အခန်းခြောက်
ရှေးဖန်ဆင်းခြင်းမှတ်တမ်း—ယင်းကို သင်ယုံကြည်စိတ်ချနိုင်သလော
“အရာခပ်သိမ်း၏ အရင်းအမြစ်ကို မည်သူသိသနည်း။ ဖန်ဆင်းခြင်း ဖြစ်ပေါ်ပုံကို မည်သူသိသနည်း။” ဤမေးခွန်းကို “ဖန်ဆင်းခြင်းသီချင်း” ကဗျာတွင်တွေ့ရသည်။ လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ကျော်က သင်္သကရိုက်ဘာသာစကားဖြင့် ရေးဖွဲ့ခဲ့သည့် ဤကဗျာသည် ဟိန္ဒူကျမ်းဂန် ယဇု-ဗေဒ (Rig-Veda) ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ “နတ်ဘုရားများကိုယ်နှိုက်တို့သည် ဖန်ဆင်းခြင်းကာလ နောက်ပိုင်း ကျမှဖြစ်တည်လာကြ” သောကြောင့် ဟိန္ဒူနတ်ဘုရားအများပင် “ဖန်ဆင်းခြင်း ဖြစ်ပျက်ပုံကို” သိရှိမည်မဟုတ်ဟု ၎င်းကဗျာဆရာက သံသယဝင်ခဲ့သည်။—ကျွန်ုပ်တို့ စာလုံးစောင်းထားသည်။
ဘေဘီလုံနှင့်အီဂျစ်တို့မှ စာပေကျမ်းဂန်များက တည်ရှိပြီးဖြစ်သော စကြဝဠာအတွင်း သူတို့၏နတ်ဘုရားများ ဖွားမြင်ပုံအကြောင်း ဆင်တူယိုးမှား ဒဏ္ဍာရီများ တင်ဆက်ထားကြသည်။ သို့ရာတွင်၊ အဓိကအချက်မှာ ၎င်းဒဏ္ဍာရီများသည် မူလစကြဝဠာ အဘယ်မှဖြစ်လာသည်ကို မပြောနိုင်ခြင်းဖြစ်သည်။ သို့သော်၊ ဖန်ဆင်းခြင်းမှတ်တမ်းတစ်ခုသည် ၎င်းတို့နှင့်မတူကြောင်း သင်တွေ့ရှိရပေမည်။ ဤအထူးမှတ်တမ်းဖြစ်သော သမ္မာကျမ်းစာက “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” ဟူသောစကားများဖြင့် အစချီထားသည်။—ကမ္ဘာဦး ၁:၁။
ရင်သပ်ရှုမောဖွယ်ရာ ဤရိုးရှင်းသော ဖော်ပြချက်ကို လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်က မောရှေရေးသားခဲ့သည်။ ဖန်ဆင်းရှင် ဘုရားသခင်တစ်ပါးကို အာရုံစိုက်စေသည်။ ကိုယ်တော်သည် ရုပ်ပိုင်းစကြဝဠာကို ဖန်ဆင်းတော်မူသောကြောင့် စကြဝဠာမရှိမီ ရှိနှင့်တော်မူသည်ဖြစ်ရာ ရုပ်ပိုင်းစကြဝဠာထက် သာလွန်ကြီးမြတ်တော်မူ၏။ “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏” ဟု၎င်းစာအုပ်ကပင် သွန်သင်၏။ ဆိုလိုသည်မှာ ကိုယ်တော်သည် ကျွန်ုပ်တို့၏မျက်စိဖြင့် မမြင်နိုင်သောပုံသဏ္ဌာန်ဖြင့် တည်ရှိတော်မူ၏။ (ယောဟန် ၄:၂၄) ယခုခေတ်၌ ဤကဲ့သို့သော တည်ရှိခြင်းအကြောင်းကို ပို၍စိတ်ကူးစဉ်းစား၍ ရနိုင်ဖွယ်ရှိသည်။ အကြောင်းမှာ သိပ္ပံပညာရှင်များက အာကာသအတွင်း အင်အားကြီးမားသော နယူထရွန်ကြယ်များနှင့် တွင်းနက်များ—၎င်းတို့၏ သက်ရောက်မှုအကျိုးများအားဖြင့်သာ သိရှိရသော မမြင်နိုင်သည့် အရာဝတ္ထုများ—အကြောင်း ထုတ်ဖော်ခဲ့ပြီဖြစ်၍တည်း။
သမ္မာကျမ်းစာက အဓိပ္ပာယ်ပါပါဖြင့် ဤသို့ဆို၏– “ကောင်းကင်ကိုယ်လည်းရှိ၏။ မြေကြီးကိုယ်လည်းရှိ၏။ ကောင်းကင်ကိုယ်၏ ဂုဏ်အသရေလည်းတစ်မျိုး၊ မြေကြီးကိုယ်၏ ဂုဏ်အသရေလည်းတစ်မျိုးဖြစ်၏။” (၁ ကောရိန္သု ၁၅:၄၀၊ ၄၄၊ သမ္မာ) ကောင်းကင်ကိုယ်ဆိုရာ၌ နက္ခတ္တဗေဒပညာရှင်များ လေ့လာနေသည့် မမြင်နိုင်သော အာကာသဒြပ်ဝတ္ထုကို ရည်ညွှန်းခြင်းမဟုတ်ပါ။ ဤတွင်ဖော်ပြသော “ကောင်းကင်ကိုယ်” များမှာ အသိဉာဏ်ရှိသည့် နာမ်ဝိညာဉ်ကိုယ်များဖြစ်ကြသည်။ ‘ဖန်ဆင်းရှင်မှတစ်ပါး အဘယ်သူ၌ နာမ်ဝိညာဉ်ကိုယ် ရှိသနည်း’ ဟူ၍ သင်သိလိုပေမည်။
မမြင်နိုင်သော ကောင်းကင်သတ္တဝါများ
သမ္မာကျမ်းစာမှတ်တမ်းအရ မြင်နိုင်သောနယ်ပယ်သည် အဦးဆုံး ဖန်ဆင်းခံရသည့်အရာ မဟုတ်ပေ။ ပထမဦးဆုံး ဖန်ဆင်းခံရသူမှာ အခြားနာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ပါးဖြစ်သည့် သားဦးဖြစ်ကြောင်း ဤဖန်ဆင်းခြင်းဆိုင်ရာ ရှေးမှတ်တမ်းကဖော်ပြ၏။ ထိုအရှင်မှာ “ဖန်ဆင်းခံအရာအပေါင်းတို့တွင် သားဦး” သို့မဟုတ် “ဘုရားသခင် ဖန်ဆင်းတော်မူသော အရာအပေါင်းတို့၏ အစမူလ” ဖြစ်၏။ (ကောလောသဲ ၁:၁၅၊ ကဘ; ဗျာဒိတ် ၃:၁၄၊ ကဘ) ပထမဦးဆုံး ဖန်ဆင်းခံရသော ဤပုဂ္ဂိုလ်သည် ပြိုင်စံရှား၏။
ကိုယ်တော်သည် ဘုရားသခင် တိုက်ရိုက်ဖြစ်ပွားစေတော်မူသည့် တစ်ပါးတည်းသော ဖန်ဆင်းခံအရာဖြစ်ပြီး ကြီးမားသောဉာဏ်ပညာနှင့် ပြည့်စုံ၏။ အမှန်ဆိုလျှင်၊ ဉာဏ်ပညာကြောင့်ကျော်ကြားခဲ့သော ရှင်ဘုရင်တစ်ပါးဖြစ်သည့် နှောင်းခေတ်စာရေးဆရာတစ်ဦးက နောက်ဆက်တွဲ ဖန်ဆင်းခြင်းလုပ်ငန်းအားလုံးတွင် အသုံးတော်ခံရသော ဤသားတော်အား “လုပ်သားချုပ်” အဖြစ်သရုပ်ဖော်ခဲ့သည်။ (သုတ္တံ ၈:၂၂၊ ၃၀၊ ကဘ; ဟေဗြဲ ၁:၁၊ ၂ လည်းရှု။) ကိုယ်တော့်အကြောင်းနှင့်ပတ်သက်၍ ပထမရာစုနှစ်မှ ပေါလုအမည်ရှိ ဆရာတစ်ဦးက ဤသို့ရေးသားခဲ့သည်– “ထိုသားတော်အားဖြင့် ကောင်းကင်နှင့်မြေကြီးပေါ်ရှိ မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ ရှိရှိသမျှသည် ဖန်ဆင်းခြင်းခံရကြ၏။”—ကောလောသဲ ၁:၁၆၊ ကဘ; ယောဟန် ၁:၁-၃ နှိုင်းယှဉ်။
ဤသားတော်အားဖြင့် ဖန်ဆင်းရှင် ဖြစ်ပေါ်တည်ရှိစေတော်မူသည့် ကောင်းကင်ရှိ မမြင်နိုင်သောအရာများကား အဘယ်နည်း။ နက္ခတ္တဗေဒပညာရှင်များက ဘီလီယံများစွာရှိသော ကြယ်တာရာများနှင့် မမြင်နိုင်သည့် တွင်းနက်များအကြောင်း ပြောဆိုကြသော်လည်း ဤနေရာတွင် သမ္မာကျမ်းစာက သန်းပေါင်းရာနှင့်ချီ၍ရှိသည့် နာမ်ခန္ဓာရှိသော နာမ်ဝိညာဉ်သတ္တဝါများအကြောင်း ရည်ညွှန်းနေခြင်းဖြစ်သည်။ ‘မမြင်နိုင်သော၊ အသိဉာဏ်ရှိသည့် ထိုသက်ရှိသတ္တဝါများကို အဘယ်ကြောင့် ဖန်ဆင်းရသနည်း’ ဟူ၍ အချို့က မေးပေမည်။
စကြဝဠာအကြောင်း လေ့လာခြင်းဖြင့် စကြဝဠာဖြစ်ပေါ်လာရသည့် အကြောင်းတရားနှင့်ပတ်သက်သော မေးခွန်းအချို့ကို ဖြေရှင်းနိုင်သကဲ့သို့ သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် ကျမ်းစာ၏ အာဘော်ရှင်နှင့်ပတ်သက်သော အရေးကြီးသည့်အကြောင်းများကို သိရှိနိုင်ပေသည်။ သာဓကအားဖြင့်၊ သမ္မာကျမ်းစာက ကိုယ်တော်သည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်ကြောင်း၊ ကိုယ်တော်၏အကြံတော်များနှင့် လုပ်ဆောင်ချက်များ၌ မေတ္တာတော် ထင်ဟပ်လျက်ရှိကြောင်း ဖော်ပြသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ; ၁ ယောဟန် ၄:၈) သို့ဖြင့်၊ ဘုရားသခင်သည် အသက်ကို မွေ့လျော်ခံစားနိုင်သည့် အသိဉာဏ်ရှိသော အခြားနာမ်ဝိညာဉ်ပုဂ္ဂိုလ်များနှင့် ပေါင်းဖော်ရန် ရွေးချယ်တော်မူသည်ဟု ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်ပေသည်။ ၎င်းနာမ်ဝိညာဉ်ပုဂ္ဂိုလ် အသီးသီးသည်လည်း အပြန်အလှန်အကျိုးပြုသော၊ ရောင့်ရဲကျေနပ်ဖွယ်ကောင်းသောအလုပ် ကိုယ်စီရှိကြမည်ဖြစ်ပြီး ဖန်ဆင်းရှင်၏ရည်ရွယ်ချက်အောင်မြင်ဖို့ အထောက်အကူပြုကြမည်ဖြစ်သည်။
ဘုရားသခင့်အမိန့်တော်နာခံရာ၌ ဤနာမ်ဝိညာဉ်သတ္တဝါများသည် စက်ရုပ်များနှင့်တူသည် ဟူသောသဘော လုံးဝမရှိပေ။ သို့အစား၊ ကိုယ်တော်က သူတို့အား အသိဉာဏ်နှင့် စိတ်ကြိုက်ပြုခွင့်ကို ပေးထားတော်မူ၏။ ဘုရားသခင်သည် လွတ်လပ်စွာ တွေးတောခြင်းနှင့် လွတ်လပ်စွာပြုမူခြင်းကို အားပေးတော်မူ၏—၎င်းလွတ်လပ်မှုများကြောင့် စကြဝဠာအတွင်း ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအတွက် ထာဝရခြိမ်းခြောက်မှု ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း ယုံကြည်စိတ်ချတော်မူ၏။ ဟေဗြဲကျမ်းစာ၌ တွေ့ရှိရသည့် ဖန်ဆင်းရှင်၏နာမတော်ကို အသုံးပြုလျက် ပေါလုက ဤသို့ရေးသားခဲ့သည်– “ယေဟောဝါသည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ယေဟောဝါ၏ဝိညာဉ်တော် ရှိရာအရပ်၌ လွတ်လပ်မှုရှိ၏။”—၂ ကောရိန္သု ၃:၁၇၊ ကဘ။
ကောင်းကင်ရှိ မြင်နိုင်သောအရာများ
သားဦးအားဖြင့် ဘုရားသခင် ဖန်ဆင်းတော်မူသည့် မြင်နိုင်သောအရာများကား အဘယ်နည်း။ ၎င်းတို့တွင် ကျွန်ုပ်တို့၏နေနှင့်တကွ ဘီလီယံများစွာရှိသော အခြားကြယ်များနှင့် စကြဝဠာအဖြစ်ဖွဲ့စည်းထားသည့် ရုပ်ဝတ္ထုများ ပါဝင်သည်။ ဘာမျှမရှိသည့် ဗလာနတ္ထိအခြေမှ ဤအရာခပ်သိမ်းကို ဘုရားသခင် မည်သို့ဖြစ်ပေါ်စေကြောင်း သမ္မာကျမ်းစာက အရိပ်အမြွက်မျှ ဖော်ပြထားပါသလော။ ခေတ်သစ်သိပ္ပံပညာရှုထောင့်မှ သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် အဖြေရှာကြပါစို့။
၁၈ ရာစုနှစ်အတွင်း သိပ္ပံပညာရှင် အန္တဝမ်-လော်ရန် လာဗွာဇီယာက ဒြပ်ဝတ္ထု၏အလေးချိန်ကို လေ့လာခဲ့သည်။ ဓာတ်ပြုပြီးနောက် ထွက်ရှိသည့် ဓာတ်ဖြစ်ပစ္စည်း၏အလေးချိန်သည် မူလပါဝင်ပစ္စည်းများ၏ စုစုပေါင်းအလေးချိန်နှင့်ညီမျှကြောင်း သူသတိပြုမိသည်။ သာဓကအားဖြင့်၊ စက္ကူကို အောက်ဆီဂျင်တွင် မီးရှို့ပါက ရရှိသည့် ပြာနှင့်ဓာတ်ငွေ့တို့သည် မူလစက္ကူနှင့် အောက်ဆီဂျင်တို့၏အလေးချိန်နှင့် အတူတူပင်ဖြစ်သည်။ လာဗွာဇီယာက ‘ဒြပ်ထုတည်မြဲခြင်း’ နိယာမကို တင်ပြခဲ့သည်။ ၁၉၁၀ ပြည့်နှစ်တွင် ဗြိတိန်နီကာ စွယ်စုံကျမ်း က “ဒြပ်ထုကိုဖန်တီး၍မရသကဲ့သို့ ဖျက်ဆီး၍လည်းမရ” ဟူ၍ရှင်းပြထားသည်။ ယင်းရှင်းပြချက်သည် အနည်းဆုံး ထိုခေတ်ထိုအခါအတွက် ယုတ္တိရှိပုံရသည်။
သို့ရာတွင်၊ ၁၉၄၅ ခုနှစ်တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ် အက်တမ်ဗုံးတစ်လုံး ပေါက်ကွဲခြင်းက လာဗွာဇီယာ၏နိယာမတွင် ချွတ်ယွင်းချက်ရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြသလိုက်သည်။ ထိုသို့သော ယူရေနီယမ် လွန်ကဲအခြေပြောင်းဒြပ်ထု (supercritical mass) ပေါက်ကွဲရာတွင် ဒြပ်ပစ္စည်းအမျိုးမျိုး ထွက်ပေါ်လာသော်လည်း ၎င်းတို့၏စုစုပေါင်းဒြပ်ထုမှာ မူလယူရေနီယမ်၏ဒြပ်ထုထက် လျော့နည်းနေသည်။ အဘယ်ကြောင့် လျော့နည်းရသနည်း။ ယူရေနီယမ် ဒြပ်ထုအချို့သည် ကြောက်မက်ပြင်းထန်လှသော အလင်းစွမ်းအင်အဖြစ် ပြောင်းလဲသွား၍ဖြစ်သည်။
လာဗွာဇီယာ၏ ဒြပ်ထုတည်မြဲခြင်းနိယာမနှင့်ပတ်သက်သည့် ပြဿနာနောက်တစ်ခုသည် ၁၉၅၂ ခုနှစ်တွင် အပူနျူကလီးယား ကိရိယာ (thermonuclear device) (ဟိုက်ဒရိုဂျင်ဗုံး) ပေါက်ကွဲချိန်၌ ပေါ်ပေါက်လာသည်။ ထိုပေါက်ကွဲမှုတွင် ဟိုက်ဒရိုဂျင်အက်တမ်များသည် ဟီလီယမ်အဖြစ် ပေါင်းစည်းသွားကြသည်။ သို့သော်၊ ထွက်ပေါ်လာသည့် ဟီလီယမ်၏ဒြပ်ထုမှာ မူလဟိုက်ဒရိုဂျင်၏ဒြပ်ထုထက် လျော့နည်းနေသည်။ ဟိုက်ဒရိုဂျင်၏ဒြပ်ထု တစ်စိတ်တစ်ပိုင်းမှာ ပေါက်ကွဲစွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။ ယင်းပေါက်ကွဲမှုမှာ ဟီရိုရှီးမားမြို့ပေါ် ကြဲချခဲ့သည့်ဗုံးထက် ဖျက်ဆီးမှုစွမ်းအား များစွာကြီးမားသည်။
ဤပေါက်ကွဲမှုများ သက်သေထူသည့်အတိုင်း ဒြပ်ထုအနည်းငယ်သည် ဧရာမစွမ်းအင်နှင့် ညီမျှသည်။ ဒြပ်ထုနှင့်စွမ်းအင်တို့၏ ဤဆက်နွှယ်မှုက ကျွန်ုပ်တို့အား သက်ရှင်ကျန်းမာစေသည့် နေ၏စွမ်းအားအကြောင်းကို သိရှိနားလည်စေသည်။ ၎င်းဆက်နွှယ်မှုကား အဘယ်နည်း။ အိုင်းစတိုင်းက နှစ်ပေါင်း ၄၀ ကြို၍ ၁၉၀၅ ခုနှစ်တွင် ဒြပ်ထုနှင့်စွမ်းအင်တို့၏ ဆက်နွှယ်မှုကို ဟောကိန်းထုတ်ခဲ့သည်။ သူ၏ E=mc2 ညီမျှခြင်းကို လူအများသိရှိကြသည်။a ထိုဆက်နွှယ်မှုကို ပုံသေနည်းဖြင့် အိုင်းစတိုင်း ဖော်ပြပြီးသည်နှင့် အခြားသိပ္ပံပညာရှင်များက နေသည် နှစ်ပေါင်းဘီလီယံနှင့်ချီ၍ အဘယ်ကြောင့် အဆက်မပြတ် ထွန်းလင်းတောက်ပနိုင်ကြောင်း ရှင်းပြလာနိုင်ကြသည်။ နေအတွင်း၌ အပူနျူကလီးယားတုံ့ပြန်မှု စဉ်ဆက်မပြတ် ဖြစ်နေသည်။ ဤနည်းအားဖြင့်၊ စက္ကန့်တိုင်း စက္ကန့်တိုင်းတွင် နေသည် ဟိုက်ဒရိုဂျင် တန်ချိန် ၅၆၄ သန်းခန့်ကို ဟီလီယမ် တန်ချိန် ၅၆၀ သန်းအဖြစ်သို့ ပြောင်းလဲစေသည်။ အဓိပ္ပာယ်မှာ ဒြပ်ထုတန်ချိန် ၄ သန်းခန့်မှာ နေစွမ်းအင်အဖြစ် အသွင်ပြောင်းသွားရာ ယင်းစွမ်းအင်အနည်းငယ်သည် ကမ္ဘာမြေကြီးသို့ရောက်ရှိ၍ သက်ရှိများကို ရှင်သန်စေသည်။
သိသာထင်ရှားသည်မှာ ဤဖြစ်စဉ်သည် ပြောင်းပြန်အားဖြင့်လည်း ဖြစ်နိုင်ပေသည်။ “အက်တမ်အောက်အမှုန် (subatomic particle) များ အရှိန်ပြင်းစွာတိုက်မိ၍ သာ၍လေးသော အမှုန်အသစ်များ ဖြစ်ပေါ်သည့်အခါ၌ စွမ်းအင်သည် ဒြပ်ထုအဖြစ် ပြောင်းလဲသည်” ဟု ကမ္ဘာ့စာအုပ် စွယ်စုံကျမ်း ကရှင်းပြသည်။ သိပ္ပံပညာရှင်များက အမှုန်အရှိန်ပေးစက် (particle accelerator) ခေါ် ဧရာမစက်ကြီးများကိုအသုံးပြု၍ အကန့်အသတ်ရှိသောစကေးဖြင့် ဤသို့အောင်မြင်စွာ ပြုလုပ်နိုင်ကြသည်။ ၎င်းစက်များအတွင်း၌ အက်တမ်အောက်အမှုန်များသည် ယုံနိုင်ဖွယ်မရှိသောအမြန်နှုန်းဖြင့် တိုက်မိကြရာမှ ဒြပ်ထုဖြစ်ပေါ်လာသည်။ “ကျွန်ုပ်တို့သည် စကြဝဠာဆိုင်ရာ အံ့ဖွယ်တစ်ပါး—စွမ်းအင်ကို ဒြပ်ထုအဖြစ် အသွင်ပြောင်းခြင်း—ကိုထပ်မံပြုလုပ်လိုက်ခြင်းဖြစ်သည်” ဟူ၍ နိုဘဲလ်ဆုရှင် ရူပဗေဒပညာရှင် ဒေါက်တာ ကာလို ရူဘီယာက ရှင်းပြသည်။
‘ဟုတ်ပါပြီ၊ ဒီအကြောင်းက သမ္မာကျမ်းစာမှာ ဖတ်ရှုရတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းနဲ့ ဘာဆိုင်လို့လဲ’ ဟူ၍ တစ်စုံတစ်ယောက်က ဆိုကောင်းဆိုမည်။ မှန်ပါသည်၊ သမ္မာကျမ်းစာသည် ထိုကဲ့သို့သော သိပ္ပံပြဋ္ဌာန်းစာအုပ်မဟုတ်သော်လည်း ခေတ်မီ၍ သိပ္ပံဆိုင်ရာအချက်အလက်များနှင့် ဆီလျော်ညီညွတ်ပေသည်။ သမ္မာကျမ်းစာသည် အစမှအဆုံးတိုင်အောင် စကြဝဠာရှိ ဒြပ်ထုမှန်သမျှကို ဖန်ဆင်းတော်မူသောအရှင်၊ အာဂသိပ္ပံပညာရှင်ကို ညွှန်ပြ၏။ (နေဟမိ ၉:၆; တမန်တော် ၄:၂၄; ဗျာဒိတ် ၄:၁၁) ၎င်းပြင် စွမ်းအင်နှင့်ဒြပ်ထုတို့၏ ဆက်နွှယ်မှုအကြောင်းကိုလည်း ရှင်းလင်းစွာဖော်ပြထားသည်။
သာဓကအားဖြင့်၊ သမ္မာကျမ်းစာက စာဖတ်ပရိသတ်များအား ဤသို့ပြုရန် မေတ္တာရပ်ခံသည်– “အထက်သို့ မော့ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုအရှင်သည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် . . . တစ်လုံးမျှ မပေါ်ဘဲမနေရ။” (ဟေရှာယ ၄၀:၂၆၊ သမ္မာ) မှန်ပါသည်၊ ဧရာမ အားကြီးသောစွမ်းအင်၏ဇာစ်မြစ်—ဖန်ဆင်းရှင်—သည် ရုပ်ပိုင်းစကြဝဠာကို ဖြစ်ပွားတည်ရှိစေကြောင်း သမ္မာကျမ်းစာကဆို၏။ ဤအချက်သည် ခေတ်သစ်နည်းပညာနှင့် အကြွင်းမဲ့ညီညွတ်ပေသည်။ ဤအကြောင်းရင်းတစ်ခုတည်းနှင့်ပင် သမ္မာကျမ်းစာ၏ ဖန်ဆင်းခြင်းမှတ်တမ်းသည် ကျွန်ုပ်တို့၏ လေးစားမှုကို အလေးအနက် ခံယူထိုက်ပေသည်။
ကောင်းကင်ရှိ မြင်နိုင်သည့်အရာနှင့် မမြင်နိုင်သည့်အရာများကို ဖန်ဆင်းပြီးနောက် ဖန်ဆင်းရှင်နှင့် ကိုယ်တော့်သားဦးတို့သည် ကမ္ဘာမြေကြီးကို အာရုံစိုက်လာတော်မူကြ၏။ ကမ္ဘာမြေကြီးသည် အဘယ်မှဖြစ်လာသနည်း။ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်အဖြစ် ဖွဲ့စည်းသည့် ဓာတုဒြပ်စင်အမျိုးမျိုးတို့သည် ယနေ့ သိပ္ပံပညာရှင်တို့က ဖြစ်နိုင်သည်ဟု ပြောနေကြသော အကန့်အသတ်မဲ့ အားကြီးသောစွမ်းအင်ကို ဒြပ်ဝတ္ထုအဖြစ် ဘုရားသခင် တိုက်ရိုက်ပြောင်းလဲစေခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်ပေသည်။ သို့တည်းမဟုတ်၊ သိပ္ပံပညာရှင်အများ ယုံကြည်ကြသကဲ့သို့ ကမ္ဘာမြေကြီးသည် ဆူပါနိုဗာ (supernova) ပေါက်ကွဲမှုတစ်ခုမှ လွင့်စဉ်လာသည့် ဒြပ်ဝတ္ထုများမှ ဖြစ်ပေါ်လာရာလည်း ဖြစ်နိုင်သည်။ ၎င်းပြင် ယခုဖော်ပြသည့်နည်းလမ်းများနှင့် သိပ္ပံပညာရှင်များ မတွေ့ရှိသေးသည့် အခြားနည်းလမ်းများကို ပေါင်းစပ်ခြင်းအားဖြင့် ဖြစ်ပေါ်လာရာ ဟုတ်မဟုတ် မည်သူအတတ်ပြောနိုင်သနည်း။ မည်သည့်ဖြစ်စဉ်သဘောအရပင်ဖြစ်ပါစေ၊ ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ ဆက်လက်ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်သတ္တုအားလုံးအပါအဝင် ကမ္ဘာမြေကြီးအဖြစ်ဖွဲ့စည်းထားသည့် ဒြပ်စင်အားလုံး၏ အားကြီးသောစွမ်းအင်အရင်းအမြစ် ဖြစ်တော်မူ၏။
ကမ္ဘာမြေကြီးကို စတင်တည်ထောင်ရာ၌ လိုအပ်သည့်ဝတ္ထုပစ္စည်းအားလုံးကို အချိုးအစားမှန်ကန်စွာ ထောက်ပံ့ပေးရုံထက်မက လိုအပ်မည်ဖြစ်ကြောင်း သင်သဘောပေါက်နိုင်ပေသည်။ ကမ္ဘာမြေကြီး၏အရွယ်အစား၊ လည်ခြင်း၊ နေမှအကွာအဝေး၊ ဝင်ရိုးတိမ်းစောင်းခြင်း၊ နေပတ်လမ်းကြောင်း စက်ဝိုင်းပုံနီးပါးကျခြင်း အစရှိသည်တို့လည်း ယခုလက်ရှိအတိုင်း တိကျမှန်ကန်ရန်လိုပေသည်။ မြောက်မြားလှသော သက်ရှိများကိုထောက်ပံ့ရန် ကမ္ဘာဂြိုဟ်ကို သင့်တော်အံကိုက်ဖြစ်စေသည့် သဘာဝသံသရာများကို ဖန်ဆင်းရှင်က သက်ဝင်လည်ပတ်စေသည်မှာ ရှင်းလှပေသည်။ ဤအရာအားလုံးအတွက် ကျွန်ုပ်တို့ အံ့ဩ၍မဆုံးပေ။ သို့သော်၊ ကောင်းကင်နာမ်ဝိညာဉ်သားများက ကမ္ဘာမြေကြီးနှင့်တကွ ကမ္ဘာ့သက်ရှိများ ဖြစ်ပွားသည်ကို တွေ့မြင်ခဲ့ကြစဉ်က သူတို့၏တုံ့ပြန်မှုကို စိတ်ကူးကြည့်ပါ။ သမ္မာကျမ်းစာစောင်တစ်စောင်က သူတို့သည် “တညီတညွတ်တည်း သီချင်းဆို” ၍ “ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြ” သည်ဟုဆို၏။—ယောဘ ၃၈:၄၊ ၇။
ကမ္ဘာဦးကျမ်း အခန်းကြီး ၁ ကိုနားလည်ခြင်း
သမ္မာကျမ်းစာ၏ ပထမအခန်းကြီးက လူသားများ ပျော်မွေ့ရေးအတွက် ကမ္ဘာမြေကြီးကို ဘုရားသခင်ပြင်ဆင်ခဲ့သည့် ပဓာနကျသော ဆောင်ရွက်ချက်အချို့နှင့်ဆိုင်သည့် အသေးစိတ်အချက်အလက် တစ်ပိုင်းတစ်စကို ဖော်ပြထားသည်။ ၎င်းအခန်းကြီး၌ အသေးစိတ်အချက်အလက်တိုင်းကို ဖော်ပြမထားပါ။ ၎င်းအခန်းကြီးကိုဖတ်သည့်အခါ၌ ရှေးခေတ်က စာဖတ်သူများ မည်သို့မျှ နားလည်နိုင်မည်မဟုတ်သည့် အချက်အလက်များကို ကျမ်းစာက ဖော်ပြထားခြင်းမရှိသဖြင့် အံ့သြတုန်လှုပ်ခြင်း မဖြစ်သင့်ပေ။ သာဓကအားဖြင့်၊ ၎င်းအခန်းကြီးကို ရေးသားရာ၌ မောရှေက အနုကြည့်ကိရိယာဖြင့်သာမြင်နိုင်သော အယ်လဂျီနှင့် ဘက်တီးရီးယားတို့၏ လုပ်ဆောင်မှုအကြောင်းကို ဖော်ပြခြင်းမရှိပေ။ ၁၆ ရာစုနှစ်အတွင်း အနုကြည့်ကိရိယာကို တီထွင်ပြီးနောက်မှ အဆိုပါ သက်ရှိသဏ္ဌာန်များကို လူတို့ ပထမဦးဆုံး တွေ့မြင်ခဲ့ရသည်။ ထိုနည်းတူ ၁၉ ရာစုနှစ်တွင် ကျောက်ဖြစ်ရုပ်ကြွင်းများမှ ဆင်ခြင်တွေးဆချက်အရ တစ်ချိန်က အသက်ရှင်တည်ရှိခဲ့သည့် ဒိုင်နိုဆောများအကြောင်းကိုလည်း မောရှေက သေချာတိကျစွာ ဖော်ပြခဲ့ခြင်းမရှိပေ။ မောရှေသည် သူ့ခေတ်သူ့အခါက လူတို့နားလည်နိုင်သည့် စကားများကို အသုံးပြုရန်သာ မှုတ်သွင်းခံခဲ့ရသည်။ သို့သော် ကမ္ဘာမြေကြီး ဖန်ဆင်းခြင်းအကြောင်း ပြောဆိုချက်အားလုံးသည် တိကျမှန်ကန်ပေသည်။
ကမ္ဘာဦးကျမ်း အခန်းကြီး ၁၊ အခန်းငယ် ၃ မှရှေ့ဆက်ဖတ်သည့်အခါ ဖန်ဆင်းရာ “နေ့ရက်” ခြောက်ရက်အဖြစ် ပိုင်းခြားထားသည်ကို သင်တွေ့ရပေမည်။ လူအချို့က ၎င်းတို့သည် ၂၄-နာရီစီရှိသော ပကတိနေ့ရက်များဖြစ်သည်ဟု ဆိုကြသဖြင့် စကြဝဠာတစ်ခုလုံးနှင့် ကမ္ဘာပေါ်မှသက်ရှိတို့သည် သီတင်းတစ်ပတ်ပင် မပြည့်သည့်အချိန်အတွင်း ဖန်ဆင်းခံရသည်ဟူလို! သို့သော်၊ သမ္မာကျမ်းစာက ထိုသို့မသွန်သင်ကြောင်း သင်လွယ်လင့်တကူ တွေ့မြင်နိုင်သည်။ ကမ္ဘာဦးကျမ်းကို ဟေဗြဲဘာသာဖြင့် ရေးသားခဲ့သည်။ ထိုဘာသာစကား၌ “နေ့ရက်” ဟူသည်မှာ အချိန်ကာလတစ်ခုကို ရည်ညွှန်းသည်။ ရှည်လျားသည့်ကာလတစ်ခု ဖြစ်နိုင်သကဲ့သို့ ၂၄ နာရီရှိသော ပကတိနေ့ရက်တစ်ရက်လည်း ဖြစ်နိုင်ပေသည်။ ကမ္ဘာဦးကျမ်း၌ပင် “နေ့ရက်” ခြောက်ရက်စလုံးကိုစုပေါင်းကာ ‘ကောင်းကင်နှင့်မြေကြီးကို ယေဟောဝါ ဖန်ဆင်းတော်မူသောနေ့’ ဟူ၍ ရှည်လျားသောကာလတစ်ခုအဖြစ် ဆိုထားပေသည်။ (ကမ္ဘာဦး ၂:၄; ၂ ပေတရု ၃:၈ နှိုင်းယှဉ်။) အမှန်ဆိုလျှင် ဖန်ဆင်းရာ ‘နေ့ရက်များ’ သို့မဟုတ် ကာလများတွင် နှစ်ပေါင်းထောင်ချီ၍ပါဝင်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။
သတ္တမ “နေ့ရက်” အကြောင်း သမ္မာကျမ်းစာ ပြောဆိုချက်မှ ဤအချက်ကို တွေ့မြင်နိုင်သည်။ ပထမခြောက် ‘ရက်’ နှင့်ပတ်သက်၍ တစ်ရက်စီ၏မှတ်တမ်းအဆုံးတွင် “ညဦးနှင့် နံနက်သည် ပထမနေ့ရက် ဖြစ်လေ၏” အစရှိသည်ဖြင့် အစဉ်အလိုက်ဆိုထားသည်။ သို့သော်၊ သတ္တမ “နေ့ရက်” မှတ်တမ်း၏အဆုံးတွင် အဆိုပါမှတ်ချက်စကားကို သင်တွေ့ရမည်မဟုတ်ပေ။ သမိုင်းရေစီးကြောင်းတွင် နှစ်ပေါင်း ၄,၀၀၀ ခန့်ကုန်လွန်ပြီးနောက် စီ.အီး. ပထမရာစုနှစ်တွင် သမ္မာကျမ်းစာက သတ္တမ နားနေရာ “နေ့ရက်” မကုန်သေးဟုဖော်ပြထားသည်။ (ဟေဗြဲ ၄:၄-၆) ထိုကြောင့် သတ္တမ “နေ့ရက်” သည် နှစ်ပေါင်းထောင်ချီ၍ ကြာရှည်သည့်ကာလဖြစ်သဖြင့် ပထမခြောက် “ရက်” တို့သည်လည်း ထိုအတိုင်းဖြစ်မည်ဟု ကျိုးကြောင်းညီညွတ်စွာ ကောက်ချက်ဆွဲနိုင်ပေသည်။
ပထမနှင့် စတုတ္ထ “နေ့ရက်များ”
အထူးဖန်ဆင်းခြင်းလုပ်ငန်းများ ပြုလုပ်ရာခြောက် “ရက်” သို့မဟုတ် ခြောက်ကာလ မစတင်မီကတည်းက ကမ္ဘာမြေကြီးသည် ရေဖုံးလွှမ်းလျက်ရှိသော ကမ္ဘာလုံးအနေနှင့် နေပတ်လမ်းကြောင်းပေါ်တွင် တည်ရှိနှင့်ပြီးဖြစ်ပုံရသည်။ “ရေထုရေပြင်ပေါ်မှာ မှောင်မိုက် . . . ၏။” (ကမ္ဘာဦး ၁:၂၊ သမ) ထိုကနဦးကာလ၌ ရေခိုးရေငွေ့၊ အခြားဓာတ်ငွေ့များနှင့် မီးတောင်ဖုန်မှုန့်များပါရှိသည့်ဒြပ်နှော ဖြစ်ကောင်းဖြစ်မည့် အရာတစ်ခုခုက ကမ္ဘာ့မြေမျက်နှာပြင်ပေါ်သို့ နေရောင်ခြည်မကျရောက်အောင် တားဆီးထားခဲ့ပေမည်။ သမ္မာကျမ်းစာက ပထမဖန်ဆင်းရာကာလအကြောင်းကို ဤသို့ဖော်ပြ၏– “ဘုရားသခင်က ‘အလင်းဖြစ်စေ’ ဟုဆက်၍အမိန့်တော်ရှိရာ အလင်း တဖြည်းဖြည်း ဖြစ်လာလေ၏၊” သို့မဟုတ် ကမ္ဘာ့မြေကြီးမျက်နှာပြင်ပေါ်သို့ အလင်းရောက်လေ၏။—ကမ္ဘာဦး ၁:၃၊ ဂျေ. ဒဗ္ဗလျူ. ဝပ်စ် ဘာသာပြန်ကျမ်း။
“တဖြည်းဖြည်း ဖြစ်လာ” ဟူသောအသုံးအနှုန်းက ပြီးစီးရန်အချိန်လိုအပ်သည့် အဆင့်ဆင့်တိုးတက်သော အလုပ်တစ်ခုကိုရည်ညွှန်းသည့် သက်ဆိုင်ရာ ဟီးဗရူး (ဟေဗြဲ) ကြိယာ၏ သဏ္ဌာန်တစ်မျိုးကို တိကျမှန်ကန်စွာ ထင်ဟပ်စေသည်။ ဟီးဗရူးဘာသာ ဖတ်ရှုသူတိုင်း ကမ္ဘာဦးကျမ်း အခန်းကြီး ၁ တွင် ဤကြိယာသဏ္ဌာန်ကို အကြိမ် ၄၀ ခန့် တွေ့ရှိနိုင်မည်ဖြစ်ရာ ဤအချက်သည် ဤအခန်းကြီးကို နားလည်စေသည့် အဓိကသော့ချက်ပင်ဖြစ်သည်။ ဖန်ဆင်းရာကာလ၊ သို့မဟုတ် ဖန်ဆင်းရာခေတ်၏ ဥပစာညဦးတွင် ဘုရားသခင် စတင်လိုက်သည့်အရာသည် ထို “နေ့ရက်” ၏နံနက်လွန်ပြီးနောက် တစ်စတစ်စနှင့် ရှင်းလင်းပီပြင်လာသည်၊ သို့မဟုတ် ပေါ်လွင်ထင်ရှားလာသည်။b ၎င်းပြင်၊ ကာလတစ်ခုတွင် စတင်လိုက်သည့်အရာသည်လည်း နောက်ကာလတစ်ခု စတင်သည့်အခါ အပြည့်အဝ ပြီးစီးနေစရာမလိုပေ။ သာဓကအားဖြင့် အလင်းသည် ပထမ “နေ့ရက်” တွင်တဖြည်းဖြည်းနှင့် စ၍ပေါ်လာခဲ့သော်လည်း စတုတ္ထဖန်ဆင်းရာကာလ ရောက်တော့မှ နေ၊ လနှင့်ကြယ်တို့ကို တွေ့မြင်လာရသည်။—ကမ္ဘာဦး ၁:၁၄-၁၉။
ဒုတိယနှင့် တတိယ “နေ့ရက်များ”
ဖန်ဆင်းရှင်သည် တတိယဖန်ဆင်းရာ “နေ့ရက်” တွင် ခြောက်သွေ့သည့်ကုန်းမြေကို မပေါ်ထွန်းစေမီ ရေအချို့ကို အထက်သို့ တက်စေတော်မူခဲ့သည်။ အကျိုးဆက်အဖြစ် ကမ္ဘာမြေကြီးကို ရေခိုးရေငွေ့ စောင်ကြီးတစ်ထည်က လွှမ်းခြုံထားလိုက်သည်။c အသုံးပြုခဲ့သည့် ဖြစ်စဉ်နည်းစနစ်ကို ရှေးမှတ်တမ်းက မဖော်ပြချေ။ ဖော်ပြရန်လည်းမလိုပေ။ ယင်းအစား၊ သမ္မာကျမ်းစာက အထက်ရေနှင့် မျက်နှာပြင်ရေစပ်ကြားရှိ မိုးမျက်နှာကြက်ကိုသာ အာရုံစိုက်ဖော်ပြ၏။ ယင်းကို မိုးကောင်းကင်ဟူ၍ သမုတ်၏။ ဤဝေါဟာရကို ယနေ့ထက်တိုင် လူတို့က ကျေးငှက်သာရကာများနှင့် လေယာဉ်များ ပျံသန်းရာ ကမ္ဘာ့လေထုအတွက် အသုံးပြုလျက်ရှိသည်။ အချိန်တန်သောအခါ ဘုရားသခင်သည် ဤကမ္ဘာ့လေထုမိုးကောင်းကင်ကို သက်ရှိအတွက်အရေးပါသော ဓာတ်ငွေ့နှောဖြင့် ပြည့်စေတော်မူ၏။
သို့ရာတွင်၊ ဖန်ဆင်းရာ “နေ့ရက်များ” အတွင်း မျက်နှာပြင်ရေကျသွားသဖြင့် ကုန်းမြေပေါ်ထွန်းလာသည်။ ဘုရားသခင်သည် ကမ္ဘာ့အပေါ်ယံအလွှာကို ယနေ့တိုင်အောင် ရွေ့ရှားစေသည့် ဘူမိအား (geologic force) များကိုသုံး၍ သမုဒ္ဒရာကုန်းရိုးများကို အထက်သို့ တွန်းကန်စေခြင်းအားဖြင့် တိုက်ကြီးများကို ဖြစ်ပေါ်စေဟန်တူသည်။ ဤသို့ဖြင့် ရေမျက်နှာပြင်အထက်တွင် ခြောက်သွေ့သည့်ကုန်းမြေ ဖြစ်ထွန်း၍ ရေအောက်တွင် နက်ရှိုင်းသည့် သမုဒ္ဒရာချိုင့်ဝှမ်းကြီးများ ဖြစ်ထွန်းစေသည်။ အဏ္ဏဝါဗေဒပညာရှင်များက ဤချိုင့်ဝှမ်းကြီးများကို ယခု မြေပုံဆွဲပြီးဖြစ်၍ စိတ်အားထက်သန်စွာ လေ့လာနေကြသည်။ (ဆာလံ ၁၀၄:၈၊ ၉ နှိုင်းယှဉ်။) ခြောက်သွေ့သည့်ကုန်းမြေ ဖြစ်ပေါ်လာပြီးနောက် အံ့မခန်းဖွယ် ဖြစ်ပေါ်တိုးတက်မှု နောက်တစ်ခု ဖြစ်ပျက်လာသည်။ ဤသို့ဖတ်ရ၏– “ဘုရားသခင်က ‘မြေသည် မြက်ပင်ကိုလည်းကောင်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း ပေါက်စေ’ ဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။”—ကမ္ဘာဦး ၁:၁၁။
ရှေ့အခန်း (“လက်ရာ—အကြောင်းတရားကား အဘယ်နည်း”) တွင် ဆွေးနွေးတင်ပြခဲ့သည့်အတိုင်း အလင်းမှီစုဖွဲ့ခြင်းသည် အပင်များအတွက် မရှိမဖြစ်လိုအပ်သည်။ အစိမ်းရောင်အပင်ဆဲလ်တွင် နေရောင်ခြည်မှ စွမ်းအင်ကိုစုပ်ယူသည့် ကလိုရိုပလတ် (chloroplast) ခေါ် သေးငယ်သောအစိတ်အပိုင်း အမြောက်အမြားရှိသည်။ “ဤအဏုကြည့်စက်ရုံများသည် သကြားနှင့် ကစီဓာတ်များ ထုတ်လုပ်ကြသည် . . . ။ ကလိုရိုပလတ်ထက် ပို၍စွမ်းဆောင်ရည်ရှိသော၊ ကလိုရိုပလတ်၏ထုတ်ကုန်များထက် ပို၍လိုအပ်သော ကုန်ပစ္စည်းမျိုး ထုတ်လုပ်နိုင်သည့်စက်ရုံမျိုးကို မည်သည့်လူသားမျှ တီထွင်နိုင်ခဲ့ခြင်းမရှိ” ဟူ၍ ကမ္ဘာဂြိုဟ် စာအုပ်က ရှင်းပြထားသည်။
စင်စစ်ဆိုလျှင်၊ နောင်တွင်ပေါ်လာမည့် တိရစ္ဆာန်သက်ရှိများ ဆက်လက်ရှင်သန်ရေးအတွက် ကလိုရိုပလတ်များကို မှီခိုအားထားရပေမည်။ ၎င်းပြင်၊ အစိမ်းရောင် သဘာဝပေါက်ပင်များမရှိလျှင် ကမ္ဘာ့လေထုသည် ကာဗွန်ဒိုင်အောက်ဆိုက် အလွန်များပြားမည်ဖြစ်ရာ ကျွန်ုပ်တို့သည် အပူရှိန်ကြောင့်၊ အောက်ဆီဂျင်ပြတ်လပ်ခြင်းကြောင့် သေဆုံးကြမည်ဖြစ်သည်။ အထူးကျွမ်းကျင်သူအချို့က အလင်းမှီစုဖွဲ့ခြင်းအပေါ် အားထားမှီခိုကြသည့်သက်ရှိများ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အလွန်အံ့သြဖွယ်ကောင်းသော ရှင်းပြချက်များ ပေးကြသည်။ သာဓကအားဖြင့်၊ ရေထဲမှ ဆဲလ်တစ်ခုတည်းရှိသည့် ဇီဝရုပ်များ အစာကုန်ခန်းသွားသည့်အခါ “ရှေ့ဆောင်ဆဲလ်အနည်းငယ်တို့သည် နောက်ဆုံးတွင် ဖြေရှင်းနည်းတစ်ခုကို တီထွင်ခဲ့ကြသည်။ ၎င်းတို့သည် အလင်းမှီစုဖွဲ့ခြင်းကို တီထွင်ခဲ့ကြသည်” ဟုသူတို့ဆိုကြသည်။ သို့သော် ထိုအတိုင်း အမှန်ဖြစ်ပျက်နိုင်သလော။ အလင်းမှီစုဖွဲ့ခြင်းသည် အလွန်တရာ သိမ်မွေ့ရှုပ်ထွေးလှသဖြင့် ယင်း၏လျှို့ဝှက်ချက်များကို သိပ္ပံပညာရှင်များပင် ဖော်ထုတ်ရန် ကြိုးပမ်းနေရဆဲရှိသည်။ မိမိဘာသာမျိုးပွားနိုင်သော၊ အလင်းမှီစုဖွဲ့ခြင်းပေါ် မှီခိုအားထားရသည့် သက်ရှိတို့သည် ရှင်းပြ၍မရနိုင်သောနည်းဖြင့် အလိုအလျောက် ဖြစ်ပေါ်လာသည်ဟု သင်ထင်သလော။ သို့တည်းမဟုတ် ကမ္ဘာဦးကျမ်းတင်ပြသည့်အတိုင်း အသိဉာဏ်ရှိသော၊ ရည်ရွယ်ချက်ရှိသော ဖန်ဆင်းခြင်းမှ ဖြစ်ပေါ်လာသည်ဟု ယုံကြည်ခြင်းသည် ပို၍ယုတ္တိရှိကြောင်း တွေ့ရှိသလော။
သက်ရှိအပင် အမျိုးသစ်များ ဖြစ်ပေါ်ခြင်းသည် ဖန်ဆင်းရာ တတိယ “နေ့ရက်” တွင်ပြီးဆုံးခဲ့ပုံမရပေ။ ဖန်ဆင်းရှင်သည် “ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီး . . . ထိုမြေထဲက အဆင်းလှ၍ စားဖွယ်ကောင်းသော အပင်အမျိုးမျိုးကို . . . ပေါက်စေတော်မူ” သည့် ဆဋ္ဌမ “နေ့ရက်” တိုင်အောင်ပင် ဆက်လက်ဖြစ်ပေါ်ခဲ့ဖွယ်ရှိသည်။ (ကမ္ဘာဦး ၂:၈၊ ၉) ထို့ပြင်၊ ဖော်ပြခဲ့သည့်အတိုင်း နေနှင့်အခြားသော ကောင်းကင်တန်ဆာများမှအလင်းသည် ကမ္ဘာဂြိုဟ်ပေါ်သို့ ပိုမိုရောက်ရှိလာစေရန် စတုတ္ထ “နေ့ရက်” တွင်ကမ္ဘာ့လေထုသည် ကြည်လင်လာ၍ဖြစ်မည်။
ပဉ္စမနှင့် ဆဋ္ဌမ “နေ့ရက်များ”
ပဉ္စမဖန်ဆင်းရာ “နေ့ရက်” အတွင်း ဖန်ဆင်းရှင်သည် သမုဒ္ဒရာနှင့် ကမ္ဘာ့လေထုမိုးကောင်းကင်တို့ကို သဘာဝပေါက်ပင်တို့နှင့် ကွဲပြားခြားနားသည့် သက်ရှိအသွင်သစ်တစ်မျိုး—“သက်ရှိစိုးလ်များ”—ဖြင့် ဆက်လက်၍ ပြည့်စေတော်မူ၏။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဇီဝဗေဒပညာရှင်များသည် အခြားအရာများအပြင် အပင်လောကနှင့် တိရစ္ဆာန်လောကအကြောင်း ပြောဆို၍ ယင်းတို့ကို တစ်ဆင့်ခံမျိုးပေါင်းများအဖြစ် ခွဲခြားဖော်ပြကြသည်။ “စိုးလ်” ဟုပြန်ဆိုသည့် ဟေဗြဲစကားလုံး၏အဓိပ္ပာယ်မှာ “အသက်ရှူသူ” ဖြစ်သည်။ သမ္မာကျမ်းစာက “သက်ရှိစိုးလ်များ” ၌ သွေးရှိသည်ဟူ၍လည်းဆို၏။ ထို့ကြောင့်၊ အသက်ရှူအဖွဲ့နှင့် သွေးလှည့်အဖွဲ့ နှစ်မျိုးလုံးရှိသည့် သတ္တဝါများ—ပင်လယ်နှင့်မိုးကောင်းကင်တို့၌ နေထိုင်ကျက်စားသည့် အသက်ရှူသောတိရစ္ဆာန်များ—သည် ပဉ္စမ ဖန်ဆင်းရာကာလအတွင်း စတင်ပေါ်ပေါက်သည်ဟု ကျွန်ုပ်တို့ ကောက်ချက်ဆွဲနိုင်ပေသည်။—ကမ္ဘာဦး ၁:၂၀; ၉:၃၊ ၄။
ဆဋ္ဌမ “နေ့ရက်” တွင် ဘုရားသခင်သည် ကုန်းမြေကို ပို၍အာရုံပြုတော်မူ၏။ ကိုယ်တော်သည် “သားယဉ်” နှင့် “သားရဲ” တိရစ္ဆာန်များကို ဖန်ဆင်းတော်မူ၏။ ၎င်းမှတ်တမ်းကို မောရှေရေးသားစဉ်က ဤဝိသေသန စကားလုံးများသည် အဓိပ္ပာယ်ပြည့်ဝပေသည်။ (ကမ္ဘာဦး ၁:၂၄) ထို့ကြောင့် ကုန်းသတ္တဝါများ ပေါ်လာကြသည်မှာ ဤဆဋ္ဌမ ဖန်ဆင်းရာကာလအတွင်း ဖြစ်ပေသည်။ သို့သော်၊ လူသားနှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။
နောက်ဆုံး၌ ဖန်ဆင်းရှင်သည် ကမ္ဘာပေါ်တွင် အမှန်ပင် ပြိုင်စံရှားသော သက်ရှိအသွင်တစ်မျိုးကို ဖြစ်ပွားစေရန် ဆုံးဖြတ်တော်မူခဲ့ကြောင်း ထိုရှေးမှတ်တမ်းက ဖော်ပြသည်။ ကိုယ်တော်က မိမိ၏ကောင်းကင်သားတော်အား “ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်ကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးစေ” ဟုမိန့်တော်မူ၏။ (ကမ္ဘာဦး ၁:၂၆) ဤသို့ဖြင့် လူသည် မိမိကိုပြုလုပ်သည့်အရှင်၏ ဂုဏ်ရည်တော်များကိုထင်ရှားပြသကာ ကိုယ်တော်၏ဝိညာဏပုံသဏ္ဌာန်တော်ကို ရောင်ပြန်ဟပ်နိုင်ပေမည်။ အသိပညာ မြောက်မြားစွာကိုလည်း ဆည်းပူးနိုင်စွမ်းရှိပေမည်။ သို့ဖြင့်၊ လူသားများသည် မည်သည့်တိရစ္ဆာန်ထက်မဆို သာလွန်သည့်အသိဉာဏ်ဖြင့် ပြုမူဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ၎င်းပြင်၊ လူသည် တိရစ္ဆာန်တို့နှင့်မတူ၊ ပင်ကိုသဘာဝအသိစိတ်၏ ထိန်းချုပ်ခြင်းကိုခံရ၍သာမဟုတ်ဘဲ မိမိ၏ စိတ်ကြိုက်ပြုလုပ်ပိုင်ခွင့်နှင့်အညီ ပြုမူဆောင်ရွက်နိုင်သည့်အစွမ်းဖြင့် ဖန်ဆင်းခံရ၏။
မကြာမီနှစ်များအတွင်း သိပ္ပံပညာရှင်တို့သည် လူ့မျိုးရိုးဗီဇကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းလုံးမှ လူ့မျိုးရိုးဗီဇပုံသဏ္ဌာန်များကို နှိုင်းယှဉ်ခြင်းအားဖြင့် လူသားအားလုံး၌ တူညီသော ဘိုးဘေးတစ်ဦးတည်းရှိကြောင်း၊ ကျွန်ုပ်တို့တစ်ဦးစီအပါအဝင် အသက်ရှင်ခဲ့သမျှ လူအားလုံး၌ တူညီသော ဒီအင်အေဇာစ်မြစ်ရှိကြောင်း ရှင်းလင်းထင်ရှားသည့် အထောက်အထားကို တွေ့ရှိခဲ့ကြသည်။ ၁၉၈၈ ခုနှစ်တွင် ထိုတွေ့ရှိချက်များကို နယူးစ်ဝိခ် မဂ္ဂဇင်း၌ “အာဒံဧဝ ရှာပုံတော်” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြခဲ့သည်။ ထိုလေ့လာမှုများသည် အမများသာ လက်ဆင့်ကမ်းပေးသည့် မျိုးဗီဇပစ္စည်းတစ်မျိုးဖြစ်သည့် မိုက်တိုခွန်ဒရီးယန် (mitochondrion) ဒီအင်အေပေါ် အခြေခံထားသည်။ အဖိုဒီအင်အေ သုတေသနပြုချက်အကြောင်း ၁၉၉၅ ခုနှစ် အစီရင်ခံစာများကလည်း တူညီသည့်ကောက်ချက်ကိုပင် ညွှန်ပြသည်။ တိုင်းမ် မဂ္ဂဇင်း ဖော်ပြသည့်အတိုင်း “ဘိုးဘေး ‘အာဒံ’ တစ်ဦးရှိခဲ့သည်။ သူ၏ [Y] ခရိုမိုဆုမ်းတွင်ပါရှိသည့် မျိုးဗီဇပစ္စည်းသည် ယခု ကမ္ဘာပေါ်ရှိသူတိုင်းတွင် ပါရှိသည်။” ၎င်းတွေ့ရှိချက်များသည် အသေးစိတ်အထိ မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ဖြစ်ပျက်စဉ်က တကယ်ရှိခဲ့သည့်အရှင်က ရေးသားစေခဲ့သော ကမ္ဘာဦးကျမ်းတွင် တွေ့ရှိရသည့်သမိုင်းသည် အလွန့်အလွန် ယုံကြည်လောက်ဖွယ်ဖြစ်ကြောင်း ၎င်းတွေ့ရှိချက်များက ရှင်းလင်းထင်ရှားစေသည်။
မြေကြီးမှဒြပ်စင်အချို့ကိုယူ၍ အာဒံအမည်တွင်သော ပထမလူသားကို ဘုရားသခင်က ပေါင်းစပ်ပြုလုပ်သည့်အချိန်သည် အထွတ်အထိပ်သမယ ဖြစ်ခဲ့လေသည်! (လုကာ ၃:၃၈) ကမ္ဘာနှင့်တကွ ကမ္ဘာ့သက်ရှိများကို ဖန်ဆင်းသောအရှင်က မိမိပြုလုပ်သည့်လူကို ဥယျာဉ်ကဲ့သို့သော ဒေသတစ်ခုတွင်ထား၍ ‘ယင်းကို ပြုစုစောင့်ရှောက်စေတော်မူ’ ကြောင်းသမိုင်းမှတ်တမ်းကဆို၏။ (ကမ္ဘာဦး ၂:၁၅) ထိုအချိန်တွင် ဖန်ဆင်းရှင်သည် အသစ်သောတိရစ္ဆာန်မျိုးမည်များကို ဆက်လက်ဖြစ်ပွားစေလျက် ရှိကောင်းရှိမည်။ “ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့် မိုးကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ၊ လူရှိရာသို့ဆောင်ခဲ့တော်မူ၏” ဟူ၍သမ္မာကျမ်းစာကဆို၏။ (ကမ္ဘာဦး ၂:၁၉) ပထမလူ၊ အာဒံမှာ ဒဏ္ဍာရီလာပုဂ္ဂိုလ်မျှဖြစ်ကြောင်း သမ္မာကျမ်းစာက လုံးဝမဆိုပါ။ ဆန့်ကျင်ဘက်အားဖြင့်၊ အာဒံသည် ထိုပရဒိသုစံအိမ်အတွင်း အလုပ်လုပ်ကိုင်၍ ရွှင်လန်းမှုရရှိနိုင်သည့် တကယ့်ပုဂ္ဂိုလ်—စဉ်းစားတတ်သော၊ ခံစားတတ်သောလူသား—တစ်ဦးဖြစ်ပေသည်။ သူသည် ဖန်ဆင်းရှင် ပြုလုပ်သည့်အရာများကိုလည်းကောင်း၊ ထိုအရှင်သည် အဘယ်သို့သောပုဂ္ဂိုလ်—ကိုယ်တော်၏ ဂုဏ်ရည်တော်များ၊ ကိုယ်ရည်ကိုယ်သွေး—ဖြစ်သည်ကိုလည်းကောင်း နေ့စဉ်နှင့်အမျှ တိုး၍ဆည်းပူးသိရှိခဲ့သည်။
ထို့နောက်၊ သီးခြားဖော်ပြထားခြင်းမရှိသည့် ကာလတစ်ခု ကုန်လွန်ပြီးနောက် ဘုရားသခင်သည် အာဒံ၏မိန်းမအဖြစ် ပထမဦးဆုံးသော လူမိန်းမကို ဖန်ဆင်းတော်မူ၏။ ထို့ပြင်၊ ဘုရားသခင်သည် အောက်ပါ အဓိပ္ပာယ်ပြည့်ဝသည့် တာဝန်နှင့်အတူ သူတို့၏ဘဝတွင် သာ၍ကြီးမားသည့်ရည်ရွယ်ချက်ကို ဖြည့်စွက်တော်မူ၏– “အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။” (ကမ္ဘာဦး ၁:၂၇၊ ၂၈) မြေကြီးတစ်ပြင်လုံးသည် လူအချင်းချင်းသော်လည်းကောင်း၊ တိရစ္ဆာန်များနှင့်သော်လည်းကောင်း အေးချမ်းစွာနေထိုင်မည့် ပျော်ရွှင်သည့်လူသားများ အပြည့်ရှိသည့် ပရဒိသုဖြစ်လာရမည်ဟူသော ဖန်ဆင်းရှင်၏ပြတ်သားသည့် ၎င်းရည်ရွယ်ချက်ကို အဘယ်အရာကမျှ ပြောင်းလဲစေနိုင်မည်မဟုတ်ပါ။
ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်နှင့် ၎င်းပေါ်ရှိ သက်ရှိများအပါအဝင် ရုပ်ပိုင်းစကြဝဠာတစ်ခုလုံးက ဘုရားသခင်၏ဉာဏ်ပညာတော်ကို သက်သေခံလျက်ရှိသည်။ ထို့ကြောင့် အချိန်တန်လျှင် လူသားအချို့သည် ဖန်ဆင်းရှင်နှင့် အသက်သခင်ကို အရေးမစိုက်ဘဲ အမှီအခိုကင်းစွာပြုမူ၍ ပုန်ကန်လာကြမည့်အလားအလာကို ကိုယ်တော်ကြို၍သိမြင်နိုင်သည်မှာ ထင်ရှားသည်။ ထိုသို့သောပုန်ကန်မှုသည် ကမ္ဘာချီပရဒိသုဖြစ်စေခြင်းတည်းဟူသော ကြီးကျယ်ခမ်းနားသည့်လုပ်ငန်းကို အနှောင့်အယှက်ပေးလာနိုင်သည်။ ဘုရားသခင်သည် အာဒံနှင့်ဧဝအား နာခံမှုရှိရန်လိုကြောင်း သတိပေးသည့် စမ်းသပ်မှုရိုးရိုးလေးတစ်ခုဖြင့် သူတို့ကိုစမ်းသပ်ခဲ့ကြောင်း မှတ်တမ်းကဆို၏။ နာခံမှုမရှိလျှင် ကိုယ်တော်ပေးထားသည့်အသက်ကို လက်လွှတ်ဆုံးရှုံးရမည့်အကြောင်း ဘုရားသခင်ကမိန့်တော်မူ၏။ လူသားမျိုးနွယ်တစ်ရပ်လုံး၏ပျော်ရွှင်မှုကို ထိခိုက်ပျက်စီးစေမည့် မှားယွင်းသည့်လမ်းစဉ်အကြောင်းကို ကျွန်ုပ်တို့၏ကနဦးဘိုးဘေးတို့အား ဖန်ဆင်းရှင်သတိပေးခဲ့ခြင်းသည် ကိုယ်တော်၏ဂရုစိုက်မှုဖြစ်ပေသည်။—ကမ္ဘာဦး ၂:၁၆၊ ၁၇။
ဆဋ္ဌမ “နေ့ရက်” ကုန်ဆုံးချိန်၌ ဖန်ဆင်းရှင်သည် မိမိ၏ရည်ရွယ်ချက်ပြည့်စုံရန် လိုအပ်သမျှအားလုံး လုပ်ဆောင်တော်မူပြီးဖြစ်သည်။ မိမိလုပ်ဆောင်ခဲ့ရာတိုင်း “အလွန်ကောင်းသည်” ဟု မှန်ကန်စွာ ကြေညာနိုင်ခဲ့သည်။ (ကမ္ဘာဦး ၁:၃၁) ထိုအခိုက်တွင် သမ္မာကျမ်းစာက ဘုရားသခင်သည် “ဖန်ဆင်းသမျှသော အမှုအရာတို့ . . . ပြီးစီးပြီးမှ ထိုသတ္တမနေ့ ၌ ငြိမ်ဝပ်စွာ [နား] နေတော်မူ၏” ဟုဆိုခြင်းအားဖြင့် အရေးကြီးသောအချိန်ကာလ နောက်တစ်ခု စတင်ကြောင်းဖော်ပြသည်။ (ကမ္ဘာဦး ၂:၂) ဖန်ဆင်းရှင်သည် “ပင်ပန်းတော်မူခြင်းမရှိ” သည်ဖြစ်ရာ ကိုယ်တော်အနားယူသည်ဟု အဘယ်ကြောင့်ဆိုရသနည်း။ (ဟေရှာယ ၄၀:၂၈) ရုပ်ပိုင်းဆိုင်ရာ ဖန်ဆင်းခြင်းလုပ်ငန်းများကို ကိုယ်တော်ရပ်စဲလိုက်ကြောင်း၊ ထို့အပြင်၊ ကောင်းကင်ဘုံ၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ ပုန်ကန်မှုအပါအဝင် မည်သည့်အရာကမျှ မိမိ၏ကြီးမြတ်သောရည်ရွယ်ချက် ပြည့်စုံခြင်းကို ဟန့်တားနိုင်မည်မဟုတ် ဟူသောအသိဖြင့် ကိုယ်တော် ငြိမ်ဝပ်စွာနားတော်မူကြောင်းကို ရည်ညွှန်းသည်။ ဘုရားသခင်သည် ယုံကြည်စိတ်ချစွာ သတ္တမဖန်ဆင်းရာ “နေ့ရက်” ကို ကောင်းချီးပေးတော်မူ၏။ ထို့ကြောင့်၊ ဘုရားသခင်၏ အသိဉာဏ်ရှိသည့် သစ္စာစောင့်သိသော သတ္တဝါများ—လူသားများနှင့် မျက်မြင်မရသော နာမ်ဝိညာဉ်သတ္တဝါများ—အနေဖြင့် သတ္တမ “နေ့ရက်” အဆုံးတွင် စကြဝဠာတစ်ခွင် ငြိမ်သက်ခြင်းနှင့်ပျော်ရွှင်ခြင်း စိုးမိုးလတ္တံ့သည်ကို စိတ်ချနိုင်ကြသည်။
ကမ္ဘာဦးကျမ်းမှတ်တမ်းကို သင်ယုံကြည်နိုင်သလော
သို့သော် ဤဖန်ဆင်းခြင်းမှတ်တမ်းနှင့်တကွ ကမ်းလှမ်းထားသည့် အလားအလာတို့ကို အမှန်တကယ် ယုံကြည်နိုင်ပါသလော။ ကျွန်ုပ်တို့ သတိပြုမိသည့်အတိုင်း ခေတ်သစ်မျိုးဗီဇ သုတေသနပြုချက်သည် ရှေးရှေးကတည်းက သမ္မာကျမ်းစာဖော်ပြသည့် ကောက်ချက်ဆီသို့ ရောက်စပြုနေပါပြီ။ ၎င်းပြင်၊ သိပ္ပံပညာရှင်အချို့သည် ကမ္ဘာဦးကျမ်းတွင်ဖော်ပြထားသည့် ဖြစ်ရပ်များ၏အစဉ်ကို သတိပြုမိလာကြသည်။ သာဓကအားဖြင့်၊ ထင်ရှားသော ဘူမိဗေဒပညာရှင် ဝေါလေ့စ် ပရတ်က ဤသို့မှတ်ချက်ချခဲ့သည်– “ဘူမိဗေဒပညာရှင်တစ်ဦးအနေနှင့် ကမ္ဘာမြေကြီး၏အစ၊ ကမ္ဘာ့သက်ရှိ ဖွံ့ဖြိုးလာပုံတို့နှင့်ပတ်သက်၍ ခေတ်သစ်အမြင်ကို ကမ္ဘာဦးကျမ်း လိပ်မူခံရသည့် လူမျိုးနွယ်စုကဲ့သို့သော ရိုးသားသည့် တောသူတောင်သားများအား အကျဉ်းချုပ်ရှင်းပြပါဟု တောင်းဆိုခံရလျှင် ကမ္ဘာဦးကျမ်း ပထမအခန်းကြီးမှ စကားအသုံးနှုန်းများကို အနီးကပ်လိုက်ခြင်းထက် ပို၍ရှင်းပြနိုင်မည်မဟုတ်။” သမုဒ္ဒရာ၏မူလအစနှင့် ကုန်းမြေပေါ်ထွန်းပုံအကြောင်း၊ ရေသတ္တဝါ၊ ငှက်နှင့် နို့တိုက်သတ္တဝါများ ပေါ်လာပုံအကြောင်း၊ ကမ္ဘာဦးကျမ်းဖော်ပြထားသည့်အစဉ်သည် အနှစ်သာရအားဖြင့် ဘူမိကာလ၏ အဓိကအပိုင်းအခြား၏ အစဉ်ပင်ဖြစ်ကြောင်းကိုလည်း သူထောက်ပြထားသည်။
စဉ်းစားဆင်ခြင်ကြည့်ပါ– လွန်ခဲ့သောအနှစ် ထောင်ပေါင်းများစွာက မောရှေအနေဖြင့် သူရေးသားသည့်အကြောင်းအရာတို့သည် ဖန်ဆင်းရှင်နှင့် ပုံစံရေးဆွဲသောအရှင် ကိုယ်တော်တိုင်ထံမှ ရရှိခဲ့ခြင်းမဟုတ်ပါက ထိုမှန်ကန်သည့်အစဉ်ကို သူအဘယ်မှရရှိသနည်း။
“မမြင်နိုင်သောအရာထဲမှ မြင်ရသောအရာ ဖြစ်ပေါ်လာစေရန် ထာဝရဘုရားသည် အမိန့်တော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူကြောင်းကို ငါတို့သိကြသည်မှာ ယုံကြည်ခြင်းကြောင့်ဖြစ်၏” ဟုသမ္မာကျမ်းစာကဆို၏။ (ဟေဗြဲ ၁၁:၃၊ သတင်းကောင်းကျမ်းစာ) လူအများက ဤအမှန်တရားကို လက်ခံလိုစိတ်မရှိဘဲ စကြဝဠာနှင့် သက်ရှိတို့ကိုဖြစ်ပေါ်စေသည်ဟု ယူဆရသော အမှတ်တမဲ့ဖြစ်ခြင်း၊ သို့မဟုတ် လူ့ဉာဏ်နှင့် စီမံထိန်းချုပ်ခြင်းကင်းသည့် ဓာတုဖြစ်စဉ်တစ်ခုခုကို ယုံကြည်လိုကြသည်။d သို့သော်၊ ကျွန်ုပ်တို့တွေ့ရှိခဲ့သည့်အတိုင်း စကြဝဠာနှင့်တကွ ကမ္ဘာ့သက်ရှိ—ကျွန်ုပ်တို့၏အသက် အပါအဝင်—တို့သည် အသိဉာဏ်ရှိသည့် ပထမအကြောင်းတရား၊ ဖန်ဆင်းရှင် ဘုရားသခင်ထံတော်မှ ဆင်းသက်လာရာဖြစ်ကြောင်း ယုံကြည်လက်ခံရန် အကြောင်းတရား မြောက်မြားစွာရှိပေသည်။
“ယုံကြည်ခြင်းတရားကို လူတိုင်းမရ” ကြောင်း သမ္မာကျမ်းစာက ပွင့်ပွင့်လင်းလင်း ဝန်ခံထားသည်။ (၂ သက်သာလောနိတ် ၃:၂၊ သမ) သို့ရာတွင်၊ ယုံကြည်ခြင်းဆိုသည်မှာ ယုံလွယ်ခြင်းမဟုတ်ပါ။ ယုံကြည်ခြင်းသည် ခြေမြစ်ခိုင်ခံ့သည့်အရာပေါ်တွင် အခြေတည်ထားသည်။ နောက်တစ်ခန်းတွင် သမ္မာကျမ်းစာကိုလည်းကောင်း၊ ကျွန်ုပ်တို့ကို ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်စောင့်ရှောက်တော်မူသော ကြီးမြတ်သည့် ဖန်ဆင်းရှင်ကိုလည်းကောင်း ယုံကြည်စိတ်ချနိုင်သည့် ခိုင်လုံ၍ လက်ခံလောက်သော ထပ်ဆင့်အကြောင်းတရားများကို ဆင်ခြင်သုံးသပ်ပါမည်။
[အောက်ခြေမှတ်ချက်များ]
a စွမ်းအင်သည် ဒြပ်ထုကို အလင်းအလျင်၏ နှစ်ထပ်ကိန်းနှင့်မြှောက်ခြင်းနှင့် ညီမျှသည်။
b ဟေဗြဲလူမျိုးသည် ၎င်းတို့၏နေ့ရက်ကို ညနေချိန်မှစတင်၍ နောက်နေ့နေဝင်ချိန်အထိ သတ်မှတ်ရေတွက်သည်။
c ဖန်ဆင်းရှင်အနေဖြင့် ဤရေများကိုတက်စေ၍ အထက်အရပ်၌တည်နေစေရန် သဘာဝဖြစ်စဉ်များကို အသုံးပြုခဲ့ဖွယ်ရှိသည်။ ဤရေများသည် နောဧလက်ထက်၌ ရွာချခဲ့သည်။ (ကမ္ဘာဦး ၁:၆-၈; ၂ ပေတရု ၂:၅; ၃:၅၊ ၆) မနုဿဗေဒပညာရှင်များ အတည်ပြုသည့်အတိုင်း ဤသမိုင်းဖြစ်ရပ်သည် ကပ်ကျော်ရှင်ကျန်သူများနှင့် သူတို့၏ သားစဉ်မြေးဆက်များ၏စိတ်တွင် နက်ရှိုင်းစွာ စွဲကျန်ခဲ့သည်။ ကမ္ဘာတစ်ဝန်းမှ လူတို့ထိန်းသိမ်းလာသည့် ရေလွှမ်းမိုးခြင်းအကြောင်းများ၌ ဤဖြစ်ရပ်မှန် ထင်ဟပ်လျက်ရှိသည်ကို တွေ့နိုင်သည်။
d ကမ္ဘာ့သက်ရှိအသွင်များသမိုင်းကို ထပ်ဆင့်လေ့လာရန် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သက်ရှိ—ဤတွင် အဘယ်သို့ရောက်ရှိနေသနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော စာအုပ်ရှု။
[စာမျက်နှာ ၈၆ ပါ ရုပ်ပုံ]
ဂလက်ဆီ အင်ဂျီစီ ၄၂၆၁ ရှိ ဤကဲ့သို့သော ဖုန်မှုန့်အပြားဝိုင်းများသည် မမြင်နိုင်သော အင်အားကြီးမားသည့် တွင်းနက်များ၏ သက်သေအထောက်အထားပင်ဖြစ်သည်။ သမ္မာကျမ်းစာက အခြားဘုံတစ်ခု၌ တန်ခိုးကြီးမားပြီး မမြင်နိုင်သောသတ္တဝါများ တည်ရှိကြောင်း သတင်းပေး
[စာမျက်နှာ ၈၉ ပါ ရုပ်ပုံ]
ဒြပ်ထုကို စွမ်းအင်အဖြစ်သို့လည်းကောင်း၊ စွမ်းအင်ကို ဒြပ်ထုအဖြစ်သို့လည်းကောင်း ပြောင်းလဲစေနိုင်သည်ဟူသော သိပ္ပံသီအိုရီကို စမ်းသပ်ချက်များက ထောက်ခံ
[စာမျက်နှာ ၉၄ ပါ ရုပ်ပုံ]
ပထမမှတတိယ “နေ့ရက်” အတွင်း ဖန်ဆင်းခြင်း လုပ်ငန်းများက အံ့မခန်းဖွယ် အမျိုးအမည် စုံလင်များပြားလှသည့် သဘာဝပေါက်ပင်များကို ရှင်သန်ပေါက်ရောက်စေ
[စာမျက်နှာ ၉၉ ပါ ရုပ်ပုံ]
ကမ္ဘာပေါ် သက်ရှိအသွင်များ အစဉ်လိုက်ပေါ်ပေါက်လာပုံကို သမ္မာကျမ်းစာက ရိုးရှင်းသည့်အသုံးအနှုန်းများဖြင့် တိကျမှန်ကန်စွာ ဖော်ပြထား
[စာမျက်နှာ ၁၀၁ ပါ ရုပ်ပုံ]
“ဘူမိဗေဒပညာရှင်တစ်ဦးအနေနှင့် . . . ကျွန်ုပ်သည် ကမ္ဘာဦးကျမ်း ပထမအခန်းကြီးမှ စကားအသုံးအနှုန်းများကို အနီးကပ်လိုက်ခြင်းထက် ပို၍ ရှင်းပြနိုင်မည်မဟုတ်။”—ဝေါလေ့စ် ပရတ်