ကျမ်းစာသည် မည်သို့တည်တံ့ခဲ့သနည်း
ရှေးစာပေများတွင် သဘာဝရန်သူများရှိသည်၊ ယင်းတို့မှာ မီး၊ စိုထိုင်းမှု၊ မှိုတို့ဖြစ်သည်။ ကျမ်းစာသည် အဆိုပါအန္တရာယ်များမှ မလွတ်ပါ။ ကမ္ဘာပေါ်တွင် အရလွယ်ဆုံးစာအုပ်ဖြစ်လာဖို့အရေး ကာလတစ်လျှောက် အကြီးအကျယ်ပျက်စီးခြင်းကို ကျော်လွှားကာ မည်သို့တည်တံ့ခဲ့သည့်မှတ်တမ်းသည် ရှေးစာပေများတွင် ထူးခြားထင်ရှားသည်။ ထိုသမိုင်းကို အပေါ်ယံထက်မက စိတ်ဝင်စားထိုက်ပေသည်။
ကျမ်းရေသူများသည် မိမိတို့၏သတင်းစကားကို ကျောက်ထက်အက္ခရာမတင်ခဲ့ပါ; တာရှည်ခံသော အုတ်ခွက်များပေါ်တွင်လည်း ယင်းတို့ကို မရေးထိုးခဲ့ပါ။ အထောက်အထားအရ သူတို့သည် မိမိတို့၏သတင်းစကားကို ပျက်စီးလွယ်သော (အမည်တူ အီဂျစ်အပင်မှ ပြုလုပ်သည့်) ပါပိုင်းရတ်နှင့် (တိရစ္ဆာန်သားရေများဖြင့် ပြုလုပ်သည့်) သားရေပြားများပေါ်တွင် မှတ်တမ်းတင်ခဲ့ကြသည်။
မူရင်းစာပေများ မည်သို့ဖြစ်သွားသနည်း။ ယင်းတို့မှ အများအပြားသည် ရှေးခေတ်အစ္စရေးနိုင်ငံတွင် လွန်လေပြီးသောကာလကတည်းက ပျက်စီးသွားဖွယ်ရှိသည်။ ပညာရှင် အိုစကာ ပါရက်က ဤသို့ရှင်းပြသည်– “ဤစာရေးကိရိယာနှစ်မျိုးစလုံး (ပါပိုင်းရတ်နှင့် သားရေ) တို့သည် စိုထိုင်းမှု၊ မှိုနှင့် ပိုးအမျိုးမျိုးတို့၏ ပြင်းထန်သည့်အတိုင်းအတာဖြင့် အန္တရာယ်ပြုခံရသည်။ စက္ကူနှင့် တာရှည်ခံသောသားရေကိုပင် လေသလပ်ထားမည် သို့မဟုတ် စိုထိုင်းသည့်အခန်းတွင် ထားမည်ဆိုလျှင် မည်မျှပျက်စီးလွယ်ကြောင်း နေ့စဉ်အတွေ့အကြုံမှ ကျွန်ုပ်တို့တွေ့ရှိရသည်။”၁
မူရင်းများမရှိတော့လျှင် ကျမ်းရေးသူတို့၏သတင်းစကားသည် ကျွန်ုပ်တို့ခေတ်အထိ မည်သို့တည်တံ့ခဲ့သနည်း။
အထူးဂရုစိုက်သော ကျမ်းကူးသူများက မပျက်စီးအောင်ထိန်းသိမ်းထား
မူရင်းတို့ကို ရေးသားပြီးမကြာမီအချိန်တွင် လက်ရေးမိတ္တူများကို စတင်ကူးရေးကြလေသည်။ ကျမ်းကူးခြင်းသည် ရှေးအစ္စရေးနိုင်ငံတွင် လုပ်ငန်းတစ်ခုပင် ဖြစ်လာပေသည်။ (ဧဇရ ၇:၆; ဆာလံ ၄၅:၁) သို့သော် အဆိုပါမိတ္တူများကိုလည်း ပျက်စီးလွယ်သော ပစ္စည်းများပေါ်တွင် မှတ်တမ်းတင်ခဲ့ကြသည်။ နောက်ဆုံးတွင် ယင်းတို့ကို အခြားလက်ရေးမိတ္တူများဖြင့် အစားထိုးခဲ့ရပြန်သည်။ မူရင်းများ ကွယ်ပျောက်သွားချိန်ဝယ် ဤမိတ္တူများသည် အနာဂတ်စာမူများအတွက် အခြေအမြစ်ဖြစ်လာလေသည်။ မိတ္တူများမှ ကူးယူခြင်းသည် ရာစုနှစ်များစွာပြုခဲ့သော အစီအစဉ်တစ်ခုဖြစ်ခဲ့သည်။ ရာစုနှစ်များတစ်လျှောက် ကျမ်းကူးသူများ၏အမှားများကြောင့် ကျမ်းစာစာသားများ လုံးဝပြောင်းသွားသလော။ အထောက်အထားက မပြောင်းပါဟုဆိုသည်။
ကျွမ်းကျင်သောကျမ်းကူးသူများသည် မိမိတို့လုပ်ငန်းအပေါ် အလေးအနက်ထားသူများဖြစ်သည်။ သူတို့ကူးသည့်စကားလုံးများကို အလွန်တန်ဖိုးထားလေးမြတ်ကြသည်။ အထူးလည်း ဂရုစိုက်တတ်ကြသည်။ “ကျမ်းကူးသူ” ဟုပြန်ဆိုသည့် ဟေဗြဲစကားလုံးသည် ဆိုဖာဖြစ်ပြီး ရေတွက်ခြင်းနှင့် မှတ်တမ်းတင်ခြင်းကို ဆိုလိုသည်။ ကျမ်းကူးသူများ၏ တိကျမှန်ကန်မှုကို ဥပမာဖြင့်ရှင်းပြရန် မက်စရိတို့ကို သုံးသပ်ကြည့်ပါ။a သူတို့နှင့်ပတ်သက်ပြီး ပညာရှင် တားမတ်စ်ဟတ်ဝဲလ်ဟောန်က ဤသို့ရှင်းပြသည်– “သူတို့သည် . . . ပင်တကျွတ်ကျမ်း [ကျမ်းစာ၏ ဦးဆုံးကျမ်းငါးစောင်] ၏ အလယ်အက္ခရာစာလုံးသည် မည်သည့်စာလုံးဖြစ်ကြောင်း၊ ကျမ်းတစ်စောင်စီ၏ အလယ်စာပိုဒ်သည် မည်သည့်အရာဖြစ်ကြောင်းနှင့် [ဟေဗြဲ] အက္ခရာစဉ်မှ အက္ခရာတစ်လုံးစီသည် ဟေဗြဲကျမ်းတစ်ကျမ်းလုံးတွင် အကြိမ်မည်မျှပါရှိကြောင်းတို့ကို တွက်ချက်ကြည့်ခဲ့ကြသည်။”၃
ထို့ကြောင့် ကျွမ်းကျင်သောကျမ်းကူးသူတို့သည် အပြန်အလှန်စစ်ဆေးနည်းစနစ်များစွာကို အသုံးပြုခဲ့ကြသည်။ ကျမ်းစာစာသားထဲမှ အက္ခရာတစ်လုံးမျှ မကျန်ခဲ့စေရန် စကားလုံးများကိုသာမက အက္ခရာစာလုံးများကိုပင် ရေတွက်သည့်အထိ ပြုလုပ်ခဲ့ကြသည်။ ယင်းနှင့်ပတ်သက်ပြီး သူတို့၏စေ့စပ်သေချာမှုကို သုံးသပ်ကြည့်ပါ– သူတို့သည် ဟေဗြဲကျမ်းစာစောင်များတွင်ပါသော အက္ခရာစာလုံးပေါင်း ၈၁၅,၁၄၀ ကိုရေတွက်ထားကြောင်း ဆိုထားပါသည်တကား!၄ ဤမျှဝီရိယစိုက်ထုတ်မှုက အလွန်တိကျမှန်ကန်မှုရှိသည်ကို သေချာစေသည်။
သို့တိုင် ကျမ်းကူးသူများသည် မမှားနိုင်သူများ မဟုတ်ကြပါ။ ကျမ်းစာစာသားများကို ရာစုနှစ်နှင့်ချီ၍ အဆင့်ဆင့်ကူးလာခဲ့ပါလျက်ကယ် ယုံကြည်အားထားလောက်သည့်ပုံစံဖြင့် ဆက်လက်တည်တံ့နေသည်ဟူသည့် အထောက်အထားတစ်စုံတစ်ရာရှိပါသလော။
ယုံကြည်စိတ်ချဖို့ ခိုင်လုံသောအခြေအမြစ်
ကျမ်းစာကို ကျွန်ုပ်တို့အချိန်အထိ တိကျမှန်ကန်စွာ လက်ဆင့်ကမ်းလာခဲ့ကြောင်း ယုံကြည်ရန် ခိုင်လုံသောအကြောင်းရှိသည်။ ထိုအထောက်အထားတွင် တည်ရှိနေဆဲ လက်ရေးစာမူများ—ဟေဗြဲကျမ်းစောင်များမှ တစ်စောင်လုံးဖြစ်စေ၊ အစိတ်အပိုင်းများဖြစ်စေ ၆,၀၀၀ ခန့်နှင့် ခရစ်ယာန်ဂရိကျမ်းစောင်များမှ ၅,၀၀၀ ခန့်—ပါဝင်သည်။ ယင်းတို့ထဲမှ ဟေဗြဲကျမ်းလက်ရေးစာမူတစ်စောင်ကို ၁၉၄၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ကျမ်းစောင်များကို မိတ္တူကူးယူခြင်းသည် အလွန်တရာမှ တိကျမှန်ကန်လှကြောင်း ယင်းက သိသာစေသည်။ ယင်းကို “ယနေ့ခေတ်အထူးခြားဆုံး စာမူရှာဖွေတွေ့ရှိမှု” အဖြစ်သမုတ်ခဲ့သည်။၅
ထိုနှစ်စောစောပိုင်း၌ အာရပ်နွယ်ဖွား သိုးကျောင်းသားလေးတစ်ယောက်သည် မိမိသိုးစုကို လှည့်လည်ထိန်းကျောင်းနေစဉ် ပင်လယ်သေအနီးတွင် ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဂူထဲတွင် မြေအိုးများစွာကို သူတွေ့ရှိခဲ့သည်၊ အများစုမှာ အိုးလွတ်များဖြစ်သည်။ အခိုင်အမာချိပ်ပိတ်ထားသည့် အိုးတစ်လုံးထဲတွင်မူ လျှော်ထည်ဖြင့် အသေအချာထုပ်ထားသည့် သားရေစာလိပ်တစ်ခုကို တွေ့ရှိခဲ့သည်၊ ယင်းအထဲတွင် ဟေရှာယကျမ်းတစ်ကျမ်းလုံးပါရှိသည်။ ပွန်းရိစုတ်ပြတ်၍ ပြုပြင်ထားပုံရှိသော ဤစာလိပ်ကို မပျက်မစီးအောင် ကောင်းစွာထိန်းသိမ်းထားပါသည်။ မိမိလက်ထဲတွင် ကိုင်ထားသည့် ရှေးဟောင်းစာလိပ်ကို ကမ္ဘာက တဖြည်းဖြည်းနှင့် အာရုံစိုက်လာလိမ့်မည်ကို အဆိုပါသိုးကျောင်းသားလေး လုံးဝမသိပါ။
အဘယ်အရာက ဤစာမူကို အဘယ်ကြောင့် ဤမျှအရေးပါစေပါသနည်း။ ၁၉၄၇ ခုနှစ်အထိ ရရှိထားသည့် ရှေးအကျဆုံး ဟေဗြဲကျမ်းစာမူအပြည့်အစုံများမှာ စီ.အီး. ဒသမရာစုနှစ်ခန့်မှဖြစ်သည်။ ဤစာလိပ်မှာမူ ဘီ.စီ.အီး. ဒုတိယရာစုb မှဖြစ်ရာ အနှစ်တစ်ထောင်ကျော် ပို၍ရှေးကျပေသည်။c ဤစာလိပ်ကို နောက်အတန်ကြာမှထွက်လာသည့် စာမူများနှင့် နှိုင်းယှဉ်လိုက်လျှင် မည်သို့ရှိမည်ကို ဖော်ထုတ်ဖို့ပညာရှင်များ အလွန်စိတ်ဝင်စားခဲ့ကြသည်။
လေ့လာမှုတစ်ခုတွင် ပညာရှင်များသည် ပင်လယ်သေကျမ်းလိပ်ပါ ဟေရှာယအခန်းကြီး ၅၃ ကို ၎င်းနောက် အနှစ်တစ်ထောင်ကြာမှထုတ်လုပ်ထားသည့် မက်စရိကျမ်းနှင့် နှိုင်းယှဉ်ကြည့်ခဲ့ကြသည်။ ကျမ်းစာအတွက် အထွေထွေနိဒါန်း စာအုပ်က လေ့လာမှု၏တွေ့ရှိချက်ကို ဤသို့ရှင်းပြသည်– “ဟေရှာယ ၅၃ ပါ စကားလုံး ၁၆၆ လုံးမှ ဒွိဟဖြစ်ဖွယ် အက္ခရာစာလုံး ဆယ့်ခုနစ်လုံးသာရှိသည်။ ယင်းတို့အနက်မှ အက္ခရာဆယ်လုံးမှာ အဓိပ္ပာယ်ကို မထိခိုက်သော စာလုံးပေါင်းအမှားပြဿနာသာဖြစ်သည်။ နောက် အက္ခရာလေးလုံးမှာ စကားဆက်ကဲ့သို့သော မဆိုစလောက်ရေးဟန်အပြောင်းအလဲများသာဖြစ်သည်။ ကျန်အက္ခရာသုံးလုံးမှာ အခန်းငယ် ၁၁ တွင်ထည့်ထားသည့် ‘အလင်း’ ဟူသည့်စကားလုံး၌ပါဝင်သော အက္ခရာများဖြစ်ပြီး အဓိပ္ပာယ်ကို အကြီးအကျယ်မထိခိုက်ပါ။ . . . ထို့ကြောင့် အနှစ်တစ်ထောင် အဆင့်ဆင့်လက်ဆင့်ကမ်းလာပြီးနောက် စကားလုံး ၁၆၆ လုံးပါသော အခန်းကြီးတစ်ခုတွင် ဒွိဟဖြစ်ဖွယ် (အက္ခရာသုံးလုံးပါ) စကားလုံးတစ်လုံး သာရှိပြီး ယင်းစကားလုံးသည် ထိုကျမ်းပိုဒ်၏အဓိပ္ပာယ်ကို သိသိသာသာမပြောင်းသွားစေပါ။”၇
နှစ်နှင့်ချီပြီး ထိုစာလိပ်များနှင့်လေ့လာလုံးပန်းခဲ့သည့် ပါမောက္ခ မေလာဘာရိုးက ယင်းတွင်ပါဝင်သောအရာများကို ခွဲခြမ်းစိတ်ဖြာလေ့လာကာ အလားတူသဘောထိုင်ခဲ့သည်– “ဤ . . . ဟေရှာယကျမ်းလိပ်နှင့် မက်စရိကျမ်းတို့ကြား ကွာခြားချက်များစွာမှာ မှားကူးခြင်းမျှဖြစ်ကြောင်း ရှင်းပြနိုင်သည်။ ခြုံကြည့်လျှင် ဤကွာခြားချက်များမှလွဲ၍ အလယ်ခေတ်လက်ရေးစာမူများတွင်တွေ့ရှိရသည့် စာသားနှင့် ထူးထူးခြားခြားညီညွတ်နေသည်။ သက်တမ်းအရ ရှေးအလွန်ပိုကျသည့် လက်ရေးစာမူတစ်ခုတွင် ဤမျှညီညွတ်မှုတွေ့ရှိရခြင်းက အစဉ်အလာလက်ဆင့်ကမ်းလာသောကျမ်း၏ ယေဘုယျတိကျမှန်ကန်မှုအတွက် စိတ်ချရသည့်အထောက်အထားဖြစ်သည်။၈
ခရစ်ယာန်ဂရိကျမ်းစောင်များ မိတ္တူကူးခြင်းတွင်လည်း “စိတ်ချရသည့်အထောက်အထား” ကို တင်ပြနိုင်ပါသည်။ ဥပမာ၊ ၁၉ ရာစုတွင် ရှာဖွေတွေ့ရှိခဲ့သော စီ.အီး. စတုတ္ထရာစု ရက်စွဲပါသည့် ကိုဒက်စ်ဆိုင်းနိုင်းတစ်ကပ်စ် သားရေလက်ရေးစာမူသည် နောက်ပိုင်းရာစုများတွင် ကူးရေးခဲ့သည့် ခရစ်ယာန်ဂရိကျမ်းလက်ရေးစာမူ၏ တိကျမှန်ကန်မှုကို ထောက်ခံပေးသည်။ အီဂျစ်နိုင်ငံ ဖိုင်ယမ်ခရိုင်တွင် ရှာဖွေတွေ့ရှိခဲ့သည့် ယောဟန်ခရစ်ဝင်ကျမ်း၏ ပါပိုင်းရတ်အပိုင်းအစတစ်ခုမှာ စီ.အီး. ဒုတိယရာစုနှစ်၏ ပထမရာစုဝက်အချိန်ကဖြစ်ရာ မူရင်းကို ရေးသားခဲ့ပြီးနောက် အနှစ် ၅၀ ပင်မကွာပေ။ ယင်းသည် ခြောက်သွေ့သောသဲထဲတွင် ရာစုနှင့်ချီပြီး မပျက်မစီးထိန်းသိမ်းခံခဲ့ရသည်။ ယင်း၏စာသားသည် များစွာသက်တမ်းနုသည့် လက်ရေးစာမူများနှင့် ညီညွတ်ပါသည်။
ကျမ်းကူးသူများသည် အမှန်ပင် အလွန်တိကျကြောင်း ဤအထောက်အထားက ခိုင်လုံစေသည်။ သို့သော်လည်း သူတို့သည် အကူးမှားမှုများရှိခဲ့သည်။ မည်သည့်လက်ရေးစာမူမျှ ခြောက်ပစ်မကင်းပါ—ပင်လယ်သေကျမ်းလိပ်လည်း ထိုနည်းလည်းကောင်းပင်။ ဤသို့ဖြစ်လျက်ပင် ပညာရှင်များသည် ဤကဲ့သို့သော မူရင်းနှင့်ကွဲလွဲမှုများကို တွေ့ရှိကာ ပြုပြင်ပေးနိုင်ခဲ့ကြပြီ။
ကျမ်းကူးသူများ၏အမှားများကို ပြုပြင်ခြင်း
လူ ၁၀၀ အား ရှည်လျားသည့် စာပေတစ်ခုကို လက်ရေးဖြင့်မိတ္တူကူးခိုင်းသည် ဆိုပါစို့။ ယုတ်စွအဆုံး ကူးရေးသူတချို့သည် အကူးမှားမှုများရှိကြမည်မှာမလွဲပေ။ သို့သော် သူတို့အားလုံးသည် တူညီသောအမှားများကို မှားကြမည်မဟုတ်ပေ။ သင်သည် မိတ္တူအစောင် ၁၀၀ စလုံးကိုယူပြီး ယင်းတို့ကို အလွန်ဂရုတစိုက်နှိုင်းယှဉ်လိုက်လျှင် အမှားများကို ခွဲထုတ်နိုင်မည်ဖြစ်ပြီး မူရင်းစာပေကို တစ်ခါမျှမမြင်ဖူးလျှင်ပင် မူရင်းမှတ်တမ်းမှ စာသားအတိအကျကို သင်သတ်မှတ်ပိုင်းဖြတ်နိုင်မည်ဖြစ်သည်။
အလားတူစွာ ကျမ်းကူးသူအားလုံးသည် တူညီသောအမှားများကို မှားခဲ့ကြသည်မဟုတ်ပေ။ ယခုအခါတွင် နှိုင်းယှဉ်ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ရန် ကျမ်းစာလက်ရေးစာမူထောင်နှင့်ချီပြီး ရှိသည့်အတွက် စာပေပညာရှင်များသည် အမှားများကို ခွဲထုတ်၊ မူရင်းစာသားကို သတ်မှတ်ဆုံးဖြတ်၊ လိုအပ်သည့်ပြုပြင်ချက်များကို မှတ်တမ်းထားနိုင်ခဲ့ကြသည်။ ဤသို့ဂရုတစိုက်လေ့လာမှု၏ရလဒ်တစ်ခုအနေနှင့် စာပေကျမ်းဂန်ပညာရှင်များသည် မူရင်းဘာသာစကားများဖြင့် ကျမ်းအခရာများကို ထုတ်လုပ်ခဲ့ကြသည်။ မွမ်းမံတည်းဖြတ်ထားသော ဤဟေဗြဲနှင့်ဂရိကျမ်းများသည် မူရင်းအခြေပြုကျမ်းဖြစ်သည်ဟု ယေဘုယျအားဖြင့် သဘောတူညီထားသော စကားလုံးများကို ယူသုံးပြီး အချို့သောလက်ရေးစာမူများတွင် ရှိကောင်းရှိမည့် ကွဲလွဲချက်များ သို့မဟုတ် ပြောင်းလဲသုံးထားသော စာသားများကို အောက်ခြေမှတ်ချက်များတွင် စာရင်းပြုစုတင်ပြထားလေ့ရှိသည်။ စာပေကျမ်းဂန်ပညာရှင်များက မွမ်းမံတည်းဖြတ်ထားသောကျမ်းများသည် ကျမ်းစာဘာသာပြန်များ ကျမ်းစာကို ခေတ်သစ်ဘာသာစကားများသို့ ပြန်ဆိုရာတွင်အသုံးပြုသည့်ကျမ်းပင်ဖြစ်သည်။
ထို့ကြောင့် သင်သည် ခေတ်သစ်ဘာသာပြန်ကျမ်းတစ်စောင်ကို ကောက်ဖတ်လိုက်သည့်အခါ ယင်းကို ဟေဗြဲနှင့်ဂရိကျမ်းများအပေါ် အခြေပြုထားရာ မူရင်းကျမ်းရေးသားသူများ၏စကားလုံးများကို မှတ်သားလောက်ဖွယ် တိတိကျကျတင်ပြထားကြောင်း အခိုင်အမာယုံကြည်စိတ်ချနိုင်သည်။d ကျမ်းစာကို လက်ဖြင့် နှစ်ပေါင်းထောင်ချီကူးရေးခဲ့ကြလျက်ကယ် ဆက်လက်တည်တံ့ခဲ့ပုံမှတ်တမ်းသည် အမှန်ပင် သာမန်ထက်ထူးကဲလှပေသည်။ ထို့ကြောင့် ဗြိတိသျှပြတိုက်၏လုပ်သက်ရှည်သော ပြတိုက်မှူးဖြစ်သူ ဆာဖရက်ဒရစ်ကင်ညွန်က ဤသို့ပြောနိုင်ခဲ့သည်– “အမှန်မှာ ကျမ်းစာစာသားသည် စင်စစ်တိကျမှန်ကန်သည်ဟု ပြောခြင်းမှာ မလွန်လွန်းပါ။ . . . ကမ္ဘာပေါ်တွင်ရှိသည့် မည်သည့်ရှေးစာအုပ်ကိုမျှ ဤသို့မဆိုနိုင်ပေ။”
[အောက်ခြေမှတ်ချက်များ]
a မက်စရိတို့ (“ရိုးရာထုံးတမ်း၏ အကဲအမှူးများ” ဟူလို) သည် စီ.အီး. ဆဋ္ဌမရာစုနှင့် ဒသမရာစုအတွင်း အသက်ရှင်ခဲ့သည့် ဟေဗြဲကျမ်းကူးသူများဖြစ်ကြသည်။ သူတို့ကူးရေးသည့် စာမူများကို မက်စရိကျမ်းဟု ခေါ်ဝေါ်သည်။၂
b ဘီ.စီ.အီး. ဆိုသည်မှာ “ခေတ်သက္ကရာဇ်မတိုင်မီ” ဟုအဓိပ္ပာယ်ရပြီး စီ.အီး. မှာ “ခေတ်သက္ကရာဇ်” ကို ဆိုလိုသည်၊ အန်နိုဒိုမီနီ အတွက်သုံးလေ့ရှိသည့် အေ.ဒီ. မှာ “သခင်၏နှစ်အတွင်း” ဟုအဓိပ္ပာယ်ရသည်။
c အီမန်နျူအယ် တော့ဖ် ရေးသားသည့် ဟေဗြဲကျမ်းစာ၏စာပေဝေဖန်ချက် စာအုပ်တွင် ဤသို့ဖော်ပြထားသည်– “ကာဗွန် ၁၄ စမ်းသပ်ချက်၏အကူအညီဖြင့် ယခုအခါ 1Qအီစာ [ပင်လယ်သေဟေရှာယ ကျမ်းလိပ်] ကို ဘီစီအီး. ၂၀၂ နှင့် ၁၀၇ ကြား (အက္ခရာသမိုင်းပညာဆိုင်ရာရက်စွဲမှာ ၁၂၅-၁၀၀ ဘီစီအီး) . . . ရက်စွဲသတ်မှတ်ထားသည်။ “မကြာသေးမီနှစ်များအတွင်း တိုးတက်လာပြီး နေ့စွဲပါသော ဒ င်္ဂါးများနှင့် ကမ္ပည်းကျောက်စာများကဲ့သို့သော ပြင်ပအရင်းအမြစ်များမှရသည့် စာပေများ၏ ပုံသဏ္ဌာန်နှင့်အနေအထားတို့ကို နှိုင်းယှဉ်ကြည့်ခြင်းပေါ်တွင်အခြေပြုကာ တိကျသောနေ့စွဲကို သတ်မှတ်စေသည့် အဆိုပါအက္ခရာသမိုင်းပညာဆိုင်ရာ နည်းစနစ်သည် အတော်အတန်အားထားနိုင်သည့် နည်းစနစ်တစ်ရပ်ဖြစ်သည်။”၆
d ဘာသာပြန်တစ်ဦးချင်းစီသည် မူရင်းဟေဗြဲနှင့်ဂရိကျမ်းများအတိုင်းလိုက်ရာတွင် တိကျသူများဖြစ်နိုင်သကဲ့သို့ မတိကျသူများလည်းဖြစ်နိုင်သည်ကား မှန်သည်။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ကျမ်းစာကို ကျွမ်းကျင်သော ကျမ်းကူးသူများက မပျက်စီးအောင် ထိန်းသိမ်းထား
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ပင်လယ်သေဟေရှာယကျမ်းလိပ် (မိတ္တူပုံပြထား) သည် အနှစ်တစ်ထောင်ကြာမှကူးယူသည့် မက်စရိကျမ်းနှင့် ချွတ်စွပ်နည်းပါးတူ