အခန်း လေး
ဧရာမရုပ်တုကြီး၏ အတက်အကျ
၁။ ဒံယေလနှင့် အခြားသူတို့ကို နေဗုခဒ်နေဇာမင်းကြီး သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားပြီး ဆယ်နှစ်အကြာတွင် ဖြစ်ပေါ်လာသည့် အခြေအနေတစ်ခုကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။
ဒံယေလနှင့် အခြား “အားကြီးသော [ယုဒ] ပြည်သားများ” ကို ဗာဗုလုန်ပြည်သို့ သုံ့ပန်းများအဖြစ် နေဗုခဒ်နေဇာ ခေါ်ဆောင်သွားသည့် အချိန်မှစ၍ ဆယ်နှစ်တာကာလ ကုန်လွန်ခဲ့လေပြီ။ (၄ ဓမ္မရာဇဝင် ၂၄:၁၅) ငယ်ရွယ်သည့်ဒံယေလ နန်းတော်တွင် အမှုတော်ထမ်းနေစဉ် အသက်အန္တရာယ် ခြိမ်းခြောက်သည့် အခြေအနေတစ်ရပ် ပေါ်လာသည်။ ဤအကြောင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။ အကြောင်းမှာ ထိုကိစ္စတွင် ယေဟောဝါဘုရားသခင် ဝင်ရောက်စွက်ဖက်ခြင်းသည် ဒံယေလနှင့် အခြားသူတို့၏အသက်ကို ကယ်တင်ခဲ့ရုံမက သမ္မာကျမ်းစာ ပရောဖက်ပြုချက်မှ ယနေ့တိုင်အောင် တည်ရှိလာသည့် ကမ္ဘာ့အာဏာစက်များ၏ အစဉ်အဆက် ဖြစ်ပေါ်တိုးတက်မှုကိုပါ ကျွန်ုပ်တို့အား ပြသသောကြောင့်ဖြစ်သည်။
ဧကရာဇ်ဘုရင် ခက်ခဲသည့်ပြဿနာကြုံရ
၂။ နေဗုခဒ်နေဇာသည် အဘယ်အချိန်တွင် ပရောဖက်ပြုချက်ဆိုင်ရာ ပထမ အိပ်မက်ကို မြင်မက်သနည်း။
၂ “နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင်၊ အိပ်မက်ကို မြင်တော်မူ၍ ထိတ်လန့်ခြင်းစိတ်ရှိသောကြောင့်၊ စက်တော်မခေါ်နိုင်” ဟုပရောဖက်ဒံယေလ ရေးသား၏။ (ဒံယေလ ၂:၁) အိပ်မက်မြင်သူမှာ ဗာဗုလုန်အင်ပါယာ၏ အရှင်သခင် နေဗုခဒ်နေဇာမင်းဖြစ်သည်။ စင်စစ်အားဖြင့် ယေရုရှလင်မြို့နှင့် ၎င်း၏ဗိမာန်တော်ကို ဖျက်ဆီးရန် ယေဟောဝါဘုရားသခင်က သူ့အား အခွင့်ပေးခဲ့သည့် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် သူသည် ကမ္ဘာ့အုပ်စိုးရှင် ဖြစ်လာခဲ့သည်။ ကမ္ဘာ့အုပ်စိုးရှင်အဖြစ် နေဗုခဒ်နေဇာ စိုးစံသည့်ဒုတိယနှစ် (ဘီ.စီ.အီး. ၆၀၆/၆၀၅ ခုနှစ်) တွင် ဘုရားသခင်သည် သူ့အား ထိတ်လန့်ဖွယ်အိပ်မက်တစ်ခု မြင်မက်စေတော်မူ၏။
၃။ မင်းကြီး၏အိပ်မက်ကို မည်သူတို့ အနက်မဖွင့်နိုင်ကြသနည်း။ နေဗုခဒ်နေဇာ မည်သို့တုံ့ပြန်သနည်း။
၃ အိပ်မက်သည် နေဗုခဒ်နေဇာအား ပူပင်သောကရောက်စေသဖြင့် အိပ်စက်၍မပျော်နိုင် ဖြစ်ခဲ့သည်။ အိပ်မက်၏အနက်ကို သိလိုစိတ် ပြင်းပြနေမည်မှာ ဆိုဖွယ်မရှိ။ သို့သော်၊ ဘုရင်မင်းမြတ်သည် အိပ်မက်ကို မေ့သွားလေ၏။ သို့နှင့်၊ ဗာဗုလုန်မြို့ရှိ မှော်ဆရာ၊ ပယောဂဆရာနှင့် အောက်လမ်းဆရာများကို ဆင့်ခေါ်၍ အိပ်မက်ကို ဖော်ပြပြီး အနက်ဖွင့်ရန် အမိန့်ပေး၏။ ထိုသို့ပြုရန် သူတို့မတတ်နိုင်ကြချေ။ သူတို့၏ပျက်ကွက်မှုကြောင့် နေဗုခဒ်နေဇာ ပြင်းစွာ အမျက်ဒေါသထွက်သဖြင့် “ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေ” ဟုအမိန့်တော်ရှိ၏။ ဤအမိန့်တော်သည် ဒံယေလအား ပါးကွက်အာဏာသားနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရန် အကြောင်းဖန်လာသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူနှင့် ဟေဗြဲအပေါင်းပါသုံးဦးဖြစ်သော ဟာနနိ၊ မိရှေလနှင့် အာဇရိတို့သည်လည်း ဗာဗုလုန်၏ ပညာရှိတို့တွင် ပါဝင်ကြသောကြောင့်ဖြစ်သည်။—ဒံယေလ ၂:၂-၁၄။
ကယ်တင်ရန် ဒံယေလ ရောက်လာ
၄။ (က) နေဗုခဒ်နေဇာ၏အိပ်မက် အကြောင်းအရာနှင့် အဓိပ္ပာယ်ကို ဒံယေလ မည်သို့သိရှိရသနည်း။ (ခ) ယေဟောဝါ ဘုရားသခင်အား ကျေးဇူးတော် ချီးမွမ်းရာတွင် ဒံယေလ အဘယ်သို့ လျှောက်တင်သနည်း။
၄ နေဗုခဒ်နေဇာ အဘယ်ကြောင့် ဤမျှခက်ထန်သည့်အမိန့် ထုတ်ပြန်ရကြောင်း သိရှိပြီးနောက် “ဒံယေလသည် နန်းတော်သို့ဝင်၍ အိပ်မက်တော်ကို ဖြေရသောနေ့ရက်အချိန်ကို ပေးတော်မူမည်အကြောင်း အသနားတော်ခံ” လေ၏။ အသနားခံသည့်အတိုင်း ခွင့်ပြုတော်မူ၏။ ဒံယေလသည် မိမိအိမ်သို့ပြန်သွား၍ ဟေဗြဲမိတ်ဆွေသုံးဦးနှင့်အတူ ဆုတောင်းလျက် “ဤနက်နဲသောအရာ၌ ကရုဏာကျေးဇူးတော်ကို ခံရမည်အကြောင်း ကောင်းကင်ဘုံရှင် ဘုရားသခင်ကို” အသနားခံကြ၏။ ထိုညတွင်းချင်း မြင်ရသော ရူပါရုံတွင် အိပ်မက်၏ နက်နဲသောအရာကို ဒံယေလအား ယေဟောဝါ ဖော်ပြတော်မူ၏။ ထိုအခါ ဒံယေလသည် ကျေးဇူးတော်ကိုချီးမွမ်းလျက် “ဘုရားသခင်၏နာမတော်သည် ထာဝရ မင်္ဂလာရှိပါစေသတည်း။ ပညာနှင့်လည်းကောင်း၊ အစွမ်းသတ္တိနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။ ကာလအချိန် ဥတုများကို ပြောင်းလဲစေတော်မူ၏။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ၏။ ပညာရှိတို့အား ပညာကိုပေးတော်မူ၏။ ဉာဏ်ရှိသောသူတို့သည် ကျေးဇူးတော်အားဖြင့်သာ ထိုးထွင်း၍ နားလည်တတ်ကြ၏။ နက်နဲခက်ခဲသောအရာတို့ကို ထင်ရှားစွာပြတော်မူ၏။ မှောင်မိုက်၌ ရှိသမျှတို့ကိုသိမြင်၍ အလင်း၏တည်ရာ ဖြစ်တော်မူ၏။” ထိုသို့သော ထိုးထွင်းဉာဏ်အတွက် ယေဟောဝါအား ဒံယေလချီးမွမ်းလေ၏။—ဒံယေလ ၂:၁၅-၂၃။
၅။ (က) မင်းကြီးရှေ့မှောက်တွင် ဒံယေလသည် ယေဟောဝါအား မည်သို့ဂုဏ်တင်သနည်း။ (ခ) ဒံယေလ၏ ရှင်းပြချက်ကို ယနေ့ ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသနည်း။
၅ နောက်တစ်နေ့တွင် ဒံယေလသည် ဗာဗုလုန်၏ ပညာရှိများကိုပယ်ရှင်းရန် ခန့်ထားခံရသော ကိုယ်ရံတော်မှူး အာရုတ်ထံချဉ်းကပ်၏။ အိပ်မက်၏အနက်ကို ဒံယေလဖော်နိုင်ကြောင်းသိရှိသည်နှင့် အာရုတ်သည် ဒံယေလအား ရှင်ဘုရင်အထံတော်သို့ အလျင်တဆောသွင်းလေ၏။ ဒံယေလသည် မိမိအတွက် အမှတ်ယူခြင်းမရှိဘဲ နေဗုခဒ်နေဇာအား ဤသို့လျှောက်ဆို၏– “နက်နဲသောအရာတို့ကို ဖွင့်ပြ၍ နောင်ကာလ၌ဖြစ်လတ္တံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တစ်ဆူသည် ကောင်းကင်ဘုံမှာ ရှိတော်မူ၏။” ဒံယေလသည် ဗာဗုလုန်အင်ပါယာ၏ အနာဂတ်ကိုသာမက နေဗုခဒ်နေဇာလက်ထက်မှ ကျွန်ုပ်တို့ခေတ်ကိုကျော်၍ ဖြစ်ပျက်မည့် ကမ္ဘာ့ဖြစ်ရပ်များ၏ ကောက်ကြောင်းကိုထုတ်ဖော်ရန် အသင့်ဖြစ်နေသည်။—ဒံယေလ ၂:၂၄-၃၀။
ပြန်သတိရသည့် အိပ်မက်
၆၊ ၇။ မင်းကြီးအား ဒံယေလ ပြန်လည်သတိရစေသည့် အိပ်မက်ကား အဘယ်နည်း။
၆ နေဗုခဒ်နေဇာသည် ဒံယေလ ရှင်းပြသည်ကို အထူးအာရုံစိုက်လျက် နားဆင်၏– “အရှင်မင်းကြီး စက်တော်ခေါ်၍ မြင်မက်တော်မူသော ရူပါရုံဟူမူကား ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါနှင့်ပြည့်စုံ၍ ကြီးမြင့်သောထိုရုပ်တုသည် ကြောက်မက်ဖွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌တည်ရှိ၏။ သူ၏ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့်လက်နှစ်ဖက်သည် ငွေဖြစ်၏။ ဝမ်းနှင့်ပေါင်နှစ်ဖက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဖက်သည် သံဖြစ်၏။ ခြေဖဝါးနှင့်ဖမိုးသည် သံတစ်ပိုင်း သရွတ်တစ်ပိုင်းဖြစ်၏။ ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ် လက်ဖြင့်မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တစ်လုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ခြေကိုထိခိုက်၍ ချိုးဖဲ့သည်ရှိသော်၊ သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ကြေမွလျက် နွေကာလ၌ ကောက်နယ်တလင်းအမှုန့်ကဲ့သို့ဖြစ်သဖြင့် လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကိုထိခိုက်သော ကျောက်မူကား တိုးပွားသဖြင့် တောင်ကြီးဖြစ်၍ မြေကြီးတစ်ပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။”—ဒံယေလ ၂:၃၁-၃၅။
၇ အိပ်မက်အကြောင်း ဒံယေလပြောပြသည်ကို ကြားရသည့်အတွက် နေဗုခဒ်နေဇာခမျာ မည်မျှပီတိဖြာလိုက်မည်ဖြစ်ခြင်း! သို့သော် ဆန္ဒမစောပါနှင့်! အိပ်မက်၏အဓိပ္ပာယ်ကို ဒံယေလ ဖွင့်ပြနိုင်မှသာ ဗာဗုလုန်၏ပညာရှိများ အသက်ချမ်းသာရာ ရမည်ဖြစ်သည်။ မိမိနှင့် ဟေဗြဲမိတ်ဆွေသုံးဦးကိုယ်စား ဒံယေလက “ယခုတွင် အိပ်မက်တော်၏ အနက်ကိုဖော်ပြ၍ နားတော်လျှောက်ပါမည်” ဟုလျှောက်တင်လေ၏။—ဒံယေလ ၂:၃၆။
သိသိသာသာ ကွဲပြားသည့် နိုင်ငံတစ်ခု
၈။ (က) ရွှေဦးခေါင်းသည် မည်သူနှင့် အဘယ်အရာဖြစ်မည့်အကြောင်း ဒံယေလ အနက်ဖွင့်သနည်း။ (ခ) ရွှေဦးခေါင်းသည် အဘယ်အချိန်တွင် တည်ရှိလာသနည်း။
၈ “အရှင်မင်းကြီး ကိုယ်တော်သည် ဘုရင်တို့၏ဘုရင် ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော် အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ။ လူနေရာရှိသမျှတို့နှင့် မြေကြီးသားတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌အပ်ပေး၍ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသောအခွင့် ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ရွှေဦးခေါင်း ဖြစ်တော်မူ၏။” (ဒံယေလ ၂:၃၇၊ ၃၈) ဤစကားများသည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ကို ဖျက်ဆီးရာ၌ နေဗုခဒ်နေဇာအား ယေဟောဝါ အသုံးပြုပြီးသည့် အချိန်မှစ၍ နေဗုခဒ်နေဇာနှင့် သက်ဆိုင်လာသည်။ အကြောင်းမှာ ယေရုရှလင်မြို့တွင် နန်းထိုင်ကြသည့် ရှင်ဘုရင်တို့သည် ယေဟောဝါ၏ဘိသိက်တော်ခံမင်း ဒါဝိဒ်၏အမျိုးအနွယ်မှ ဆင်းသက်လာသူများ ဖြစ်ကြ၍တည်း။ ယေရုရှလင်မြို့သည် မြေကြီးပေါ် ယေဟောဝါ၏အချုပ်အခြာအာဏာကို ကိုယ်စားပြုသည့် ဘုရားသခင်၏ ပုံဆောင်နိုင်ငံတော်ဖြစ်သည့် ယုဒနိုင်ငံ၏မြို့တော်ဖြစ်သည်။ ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ၎င်းမြို့တော် ပျက်စီးခြင်းနှင့်အတူ ဘုရားသခင့် ပုံဆောင်နိုင်ငံတော်လည်း ကွယ်ပျောက်သွားလေသည်။ (၁ ရာဇဝင်ချုပ် ၂၉:၂၃; ၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၁) ရုပ်တု၏ သတ္တုအစိတ်အပိုင်းဖြင့် ကိုယ်စားပြုသည့် တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာသည့် ကမ္ဘာ့အာဏာစက်တို့သည် ယခုသော် ဘုရားသခင့် ပုံဆောင်နိုင်ငံတော်၏ စွက်ဖက်နှောင့်ယှက်မှုကင်းစွာဖြင့် ကမ္ဘာကို စိုးမိုးခြယ်လှယ်နိုင်လာသည်။ ရှေးခေတ်ဟောင်းတွင် အဖိုးအတန်ဆုံးသတ္တုအဖြစ် သိရှိခဲ့သောရွှေဖြစ်သည့် ဦးခေါင်းအနေနှင့် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ဖျက်ဆီးခြင်းအားဖြင့် ထိုနိုင်ငံတော်ကို ဖြုတ်ချသည့်အခွင့်ထူး ရရှိခဲ့သည်။—စာမျက်နှာ ၂၄ မှ “စစ်ဘုရင်တစ်ပါး အင်ပါယာတည်ထောင်” ရှု။
၉။ ရွှေဦးခေါင်းသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။
၉ ၄၃ နှစ်ကြာ စိုးစံခဲ့သည့် နေဗုခဒ်နေဇာသည် ဗာဗုလုန်အင်ပါယာကို အုပ်ချုပ်သည့် မင်းဆက်၏ထိပ်ဆုံးတွင် ဦးဆောင်ခဲ့သည်။ ထိုမင်းဆက်တွင် သူ၏သမက်တော် နဗိုနိုက်ဒတ်စ်နှင့် သားတော် ဧဝိလ-မရောဒက်တို့ ပါဝင်ကြသည်။ ၎င်းမင်းဆက်သည် ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် နဗိုနိုက်ဒတ်စ်၏သားတော် ဗေလရှာဇာ အနိစ္စရောက်သည့်အချိန်အထိ နောက်ထပ်နှစ်ပေါင်း ၄၃ နှစ်ကြာ တည်တံ့ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂၅:၂၇; ဒံယေလ ၅:၃၀) ထိုကြောင့် အိပ်မက်ထဲမှရုပ်တု၏ ရွှေဦးခေါင်းသည် နေဗုခဒ်နေဇာကိုသာမက ဗာဗုလုန်မင်းဆက်တစ်ခုလုံးကို ကိုယ်စားပြုသည်။
၁၀။ (က) ဗာဗုလုန် ကမ္ဘာ့အာဏာစက်သည် ကြာရှည်တည်တံ့မည်မဟုတ်ကြောင်း နေဗုခဒ်နေဇာ၏အိပ်မက်က အဘယ်သို့ သိသာစေသနည်း။ (ခ) ဗာဗုလုန်ကို အောင်နိုင်သူနှင့်ပတ်သက်၍ ပရောဖက်ဟေရှာယက မည်သို့ကြိုတင်ဟောခဲ့သနည်း။ (ဂ) မီးဒီးယား-ပါးရှားသည် မည်သည့်သဘောဖြင့် ဗာဗုလုန်ထက် နိမ့်ကျသနည်း။
၁၀ “ကိုယ်တော်နောက်၌ ကိုယ်တော်၏နိုင်ငံလောက်မမြတ်သော နိုင်ငံတစ်ခုသည် တည်ထောင်လိမ့်မည်” ဟုဒံယေလက နေဗုခဒ်နေဇာအား လျှောက်တင်၏။ (ဒံယေလ ၂:၃၉) ရုပ်တုကြီး၏ ငွေရင်ဘတ်နှင့် ငွေလက်နှစ်ဖက်တို့ဖြင့် သင်္ကေတပြုသော နိုင်ငံတစ်ခုသည် နေဗုခဒ်နေဇာ၏ မင်းဆက်ကို ဆက်ခံလိမ့်မည်။ နှစ်ပေါင်း ၂၀၀ ခန့်ကြို၍ ဟေရှာယက ဤနိုင်ငံအကြောင်းကို တင်ကြိုဟောခဲ့သည့်အပြင် ၎င်းနိုင်ငံ၏ အောင်ပွဲခံရှင်ဘုရင်၏အမည်—ကုရုမင်း—ကိုပင်ဖော်ပြခဲ့သည်။ (ဟေရှာယ ၁၃:၁-၁၇; ၂၁:၂-၉; ၄၄:၂၄–၄၅:၇၊ ၁၃) ဤကား မီးဒီးယား-ပါးရှား အင်ပါယာပင်ဖြစ်သည်။ မီးဒီးယား-ပါးရှား အင်ပါယာသည် ဗာဗုလုန်အင်ပါယာ၏ ယဉ်ကျေးမှုထက် အဆင့်အတန်းမနိမ့်သော ယဉ်ကျေးမှုကြီး ထွန်းကားခဲ့လင့်ကစား ဤနိုင်ငံကို ရွှေထက်တန်ဖိုးနိမ့်သည့် သတ္တုတစ်မျိုးဖြစ်သောငွေဖြင့် ကိုယ်စားပြုဖော်ပြထားသည်။ ဘုရားသခင့် ပုံဆောင်နိုင်ငံတော်ဖြစ်သည့် ယုဒနိုင်ငံနှင့်တကွ မြို့တော်ယေရုရှလင်ကို ဖြုတ်ချသည့် အခွင့်ထူး မရရှိသည့်အရာ၌ ဗာဗုလုန် ကမ္ဘာ့အာဏာစက်ထက် နိမ့်ကျခြင်းဖြစ်သည်။
၁၁။ နေဗုခဒ်နေဇာ၏ မင်းဆက်သည် အဘယ်အချိန်တွင် ဆုံးခန်းတိုင်သွားသနည်း။
၁၁ အိပ်မက်ကိုအနက်ဖွင့်၍ နှစ်ပေါင်း ၆၀ ခန့်ကြာပြီးနောက် ဒံယေလသည် နေဗုခဒ်နေဇာ၏မင်းဆက် ဆုံးခန်းတိုင်သည်ကို တွေ့မြင်ခဲ့ရသည်။ တိုက်ခိုက်ဖြိုဖျက်၍ မရနိုင်ဟုထင်ရသော ဗာဗုလုန်ကို မီးဒီးယား-ပါးရှား စစ်တပ်က အောင်နိုင်၍ ဗေလရှာဇာမင်းကို ကွပ်မျက်လိုက်သည့် ဘီ.စီ.အီး. ၅၃၉ ခုနှစ်၊ အောက်တိုဘာလ ၅/၆ ရက်ညတွင် ဒံယေလ ရှိနေခဲ့သည်။ ဗေလရှာဇာ အနိစ္စရောက်ခြင်းနှင့်အတူ အိပ်မက်ထဲမှရုပ်တုကြီး၏ ရွှေဦးခေါင်းဖြစ်သည့် ဗာဗုလုန်အင်ပါယာသည်လည်း ကွယ်ပျောက်လေ၏။
နယ်နှင်ခံလူမျိုးကို နိုင်ငံတစ်ခုက လွှတ်ပေးခြင်း
၁၂။ ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ကုရုမင်းထုတ်ပြန်ခဲ့သည့်အမိန့်သည် နယ်နှင်ခံဂျူးများအား မည်သို့အကျိုးပြုခဲ့သနည်း။
၁၂ မီးဒီးယား-ပါးရှား အင်ပါယာသည် ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် ဗာဗုလုန် အင်ပါယာ၏နေရာ၌ ကမ္ဘာ့အာဏာစက်အဖြစ် စိုးမိုးခဲ့သည်။ မီးဒီးယားလူမျိုး ဒါရိမင်းသည် အသက် ၆၂ နှစ်အရွယ်တွင် အောင်နိုင်လိုက်သည့် ဗာဗုလုန်မြို့၏ ပထမမင်း ဖြစ်လာသည်။ (ဒံယေလ ၅:၃၀၊ ၃၁) သူသည် ပါးရှားရှင်ဘုရင် ကုရုနှင့်တွဲ၍ မီးဒီးယား-ပါးရှား အင်ပါယာကို ခဏတစ်ဖြုတ် အုပ်စိုးခဲ့သည်။ ဒါရိမင်း အနိစ္စရောက်ပြီးနောက် ကုရုမင်းသည် ပါးရှားအင်ပါယာ၏ တစ်ဦးတည်းသောအထွတ်အမြတ် ဖြစ်လာသည်။ ကုရုမင်း၏ အုပ်စိုးခြင်းသည် ဗာဗုလုန်ရောက် ဂျူးများအဖို့ သုံ့ပန်းဘဝမှ လွတ်မြောက်ခြင်းမည်၏။ ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ကုရုမင်းသည် ဗာဗုလုန်ရှိ ဂျူးနယ်နှင်ခံများအား မွေးရပ်ဌာနေသို့ပြန်၍ ယေရုရှလင်မြို့နှင့် ယေဟောဝါ၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် အမိန့်တော်ထုတ်ဆင့်သည်။ သို့ရာတွင် ဘုရားသခင်၏ ပုံဆောင်နိုင်ငံတော်မူကား ယုဒပြည်နှင့် ယေရုရှလင်မြို့တွင် ပြန်လည်တည်ထောင်ခဲ့ခြင်း မရှိတော့ချေ။—၂ ရာဇဝင်ချုပ် ၃၆:၂၂၊ ၂၃; ဧဇရ ၁:၁–၂:၂က။
၁၃။ နေဗုခဒ်နေဇာ၏အိပ်မက်ထဲမှ ငွေရင်ဘတ်နှင့် ငွေလက်မောင်းနှစ်ဖက်သည် အဘယ်အရာကို ပုံဆောင်သနည်း။
၁၃ အိပ်မက်ထဲမှရုပ်တုကြီး၏ ငွေရင်ဘတ်နှင့် ငွေလက်နှစ်ဖက်တို့သည် မဟာကုရုမင်းမှ အစပြုသည့် ပါးရှားမင်းဆက်ကို ပုံဆောင်သည်။ ထိုမင်းဆက်သည် နှစ်ပေါင်း ၂၀၀ ကျော်တည်တံ့ခဲ့သည်။ ကုရုမင်းသည် ဘီ.စီ.အီး. ၅၃၀ ပြည့်နှစ် စစ်ဆင်ရေးတစ်ခုတွင် အနိစ္စရောက်သွားသည်ဟု ယူဆကြသည်။ ပါးရှားအင်ပါယာ၏ ထီးနန်းအရိုက်အရာကို ဆက်ခံသည့်ရှင်ဘုရင် ၁၂ ပါးခန့်အနက်မှ အနည်းဆုံး ၂ ပါးသည် ယေဟောဝါ၏ရွေးချယ်ခံလူမျိုးတော်ကို လိုလိုလားလား ဆက်ဆံခဲ့သည်။ တစ်ပါးမှာ ပထမမြောက် ဒါရိမင်း (ပါးရှား) ဖြစ်ပြီး ကျန်တစ်ပါးမှာ ပထမမြောက် အာတဇေရဇ်ဖြစ်သည်။
၁၄၊ ၁၅။ မဟာဒါရိမင်းကြီးနှင့် ပထမမြောက် အာတဇေရဇ်တို့သည် ဂျူးလူမျိုးအား အဘယ်အကူအညီ ပေးခဲ့ကြသနည်း။
၁၄ ပထမမြောက်ဒါရိမင်းသည် မဟာကုရုမင်းကြီးပြီးနောက် ပါးရှားမင်းဆက်တွင် တတိယမြောက် ရှင်ဘုရင်ဖြစ်သည်။ သူ့အရင်နှစ်ပါးမှာ ဒုတိယမြောက် ကဲမ်ဘိုင်းဆစ္စနှင့် သူ၏ညီတော် ဘားဒီးယား (သို့မဟုတ် ဂေါ်မာတာ အမည်ရှိ အယောင်ဆောင် မာဂုပညာရှိတစ်ဦး) တို့ဖြစ်ကြသည်။ မဟာဒါရိမင်းကြီးဟုလည်း ကျော်ကြားသည့် ပထမမြောက်ဒါရိမင်း နန်းတက်သည့် ဘီ.စီ.အီး. ၅၂၁ ခုနှစ်တွင် ယေရုရှလင်မြို့ရှိ ဗိမာန်တော် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းမှာ ပိတ်ပင်ခြင်းခံထားရသည်။ အာခမေသ (အက္ကဘာတာနာ) မြို့ရှိ မော်ကွန်းတိုက်တွင် ကုရုမင်းကြီး၏ အမိန့်တော်ပါရှိသည့် မှတ်တမ်းမှတ်ရာကို ရှာဖွေတွေ့ရှိပြီးနောက် ဒါရိမင်းသည် ဘီ.စီ.အီး. ၅၂၀ ပြည့်နှစ်တွင် ပိတ်ပင်ခြင်းကို ဖယ်ရှားပေးရုံထက်မက ပြုလုပ်ခဲ့သည်။ သူသည် ဗိမာန်တော် ပြန်လည်တည်ဆောက်ရေးအတွက် ဘဏ္ဍာတော်ထဲမှ ရန်ပုံငွေထောက်ပံ့ရန်ပါ အမိန့်ပေးခဲ့သည်။—ဧဇရ ၆:၁-၁၂။
၁၅ ဂျူးတို့၏ ပြန်လည်ထူတောင်ရေး ကြိုးပမ်းမှုတွင် အကူအညီပေးခဲ့သည့် ပါးရှားရှင်ဘုရင် နောက်တစ်ပါးမှာ ပထမမြောက် အာတဇေရဇ်ဖြစ်သည်။ သူသည် ဘီ.စီ.အီး. ၄၇၅ ခုနှစ်တွင် ခမည်းတော် အာရွှေရု (ပထမမြောက် ဇာဇက်စ်) ၏အရိုက်အရာကို ဆက်ခံခဲ့သည်။ အာတဇေရဇ်၏ ညာလက်သည် ဘယ်လက်ထက် ရှည်သောကြောင့် သူ့အား လောန်ဂင်မနပ်စ်ဟု အမည်သစ်တပ်ပေးသည်။ သူသည် နန်းစံ ၂၀ နှစ်မြောက်၊ ဘီ.စီ.အီး. ၄၅၅ ခုနှစ်တွင် ဂျူးလူမျိုး ဖလားတော်ဝန် နေဟမိအား ယုဒပြည်၏ဘုရင်ခံအဖြစ်ခန့်အပ်၍ ယေရုရှလင်မြို့ရိုးကို ပြန်လည်တည်ဆောက်စေသည်။ ဤအရေးယူဆောင်ရွက်မှုသည် ဒံယေလအခန်းကြီး ၉ တွင် အချုပ်ဖော်ပြထားသည့် ‘သီတင်းနှစ် ခုနစ်ဆယ်’ ၏အစကိုမှတ်သားသည့်အပြင် နာဇရက်မြို့သား ယေရှု၊ မေရှိယ သို့မဟုတ် ခရစ်တော် ပေါ်ထွန်းခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ ရက်စွဲများကိုပါ ထင်ရှားစွာဖော်ပြခဲ့သည်။—ဒံယေလ ၉:၂၄-၂၇; နေဟမိ ၁:၁; ၂:၁-၁၈။
၁၆။ အဘယ်အချိန်နှင့် အဘယ်ရှင်ဘုရင်လက်ထက်တွင် မီးဒီးယား-ပါးရှား ကမ္ဘာ့အာဏာစက် ဆုံးခန်းတိုင်သွားသနည်း။
၁၆ ပါးရှားအင်ပါယာ၏ နန်းပလ္လင်ထက်စိုးစံခဲ့သည့် ပထမမြောက် အာတဇေရဇ်နောက်တွင် စိုးစံခဲ့ကြသော မင်းခြောက်ပါးတွင် နောက်ဆုံးမင်းမှာ တတိယမြောက် ဒါရိမင်းဖြစ်သည်။ ရှေးနိနေဝေမြို့အနီး ဂေါ်ဂါမေလာဒေသတွင် မဟာအလက်ဇန္ဒား၏လက်ချက်ဖြင့် မရှုမလှ ရှုံးနိမ့်ခဲ့သည့် ဘီ.စီ.အီး. ၃၃၁ ခုနှစ်တွင် သူ၏အုပ်ချုပ်ရေး ရုတ်တရက် ဆုံးခန်းတိုင်သွားလေသည်။ ဤရှုံးနိမ့်ခြင်းသည် နေဗုခဒ်နေဇာ၏အိပ်မက်ထဲမှ ရုပ်တုကြီး၏ငွေအပိုင်းဖြင့် သင်္ကေတပြုထားသည့် မီးဒီးယား-ပါးရှား အင်ပါယာကို ဆုံးခန်းတိုင်စေခဲ့သည်။ တစ်ဆက်တည်း တက်လာမည့် အာဏာစက်သည် အချို့နေရာများတွင် သာလွန်သော်လည်း အချို့နေရာများတွင် နိမ့်ကျသည်။ နေဗုခဒ်နေဇာ၏ အိပ်မက်အနက်ကို ဒံယေလ ဆက်လက်ဖွင့်ဆိုသည်ကို နားထောင်ရင်းနှင့် ဤအချက် ရှင်းလင်းလာမည်။
ကျယ်ဝန်းသော်လည်း နိမ့်ကျသည့် နိုင်ငံတစ်ခု
၁၇-၁၉။ (က) ကြေးနီဝမ်းပိုက်နှင့် ပေါင်နှစ်ဖက်သည် အဘယ် ကမ္ဘာ့အာဏာစက်ကို ကိုယ်စားပြုသနည်း။ ယင်း၏ အုပ်ချုပ်ရေးအာဏာစက်သည် မည်မျှကျယ်ပြန့်သနည်း။ (ခ) တတိယမြောက် အလက်ဇန္ဒားကား မည်သူနည်း။ (ဂ) ဂရိစကားသည် အဘယ်နည်းဖြင့် အပြည်ပြည်ဆိုင်ရာ ဘာသာစကားတစ်ခု ဖြစ်လာသနည်း။ အဘယ်အရာအတွက် အထူးသင့်လျော်သနည်း။
၁၇ ရုပ်တုကြီး၏ ဝမ်းပိုက်နှင့်ပေါင်နှစ်ဖက်သည် “မြေကြီးတစ်ပြင်လုံးကိုအုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံ” ကိုကိုယ်စားပြုကြောင်း ဒံယေလက နေဗုခဒ်နေဇာအား လျှောက်တင်သည်။ (ဒံယေလ ၂:၃၂၊ ၃၉) ဤတတိယနိုင်ငံသည် ဗာဗုလုန်နှင့် မီးဒီးယား-ပါးရှား နောက်တွင် ပေါ်ထွက်လာမည်ဖြစ်သည်။ ကြေးနီသည် ငွေထက် အောက်တန်းကျသကဲ့သို့ ဤကမ္ဘာ့ အာဏာစက်သည်လည်း မီးဒီးယား-ပါးရှားထက် နိမ့်ကျသည်။ အကြောင်းမှာ ယေဟောဝါ၏လူမျိုးတော်ကို လွတ်မြောက်စေခြင်းကဲ့သို့သော မည်သည့်အခွင့်ထူးမျှ ချီးမြှင့်ခြင်း မခံရ၍ဖြစ်သည်။ သို့ရာတွင် ကြေးနီနှင့်တူသော ဤနိုင်ငံသည် “မြေကြီးတစ်ပြင်လုံးကိုအုပ်စိုး” မည်ဖြစ်ရာ ဗာဗုလုန်ထက်လည်းကောင်း၊ မီးဒီးယား-ပါးရှားထက်လည်းကောင်း ပိုမိုကျယ်ဝန်းမည်ဖြစ်သည်။ ဤကမ္ဘာ့ အာဏာစက်နှင့်ပတ်သက်၍ သမိုင်းဖြစ်ရပ်မှန်များက အဘယ်အရာကို အတည်ပြုသနည်း။
၁၈ ရည်မှန်းချက်ကြီးမားသော တတိယမြောက် အလက်ဇန္ဒားသည် အသက် ၂၀ အရွယ်၊ ဘီ.စီ.အီး. ၃၃၆ ခုနှစ်တွင် မက်ဆီဒိုးနီးယားထီးနန်းကို ဆက်ခံပြီးနောက် မကြာမီ ချင်းနင်းသိမ်းပိုက်ခြင်း စီမံချက်တစ်ရပ်ကို စတင်လေသည်။ သူ၏ စစ်ရေးအောင်မြင်မှုများကြောင့် မဟာအလက်ဇန္ဒား ဟူ၍ အမည်တွင်ရစ်လေသည်။ အောင်ပွဲပေါ် အောင်ပွဲဆင့်ပြီးနောက် သူသည် ပါးရှားပိုင်နက်ထဲသို့ ချင်းနင်းဝင်ရောက်ခဲ့သည်။ ဘီ.စီ.အီး. ၃၃၁ ခုနှစ်တွင် ဂေါ်ဂါမေလာ တိုက်ပွဲတွင် တတိယ ဒါရိမင်းကို အောင်နိုင်လိုက်သည့်အခါ ပါးရှားအင်ပါယာသည် စတင်ပြိုကွဲလာပြီး အလက်ဇန္ဒားသည် ဂရိနိုင်ငံကို ကမ္ဘာ့အာဏာစက်အဖြစ် တည်ထောင်လေ၏။
၁၉ ဂေါ်ဂါမေလာဒေသတွင် အောင်ပွဲခံပြီးနောက် အလက်ဇန္ဒားသည် ပါးရှားနိုင်ငံ၏ မြို့တော်များဖြစ်သည့် ဗာဗုလုန်၊ ရှုရှန်၊ ပါစယ်ပေါလစ္စနှင့် အက္ကဘာတာနာမြို့တို့ကို သိမ်းပိုက်လေ၏။ ပါးရှားအင်ပါယာ၏ ကျန်အပိုင်းများကို အောင်နိုင်ပြီးနောက် အိန္ဒိယနိုင်ငံ အနောက်ပိုင်းအထိ အောင်ပွဲများကိုတိုးချဲ့ခဲ့သည်။ အောင်နိုင်သည့် ဒေသများတွင် ဂရိကိုလိုနီများကို တည်ထောင်လေ၏။ ဤသို့ဖြင့် ဂရိ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့သည် စိုးမိုးရာနယ်ပယ်တစ်ဝန်းသို့ ပျံ့နှံ့ခဲ့သည်။ ဂရိအင်ပါယာသည် ယခင်ကရှိခဲ့သည့် မည်သည့်အင်ပါယာထက်မဆို ပို၍ကြီးမားကျယ်ပြန့်သည်။ ဒံယေလဟောသည့်အတိုင်း ကြေးနီနိုင်ငံသည် ‘မြေကြီးတစ်ပြင်လုံးကို အုပ်စိုးလေသည်။’ အကျိုးရလဒ်တစ်ခုမှာ ဂရိ (ကွိုင်နေး) ဘာသာစကားသည် အပြည်ပြည်ဆိုင်ရာ ဘာသာစကားတစ်ခု ဖြစ်လာခဲ့သည်။ ဂရိဘာသာစကားသည် ဆိုလိုရင်းကို တိကျမှန်ကန်စွာ ဖော်ပြနိုင်စွမ်းရှိသဖြင့် ခရစ်ယာန် ဂရိကျမ်းစာကို ရေးသားရာတွင်လည်းကောင်း၊ ဘုရားသခင့် နိုင်ငံတော်သတင်းကောင်းကို ပြန့်ပွားစေရာတွင်လည်းကောင်း အထူးပင်သင့်လျော်လှသည်။
၂၀။ မဟာအလက်ဇန္ဒား သေဆုံးပြီးနောက် ဂရိအင်ပါယာသည် မည်သို့ဖြစ်သွားသနည်း။
၂၀ မဟာအလက်ဇန္ဒားသည် ကမ္ဘာ့အုပ်စိုးရှင်အနေနှင့် ရှစ်နှစ်မျှသာ အသက်ရှင်ခဲ့သည်။ ဘီ.စီ.အီး. ၃၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်၊ အသက် ၃၂ နှစ်အရွယ်၌ စားသောက်ပွဲကြီးတစ်ခုအပြီး ဖျားနာ၍မကြာမီတွင် အနိစ္စ ရောက်သွားလေသည်။ အတန်ကြာပြီးနောက် သူ၏ ဧရာမ အင်ပါယာကြီးသည် နယ်ပယ်လေးပိုင်းကွဲသွားပြီး သူ၏ဗိုလ်ချုပ်ကြီးများက တစ်ပိုင်းစီကို အုပ်ချုပ်လေ၏။ ဤသို့ဖြင့် နိုင်ငံကြီးတစ်ခုမှ နိုင်ငံလေးခုပေါ်ထွက်ခဲ့ပြီး နောက်ဆုံးတွင် ယင်းနိုင်ငံများကို ရောမအင်ပါယာက သိမ်းသွင်းလိုက်သည်။ ကြေးနီနှင့်တူသည့် ဤကမ္ဘာ့အင်ပါယာသည် ထိုနိုင်ငံလေးခုအနက်မှ နောက်ဆုံးတစ်ခုဖြစ်သော အီဂျစ်ပြည်တွင် အုပ်ချုပ်သည့် တော်လမီမင်းဆက် ရောမလက်သို့ နောက်ဆုံးကျရောက်ခဲ့သည့် ဘီ.စီ.အီး. ၃၀ ပြည့်နှစ်အထိသာ တည်တံ့ခဲ့လေသည်။
ချိုးဖဲ့ချေမွသည့် နိုင်ငံတစ်ခု
၂၁။ “စတုတ္ထနိုင်ငံ” အကြောင်း ဒံယေလ မည်သို့ ထုတ်ဖော်ပြောဆိုသနည်း။
၂၁ အိပ်မက်ထဲမှ ရုပ်တုကြီးအကြောင်းကို ဒံယေလ ဤသို့ဆက်လက် ရှင်းပြသည်– “[ဗာဗုလုန်၊ မီးဒီးယား-ပါးရှားနှင့် ဂရိတို့နောက်တွင် ပေါ်လာသည့်] စတုတ္ထနိုင်ငံသည် သံကဲ့သို့ ခိုင်မာသောနိုင်ငံ ဖြစ်လိမ့်မည်။ သံသည် အခြားသောအရာ ရှိသမျှတို့ကို ချိုးဖဲ့၍နိုင်သကဲ့သို့ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြုလိမ့်မည်။” (ဒံယေလ ၂:၄၀) ဤကမ္ဘာ့အာဏာစက်သည် ချိုးဖဲ့နိုင်သည့် အစွမ်းခွန်အားကြောင့် သံနှင့်တူလိမ့်မည်။ ရွှေ၊ ငွေ၊ ကြေးနီတို့ဖြင့် ကိုယ်စားပြုခံရသည့် အင်ပါယာတို့ထက် ပို၍အင်အားကြီးလိမ့်မည်။ ရောမအင်ပါယာသည် ထိုကဲ့သို့ အင်အားကြီးနိုင်ငံဖြစ်ပေသည်။
၂၂။ ရောမအင်ပါယာသည် သံနှင့် မည်ကဲ့သို့တူသနည်း။
၂၂ ရောမသည် ဂရိအင်ပါယာကို ချိုးဖဲ့ချေမွ၍ မီးဒီးယား-ပါးရှားနှင့် ဗာဗုလုန် ကမ္ဘာ့အာဏာစက်တို့၏ ကျန်အစိတ်အပိုင်းများကို သိမ်းသွင်းခဲ့သည်။ ယေရှုခရစ်ဟောပြောသည့် ဘုရားသခင့်နိုင်ငံတော်ကို အလေးဂရုပြုခြင်းမရှိဘဲ စီ.အီး. ၃၃ ခုနှစ်တွင် ယေရှုကိုနှက်တိုင်တင်၍ ကွပ်မျက်ခဲ့သည်။ စစ်မှန်သည့် ခရစ်ယာန်ဘာသာကို ချေမှုန်းရန် ကြိုးပမ်းသည့်အနေနှင့် ရောမသည် ယေရှု၏တပည့်တော်များကို နှိပ်စက်ညှဉ်းပန်းခဲ့သည်။ ထို့အပြင်၊ ရောမလူမျိုးသည် ယေရုရှလင်မြို့နှင့် ဗိမာန်တော်ကို စီ.အီး. ၇၀ ပြည့်နှစ်တွင် ဖျက်ဆီးခဲ့သည်။
၂၃၊ ၂၄။ ရုပ်တုကြီး၏ခြေတို့သည် ရောမအင်ပါယာအပြင် အဘယ်အရာကို ပုံဆောင်သနည်း။
၂၃ နေဗုခဒ်နေဇာ၏ အိပ်မက်ထဲမှ ရုပ်တုကြီး၏ သံခြေထောက်တို့မှာ ရောမအင်ပါယာကိုသာ ပုံဆောင်သည်မဟုတ်၊ ယင်း၏ နိုင်ငံရေး အညှောက်အတက်တို့ကိုပါ ပုံဆောင်သည်။ ဗျာဒိတ် ၁၇:၁၀ တွင်မှတ်တမ်းတင်ထားသည့် ဤစကားများကို သုံးသပ်ကြည့်ပါ– “ရှင်ဘုရင် ခုနစ်ပါးလည်းဖြစ်၏။ ငါးပါးကျပြီ၊ တစ်ပါးရှိသေး၏။ တစ်ပါးဖြစ်လေဦးမည်။ ဖြစ်သောအခါ တစ်ခဏသာ တည်လိမ့်မည်။” ဤစကားများကို တမန်တော်ယောဟန်ရေးသားစဉ်တွင် သူသည် ပတ်မုကျွန်းတွင် ရောမလူတို့၏နယ်နှင်ခြင်း ခံနေရသည်။ ကျပြီးသော ရှင်ဘုရင်ငါးပါး သို့မဟုတ် ကမ္ဘာ့အာဏာစက်များမှာ အီဂျစ်၊ အဆီးရီးယား၊ ဗာဗုလုန်၊ မီးဒီးယား-ပါးရှားနှင့် ဂရိတို့ဖြစ်ကြသည်။ ခြောက်ပါးမြောက်—ရောမအင်ပါယာ—သည် အာဏာတည်လျက်ရှိသေးသည်။ သို့သော် ဤအင်ပါယာသည်လည်း ကျဆုံးမည်ဖြစ်ပြီး ခုနစ်ပါးမြောက် ရှင်ဘုရင်သည် ရောမသိမ်းပိုက်ထားသည့် နယ်ပယ်များထဲမှ ပေါ်ထွက်လာမည်။ ၎င်းသည် အဘယ်သို့သော ကမ္ဘာ့အာဏာစက်မျိုး ဖြစ်မည်နည်း။
၂၄ ဗြိတိန်နိုင်ငံသည် တစ်ချိန်က ရောမအင်ပါယာ၏ အနောက်မြောက်ဘက်ရှိ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ သို့သော် ၁၇၆၃ ခုနှစ်ရောက်သော် ယင်းသည် ဗြိတိသျှအင်ပါယာ—ပင်လယ် ခုနစ်ပါးကို စိုးမိုးသည့် ဂရိတ်ဗြိတိန်နိုင်ငံ—ဖြစ်လာလေသည်။ ၁၇၇၆ ခုနှစ်ရောက်သော် ယင်း၏ အမေရိကန်ကိုလိုနီနယ် ၁၃ နယ်က အမေရိကန်ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် လွတ်လပ်ရေး ကြေညာခဲ့သည်။ သို့သော်၊ နောက်ပိုင်းနှစ်များတွင် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် စစ်ကာလ၌ရော ငြိမ်းချမ်းရေးကာလ၌ပါ တွဲဖက်များ ဖြစ်လာကြသည်။ ဤသို့ဖြင့် အင်္ဂလိပ်-အမေရိကန် ပူးပေါင်းအဖွဲ့သည် ကျမ်းစာပရောဖက်ပြုချက်မှ သတ္တမမြောက် ကမ္ဘာ့အာဏာစက်အဖြစ် ပေါ်ထွက်လာသည်။ ရောမအင်ပါယာနည်းတူ ၎င်းသည် “သံကဲ့သို့ ခိုင်မာ” ၍သံနှင့်တူသည့် ဩဇာအာဏာကျင့်သုံးကြောင်း ထင်ရှားလာသည်။ ဤသို့ဖြင့် အိပ်မက်ထဲမှရုပ်တုကြီး၏ သံခြေထောက်တို့တွင် ရောမအင်ပါယာနှင့် အင်္ဂလိပ်-အမေရိကန် ပူးတွဲ ကမ္ဘာ့အာဏာစက်တို့ ပါဝင်ကြသည်။
ကျိုးပဲ့လွယ်သော ပေါင်းစပ်ထားသည့်အရာ
၂၅။ ရုပ်တုကြီး၏ ခြေဖျား၊ ခြေချောင်းတို့နှင့်ပတ်သက်၍ ဒံယေလက မည်သို့ဆိုသနည်း။
၂၅ ဒံယေလက နေဗုခဒ်နေဇာအား ဤသို့ဆက်လက်လျှောက်တင်၏– “အရုပ်၏ခြေနှင့် ခြေချောင်းများသည် မြေတစ်ပိုင်း၊ သံတစ်ပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း ကွဲပြားသောနိုင်ငံ ဖြစ်လိမ့်မည်။ သို့သော်လည်း မြေသရွတ်နှင့် သံရောသည်ကို မြင်တော်မူသည်ဖြစ်၍ သံ၏ခိုင်မာခြင်းလည်း အချို့အဝက် ပါရှိလိမ့်မည်။ ခြေချောင်းများသည် သံတစ်ပိုင်း မြေတစ်ပိုင်း ဖြစ်သည်နှင့်အညီ ထိုနိုင်ငံသည် တစ်ပိုင်းခိုင်ခံ့ခြင်း တစ်ပိုင်းပျက်လွယ်ခြင်း ရှိလိမ့်မည်။ မြေသရွတ်နှင့် သံရောသည်ကို မြင်တော်မူသည်နှင့်လျော်စွာ သူတို့သည် အချင်းချင်း ထိမ်းမြားဆောင်နှင်းကြလိမ့်မည်။ သို့သော်လည်း မြေနှင့်သံ မရောနိုင်သကဲ့သို့ အချင်းချင်းပေါင်းသင်း၍ အစေးမကပ်နိုင်ကြ။”—ဒံယေလ ၂:၄၁-၄၃၊ သမ္မာ။
၂၆။ ခြေဖျားနှင့် ခြေချောင်းများ ပုံဆောင်သည့် အုပ်ချုပ်ရေးသည် အဘယ်အချိန်တွင် ပေါ်ထွန်းလာသနည်း။
၂၆ နေဗုခဒ်နေဇာ၏အိပ်မက်ထဲမှ ရုပ်တုကြီး၏ အင်္ဂါအစိတ်အပိုင်းအသီးသီးဖြင့် ကိုယ်စားပြုသည့် ကမ္ဘာ့အာဏာစက် တသီတတန်းကြီးသည် ဦးခေါင်းမှစ၍ ခြေဖျားတိုင်အောင်ဖြစ်သည်။ ကျိုးကြောင်းဆီလျော်စွာဖြင့် “မြေသရွတ်နှင့် သံရော” သည့်ခြေဖျားနှင့် ခြေချောင်းတို့သည် ‘ဆုံးခန်းကာလ’ အတွင်းတည်ရှိမည့် လူ့အုပ်ချုပ်ရေး၏ နောက်ဆုံး ထင်ရှားဖော်ပြချက်ကို ကိုယ်စားပြုပေသည်။—ဒံယေလ ၁၂:၄။
၂၇။ (က) သံနှင့်မြေရောနှောသည့် ခြေဖျားနှင့် ခြေချောင်းတို့သည် အဘယ်သို့သော ကမ္ဘာ့အခြေအနေကို ပုံဆောင်သနည်း။ (ခ) ရုပ်တုကြီး၏ ခြေချောင်းဆယ်ချောင်းသည် အဘယ်အရာကို ပုံဆောင်သနည်း။
၂၇ ၂၀ ရာစုနှစ်ဆန်းပိုင်းတွင် ဗြိတိသျှအင်ပါယာသည် ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံကို အုပ်ချုပ်ခဲ့သည်။ အခြား ဥရောပအင်ပါယာများလည်း လူသန်းပေါင်းများစွာကို ထိန်းချုပ်ခဲ့သည်။ သို့ရာတွင် ပထမကမ္ဘာစစ်အပြီးတွင် အင်ပါယာများ၏နေရာ၌ နိုင်ငံအုပ်စုအများ ပေါ်ထွက်လာသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အဆိုပါခေတ်ရေစီးကြောင်းသည် အရှိန်မြင့်တက်လာသည်။ အမျိုးသားရေးစိတ်ဓာတ် ပို၍ပြင်းထန်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများ အရေအတွက်မှာလည်း သိသိသာသာ တိုးပွားလာသည်။ ရုပ်တုကြီး၏ ခြေချောင်းဆယ်ချောင်းသည် အတူယှဉ်တွဲ တည်ရှိလျက်ရှိသည့် အင်အားကြီးနိုင်ငံများနှင့် အစိုးရရှိသမျှတို့ကို ကိုယ်စားပြုသည်။ အကြောင်းမှာ သမ္မာကျမ်းစာတွင် ဆယ်ဂဏန်းသည် တစ်ခါတစ်ရံတွင် မြေကြီးဆိုင်ရာပြည့်စုံခြင်းကို အမှတ်သညာပြုသောကြောင့်ဖြစ်သည်။—ထွက်မြောက်ရာ ၃၄:၂၈; မဿဲ ၂၅:၁; ဗျာဒိတ် ၂:၁၀၊ နှိုင်းယှဉ်။
၂၈၊ ၂၉။ (က) ဒံယေလ အဆိုအရ မြေသရွတ်သည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ (ခ) သံနှင့်မြေသရွတ် ရောနှောခြင်းနှင့်ပတ်သက်၍ အဘယ်သို့ပြောနိုင်သနည်း။
၂၈ ယခုကာလသည် ‘ဆုံးခန်းကာလ’ ဖြစ်သဖြင့် ကျွန်ုပ်တို့သည် ရုပ်တုကြီး၏ ခြေဖျားပိုင်းသို့ ရောက်ရှိနေကြသည်။ မြေသရွတ်နှင့်သံ ရောနှောလျက်ရှိသည့် ရုပ်တုကြီး၏ ခြေဖျားနှင့် ခြေချောင်းတို့ဖြင့် ပုံဆောင်သည့် အစိုးရအချို့တို့သည် သံနှင့်တူပြီး အာဏာရှင်ဆန်သော၊ သို့မဟုတ် တရားလက်လွတ်သော အစိုးရမျိုး ဖြစ်ကြသည်။ အချို့တို့မှာ မြေသရွတ်နှင့်တူကြသည်။ အဘယ်နည်းဖြင့်နည်း။ ဒံယေလက မြေသရွတ်ကို “လူ့သားမြေးတို့” နှင့်ဆက်စပ်ထားသည်။ (ဒံယေလ ၂:၄၃) လူ့သားမြေးများဖြင့် ဖွဲ့စည်းထားသည့် မြေသရွတ်သည် ပင်ကိုသဘာဝအားဖြင့် ကျိုးပဲ့လွယ်သော်လည်း သံကဲ့သို့ အစဉ်အလာ တည်ရှိလာသည့် အုပ်ချုပ်ရေးတို့သည် သာမန်ပြည်သူတို့၏ ဆန္ဒသဘောထားကို မလွဲမရှောင်သာ ပို၍ပို၍ နားထောင်ပေးလာရကြသည်။ ပြည်သူတို့ကလည်း မိမိတို့ကို အုပ်ချုပ်လျက်ရှိသည့် အစိုးရအဖွဲ့တွင် ဆန္ဒသဘောထား ထုတ်ဖော်ခွင့်ကို တောင်းဆိုလာကြသည်။ (ယောဘ ၁၀:၉) သို့သော်လည်း သံနှင့်ရွှံ့စေး မပေါင်းစပ်နိုင်သကဲ့သို့ အာဏာရှင်ဆန်သော အုပ်ချုပ်ရေးနှင့် သာမန်ပြည်သူတို့သည်လည်း အစေးမကပ်ကြချေ။ ရုပ်တုကြီး ချုပ်ငြိမ်းသည့်အချိန်တွင် ကမ္ဘာကြီးသည် နိုင်ငံရေးအရ အမှန်ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲနေလိမ့်မည်။
၂၉ ခြေဖျားနှင့် ခြေချောင်းတို့၏ ကွဲပြားသည့်အခြေအနေက ရုပ်တုကြီးတစ်ခုလုံးကို ပြိုလဲသွားစေမည်လော။ ရုပ်တုကြီး မည်သို့ဖြစ်သွားမည်နည်း။
ရင်သပ်ရှုမောဖွယ် အထွတ်အထိတ်
၃၀။ နေဗုခဒ်နေဇာ အိပ်မက်၏ အထွတ်အထိပ်အကြောင်း ဖော်ပြပါ။
၃၀ အိပ်မက်၏အထွတ်အထိပ်ကို သုံးသပ်ကြည့်ပါ။ ရှင်ဘုရင်အား ဒံယေလက ဤသို့လျှောက်ဆို၏– “ဘုရင်မင်းမြတ် ရှုစားတော်မူခိုက်၊ လူ့လက်ဖြင့်မဟုတ်ဘဲ ထွင်းထုတ်လိုက်သော ကျောက်တစ်လုံးသည် သံနှင့်မြေဖြစ်သော အရုပ်၏ခြေကို ထိမှန်ချိုးဖဲ့သည်ရှိသော်၊ သံ၊ မြေ၊ ကြေး၊ ငွေ၊ ရွှေများလည်း တစ်ပြိုင်နက် ကျိုးပဲ့လျက် နွေကာလတွင် ကောက်နယ်တလင်း၌ အဖျင်းမှုန်ကာကဲ့သို့ဖြစ်၍ လေတိုက်သဖြင့် လွင့်သွားကွယ်ပျောက်လေပြီ။ အရုပ်ကိုထိမှန်သော ကျောက်ကား ကြီးမားသောကျောက်တောင် ဖြစ်ပွားလျက် မြေတစ်ပြင်လုံး ပြည့်လွှမ်းသည်ကို မြင်မက်တော်မူ၏။”—ဒံယေလ ၂:၃၄၊ ၃၅၊ သမ။
၃၁၊ ၃၂။ နေဗုခဒ်နေဇာ အိပ်မက်၏ နောက်ဆုံးအပိုင်းနှင့်ပတ်သက်၍ အဘယ်အကြောင်း ကြိုဟောထားသနည်း။
၃၁ ရှင်းလင်းချက်အနေနှင့် ပရောဖက်ပြုချက်က ဤသို့ဆက်လက်ဖော်ပြ၏– “လူ့လက်ဖြင့်မဟုတ်ဘဲ တောင်ပေါ်မှ ထွင်းထုတ်လိုက်သော ကျောက်တစ်လုံးသည် သံ၊ ကြေး၊ မြေ၊ ငွေ၊ ရွှေများကို ချိုးဖဲ့ကြောင်း မြင်တော်မူသည့်အတိုင်း ၎င်းနိုင်ငံဘုရင်တို့လက်ထက် ကောင်းကင်ဘုံရှင် ဘုရားသခင်သည် အစဉ်တည်မြဲလျက် မပျက်စီးနိုင်သောနိုင်ငံ၊ လူတစ်မျိုးသို့ အာဏာစက်မလွှဲဘဲ၊ ဆိုခဲ့သည့်နိုင်ငံရှိသမျှကို ချိုးဖဲ့ဖျက်ဆီးမည့်နိုင်ငံကို တည်ထောင်စေတော်မူလိမ့်မည်။ နောင်ဖြစ်လတ္တံ့သော အရာများကို မြင့်မြတ်တော်မူသော ဘုရားသခင်သည် ဘုရင်မင်းအား ဖော်ပြတော်မူလေပြီ။ အိပ်မက်တော်နှင့် အနက်လည်း မှန်ကန်စွာတည်လိမ့်မည်။”—ဒံယေလ ၂:၄၄၊ ၄၅၊ သမ။
၃၂ နေဗုခဒ်နေဇာသည် မိမိ၏အိပ်မက်နှင့် အနက်ကို ဖော်ထုတ်ဖွင့်ပြသည်ကို သိမြင်လိုက်သည့်အခါ ဒံယေလ၏ ဘုရားသခင် တစ်ပါးတည်းသာ “ဘုရင်တို့၏အရှင်၊ နက်နဲသောအရာကို ဖွင့်ပြတော်မူသောသခင်” ဖြစ်ကြောင်း အသိအမှတ်ပြုလေ၏။ ရှင်ဘုရင်သည်လည်း ဒံယေလနှင့် သူ၏ဟေဗြဲအပေါင်းအဖော်သုံးဦးတို့အား ကြီးလေးသည့် တာဝန်ခံရာထူးများဖြင့် ချီးမြှောက်လေ၏။ (ဒံယေလ ၂:၄၆-၄၉) သို့သော် ဒံယေလ၏ ‘ယုံကြည်စိတ်ချရသော အနက်ဖွင့်ဆိုချက်’ သည်မျက်မှောက်ခေတ်အတွက် အဘယ်အရေးပါသော အဓိပ္ပာယ်ရှိသနည်း။
‘တောင်ကြီးတစ်လုံး မြေတစ်ပြင်လုံး ပြည့်လွှမ်း’
၃၃။ အဘယ် “တောင်” မှ “ကျောက်” ထွင်းထုတ်ခဲ့သနည်း။ ဤအဖြစ်အပျက်သည် အဘယ်အချိန်နှင့် အဘယ်သို့ ဖြစ်ပျက်ခဲ့သနည်း။
၃၃ ၁၉၁၄ ခုနှစ် အောက်တိုဘာလတွင် “လူမျိုးခြားတို့၏ ချိန်းချက်သောအချိန်” ကုန်ဆုံးသည့်အခါ “ကောင်းကင်ဘုံရှင် ဘုရားသခင်” သည် မိမိ၏သားတော် ယေရှုခရစ်အား “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” အဖြစ် နန်းတင်ခြင်းဖြင့် ကောင်းကင်နိုင်ငံတော်ကို တည်ထောင်တော်မူ၏။a (လုကာ ၂၁:၂၄၊ ကဘ; ဗျာဒိတ် ၁၂:၁-၅; ၁၉:၁၆) ထို့ကြောင့် လူ့လက်ဖြင့်မဟုတ်ဘဲ ဘုရားသခင့် တန်ခိုးတော်အားဖြင့် မေရှိယနိုင်ငံတော် “ကျောက်” သည် ယေဟောဝါ၏ စကြဝဠာအချုပ်အခြာအာဏာတော် “တောင်” မှထွင်းထုတ်လာခြင်းဖြစ်သည်။ ဤကောင်းကင်အစိုးရသည် မသေနိုင်သောအဖြစ် ချီးမြှင့်ခြင်းခံရသည့် ယေရှုခရစ်၏ လက်တော်တွင်ရှိသည်။ (ရောမ ၆:၉; ၁ တိမောသေ ၆:၁၅၊ ၁၆) ထို့ကြောင့် ယေဟောဝါ၏ စကြဝဠာအချုပ်အခြာအာဏာတော်၏ ရုပ်လုံးဖော်ချက်တစ်ရပ်ဖြစ်သည့် “ငါတို့သခင် [ဘုရားသခင်] ၏နိုင်ငံတော်၊ ထိုသခင်၏ ခရစ်တော့်နိုင်ငံတော်” သည် အခြားတစ်စုံတစ်ယောက်၏လက်သို့ ရောက်လိမ့်မည်မဟုတ်ဘဲ အစဉ်အမြဲ တည်လိမ့်မည်။—ဗျာဒိတ် ၁၁:၁၅၊ ကဘ။
၃၄။ “ထိုမင်းကြီးများလက်ထက်၌” ဘုရားသခင့် နိုင်ငံတော် ဖွားမြင်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။
၃၄ “၎င်းနိုင်ငံဘုရင်တို့လက်ထက်” ၌မေရှိယနိုင်ငံတော် မွေးဖွားခဲ့သည်။ (ဒံယေလ ၂:၄၄၊ ၄၅၊ သမ) ဤဘုရင်များမှာ ရုပ်တုကြီး၏ ခြေချောင်းဆယ်ချောင်းဖြင့် ပုံဆောင်သည့် မင်းကြီးများသာမဟုတ်ဘဲ သံ၊ ကြေးနီ၊ ငွေနှင့်ရွှေတို့ဖြင့် ပုံဆောင်ခံရသည့် မင်းကြီးများလည်း ပါဝင်ကြသည်။ ၁၉၁၄ ခုနှစ်တွင် ဗာဗုလုန်၊ ပါးရှား၊ ဂရိနှင့် ရောမတို့သည် ကမ္ဘာ့အာဏာစက်များ မဟုတ်တော့သော်လည်း ၎င်းတို့၏ အကြွင်းအကျန်တို့မှာ တည်ရှိနေဆဲဖြစ်သည်။ ထိုစဉ်က ဗာဗုလုန်နယ်ပယ်ကို တူရကီ အော်တိုမန် အင်ပါယာက သိမ်းပိုက်ထားပြီး ပါးရှား (အီရန်)၊ ဂရိနှင့် ရောမ၊ အီတလီတို့တွင် အမျိုးသားအစိုးရများ အသီးသီး အုပ်ချုပ်လျက်ရှိကြသည်။
၃၅။ “ကျောက်” သည် ရုပ်တုကြီးကို အဘယ်အချိန်တွင် ထိမှန်မည်နည်း။ ရုပ်တုကြီးသည် မည်သည့်အတိုင်းအတာအထိ ထုခွဲခံရမည်နည်း။
၃၅ ဘုရားသခင့်နိုင်ငံတော်သည် များမကြာမီ အထိမ်းအမှတ်ဖြစ်သည့် ရုပ်တု၏ခြေကို ထိမှန်တော့မည်။ အကျိုးဆက်အနေနှင့် ရုပ်တုကြီးပုံဆောင်သည့် နိုင်ငံရှိရှိသမျှသည် အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့၍ ဆုံးခန်းတိုင်မည်ဖြစ်သည်။ “အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီးစစ်ပွဲ” ၌ထို “ကျောက်” သည် ရုပ်တုကြီးကို မှုန့်မှုန့်ညက်ညက် ကျေမွသွားလောက်အောင် ပြင်းထန်သည့်အရှိန်ဖြင့် ထိမှန်မည်ဖြစ်ပြီး ဘုရားသခင်၏ မိုးသက်မုန်တိုင်းသည် ၎င်းတို့ကို ကောက်နယ်သလင်း အဖျင်းမှုန်ကာကဲ့သို့ လွင့်စဉ်ကွယ်ပျောက်စေမည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ထိုနောက် တောင်ကြီးအရွယ်ထိ ကြီးမားလာသည့် ကျောက်တုံးကဲ့သို့ ဘုရားသခင့်နိုင်ငံတော်သည် “မြေတစ်ပြင်လုံး ပြည့်လွှမ်း” သွားလတ္တံ့။—ဒံယေလ ၂:၃၅။
၃၆။ မေရှိယနိုင်ငံတော်သည် တည်ငြိမ်သောအစိုးရဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၃၆ မေရှိယနိုင်ငံတော်သည် ကောင်းကင်ဘုံတွင်ရှိသော်လည်း နာခံသည့် မြေကြီးသားအားလုံးကို ကောင်းချီးပေးရန် ကျွန်ုပ်တို့၏ ကမ္ဘာလုံးသို့ အာဏာစက် ဖြန့်ကြက်မည်ဖြစ်သည်။ တည်တံ့ခိုင်မြဲသော ဤအစိုးရသည် “ပျက်စီးခြင်းသို့ မရောက်နိုင်” သကဲ့သို့ ‘အခြားသော လူမျိုးလက်သို့လည်း ရောက်ရလိမ့်မည်မဟုတ်။’ သေတတ်သော လူ့အုပ်စိုးရှင်များ၏ နိုင်ငံများနှင့်မတူဘဲ ဤနိုင်ငံတော်သည် ထာဝရ “အစဉ်အမြဲ တည်လိမ့်မည်။” (ဒံယေလ ၂:၄၄၊ ၄၅) သင့်အနေဖြင့် ဤနိုင်ငံတော်၏ နိုင်ငံသားတစ်ဦး ထာဝစဉ်ဖြစ်နိုင်သည့် အခွင့်အရေး ရရှိနိုင်ပါစေ။
[အောက်ခြေမှတ်ချက်များ]
a ဤစာအုပ် အခန်း ၆ ရှု။
အဘယ်အရာ သိမြင်ခဲ့သနည်း
• နေဗုခဒ်နေဇာ၏ အိပ်မက်ထဲမှ ရုပ်တုကြီး၏ ကိုယ်အင်္ဂါအစိတ်အပိုင်း အသီးသီးသည် အဘယ် ကမ္ဘာ့အာဏာစက်များကို ကိုယ်စားပြုသနည်း။
• သံနှင့်မြေသရွတ် ရောနှောသည့် ခြေဖျားနှင့် ခြေချောင်းများက အဘယ် ကမ္ဘာ့အခြေအနေကို ကိုယ်စားပြုသနည်း။
• အဘယ်အချိန်နှင့် အဘယ် “တောင်” မှ “ကျောက်” ထွင်းထုတ်ခဲ့သနည်း။
• အဘယ်အချိန်တွင် “ကျောက်” သည် ရုပ်တုကြီးကို ထိမှန်မည်နည်း။
[စာမျက်နှာ ၆၃-၆၇ ပါ ရုပ်ပုံ]
စစ်ဘုရင်တစ်ပါး အင်ပါယာတည်ထောင်
ဗာဗုလုန်၏ အိမ်ရှေ့မင်းနှင့် ၎င်း၏စစ်တပ်သည် ဆီးရီးယားပြည် ကာခေမိတ်မြို့တွင် ဖာရောမင်းနေခေါ၏ အီဂျစ်တပ်ဖွဲ့ကို ကစဉ့်ကလျား ကွဲပြားစေသည်။ အရေးနိမ့်သွားသည့် အီဂျစ်လူတို့သည် အီဂျစ်ပြည်ရှိရာ တောင်ဘက်သို့ ထွက်ပြေးကြရာ ဗာဗုလုန်လူတို့သည် ထက်ကြပ်မကွာ လိုက်ကြ၏။ သို့သော် ဗာဗုလုန်မှရောက်လာသည့် သတင်းစကားကြောင့် အောင်ပွဲခံ အိမ်ရှေ့မင်းသည် ရန်သူနောက်လိုက်လံခြင်းကို စွန့်လွှတ်လိုက်ရသည်။ ရရှိသည့်သတင်းမှာ ခမည်းတော် နဘိုပိုလာစာ အနိစ္စရောက်သွားပြီ ဟူ၍ဖြစ်သည်။ နေဗုခဒ်နေဇာသည် သုံ့ပန်းများနှင့် လက်ရဥစ္စာများကို နေပြည်တော်သို့ သယ်ဆောင်ရန် ဗိုလ်ချုပ်ကြီးများအား တာဝန်ပေးအပ်ပြီး ဗာဗုလုန်သို့ အလျင်အမြန်ပြန်၍ ခမည်းတော်၏ ထီးနန်းကို ဆက်ခံလေ၏။
ဤသို့ ဖြင့် နေဗုခဒ်နေဇာသည် ဘီ.စီ.အီး. ၆၂၄ ခုနှစ်တွင် ဗာဗုလုန်ထီးနန်းကိုဆက်ခံ၍ နီရို-ဗာဗုလိုနီရန် အင်ပါယာ၏ အုပ်စိုးရှင်ဖြစ်လာ၏။ ၄၃ နှစ်ကြာ အုပ်စိုးစဉ်ကာလအတွင်း သူသည် တစ်ချိန်က အဆီးရီးယား ကမ္ဘာ့အင်ပါယာ ပိုင်ဆိုင်ခဲ့သည့် နယ်မြေဒေသများကို သိမ်းပိုက်၍ မြောက်ဘက်တွင် ဆီးရီးယားကိုလည်းကောင်း၊ အနောက်ဘက်တွင် ပါလက်စတိုင်းကိုလည်းကောင်း သိမ်းပိုက်ကာ အီဂျစ်နယ်စပ်အထိ မိမိ၏ပိုင်နက်ကိုချဲ့ထွင်၏။
နန်းစံစတုတ္ထနှစ် (ဘီ.စီ.အီး. ၆၂၀ ပြည့်နှစ်) တွင် နေဗုခဒ်နေဇာသည် ယုဒပြည်ကို လက်အောက်ခံနိုင်ငံ ဖြစ်စေခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂၄:၁) သုံးနှစ်ကြာပြီးနောက် ယုဒနိုင်ငံ ပုန်ကန်မှုကြောင့် ယေရုရှလင်မြို့သည် ဗာဗုလုန်တို့၏ ဝိုင်းရံခြင်းကို ခံရလေသည်။ နေဗုခဒ်နေဇာသည် ယောယကိမ်မှစ၍ ဒံယေလနှင့် အခြားသုံ့ပန်းတို့ကို ဗာဗုလုန်သို့ ခေါ်ဆောင်သွား၏။ ရှင်ဘုရင်သည် ယေဟောဝါ၏ ဗိမာန်တော်မှ အသုံးအဆောင် အချို့ကိုလည်း တစ်ပါတည်း သယ်ဆောင်သွား၏။ သူသည် ယောယကိမ်၏ ဦးရီးတော် ဇေဒကိအား ယုဒနိုင်ငံကိုအုပ်ချုပ်ရန် လက်အောက်ခံမင်းအဖြစ် ခန့်ထားလေ၏။—၄ ဓမ္မရာဇဝင် ၂၄:၂-၁၇; ဒံယေလ ၁:၆၊ ၇။
အတန်ကြာပြီးနောက် ဇေဒကိမင်းလည်း ပုန်ကန်၍ အီဂျစ်နှင့် မဟာမိတ်ဖွဲ့လေ၏။ နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို တစ်ဖန် ဝိုင်းရံလျက် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် မြို့ရိုးကို ချိုးဖောက်ကာ ဗိမာန်တော်ကို မီးတင်ရှို့ပြီး မြို့ကိုလည်း ဖျက်ဆီးလေ၏။ ဇေဒကိ၏ သားတော်အားလုံးကို ကွပ်မျက်ပြီးနောက် သူ၏မျက်စိကိုဖောက်၍ ကြိုးနှင့်ချည်နှောင်လျက် ဗာဗုလုန်သို့ အကျဉ်းသားအဖြစ် ခေါ်ဆောင်သွား၏။ နေဗုခဒ်နေဇာသည် သုံ့ပန်းအများစုကို ခေါ်ဆောင်သွားကာ ကျန်ကြွင်းသောဗိမာန်တော်အသုံးအဆောင်များကို ဗာဗုလုန်သို့တင်ပို့ခဲ့၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကိုခံရသတည်း။—၄ ဓမ္မရာဇဝင် ၂၄:၁၈–၂၅:၂၁။
နေဗုခဒ်နေဇာသည် တုရုမြို့ကို ဝိုင်းရံခြင်းအားဖြင့် ထိုမြို့ကိုလည်း အောင်နိုင်ခဲ့၏။ သို့သော် ၁၃ နှစ်ကြာ ဝိုင်းရံခဲ့ရသည်။ ဝိုင်းရံစဉ်ကာလအတွင်း စစ်သားများ၏ခေါင်းသည် သံခမောက် ပွတ်တိုက်မှုကြောင့် “ပြောင်” ကုန်ပြီး ပခုံးလည်း ဆောက်လုပ်ရေးပစ္စည်းများ သယ်ရထမ်းရသည့်အတွက် “ပွန်း” ကုန်လေသည်။ (ယေဇကျေလ ၂၉:၁၈) နောက်ဆုံး၌ တုရုမြို့သည် ဗာဗုလုန်တပ်ဖွဲ့ထံ လက်နက်ချလေ၏။
ဗာဗုလုန်ရှင်ဘုရင်သည် လျှမ်းလျှမ်းတောက် စစ်မဟာဗျူဟာကဝိ ဖြစ်သည်မှာ သိသာလှသည်။ စာပေကျမ်းညွှန်းအချို့၊ အထူးသဖြင့် ဗာဗုလုန်မှရရှိသည့် ကျမ်းညွှန်းများကလည်း သူသည် မှန်ကန်မျှတသော ရှင်ဘုရင်ဖြစ်ကြောင်း ဖော်ပြကြသည်။ နေဗုခဒ်နေဇာသည် မှန်ကန်မျှတသည်ဟု ကျမ်းစာက မဆိုသော်လည်း ပရောဖက်ယေရမိကမူ ဇေဒကိမင်းအနေဖြင့် ပုန်ကန်မိသည့်တိုင်အောင် ‘ဗာဗုလုန်ဘုရင်၏ မှူးမတ်တို့ထံ ထွက်သွားလျှင်’ တရားသဖြင့် ဆက်ဆံခံရမည်ဟုဆို၏။ (ယေရမိ ၃၈:၁၇၊ ၁၈) ယေရုရှလင်မြို့ ပျက်စီးပြီးနောက် နေဗုခဒ်နေဇာသည် ယေရမိအား လေးစားစွာဆက်ဆံခဲ့သည်။ ယေရမိနှင့်စပ်လျဉ်း၍ ရှင်ဘုရင်က “ယေရမိကိုယူ၍ ကောင်းမွန်စွာကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည့်အတိုင်း သူ့ကိုပြုလော့” ဟုမိန့်မှာခဲ့၏။—ယေရမိ ၃၉:၁၁၊ ၁၂; ၄၀:၁-၄။
အုပ်ချုပ်သူတစ်ဦးအနေနှင့် နေဗုခဒ်နေဇာသည် ဒံယေလနှင့် သူ၏အဖော်သုံးဦးဖြစ်သည့် ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့၏ အရည်အချင်းနှင့် စွမ်းရည်တို့ကို ချက်ချင်းပင်သိမြင်လေ၏—၎င်းတို့၏ ဟေဗြဲအမည်များမှာ ဟာနနိ၊ မိရှေလနှင့် အာဇရိဖြစ်သည်။ သို့နှင့် သူတို့ကို နိုင်ငံတော်တွင် အရေးပါသောရာထူး၌ ခန့်ထားလေ၏။—ဒံယေလ ၁:၆၊ ၇၊ ၁၉-၂၁; ၂:၄၉။
နေဗုခဒ်နေဇာသည် ဗာဗုလုန်၏ အဓိက နတ်ဘုရားဖြစ်သည့် မားဒွတ်ခ်အား အထူးကြည်ညိုကိုးကွယ်၏။ မိမိ၏ အောင်နိုင်မှုမှန်သမျှသည် မားဒွတ်ခ်၏ ဂုဏ်ကျေးဇူးကြောင့်ဖြစ်သည်ဟု မှတ်ယူ၏။ ဗာဗုလုန်မြို့တွင် မားဒွတ်ခ်နှင့် အခြား ဗာဗုလုန် နတ်ဘုရား အမြောက်အမြား၏ ကျောင်းကန်များကို တည်ဆောက်မွမ်းမံခဲ့သည်။ ဒုရလွင်ပြင်တွင် တည်ထားသည့် ရွှေရုပ်တုသည် မားဒွတ်ခ်အတွက် ရည်စူးခဲ့ဖွယ်ရှိသည်။ နေဗုခဒ်နေဇာသည် စစ်ဆင်ရေး အစီအစဉ် ရေးဆွဲရာ၌ အတိတ်နိမိတ်ဖတ်ခြင်းကို အလွန်တရာ ယုံကြည်ကိုးစားပုံရသည်။
နေဗုခဒ်နေဇာသည် ထိုခေတ် ထိုအခါတွင် အကြီးမားဆုံး မြို့ရိုးကာရံသည့်မြို့ဖြစ်သော ဗာဗုလုန်မြို့ကြီးကို ပြင်ဆင်တည်ဆောက်မှုအတွက်လည်း အထူးဂုဏ်ယူဝင့်ကြွားခဲ့သည်။ သူ၏ခမည်းတော် အစပြုခဲ့သည့် ဧရာမ နှစ်ထပ်မြို့ရိုးကြီးကို လက်စသတ်ခြင်းအားဖြင့် မြို့တော်ကို တိုက်ခိုက်သိမ်းယူ၍ မရနိုင်သောမြို့ကြီးအသွင် ပေါက်စေခဲ့သည်။ မြို့အလယ်ဗဟိုတွင်ရှိသည့် နန်းတော်ဟောင်းကို မွမ်းမံပြင်ဆင်ပြီး မြောက်ဘက် တစ်မိုင်ခွဲအကွာတွင် နွေရာသီစံနန်းတစ်ဆောင် ဆောက်လုပ်၏။ နေဗုခဒ်နေဇာသည် မွေးရပ်ဌာနေ၏ ရေမြေတောတောင်ကို တမ်းတလွမ်းဆွတ်သည့် မီးဒီးယားလူမျိုး မိဖုရားကို ကျေနပ်နှစ်သိမ့်စေသည့် သဘောဖြင့် မိုးပျံဥယျာဉ်များကို တည်ဆောက်ခဲ့သည်ဟု အဆိုရှိသည်။ ၎င်းဥယျာဉ်များမှာ ရှေးကမ္ဘာ့အံ့ဖွယ် ခုနစ်သွယ်အဝင် ဖြစ်ခဲ့သည်။
တစ်နေ့သ၌ ရှင်ဘုရင်သည် ဗာဗုလုန်စံနန်းပေါ် စင်္ကြံလျှောက်ရာ၌ “ဤမြို့ကား ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဖို့ ငါ့တန်ခိုးအာနုဘော်အားဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လော” ဟုကြွားဝါလေ၏။ “ထိုစကားကို မြွက်ဆိုစဉ်ပင်” သူသည် ရူးသွပ်လေ၏။ ဒံယေလ ဟောသည့်အတိုင်း ခုနစ်နှစ်ကြာ တိုင်းပြည်ကို မအုပ်ချုပ်နိုင်ဘဲ မြက်စားရ၏။ ထိုကာလစေ့သောအခါ နေဗုခဒ်နေဇာသည် နိုင်ငံကို ပြန်လည်အုပ်ချုပ်၍ အနိစ္စရောက်သည့် ဘီ.စီ.အီး. ၅၈၂ ခုနှစ်အထိ စိုးစံ၏။—ဒံယေလ ၄:၃၀-၃၆။
အဘယ်အရာ သိမြင်ခဲ့သနည်း
အောက်ပါတို့နှင့်ပတ်သက်၍ နေဗုခဒ်နေဇာအကြောင်း အဘယ်ဆိုစရာရှိသနည်း။
• စစ်မဟာဗျူဟာကဝိ တစ်ဦးအနေနှင့်
• အုပ်ချုပ်သူ တစ်ဦးအနေနှင့်
• မားဒွတ်ခ်ကို ကိုးကွယ်သူ တစ်ဦးအနေနှင့်
• တည်ဆောက်သူ တစ်ဦးအနေနှင့်
[မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဗာဗုလုန် အင်ပါယာ
ပင်လယ်နီ
ယေရုရှလင်မြို့
ယူဖရေးတီးစ်မြစ်
တိုင်းဂရစ္စမြစ်
နိနေဝေမြို့
ရှုရှန်မြို့
ဗာဗုလုန်မြို့
ဥရမြို့
[ရုပ်ပုံ]
ဗာဗုလုန်မြို့၊ ထိုခေတ်တွင် မြို့ရိုးကာရံသည့် အကြီးမားဆုံးမြို့
[ရုပ်ပုံ]
နဂါးသည် မားဒွတ်ခ်၏ အမှတ်သင်္ကေတဖြစ်၏
[ရုပ်ပုံ]
ဗာဗုလုန်၏ ကျော်ကြားသော မိုးပျံဥယျာဉ်များ
[စာမျက်နှာ ၅၆ ပါ ရုပ်ပုံ/ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဒံယေလ ပရောဖက်ပြုချက်မှ ကမ္ဘာ့အင်အားကြီး နိုင်ငံများ
ရုပ်တုကြီး (ဒံယေလ ၂:၃၁-၄၅)
ဗာဗုလုန် ဘီ.စီ.အီး. ၆၀၇ ခုနှစ်မှစ၍
မီးဒီးယား-ပါးရှား ဘီ.စီ.အီး. ၅၃၉ ခုနှစ်မှစ၍
ဂရိ ဘီ.စီ.အီး. ၃၃၁ ခုနှစ်မှစ၍
ရောမ ဘီ.စီ.အီး. ၃၀ ပြည့်နှစ်မှစ၍
အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် စီ.အီး. ၁၇၆၃ ခုနှစ်မှစ၍
နိုင်ငံရေးအရကွဲပြားနေသည့်ကမ္ဘာ ဆုံးခန်းကာလအတွင်း
[စာမျက်နှာ ၄၇ ပါ ရုပ်ပုံ]
[စာမျက်နှာ ၅၈ ပါ ရုပ်ပုံ]