ်သည်။—ယာကုပ် ၅:၁၃-၁၅။

နာမ်ဝိညာဉ်ဆိုးများကို ဆက်လက်တိုက်ပွဲဝင်ပါ

၁၈၊ ၁၉။ လူတစ်ဦးကို နတ်ဆိုးများ တစ်ဖန်ဒုက္ခပေးလာခဲ့သော် မည်သို့ပြုလုပ်နိုင်သနည်း။

၁၈ သို့သော် အခြေခံကျသောဤခြေလှမ်းများကို တက်လှမ်းပြီးနောက်၌ပင် အချို့နာမ်ဝိညာဉ်ဆိုးများ၏ ဒုက္ခပေးခြင်းခံရကြသည်။ သာဓကအနေနှင့် ကုတ်ဒ်အဗွားနိုင်ငံမှ အမျိုးသားတစ်ဦးသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာပြီး သူ၏အဆောင်လက်ဖွဲ့အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ၎င်းနောက်ပိုင်း ကောင်းစွာတိုးတက်၍ သူ၏အသက်တာကို ယေဟောဝါထံအပ်နှံပြီး နှစ်ခြင်းခံလိုက်သည်။ သို့သော် နှစ်ခြင်းခံပြီးတစ်ပတ်အကြာတွင် နတ်ဆိုးများက သူ့ကိုတစ်ဖန်ဒုက္ခပေးလာသည်၊ သူ၏ဘာသာအယူဝါဒသစ်ကို စွန့်ပစ်ရန် အသံဖြင့်ပြောကြားလာသည်။ အကယ်၍ သင်သည်ဤသို့တွေ့ ကြုံရပါက ယေဟောဝါ၏ကာကွယ်မှုမရှိတော့ဟူ၍ အဓိပ္ပာယ်သက်ရောက်မည်လော။ မသက်ရောက်ပါ။

၁၉ စုံလင်သောလူသား ယေရှုခရစ်ပင် ဘုရားသခင့်အကာအကွယ် ရရှိထားလင့်ကစား ဆိုးညစ်သောနာမ်ဝိညာဉ်သတ္တဝါ စာတန်၏အသံကို ကြားခဲ့ရသည်။ ဤကဲ့သို့သောကိစ္စမျိုး၌ မည်သို့ပြုလုပ်သင့်သည်ကို ယေရှုပြသတော်မူခဲ့သည်။ ကိုယ်တော်က မာရ်နတ်အား ‘အချင်းစာတန်၊ ထွက်သွားလော့’ ဟူ၍မိန့်တော်မူ၏။ (မဿဲ ၄:၃-၁၀) ထိုနည်းတူ နာမ်ဝိညာဉ်လောကမှအသံကို နားမထောင်ပါနှင့်။ ယေဟောဝါထံမှ ကူညီမစမှုတောင်းလျှောက်ခြင်းဖြင့် နာမ်ဝိညာဉ်ဆိုးတို့ကို တွန်းလှန်ပါ။ မှန်ပါသည်၊ ဘုရားသခင့်နာမတော်ကိုအသုံးပြု၍ အသံကျယ်ကျယ်ဆုတောင်းပါ။ နယပုံပြင် ၁၈:၁၀ ၌ဤသို့ဆို၏– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။” ကုတ်ဒ်အဗွားနိုင်ငံမှ ထိုခရစ်ယာန်အမျိုးသားသည် ဤအတိုင်းပင်ပြုခဲ့သဖြင့် နာမ်ဝိညာဉ်ဆိုးတို့သည် သူ့အားအနှောင့်အယှက်ပေးခြင်းမှ ရပ်စဲခဲ့သည်။—ဆာလံ ၁၂၄:၈; ၁၄၅:၁၈။

၂၀။ အချုပ်အားဖြင့် နာမ်ဝိညာဉ်ဆိုးများကို ခုခံတွန်းလှန်ရန် သင်ဘာပြုလုပ်နိုင်သနည်း။

၂၀ ယေဟောဝါသည် နာမ်ဝိညာဉ်ဆိုးများကို ဆက်လက်တည်ရှိခွင့်ပြုထားသော်လည်း မိမိလူမျိုးတော်အဖို့ အထူးသဖြင့် တန်ခိုးတော်ကိုပြ၍ မိမိနာမတော်ကို မြေတစ်ပြင်လုံးအနှံ့ ကြေညာစေတော်မူ၏။ (ထွက်မြောက်ရာ ၉:၁၆) သင့်အနေဖြင့် ဘုရားသခင်နှင့် နီးနီးကပ်ကပ်နေမည်ဆိုလျှင် နာမ်ဝိညာဉ်ဆိုးများကို သင်ကြောက်စရာလိုမည်မဟုတ်။ (တောလည်ရာ ၂၃:၂၁၊ ၂၃; ယာကုပ် ၄:၇၊ ၈; ၂ ပေတရု ၂:၉) သူတို့၏တန်ခိုးသည် အကန့်အသတ်ရှိသည်။ သူတို့သည် နောဧခေတ်၌ ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည်။ ဤရာစုနှစ်အတွင်း ကောင်းကင်ဘုံမှ ချပစ်ခြင်းခံရပြီး ယခု နောက်ဆုံးတရားစီရင်ခြင်းခံရန် စောင့်ဆိုင်းလျက်ရှိကြသည်။ (ယုဒ ၆; ဗျာဒိတ် ၁၂:၉; ၂၀:၁-၃၊ ၇-၁၀၊ ၁၄) အမှန်ဆိုရလျှင် သူတို့သည် လာလတ္တံ့သောပျက်စီးခြင်းကို အလွန်ကြောက်လန့်နေကြသည်။ (ယာကုပ် ၂:၁၉) ထို့ကြောင့် နာမ်ဝိညာဉ်ဆိုးများက အစာတစ်မျိုးမျိုးဖြင့် သင့်အားမျှားခေါ်ရန် ကြိုးစားလာသည်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် တိုက်ခိုက်လာသည်ဖြစ်စေ ၎င်းတို့ကို သင်တွန်းလှန်နိုင်ပါသည်။ (၂ ကောရိန္သု ၂:၁၁) နတ်ဝိဇ္ဇာအတတ်အမျိုးမျိုးကိုရှောင်၍ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ဩဝါဒကိုလိုက်နာကာ ယေဟောဝါ၏စိတ်တော်တွေ့မှုကို ရှာယူပါ။ ဤအတိုင်းမဆိုင်းမတွ ပြုလုပ်ပါ။ အဘယ်ကြောင့်ဆိုသော် သင့်အသက်သည် ဆိုးညစ်သောနာမ်ဝိညာဉ်အင်အားစုများကို သင်ခုခံတွန်းလှန်သည့်အပေါ် မူတည်နေသောကြောင့်တည်း!

သင်၏အသိပညာကို စစ်ဆေးခြင်း

နာမ်ဝိညာဉ်ဆိုးများသည် လူတို့ကို အဘယ်ကြောင့် လှည့်ဖြားရန် ကြိုးစားကြသနည်း။

နတ်ဝိဇ္ဇာအတတ်ကို သမ္မာကျမ်းစာက အဘယ်ကြောင့် ပြစ်တင်ရှုတ်ချထားသနည်း။

ဆိုးညစ်သောနာမ်ဝိညာဉ်အင်အားစုများလက်မှ လူတစ်ဦး မည်သို့ရုန်းထွက်နိုင်သနည်း။

ဆိုးညစ်သောနာမ်ဝိညာဉ်များကို အဘယ်ကြောင့်ဆက်၍ ခုခံတွန်းလှန်နေသင့်သနည်း။

[စာမျက်နှာ ၁၁၀ ပါ ရုပ်ပုံ]

ပုံသဏ္ဌာန်အမျိုးမျိုးရှိသော နတ်ဝိဇ္ဇာအတတ်ကို သင်မည်သို့သဘောထားသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ