ဤစာအုပ်သည် သိပ္ပံပညာနှင့်ညီညွတ်၏လော
ဘာသာတရားသည် သိပ္ပံပညာကို မိတ်ဆွေအဖြစ် အမြဲသဘောမထားခဲ့ပါ။ ယခင်ရာစုနှစ်များက ဓမ္မပညာရှင်အချို့သည် သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိမှုများက ၎င်းတို့၏ကျမ်းစာအနက်ပြန်ဆိုမှုကို ထိခိုက်သည်ဟု ယူဆသောအခါ ယင်းတို့ကို ကန့်ကွက်ခဲ့ကြသည်။ သို့ရာတွင် သိပ္ပံပညာသည် အမှန်ပင် ကျမ်းစာ၏ရန်သူဖြစ်သလော။
ကျမ်းရေးသူများသည် မိမိတို့ခေတ်တွင် အများစုက ကျယ်ကျယ်ပြန့်ပြန့်ကိုင်စွဲထားသည့် သိပ္ပံဆိုင်ရာရှုမြင်ချက်များကို လက်ခံထားခဲ့မည်ဆိုလျှင် သိပ္ပံဆိုင်ရာ မတိကျမမှန်ကန်မှုများ သိသိသာသာပါသည့် စာအုပ်တစ်အုပ်ဖြစ်သွားပေမည်။ သို့တိုင် ကျမ်းရေးသူတို့သည် ဤကဲ့သို့သော သိပ္ပံနည်းကျမဟုတ်သည့် အလွဲထင်မြင်ယူဆမှုများကို မထောက်ခံခဲ့ကြပါ။ ဤသို့မထောက်ခံဘဲ သူတို့ရေးသားခဲ့ရာ အတော်များများတွင် သိပ္ပံပညာအရ ခိုင်လုံတိကျသည့်အချက်များသာမက ထိုခေတ်က လက်ခံထားသော အယူအဆများကို တိုက်ရိုက်ဆန့်ကျင်သည့်အချက်များလည်း ပါဝင်သည်။
ကမ္ဘာသည် မည်သည့်ပုံသဏ္ဌာန် ရှိသနည်း
ဤမေးခွန်းသည် လူသားများအား နှစ်ထောင်နှင့်ချီ၍ ညှို့ယူထားသည်။ ရှေးခေတ်က ယေဘုယျသဘောထားမှာ ကမ္ဘာသည် အပြားဖြစ်သည်ဟူ၍တည်း။ ဥပမာ၊ ဘေဘီလိုးနီးယန်းတို့က စကြဝဠာသည် သေတ္တာတစ်လုံး သို့မဟုတ် အခန်းတစ်ခန်းဖြစ်ကာ ကမ္ဘာသည်ယင်း၏ကြမ်းပြင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ အိန္ဒိယမှ ဗီဒစ်ပုရောဟိတ်များက ကမ္ဘာသည် အပြားဖြစ်ပြီး တစ်ခြမ်းတွင်သာ လူနေထိုင်ကြောင်း ယူဆခဲ့ကြသည်။ အာရှမှ ရှေးကျသောအနွယ်တစ်နွယ်က ကမ္ဘာသည် လင်ပန်းကြီးတစ်ချပ်ကဲ့သို့ဖြစ်ကြောင်း ယူဆကြသည်။
ဘီ.စီ.အီး. ဆဋ္ဌမရာစုအချိန်ကတည်းက ဂရိဒဿနပညာရှင် ပိုက်သဂိုရပ်စ်က လနှင့်နေတို့သည် စက်လုံးပုံဖြစ်သောကြောင့် ကမ္ဘာသည်လည်း စက်လုံးပင်ဖြစ်ရမည်ဟု ယူဆခဲ့သည်။ အရစ္စတိုတယ် (ဘီ.စီ.အီး. စတုတ္တရာစု) က နောက်ပိုင်းတွင် သဘောတူကာ လကြတ်ခြင်းသည် ကမ္ဘာ၏လုံးဝန်းမှုကို သက်သေပြကြောင်း ရှင်းပြသည်။ လပေါ်ကျသည့် ကမ္ဘာ၏အရိပ်သည် ကွေးနေသည်။
သို့ရာတွင် (အပေါ်ခြမ်းတွင်သာ လူနေသည့်) ပြားချပ်သောကမ္ဘာဟူသော အယူအဆသည် လုံးလုံးလျားလျားပျောက်မသွားပါ။ လုံးဝန်းသောကမ္ဘာဖြစ်ကြောင်း သဘောသက်ရောက်သည့် ကမ္ဘာ့သမသတ်အရပ်များa အယူအဆကို အချို့သူများက လက်မခံနိုင်ကြပါ။ စီ.အီး. စတုတ္ထရာစုမှ ခရစ်ယာန်ခုခံချေပသူ လက်တန်တီယက်စ်က ထိုသို့တွေးတောခြင်းကိုပင် ပြက်ရယ်ပြုခဲ့သည်။ သူဆင်ခြင်လိုက်ပုံက ဤနှယ်– “လူတွေရဲ့ခြေရာတွေက ခေါင်းပေါ်ရောက်နေတယ်၊ . . . သစ်သီးဝလံပင်တွေက ဇောက်ထိုးပေါက်နေတယ်၊ မိုးရေ၊ နှင်းနဲ့ မိုးသီးတွေက အပေါ်ပျံတက်နေတယ်ဆိုတာကို ယုံကြည်တာလောက် အသိဉာဏ်မဲ့တာ ရှိပါဦးမလား။”၂
ကမ္ဘာ့သမသတ်အရပ်များအယူအဆသည် ဓမ္မပညာရှင်အချို့အတွက် အကျပ်ရိုက်စရာဖြစ်စေခဲ့သည်။ ကမ္ဘာ့သမသတ်အရပ်သားများ ရှိခဲ့သော် အဏ္ဏဝါမှာ ခရီးမပေါက်နိုင်သည့်အထိ ကျယ်ပြောသောကြောင့်ဖြစ်စေ၊ အီကွေတာပတ်ပတ်လည်ရှိ အပူပိုင်းဇုန်ကို ဖြတ်သန်းသွား၍မရသောကြောင့်ဖြစ်စေ၊ သိပြီးလူသားများနှင့် အဆက်အသွယ်လုပ်နိုင်မည်မဟုတ်ကြောင်း သီအိုရီအချို့က အဆိုပြုသည်။ ထိုသို့ဆိုလျှင် ကမ္ဘာ့သမသတ်အရပ်သားများဟူ၍ မည်သို့ဖြစ်ပေါ်လာနိုင်မည်နည်း။ အကြံအိုက်သောကြောင့် ဓမ္မပညာရှင်အချို့သည် ကမ္ဘာ့သမသတ်အရပ်သားများမရှိနိုင် သို့မဟုတ် လက်တန်တီးယက်စ် အချေအတင်ပြောသကဲ့သို့ပင်ကမ္ဘာသည် မည်သည့်နည်းဖြင့်မျှ အလုံးမဖြစ်နိုင်ဟု ပို၍ယုံကြည်လိုကြခြင်းဖြစ်သတည်း!
မည်သို့ပင်ဆိုစေ၊ လုံးဝန်းသောကမ္ဘာအယူအဆသည် လွှမ်းမိုးလာခဲ့ရာ နောက်ဆုံးတွင် ယင်းကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံကြလေသည်။ သို့ရာတွင် ဤ ၂၀ ရာစု၏ အာကာသခေတ်နေဝန်းပြူချိန်ရောက်မှသာ လူသားတို့သည် အာကာသတွင်း ခရီးဆန့်နိုင်ကာ တိုက်ရိုက်စူးစမ်းကြခြင်းအားဖြင့် ကမ္ဘာသည် စက်လုံးပုံဖြစ်ကြောင်း အတည်ပြုပြောကြားနိုင်ကြပေပြီ။b
ဤကိစ္စတွင် ကျမ်းစာ၏ရပ်တည်ချက်ကား အဘယ်နည်း။ ဘီ.စီ.အီး. အဋ္ဌမရာစုတွင် ကမ္ဘာသည် အပြားဖြစ်သည်ဟူသည့်အယူအဆ လွှမ်းမိုးနေသောအချိန်၊ ကမ္ဘာသည် စက်လုံးပုံဖြစ်သည်ဟု ဂရိဒဿနပညာရှင်များက မယူဆမီ နှစ်ရာစုနှင့်ချီသောအချိန်၊ ကမ္ဘာသည် စက်လုံးတစ်ခုဖြစ်ကြောင်း အာကာသမှ လူသားတို့တွေ့ရသောအချိန်မတိုင်မီ နှစ်ထောင်နှင့်ချီသောအချိန်ကပင် ဟေဗြဲပရောဖက် ဟေရှာယက ဤသို့ ထူးထူးခြားခြားရိုးရိုးရှင်းရှင်း ဖော်ပြခဲ့သည်– “မြေကြီးစက်အပေါ်မှာ ထိုင် . . . တော်မူထသော သူပေတည်း။” (ဟေရှာယ ၄၀:၂၂) ဤတွင် “စက်” ဟူ၍ပြန်ဆိုထားသည့် ဟေဗြဲစကားလုံး ချု ကို “စက်လုံး” ဟူ၍လည်းပြန်ဆိုနိုင်ပါသည်။၃ အခြားဘာသာပြန်ကျမ်းများတွင် “ကမ္ဘာလုံး” (ဒူးဝေးဘာသာပြန်ကျမ်း) နှင့် “လုံးဝန်းသောကမ္ဘာ” ဟူ၍ဖတ်ရသည်။—မောဖက်။c
ကျမ်းရေးသူဟေရှာယသည် ကမ္ဘာနှင့်ပတ်သက်၍ အများလက်ခံထားသည့် ဒဏ္ဍာရီများကို ရှောင်ရှားခဲ့သည်။ ထိုသို့လက်ခံမည့်အစား သူသည် တိုးတက်နေသောသိပ္ပံပညာဆိုင်ရာ ရှာဖွေတွေ့ရှိချက်၏ နှစ်သက်ဖွယ်အဆိုတစ်ခုကို ရေးသားခဲ့သည်။
ကမ္ဘာကို မည်သည့်အရာက ထောက်မထားသနည်း
ရှေးခေတ်က လူတို့သည် စကြဝဠာနှင့်ပတ်သက်၍ ကမ္ဘာသည် မည်သည့်အရာပေါ်တွင် တည်နေသနည်း။ နေလကြယ်များကို မည်သည့်အရာက ထောက်မထားသနည်းဟူသည့် အခြားမေးခွန်းများကြောင့် ခေါင်းရှုပ်ခဲ့ကြသည်။ သူတို့သည် အိုက်ဇက်နယူတန်က ပုံသေနည်းဖြင့်ဖော်ပြခဲ့သော ၁၆၈၇ ခုနှစ်တွင် ထုတ်ဝေလိုက်သည့် စကြဝဠာ၏ဆွဲငင်အားနိယာမအကြောင်း မသိရှိခဲ့ကြပါ။ အမှန်မှာ ကောင်းကင်တန်ဆာများသည် ဘာမျှမရှိသည့် ဗလာနယ်အာကာသတွင် တွဲလဲနေသည်ဟူသည့်သဘောတရားကို သူတို့မသိကြပါ။ ထို့ကြောင့် သူတို့၏ရှင်းပြချက်များက ကိုင်တွယ်၍ရသော ဒြပ်ဝတ္တုများ သို့မဟုတ် ပစ္စည်းများသည် ကမ္ဘာနှင့် အခြားကောင်းကင်တန်ဆာများကို ထောက်မကာ အပေါ်သို့မြှောက်ထားပေးသည်ဟု တင်ပြလေ့ရှိသည်။
ဥပမာ၊ ကျွန်းသားများမှအစပြုခဲ့ဖွယ်ရှိသည့် ရှေးသီအိုရီတစ်ခုက ကမ္ဘာသည် ရေပတ်လည်ဝိုင်းနေပြီး ရေပေါ်တွင် ပေါလောမျောနေသည်ဟု ဆိုသည်။ ကမ္ဘာသည် အထပ်ထပ်ဆင့်ထားသည့် အခုအခံအုတ်မြစ်များစွာပေါ်တွင် တည်ထားကြောင်း ဟိန္ဒူတို့ အယူအဆရှိသည်။ ယင်းသည် ဆင်လေးကောင်ပေါ်တွင် တည်နေပြီး ဆင်များသည် ဧရာမလိပ်ကြီးပေါ်တွင် ရပ်နေသည်၊ ထိုလိပ်ကြီးသည် မြွေကြီးတစ်ကောင်ပေါ်တွင် ရပ်နေသည်၊ ထိုခွေနေသောမြွေကြီးသည် အပြောကျယ်သော ရေပြင်ပေါ်တွင် ပေါလောမျောနေ၏။ ဘီ.စီ.အီး. ပဉ္စမရာစုမှ ဂရိဒဿနပညာရှင် အင်မ်ပက်ဒကလက်ဇ်က ကမ္ဘာသည် ကောင်းကင်တန်ဆာများရွေ့ရှားမှုကြောင့် ဖြစ်ပေါ်လာသော လေပွေတစ်ခုပေါ်တွင် တည်နေသည်ဟု ယုံကြည်သည်။
ယင်းတို့တွင် အလွှမ်းမိုးဆုံးအယူအဆများမှာ အရစ္စတိုတယ်၏အယူအဆများဖြစ်သည်။ ကမ္ဘာသည် စက်လုံးဖြစ်သည်ဟု သူယူဆသော်လည်း ဗလာနယ်အာကာသတွင် တွဲလောင်းနေနိုင်သည်ဆိုသည့်အချက်ကိုမူ ငြင်းပယ်ခဲ့သည်။ ကောင်းကင်ပေါ်တွင် အမည်ရှိ သူ၏ ဋီကာကျမ်း၌ ကမ္ဘာသည် ရေပြင်ပေါ်တွင် တည်နေသည်ဟူသည့်အယူအဆသည် မှားကြောင်းချေပရာတွင် ဤသို့ဆိုသည်– “ရေ၏သဘာဝမှာ ကမ္ဘာကဲ့သို့ပင် လေထဲလွင့်မနေတတ်ပေ; ယင်းသည် တစ်ခုခုပေါ်တွင် တည်နေရမည်ဖြစ်။”၄ သို့ဆိုလျှင် ကမ္ဘာသည် “မည်သည့်အရာပေါ်တွင်တည်နေ” သနည်း။ နေ၊ လနှင့်ကြယ်တို့ကို အလင်းထုတ်ချင်းဖောက်သောအစိုင်အခဲ စက်လုံးများ၏မျက်နှာပြင်တွင် ချိတ်တွဲထားသည်ဟု အရစ္စတိုတယ်က သွန်သင်သည်။ စက်လုံးထဲတွင် စက်လုံးကို အထိုင်ချကာ ဗဟိုတွင် မရွေ့နိုင်သောကမ္ဘာရှိသည်။ စက်လုံးများသည် တစ်ခုအတွင်းတစ်ခုလည်ပတ်နေစဉ် ယင်းစက်လုံးတို့အပေါ်ရှိ ဒြပ်ဝတ္တုများဖြစ်သော နေ၊ လနှင့် ဂြိုဟ်တို့သည် မိုးကောင်းကင်တွင် ဖြတ်သန်းရွေ့ရှားကြလေသည်။
အရစ္စတိုတယ်၏ရှင်းပြချက်သည် ယုတ္တိရှိပုံပေါက်သည်။ အကယ်၍ ကောင်းကင်တန်ဆာများကို တစ်ခုခုနှင့် အခိုင်အမာချိတ်တွဲမထားပါမူ ယင်းတို့သည် အထက်ယံ၌ မည်သို့တည်နေနိုင်ပါမည်နည်း။ လေးစားခံရသော အရစ္စတိုတယ်၏အယူအဆများကို အမှန်တရားအဖြစ် အနှစ် ၂,၀၀၀ ခန့်လက်ခံခဲ့ကြသည်။ ဗြိတဲန်နစ်ကာ စွယ်စုံကျမ်းသစ်အရ ၁၆ ရာစုနှင့် ၁၇ ရာစုများတွင် သူ၏သွန်သင်ချက်များသည် ချာ့ချ်အမြင်တွင် “ဘာသာရေးတရားသေအယူဝါဒအဆင့်အထိ တက်ရောက်သွားခဲ့သည်။”
အဝေးကြည့်မှန်ပြောင်းကို တီထွင်လာလေသော် နက္ခတ္တဗေဒပညာရှင်များသည် အရစ္စတိုတယ်၏သီအိုရီကို စ၍စောဒကတက်ခဲ့ကြသည်။ သို့တိုင် ဂြိုဟ်များသည် ဗလာနယ်အာကာသတွင် တွဲလဲနေသည်၊ မမြင်နိုင်သည့်စွမ်းအားဖြစ်သော ဆွဲငင်အားကြောင့် မိမိတို့၏ပတ်လမ်းများတွင် တည်တံ့နေကြခြင်းဖြစ်သည်ဟု ဆာအိုက်ဇက်နယူတန်က မရှင်းပြမချင်း အဖြေမရဖြစ်နေကြသည်။ ယင်းသည် ဆန်းကြယ်နေပုံရှိရာ နယူတန်၏လုပ်ဖော်ဆောင်ဖက်အချို့ပင် အာကာသသည် ကျယ်ပြော၍ဝတ္ထုမဲ့ဗလာနယ်ဖြစ်နိုင်ဖွယ်ရှိသည်ကို ယုံရခက်နေကြသည်။d၆
အဆိုပါပြဿနာနှင့်ပတ်သက်ပြီး ကျမ်းစာက မည်သို့ဆိုစရာရှိသနည်း။ လွန်ခဲ့သည့်အနှစ် ၃,၅၀၀ နီးပါးက ကျမ်းစာတွင် ကမ္ဘာသည် “အခုအခံမရှိ” တွဲလဲဖြစ်နေသည်ဟု အလွန့်အလွန်ရှင်းလင်းစွာဖော်ပြထားသည်။ (ယောဘ ၂၆:၇) မူရင်းဟေဗြဲစကား၌ ဤတွင်အသုံးပြုထားသော “မရှိ” (ဘေလီ-မား) ဟူသည့်စကားလုံး၏ စာသားအတိုင်းအဓိပ္ပာယ်မှာ “နတ္ထိ” ဟူ၍ဖြစ်သည်။၇ ခေတ်ပြိုင်အင်္ဂလိပ်ဘာသာပြန်ကျမ်းက “သုညနယ်တွင်” ဟူသည့်အသုံးအနှုန်းကို အသုံးပြုထားသည်။
ထိုခေတ်ရှိလူအများစုသည် ကမ္ဘာကို “သုညနယ်တွင်” တွဲလဲဖြစ်နေသည့်ဂြိုဟ်တစ်လုံးအနေနှင့် လုံးဝမမြင်ပါ။ သို့တစေ ကျမ်းရေးသူသည် ခေတ်ရှေ့ပြေးကာ သိပ္ပံနည်းအရ တိကျခိုင်လုံသောအဆိုတစ်ခုကို မှတ်တမ်းတင်ခဲ့လေသည်။
ကျမ်းစာနှင့် ဆေးသိပ္ပံ—ညီညွတ်ကြ၏လော
ခေတ်သစ်ဆေးသိပ္ပံပညာရပ်က ရောဂါပိုး ပျံ့နှံ့ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းအကြောင်း များစွာပို့ချခဲ့ပြီ။ ၁၉ ရာစုတွင် ဆေးဘက်ဆိုင်ရာတိုးတက်မှုများကြောင့် ရောဂါပိုးကူးစက်မှုများကို လျော့ပါးစေရန် မန်းတားခြင်းဆေးဘက်ဆိုင်ရာလုပ်ထုံးဖြစ်သည့် သန့်ရှင်းမှုအကြောင်း စတင်ပြောလာကြသည်။ သိသိသာသာအကျိုးသက်ရောက်ခဲ့သည်။ ရောဂါကူးစက်ခြင်းနှင့် သေချိန်မတန်ဘဲသေခြင်းတို့သည် သိသိသာသာလျော့နည်းသွားသည်။
သို့သော် ရှေးသမားတော်များသည် ရောဂါပိုးပျံ့နှံ့ပုံကို အပြည့်အဝနားမလည်ခဲ့ကြသကဲ့သို့ ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်း၏ အရေးကြီးမှုကိုပါ နားမလည်ခဲ့ကြပါ။ သူတို့၏ဆေးဘက်ဆိုင်ရာလုပ်ထုံးအများအပြားမှာ ယနေ့ခေတ်အဆင့်အတန်းနှင့်ဆိုလျှင် အကြမ်းထည်ပုံထွက်နေမည်မှာ အံ့ဩစရာမဟုတ်ပေ။
ရရှိနိုင်သည့် ရှေးအကျဆုံး ဆေးကျမ်းတစ်ဆူမှာ ဘီ.စီ.အီး. ၁၅၅၀ ခန့်မှဟု နေ့စွဲတပ်နိုင်သည့် အီဂျစ်ဆေးပညာပေါင်းချုပ်တစ်ခုဖြစ်သော အီးဘားစ် ပါပိုင်းရတ်ဖြစ်သည်။ ဤစာလိပ်တွင် “မိချောင်းကိုက်ခံရခြင်းမှ ခြေသဲနာအထိဖြစ်သည့်” ဝေဒနာအမျိုးမျိုးအတွက် ကုသနည်း ၇၀၀ ခန့်ပါဝင်သည်။၈ အပြည်ပြည်ဆိုင်ရာ စံတင်ကျမ်းစာစွယ်စုံကျမ်းက “ဤသမားတော်များ၏ ဆေးဘက်ဆိုင်ရာအသိပညာသည် အတွေ့အကြုံသက်သက်အရဖြစ်ပြီး အများအားဖြင့်မှော်အတတ်နှင့်ပတ်သက်နေကာ သိပ္ပံနည်း လုံးဝမကျသည့်ပညာဖြစ်သည်” ဟုဆိုသည်။၉ ကုသနည်းအများဆုံးမှာ မထိရောက်ရုံမက အချို့မှာ အကြီးအကျယ်အန္တရာယ်ရှိသည်။ ဥပမာ၊ ထိခိုက်ဒဏ်ရာတစ်ခုကို ကုသဖို့အတွက် ဆေးညွှန်းတစ်ခုမှာ လူ့မစင်ကို အခြားပစ္စည်းများနှင့် သမအောင်ရောထားသည့်ဆေးကို လိမ်းပေးဖို့ အကြံပြုထောက်ခံထားသည်။၁၀
ဤအီဂျစ်ဆေးကုထုံးကျမ်းကို မောရှေ၏ပညတ်တရားတွင်ပါဝင်သည့် ကျမ်းစာ၏ပထမကျမ်းစောင်နှင့် တစ်ချိန်တည်းလောက်တွင် ပြုစုခဲ့သည်။ အီဂျစ်ပြည်တွင် မောရှေသည် ဘီ.စီ.အီး. ၁၅၉၃ ၌ မွေးဖွားကြီးပြင်းလာသည်။ (ထွက်မြောက်ရာ ၂:၁-၁၀) ဖာရိုမိသားစုဝင်တစ်ယောက်အနေနှင့် သူသည် “အဲဂုတ္တုအတတ်ပညာအလုံးစုံတို့ကိုသင်” ခဲ့ရလေသည်။ (တမန်တော် ၇:၂၂) သူသည် အီဂျစ် ‘ဆေးသမားတော်တို့’ နှင့်လက်ပွန်းတတီးရှိခဲ့သည်။ (ကမ္ဘာဦး ၅၀:၁-၃) မထိရောက်သော သို့မဟုတ် အန္တရာယ်ရှိသော သူတို့၏ဆေးကုထုံးများသည် သူ၏ရေးသားချက်များအပေါ် ဩဇာလွှမ်းမိုးခဲ့သလော။
မလွှမ်းမိုးခဲ့ပါ။ ယင်းသို့လွှမ်းမိုးမည့်အစား မောရှေ၏ပညတ်တရားတွင် ၎င်းအချိန်ထက် အလွန်ခေတ်ရှေ့ပြေးသော သန့်ရှင်းမှုဆိုင်ရာပြဋ္ဌာန်းချက်များပါဝင်သည်။ ဥပမာ၊ တပ်စခန်းချမှုများနှင့်ပတ်သက်သည့် ပညတ်တစ်ခုက မစင်ကို စခန်းနှင့်ဝေးဝေးတွင် မြေမြှုပ်ရန် တောင်းဆိုသည်။ (တရားဟောရာ ၂၃:၁၃) ယင်းသည် အတိုင်းထက်အလွန် အဆင့်မြင့်ကြိုတင်ကာကွယ်မှုတစ်ရပ်ဖြစ်သည်။ ယင်းသို့ပြုခြင်းဖြင့် ရေကိုညစ်ညမ်းမှုမှ ကင်းဝေးစေသည်၊သန့်ရှင်းမှုအခြေအနေ အလွန်ဆိုးရွားသည့်နိုင်ငံများတွင် သန်းနှင့်ချီသောသူများ၏အသက်ကို နှစ်စဉ်ခြွေယူလျက်ရှိသည့် ယင်ပေါက်ပွားမှုကြောင့်ဖြစ်သော ရှီဂယ်လာဝမ်းကိုက်ရောဂါနှင့် ဝမ်းလျှောရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးသည်။
မောရှေ၏ ပညတ်တရားတွင် ကူးစက်တတ်သည့်ရောဂါပိုးများ ပြန့်ပွားမှုမှ ဣသရေလလူမျိုးကို ကာကွယ်ပေးသည့် တခြားသောသန့်ရှင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက်များလည်းပါဝင်သည်။ ကူးစက်တတ်သည့်ရောဂါအရိပ်အယောင်ရှိထားသူ သို့မဟုတ် ရှိသူကို သီးသန့်ထားခဲ့သည်။ (ဝတ်ပြုရာ ၁၃:၁-၅) (ရောဂါကြောင့် ဖြစ်ကောင်းဖြစ်နိုင်၍) အလိုလိုသေသည့် တိရစ္ဆာန်တစ်ကောင်နှင့်ထိမိသော အဝတ်အစား သို့မဟုတ် အိုးခွက်များကို ပြန်အသုံးမပြုမီ ဆေးကြောပစ်ရသည် သို့မဟုတ် ဖျက်ဆီးပစ်ရသည်။ (ဝတ်ပြုရာ ၁၁:၂၇၊ ၂၈၊ ၃၂၊ ၃၃) အလောင်းနှင့်ထိမိသောလူတစ်ဦးကို မစင်ကြယ်သူဟု ယူမှတ်ရာ အဝတ်လျှော်ရေချိုးခြင်းပါဝင်သည့် စင်ကြယ်မှုအစီအစဉ်ကို ပြုလုပ်ရသည်။ မစင်ကြယ်သည့် ခုနစ်ရက်တာကာလအတွင်း အခြားသူများနှင့် ခန္ဓာချင်းမထိရန် ရှောင်ကြဉ်ရသည်။—တောလည်ရာ ၁၉:၁-၁၃။
အဆိုပါသန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းသည် ထိုခေတ်က ပတ်ပတ်လည်ရှိလူမျိုးတို့၏သမားတော်များနှင့် ဆက်နွှယ်မှုမရှိသည့် ဉာဏ်ပညာကို ဖော်ပြထားသည်။ ရောဂါပြန့်ပွားသည့်နည်းများအကြောင်း ဆေးသိပ္ပံပညာက မသိရှိမီ နှစ်ပေါင်းထောင်နှင့်ချီပြီး ကျမ်းစာက ရောဂါကာကွယ်မှုအနေနှင့် ခြေမြစ်သော ကာကွယ်နည်းနိဿယများကို ပြဋ္ဌာန်းပေးခဲ့သည်။ မောရှေက သူ့ခေတ်တွင် သာမန်ဣသရေလလူမျိုးတို့သည် အသက် ၇၀၊ ၈၀ နေသည်ဟုပြောနိုင်ခြင်းမှာအံ့အားသင့်စရာမဟုတ်ပေ။e—ဆာလံ ၉၀:၁၀။
ရှေ့တွင်တင်ပြခဲ့သည့် ကျမ်းစာအဆိုများသည် သိပ္ပံပညာအရ တိကျမှန်ကန်မှုရှိကြောင်း သင်အသိအမှတ်ပြုပေမည်။ သို့သော် သိပ္ပံပညာဖြင့်သက်သေမပြနိုင်သည့် ကျမ်းစာပါအခြားအဆိုများရှိသည်။ ယင်းကြောင့် ကျမ်းစာသည် သိပ္ပံပညာနှင့် ဆန့်ကျင်သည်ဟု ဆိုလိုပါသလော။
သက်သေမပြနိုင်သည့်အချက်ကို လက်ခံခြင်း
သက်သေမပြနိုင်သည့်အဆိုတစ်ခုကို မမှန်ပါဟု တထစ်ချဆို၍မရပေ။ သိပ္ပံဆိုင်ရာသာဓကသည် လုံလောက်သောအထောက်အထားကို ရှာဖွေတွေ့ရှိနိုင်ရန်နှင့် အချက်အလက်များကို မှန်မှန်ကန်ကန်အနက်ဖော်နိုင်ရန် လူ့စွမ်းရည်ကြောင့် ကန့်သတ်ခံရသည်။ သို့သော် မည်သည့်အထောက်အထားကိုမျှ မပျောက်မပျက်အောင် ထိန်းသိမ်းထားခြင်းမရှိ၍လည်းကောင်း၊ အထောက်အထားမှာ မသဲကွဲ သို့မဟုတ် ပျောက်သွား၍လည်းကောင်း၊ သိပ္ပံဆိုင်ရာစွမ်းပကားနှင့် ကျွမ်းကျင်မှုတို့က မငြင်းနိုင်သောနိဂုံးရောက်သည့်အထိ မပြည့်စုံသေးသောကြောင့်လည်းကောင်း အမှန်တရားအချို့ကို သက်သေမပြနိုင်ပါ။ သီးသန့်အကောင်အထည်အထောက်အထား မရှိသည့်အတွက် အချို့ကျမ်းစာအဆိုများသည် ဤသို့ပင်ဖြစ်နေပါသလော။
ဥပမာ၊ နာမ်ဝိညာဉ်သားများ အခြေချရာ မမြင်နိုင်သည့်ဘောင်နှင့်ပတ်သက်သည့် ကျမ်းစာရည်ညွှန်းချက်များကို သိပ္ပံပညာဖြင့် မှန်ကြောင်း၊ မှားကြောင်းသက်သေမပြနိုင်ပါ။ ကျမ်းစာတွင်ဖော်ပြထားသည့် အံ့ဖွယ်အမှုများနှင့်ပတ်သက်၍လည်း ထို့အတူဆိုနိုင်ပါသည်။ နောဧခေတ်ကမ္ဘာချီရေလွှမ်းမိုးခြင်းအတွက် အချို့သူများ စိတ်ကျေနပ်သည်အထိ ရှင်းလင်းသော ဘူမိဆိုင်ရာ အထောက်အထားအလုံအလောက်မရှိပါ။ (ကမ္ဘာဦး၊ အခန်းကြီး ၇) ယင်းသည် မဖြစ်ခဲ့ပါဟု ကျွန်ုပ်တို့ကောက်ချက်ချရတော့မည်လော။ သမိုင်းဝင်အဖြစ်အပျက်များသည် အချိန်ကာလနှင့်အပြောင်းအလဲကြောင့် မသဲမကွဲဖြစ်သွားနိုင်ပါသည်။ သို့ဆိုလျှင် နှစ်ထောင်ချီ၍ ဘူမိလုပ်ဆောင်ချက်ကြောင့် ရေလွှမ်းမိုးမှုအတွက် အထောက်အထားအများအပြား ပျက်စီးသွားရခြင်း မဖြစ်နိုင်ပေလော။
ရရှိနိုင်သည့်အကောင်အထည်အထောက်အထားဖြင့် မှန်ကြောင်း၊ မှားကြောင်း သက်သေမပြနိုင်သော အဆိုများကျမ်းစာတွင်ပါရှိသည်ကို ဝန်ခံပါသည်။ သို့သော် ယင်းကြောင့် ကျွန်ုပ်တို့ အံ့အားသင့်မိသလော။ ကျမ်းစာသည် သိပ္ပံပညာကျောင်းသုံးစာအုပ်မဟုတ်ပါ။ သို့သော် အမှန်တရားပါသည့်စာအုပ်ဖြစ်သည်။ ကျမ်းရေးသူများသည် တည်ကြည်မှုရှိပြီး ရိုးဖြောင့်သူများဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထားကို ကျွန်ုပ်တို့ သုံးသပ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် သိပ္ပံပညာနှင့်နှီးနွှယ်သည့် ကိစ္စရပ်များအကြောင်း ပြောသည့်အခါတွင် သူတို့၏စကားလုံးများမှာ တိကျမှန်ကန်လှပြီး ဒဏ္ဍာရီမျှသာဖြစ်သွားလေ့ရှိသည့် ရှေးခေတ်က “သိပ္ပံပညာဆိုင်ရာ” သီအိုရီများလုံးဝမပါချေ။ ထို့ကြောင့် သိပ္ပံပညာသည် ကျမ်းစာ၏ရန်သူမဟုတ်ပါလေ။ ကျမ်းစာ၏ဖော်ပြချက်များကို သဘောထားကြီးကြီးနှင့်ထောက်ချင့်ကြည့်ဖို့ အကြောင်းရင်းအလျှံပယ်ရှိပါသည်။
[အောက်ခြေမှတ်ချက်များ]
a “ကမ္ဘာ့သမသတ်အရပ်များ . . . ဆိုသည်မှာ ကမ္ဘာလုံးပေါ်ရှိ ဆန့်ကျင်ဘက်ဖြစ်နေသော နေရာနှစ်နေရာဖြစ်သည်။ ယင်းနှစ်နေရာကြားရှိ မျဉ်းဖြောင့်သည် ကမ္ဘာ့ဗဟိုကို ဖြတ်သွားမည်ဖြစ်သည်။ ဂရိဘာသာစကားတွင် ကမ္ဘာ့သမသတ်အရပ်များ ဟူသည့်စကားလုံး၏အဓိပ္ပာယ်မှာ ခြေဖဝါးချင်းကပ်ဟူ၍ဖြစ်သည်။ ကမ္ဘာ့သမသတ်အရပ်များတွင် ရပ်နေသူနှစ်ဦးသည်သူတို့၏ ခြေဖဝါးချင်းကပ်ရပ်နေမှုကြောင့် အနီးဆုံးဖြစ်မည်။”၁—ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း။
b ပညာရပ်သဘောဖြင့် အတိအကျပြောရမည်ဆိုလျှင် ကမ္ဘာသည် ဘေးကားစက်လုံးပုံဖြစ်သည်; ဝင်ရိုးစွန်းများတွင် အနည်းငယ်ပြားနေသည်။
c ထို့အပြင် လုံးဝန်းသောပစ္စည်းတစ်ခုကိုသာ အဘက်ဘက်မှကြည့်လျှင် စက်ဝိုင်းပုံထွက်သည်။ ချပ်ပြားဝိုင်းတစ်ခုသည် စက်ဝိုင်းတစ်ခုနှင့်မတူဘဲ အီလစ် (ဘဲဥ) ပုံ ထွက်နေတတ်သည်။
d နယူတန်၏ခေတ်တွင် ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားသော ရှုမြင်ချက်တစ်ခုမှာ စကြဝဠာသည် အရည်—အာကာသဆိုင်ရာ “ဟင်းချို”—နှင့်ပြည့်နေပြီး ထိုအရည်ရှိဝဲများက ဂြိုဟ်များကို လည်ပတ်စေသည်ဟူ၍ဖြစ်သည်။
e ၁၉၀၀ ပြည့်နှစ်တွင် ဥရောပနိုင်ငံအများနှင့် အမေရိကန်ပြည်ထောင်စုတွင် မျှော်မှန်းခဲ့သည့် သက်တမ်းမှာ ၅၀ ပင်မပြည့်ပါ။ ထိုနှစ်မှစ၍ ရောဂါပိုးများထိန်းချုပ်ရာတွင် ဆေးဘက်ဆိုင်ရာတိုးတက်မှုကြောင့်သာမကဘဲ သာ၍သန့်ရှင်းပြီး နေမှုထိုင်မှုအခြေအနေ သာ၍ကောင်းလာခြင်းတို့ကြောင့်ပါ သက်တမ်းမှာ သိသိသာသာရှည်လာပါသည်။
[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်
လူသားတို့သည် အာကာသမှနေ၍ ကမ္ဘာသည် စက်လုံးဖြစ်ကြောင်း မတွေ့ရှိသေးမီ နှစ်ထောင်ချီကတည်းက “မြေကြီးစက်” ဟု ကျမ်းစာက ဖော်ပြထားသည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဂြိုဟ်များသည် ဆွဲငင်အားကြောင့် ဂြိုဟ်ပတ် လမ်းပေါ်တွင် တည်နေကြောင်း ဆာအိုက်ဇက်နယူတန် ရှင်းပြခဲ့သည်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
သက်သေ မပြနိုင်သည့် အဆိုတစ်ခုကို မမှန်ပါဟု မဆိုလိုပါ