သင်ခန်းစာ ၃
ယေရှုခရစ်ကား မည်သူနည်း
ယေရှုအား ဘုရားသခင်၏ “သားဦး” ဟု အဘယ်ကြောင့် ခေါ်ဆိုရသနည်း။ (၁)
ကိုယ်တော်အား “နှုတ်ကပါဌ်တော်” ဟု အဘယ်ကြောင့်ခေါ်ဆိုရသနည်း။ (၁)
လူသားတစ်ဦးအနေဖြင့် ကမ္ဘာမြေကြီးသို့ အဘယ်ကြောင့် ယေရှုကြွရောက်လာရသနည်း။ (၂-၄)
အံ့ဖွယ်အမှုများကို ကိုယ်တော်အဘယ်ကြောင့်ပြုတော်မူရသနည်း။ (၅)
နီးကပ်လျက်ရှိသောအနာဂတ်၌ ယေရှု အဘယ်အမှုကိုပြုတော်မူမည်နည်း။ (၆)
၁။ ယေရှုသည် မြေကြီးသို့မလာမီ နာမ်ဝိညာဉ်သားတစ်ဦးအဖြစ် ကောင်းကင်၌နေထိုင်တော်မူခဲ့၏။ ကိုယ်တော်သည် ဘုရားသခင်၏ပထမဦးဆုံးဖန်ဆင်းရာဖြစ်တော်မူသောကြောင့် ဘုရားသခင်၏ “သားဦး” ဟု ခေါ်ဆိုထားခြင်းဖြစ်၏။ (ကောလောသဲ ၁:၁၅; ဗျာဒိတ် ၃:၁၄) ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင်ဖန်ဆင်းသော တစ်ပါးတည်းသောသားတော်ဖြစ်၏။ ယေဟောဝါသည် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အခြားအရာအားလုံးကိုဖန်ဆင်းရာ၌ လူသားဘဝမတိုင်မီကယေရှုကို ကိုယ်တော်၏ “လုပ်သားချုပ်” အဖြစ် အသုံးပြုတော်မူခဲ့၏။ (သု. ၈:၂၂-၃၁၊ ကဘ; ကောလောသဲ ၁:၁၆၊ ၁၇) ဘုရားသခင်သည် ကိုယ်တော့်ကို မိမိ၏အဓိကပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း အသုံးပြုတော်မူခဲ့သည်။ ထို့ကြောင့် ယေရှုအား “နှုတ်ကပါဌ်တော်” ဟုခေါ်ဆိုခြင်းဖြစ်၏။—ယောဟန် ၁:၁-၃; ဗျာဒိတ် ၁၉:၁၃။
၂။ ဘုရားသခင်သည် မိမိသားတော်၏အသက်ကို မာရိ၏ဝမ်းထဲသို့ပြောင်းရွှေ့ပေးတော်မူခြင်းအားဖြင့် ကိုယ်တော့်ကို ကမ္ဘာမြေကြီးသို့ စေလွှတ်တော်မူခဲ့သည်။ ထို့ကြောင့် ယေရှု၌ လူသားဖခင်မရှိ။ ထို့ကြောင့်ပင် ကိုယ်တော်သည် မည်သည့်အပြစ် သို့မဟုတ် မည်သည့်မစုံလင်မှုကိုမျှ အမွေမခံခဲ့ရချေ။ အကြောင်းတရားသုံးရပ်ကြောင့် ကမ္ဘာမြေသို့ယေရှုကို ဘုရားသခင်စေလွှတ်လိုက်ခြင်းဖြစ်သည်– (၁) ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရားကို ကျွန်ုပ်တို့အား သွန်သင်ပေးရန် (ယောဟန် ၁၈:၃၇)၊ (၂) ကျွန်ုပ်တို့လိုက်လျှောက်ရန်စံအဖြစ် စုံလင်သောသစ္စာသမာဓိစောင့်ထိန်းခြင်းကိုပြုရန် (၁ ပေတရု ၂:၂၁)၊ နှင့် (၃) ကျွန်ုပ်တို့ကို အပြစ်နှင့် သေခြင်းမှလွတ်မြောက်စေရန် မိမိ၏အသက်တော်ကို ပူဇော်ရန်အတွက်ဖြစ်သည်။ အဘယ်ကြောင့် ယင်းတို့လိုအပ်ရသနည်း။—မဿဲ ၂၀:၂၈။
၃။ ဘုရားသခင်၏ပညတ်တော်ကို မနာခံခဲ့ခြင်းအားဖြင့် ပထမလူသားအာဒံသည် ကျမ်းစာက “အပြစ်တရား” ဟု ခေါ်ဆိုထားသောအရာကို ကျူးလွန်ခဲ့သည်။ ထို့ကြောင့်သူ့ကို ဘုရားသခင် သေဒဏ်ချမှတ်ခဲ့၏။ (ကမ္ဘာဦး ၃:၁၇-၁၉) သူသည် ဘုရားသခင်၏စံနှုန်းတော်များကို ပြည့်မီတော့မည်မဟုတ်သောကြောင့် သူ၌ စုံလင်မှု မရှိတော့ပေ။ တဖြည်းဖြည်း အသက်ကြီးရင့်လာပြီး သေဆုံးသွားလေ၏။ အာဒံသည် မိမိ၏သားသမီးအားလုံးသို့ထံ အပြစ်ကို လက်ဆင့်ကမ်းပေးခဲ့သည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့လည်း အသက်ကြီးရင့်ပြီး ဖျားနာကာ သေဆုံးကြရသည်။ လူသားများ မည်သို့ကယ်တင်ခံရမည်နည်း။—ရောမ ၃:၂၃; ၅:၁၂။
၄။ ယေရှုသည် အာဒံနည်းတူ စုံလင်သောလူသားတစ်ဦးဖြစ်တော်မူ၏။ သို့သော် အာဒံနှင့်မတူသည်မှာ ယေရှုသည် ပြင်းထန်လှသောစမ်းသပ်မှုအောက်၌ပင် ဘုရားသခင်ကို စုံလင်စွာနာခံတော်မူခဲ့သည်။ ထို့ကြောင့် ကိုယ်တော်သည် အာဒံ၏အပြစ်အတွက် ပေးဆပ်ရန် မိမိ၏စုံလင်သောလူ့အသက်တာကို ပူဇော်နိုင်ခြင်းဖြစ်၏။ ၎င်းမှာ သမ္မာကျမ်းစာက “ရွေးနုတ်ရာ” ဟုရည်ညွန်းဖော်ပြထားသော အရာဖြစ်သည်။ အာဒံ၏သားသမီးများသည် သေဒဏ်စီရင်ချက်မှ လွတ်မြောက်နိုင်ကြပေပြီ။ ယေရှုကို ယုံကြည်သူအားလုံးတို့သည် အပြစ်များခွင့်လွှတ်ခံရပြီး ထာဝရအသက်ရရှိနိုင်မည်ဖြစ်သည်။—၁ တိမောသေ ၂:၅၊ ၆၊ သမ; ယောဟန် ၃:၁၆; ရောမ ၅:၁၈၊ ၁၉။
၅။ ယေရှုသည် ကမ္ဘာမြေပေါ်ရှိစဉ် ဖျားနာသူများကို ကုသပေးပြီး ဆာငတ်သူများကို ကျွေးမွေးကာ မုန်တိုင်းများကို ငြိမ်းစေတော်မူခဲ့၏။ သေဆုံးသွားသူများကိုပင် ထမြောက်စေတော်မူခဲ့၏။ ကိုယ်တော်သည်အံ့ဖွယ်အမှုများကို အဘယ်ကြောင့်ပြုတော်မူရသနည်း။ (၁) ဒုက္ခရောက်နေသူများကို ကိုယ်တော်သနားကာ သူတို့ကို ကူညီလိုတော်မူခဲ့သည်။ (၂) ကိုယ်တော်၏အံ့ဖွယ်အမှုများက ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သက်သေထူသည်။ (၃) ကမ္ဘာမြေကို ဘုရင်အဖြစ်ကိုယ်တော်အုပ်ချုပ်တော်မူချိန်၌ နာခံမှုရှိသောလူသားများအတွက် ကိုယ်တော်ပြုလုပ်ပေးမည့်အရာများကို ယင်းတို့ကဖော်ပြ၏။—မဿဲ ၁၄:၁၄; မာကု ၂:၁၀-၁၂; ယောဟန် ၅:၂၈၊ ၂၉။
၆။ ယေရှုသေဆုံးသွားကာ ဘုရားသခင်က နာမ်ဝိညာဉ်သတ္တဝါတစ်ပါးအဖြစ် ရှင်ပြန်ထမြောက်စေတော်မူပြီး ကောင်းကင်သို့ ကိုယ်တော်ပြန်တက်ကြွသွားတော်မူလေသည်။ (၁ ပေတရု ၃:၁၈) ထိုအချိန်မှစ၍ ဘုရားသခင်သည် ကိုယ်တော့်ကို ဘုရင်တစ်ပါးအဖြစ်ခန့်အပ်တော်မူလေသည်။ ယေရှုသည် ဤကမ္ဘာမြေရှိ ဆိုးသွမ်းမှုနှင့် ဒုက္ခဆင်းရဲအားလုံးတို့ကို မကြာမီပယ်ရှားတော့မည်ဖြစ်သတည်း။—ဆာလံ ၃၇:၉-၁၁; သု. ၂:၂၁၊ ၂၂။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှု၏ဓမ္မအမှုတွင် သွန်သင်ခြင်း၊ အံ့ဖွယ်အမှုများပြုခြင်းနှင့် ကျွန်ုပ်တို့အတွက် ကိုယ်တော်၏အသက်ကို ပူဇော်ခြင်းပင် ပါဝင်၏