ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-1 အခန်း ၆ စာ. ၃၁-၃၆
  • ယေဟောဝါ ဘုရားသခင်သည် အကြွင်းအကျန်အပေါ် ကရုဏာထားတော်မူ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ ဘုရားသခင်သည် အကြွင်းအကျန်အပေါ် ကရုဏာထားတော်မူ၏
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ယေဟောဝါ၏ အညွန့်’
  • အကြွင်းအကျန်သည် ယေဟောဝါအဖို့ သန့်ရှင်းလာ
  • မေတ္တာပါ စောင့်ရှောက်မှုဆိုင်ရာ ကတိတော်တစ်ခု
  • ယေဟောဝါအား စောင့်မျှော်လျက် နေပါ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • မေရှိယ၏ အုပ်စိုးမှုအောက် ကယ်တင်ခြင်းနှင့် ရွှင်လန်းခြင်း
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ‘ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် အစဉ်အမြဲ ရွှင်လန်းကြလိမ့်မည်’
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ip-1 အခန်း ၆ စာ. ၃၁-၃၆

အခန်း ခြောက်

ယေဟောဝါ ဘုရားသခင်သည် အကြွင်းအကျန်အပေါ် ကရုဏာထားတော်မူ၏

ဟေရှာယ ၄:၂-၆

၁၊ ၂။ ပရောဖက် ဟေရှာယသည် ယုဒ၊ ယေရုရှလင်နှင့်ပတ်သက်၍ အဘယ်အရာ ကြိုဟောသနည်း။

ပြင်းထန်သော လေမုန်တိုင်းတစ်ခု လူနေထူထပ်သော ဒေသတစ်ခုကို ဝင်ရောက်တိုက်ခတ်လေသည်။ ဒေသတစ်လျှောက်လုံးတွင် လေကြီးမိုးကြီး ရွာသွန်းတိုက်ခတ်ကာ အကြီးအကျယ် ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ၊ ကောက်ပဲသီးနှံများ ပျက်စီးကာ အသက်ပေါင်းများစွာ သေကျေခဲ့ရသည်။ သို့သော် မကြာမီ မုန်တိုင်း စဲသွားပြီးနောက် စတင် ငြိမ်သက်လာလေသည်။ အသက်မသေဘဲ ကျန်ရစ်ခဲ့သူများအတွက် ဤအချိန်သည် ပြန်လည်တည်ထောင်၊ တည်ဆောက်ရမည့်အချိန် ဖြစ်သည်။

၂ ပရောဖက် ဟေရှာယသည် ယုဒ၊ ယေရုရှလင်တို့နှင့်ပတ်သက်သော ဆင်တူသည့် အဖြစ်အပျက်တစ်ခုကို ကြိုဟောသည်။ ဘုရားသခင်၏ တရားစီရင်ချက် မိုးသက်မုန်တိုင်း တိမ်တိုက်ကြီးများသည် မကောင်းသော နိမိတ်ဖြင့် တဖြည်းဖြည်း ရွေ့လျားနီးကပ်လာပြီ! လူတို့၏ အပြစ်သည် အလွန် ကြီးလေးသည်။ အုပ်စိုးသူနှင့် ပြည်သူလူထု နှစ်ဖွဲ့စလုံးသည် မတရားမှု၊ သွေးသွန်းမှုတို့ဖြင့် ပြည်တော်ကို ပြည့်စေခဲ့ကြသည်။ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် ယုဒ၏ အပြစ်ကိုဖော်ထုတ်ကာ အပြစ်ကျူးလွန်သည့် ထိုလူမျိုးကို ကိုယ်တော် တရားစီရင်မည် ဖြစ်ကြောင်း သတိပေးသည်။ (ဟေရှာယ ၃:၂၅) ယုဒပြည်သည် ထိုမိုးသက်မုန်တိုင်း၏ အကျိုးဆက်ကြောင့် လုံးဝ ပျက်စီးရသည့်ဘဝ ရောက်မည်။ ထိုရှေ့အလားအလာသည် ဟေရှာယကို ဝမ်းနည်းစေပေမည်။

၃။ ဟေရှာယ ၄:၂-၆ ရှိ မှုတ်သွင်းခံ သတင်းတရား၌ အဘယ် သတင်းကောင်း ပါရှိသနည်း။

၃ သို့သော် သတင်းကောင်း ရှိပါသည်! ယေဟောဝါ၏ ဖြောင့်မတ်သော တရားစီရင်ချက် မိုးသက်မုန်တိုင်း စဲသွားပြီး အကြွင်းအကျန်တစ်စု အသက်ရှင်ကျန်ရစ်မည် ဖြစ်သည်။ မှန်ပါသည်၊ ယုဒအပေါ် ယေဟောဝါ၏ တရားစီရင်ချက်ကို ကရုဏာဖြင့် သက်ညှာပေးမည်တည်း! ဟေရှာယ ၄:၂-၆ တွင် မှတ်တမ်းတင်ထားသော ဟေရှာယ၏ မှုတ်သွင်းခံ သတင်းသည် ထိုကောင်းချီးမင်္ဂလာ အခါသမယကို ကျော်၍ မြင်စေသည်။ တိမ်များကြားမှ နေထွက်လာသည့်နှယ်ဖြစ်သည်၊ ဇာတ်ကွက်သည် ဟေရှာယ ၂:၆–၄:၁ တွင် ဖော်ပြထားသော တရားစီရင်ချက် မြင်ကွင်းများနှင့် အသံဗလံများမှ လှလှပပအသစ်တည်ထားသော နိုင်ငံနှင့်လူများမြင်ကွင်းအဖြစ်သို့ ပြောင်းသွားသည်။

၄။ အကြွင်းအကျန်၏ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဟေရှာယ၏ ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် သုံးသပ်သင့်သနည်း။

၄ အကြွင်းအကျန်၏ ပြန်လည်တည်ထောင်ခြင်းနှင့် နောက်ပိုင်းသူတို့၏ လုံခြုံမှုနှင့်ပတ်သက်သော ဟေရှာယ၏ ပရောဖက်ပြုချက်သည်လည်း “နောက်ဆုံးသောကာလ” ဖြစ်သော ကျွန်ုပ်တို့အချိန်တွင် ပြည့်စုံသည်။ (ဟေရှာယ ၂:၂-၄) ဤအချိန်သင့်အခါသင့် သတင်းတရားကို ပရောဖက်ပြုချက်ဆိုင်ရာ အဓိပ္ပာယ်ထူး ရှိခြင်းအတွက်ကြောင့်သာမက ယင်းသတင်းတရားက ကျွန်ုပ်တို့အား ယေဟောဝါ၏ ကရုဏာတော်နှင့် ယင်းကို ကျွန်ုပ်တို့တစ်ဦးစီ မည်သို့ ခံစားရနိုင်ပုံကိုလည်း သင်ပြပေးသည့်အတွက် သုံးသပ်ကြည့်ကြစို့။

‘ယေဟောဝါ၏ အညွန့်’

၅၊ ၆။ (က) လာလတ္တံ့သော မိုးသက်မုန်တိုင်း စဲပြီးနောက် ဖြစ်ပျက်လာမည့် ငြိမ်းချမ်းသာယာသောကာလအကြောင်း ဟေရှာယ မည်သို့ ဖော်ပြသနည်း။ (ခ) “အညွန့်” ဟူသော အသုံးအနှုန်းသည် အဘယ် အဓိပ္ပာယ်ရှိပြီး ၎င်းသည် ယုဒပြည်နှင့်ပတ်သက်၍ အဘယ်အရာ ဖော်ပြသနည်း။

၅ ဟေရှာယ၏ ရေးဟန်သည် ရောက်လာတော့မည့် မုန်တိုင်းထန်မည့် အခြေအနေကို ကျော်ကာ ပို၍ ငြိမ်းချမ်းသာယာသော ကာလကို ရှုမျှော်ထားသောကြောင့် နှစ်သက်ဖွယ် ဖြစ်လာသည်။ သူ ဤသို့ ရေး၏– “ထိုကာလ၌ ယေဟောဝါ ဖြစ်စေတော်မူသော အညွန့် [“ယေဟောဝါ၏ အညွန့်ပေါက်ခြင်း (အညွန့်)၊” အောက်ခြေမှတ်ချက်] သည် အဆင်တန်ဆာနှင့် ဘုန်းအသရေ ဖြစ်စေလိမ့်မည်။ မြေအသီးအနှံသည် ဘေးလွတ်သော ဣသရေလအမျိုးသားတို့အဖို့ ဂုဏ်ယူဖွယ်နှင့် နှစ်သက်ဖွယ် ဖြစ်မည်။”—ဟေရှာယ ၄:၂၊ ကဘ။

၆ ဤတွင် ဟေရှာယက ပြန်လည်ထူထောင်ခြင်းအကြောင်း ပြောနေခြင်း ဖြစ်သည်။ “အညွန့်” ဟု ဘာသာပြန်သော ဟေဗြဲနာမ်သည် အစို့တစ်ခု၊ အကိုင်းတစ်ကိုင်း အသစ်ထွက်ခြင်းကို ရည်ညွှန်းသည်။ ၎င်းသည် ကြွယ်ဝမှု၊ တိုးပွားမှု၊ ယေဟောဝါ၏ ကောင်းချီးများနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ဟေရှာယက မျှော်လင့်ချက်သရုပ်သကန်—နီးကပ်နေပြီ ဖြစ်သော ဖျက်ဆီးခြင်းသည် ထာဝရ ပျက်စီးခြင်း မဟုတ်ကြောင်း—ကို ခြယ်မှုန်းပြလိုက်သည်။ တစ်ချိန်က ကြွယ်ဝသာယာခဲ့သော ယုဒပြည်သည် ယေဟောဝါ၏ ကောင်းချီးဖြင့် အသီးလှိုင်လှိုင် သီးသည့်ပြည် ပြန်ဖြစ်လာမည်။a—ဝတ်ပြုရာ ၂၆:၃-၅။

၇။ ယေဟောဝါ၏ အညွန့်ပေါက်ခြင်းသည် မည်သည့်နည်းဖြင့် “အဆင်တန်ဆာနှင့် ဘုန်းအသရေ ဖြစ်” မည်နည်း။

၇ ဟေရှာယသည် ရှေ့တွင် ရှိသော ကြီးကျယ်ခမ်းနားသည့် အပြောင်းအလဲကို ဖော်ပြရန် ကွက်ကွက်ကွင်းကွင်း ပေါ်စေသော ဝေါဟာရများကို အသုံးပြုထား၏။ ယေဟောဝါ၏ အညွန့်ပေါက်ခြင်းသည် “အဆင်တန်ဆာနှင့် ဘုန်းအသရေ ဖြစ်စေ” မည်။ “အဆင်တန်ဆာ” ဟူသည့် စကားလုံးသည် ဣသရေလလူမျိုးအား အစောပိုင်း ရာစုနှစ်များစွာက ကတိထားရာပြည်ကို ယေဟောဝါ ပေးသနားတော်မူသည့် အချိန်တွင် ယင်း၏ အလှအပကို ပြန်သတိရစေသည်။ “ပြည်တကာတို့၏ အထွတ် [“ရတနာ၊” သမ] ဖြစ်” သည်ဟု ယူမှတ်ရသည့်အထိ အလွန့်အလွန် လှပခဲ့သည်။ (ယေဇကျေလ ၂၀:၆) ထို့ကြောင့် ယုဒပြည်သည် ယခင် ဘုန်းအသရေနှင့် လှပမှုတို့ဖြင့် ပြန်လည်တည်ထောင်ခံရမည် ဟူသည့် ဟေရှာယ၏ စကားများက လူများအား စိတ်ချစေခဲ့သည်။ ၎င်းသည် အမှန်ပင် မြေကြီးပေါ်ရှိ ရတနာထိပ်ခေါင်တစ်ပါးကဲ့သို့ ဖြစ်လာမည်။

၈။ ပြည်တော်၏ ပြန်လည်တည်ထောင်သော အလှအပကို ခံစားရန် မည်သူများ ရှိနေကြမည် ဖြစ်ပြီး သူတို့၏ ခံစားချက်ကို ဟေရှာယ မည်သို့ ဖော်ပြသနည်း။

၈ သို့သော် ပြန်လည်တည်ထောင်ထားသော လှပသော ပြည်တော်ကို ခံစားကြရန် မည်သူများ ရှိနေကြမည်နည်း။ “ဘေးလွတ်သော ဣသရေလအမျိုးသားတို့” ဖြစ်သည်ဟု ဟေရှာယ ရေးထား၏။ မှန်ပါသည်၊ အရှေ့ပိုင်းတွင် ကြိုဟောခဲ့သော နှိမ့်ချဖျက်ဆီးခြင်းမှ အချို့သူတို့ အသက်ရှင်လွတ်မြောက်ကြမည်။ (ဟေရှာယ ၃:၂၅၊ ၂၆) အသက်ရှင်လွတ်မြောက်သူ အကြွင်းအကျန်သည် ယုဒပြည်သို့ ပြန်ကာ ပြန်လည်တည်ထောင်ခြင်းတွင် ပါဝင်ကြမည်။ ပြန်လည်တည်ထောင်ထားသော ပြည်၏ အသီးအနှံ လှိုင်လှိုင်ထွက်ခြင်းက ထိုပြည်တော်ပြန်များ—‘ဘေးလွတ်သော အမျိုးသားများ’—အတွက် “ဂုဏ်ယူဖွယ်နှင့် နှစ်သက်ဖွယ်ကို ဖြစ်စေမည်။” (ဟေရှာယ ၄:၂၊ အောက်ခြေမှတ်ချက်) နှိမ့်ချဖျက်ဆီးခြင်းသည် ပြန်လည်သစ်လန်းသော ဂုဏ်ယူခြင်းသဘောကို ဖြစ်စေမည်။

၉။ (က) ဟေရှာယ၏ စကားများ ပြည့်စုံသည့်အနေနှင့် ဘီ.စီ.အီး. ၅၃၇ တွင် အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။ (ခ) ‘ဘေးလွတ်သော အမျိုးသားများ’ တွင် ပြည်နှင်ခံရစဉ် မွေးဖွားခဲ့သူအချို့ ပါဝင်သည်ဟု အဘယ်ကြောင့် ပြောနိုင်သနည်း။ (အောက်ခြေမှတ်ချက်ရှု။)

၉ ဟေရှာယ၏ စကားနှင့်အညီ ဗာဗုလုန် လူမျိုးများသည် ယေရုရှလင်ကို ဖျက်ဆီးကာ ဣသရေလလူများစွာ သေဆုံးခဲ့သည့် ဘီ.စီ.အီး. ၆၀၇ တွင် တရားစီရင်ချက်မုန်တိုင်း ကျရောက်ခဲ့သည်။ အသက်ရှင်ကျန်သူအချို့ ရှိပြီး ဗာဗုလုန်သို့ ပြည်နှင်ဒဏ်ပေး ခေါ်ဆောင်ခံခဲ့ရသည်၊ သို့သော် ဘုရားသခင့် ကရုဏာတော်မရှိခဲ့ပါက အသက်ရှင်လွတ်မြောက်မည့်သူ ရှိမည် မဟုတ်ပါ။ (နေဟမိ ၉:၃၁) နောက်ဆုံးတွင် ယုဒပြည်သည် လုံးဝ လူဆိတ်ညံသည့်ဘဝ ရောက်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၁) ထို့နောက် ဘီ.စီ.အီး. ၅၃၇ တွင် ကရုဏာရှင် ဘုရားသခင်သည် ‘ဘေးလွတ်သောသူများကို’ စစ်မှန်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ရန် အလို့ငှာ ယုဒပြည်သို့ ပြန်ရန် ခွင့်ပြုခဲ့သည်။b (ဧဇရ ၁:၁-၄; ၂:၁) သိမ်းသွားခံရချိန်တွင် သို့မဟုတ် ၎င်းနောက်ပိုင်း မကြာမီအချိန်တွင် ရေးသားခဲ့ခြင်း ဖြစ်နိုင်သည့် ဆာလံ ၁၃၇ တွင် ထိုပြည်တော်ပြန် ပြည်နှင်ခံများ၏ လှိုက်လှိုက်လှဲလှဲ နောင်တရခြင်းကို လှလှပပ ဖော်ပြထားသည်။ ယုဒပြည်သို့ ပြန်ကြပြီး ပြည်တော်တွင် ထွန်ယက်စိုက်ပျိုးခဲ့ကြသည်။ သူတို့၏ ကြိုးစားအားထုတ်မှုကို အသီးလှိုင်လှိုင် သီးသော “ဧဒင်ဥယျာဉ်” ကဲ့သို့ ဖြစ်စေခြင်းဖြင့် ဘုရားသခင်ကောင်းချီးပေးသည်ကို တွေ့မြင်ရသည့်အခါ သူတို့ မည်သို့ ခံစားရမည်ကို မြင်ယောင်ကြည့်ပါ!—ယေဇကျေလ ၃၆:၃၄-၃၆။

၁၀၊ ၁၁။ (က) ၂၀ ရာစုဆန်းပိုင်း၌ ကျမ်းစာကျောင်းသားများသည် “မဟာဗာဗုလုန်” တွင် အဘယ်နည်းဖြင့် သုံ့ပန်း ဖြစ်နေသနည်း။ (ခ) ဝိညာဏ ဣသရေလအကြွင်းအကျန်ကို ယေဟောဝါ မည်သို့ ကောင်းချီးပေးခဲ့သနည်း။

၁၀ ကျွန်ုပ်တို့ခေတ်တွင် အလားတူ ပြန်လည်တည်ထောင်ခြင်း ဖြစ်ပျက်ခဲ့သည်။ ၂၀ ရာစုဆန်းပိုင်းတွင် ကျမ်းစာကျောင်းသားများဟု လူသိများသော ယေဟောဝါသက်သေများသည် မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာ၊ “မဟာဗာဗုလုန်” တွင် ဝိညာဏသုံ့ပန်း ဖြစ်ခဲ့သည်။ (ဗျာဒိတ် ၁၇:၅၊ ကဘ) မှားယွင်းသော ဘာသာရေး သွန်သင်ချက်များစွာကို ငြင်းပယ်ခဲ့ကြသော်လည်း ကျမ်းစာကျောင်းသားများသည် ဗာဗုလုန်အယူအဆ၊ ဓလေ့ထုံးစံအချို့နှင့် စွန်းကွက်နေဆဲပင် ဖြစ်သည်။ ဓမ္မဆရာများ သွေးထိုးလှုံ့ဆော်သည့် အတိုက်အခံကြောင့် အချို့သူတို့သည် ပကတိ အကျဉ်းချခံခဲ့ရသည်။ သူတို့၏ ဝိညာဏပြည်တော်—သူတို့၏ ဘာသာရေး သို့မဟုတ် ဝိညာဉ်ရေး အခြေအနေ—သည် လူသူဆိတ်ညံသည့်ဘဝ ရောက်ခဲ့သည်။

၁၁ သို့သော် ၁၉၁၉၊ နွေဦးရာသီတွင် ဤဝိညာဏ ဣသရေလ အကြွင်းအကျန်အပေါ် ယေဟောဝါ ကရုဏာ ပြခဲ့သည်။ (ဂလာတိ ၆:၁၆) သူတို့၏ နောင်တယူမှု၊ အမှန်တရားနှင့်အညီ ကိုယ်တော်အား ကိုးကွယ်လိုမှု စသည်တို့ကို ကိုယ်တော် တွေ့မြင်တော်မူသောကြောင့် ပကတိ အကျဉ်းချခံရခြင်းနှင့် ပို၍ အရေးကြီးသော ဝိညာဏသုံ့ပန်း ဖြစ်နေခြင်းမှ သူတို့ကိုလွတ်မြောက်စေခဲ့သည်။ ထို ‘ဘေးလွတ်သောသူတို့’ ကို ဘုရားပေး ဝိညာဏနယ်ပယ်သို့ ပြန်ရောက်စေကာ အညွန့်များ ဖြာထွက်စေခဲ့သည်။ ဤဝိညာဏ အခြေအနေက ဖိတ်ခေါ်၊ ဆွဲဆောင်သော အသွင်အပြင်ကို ဖြစ်စေကာ ဘုရားသခင်ကို ကြောက်ရွံ့သည့် အခြားသန်းနှင့်ချီသောသူများအား စစ်မှန်သော ဝတ်ပြုရေးတွင် အကြွင်းအကျန်နှင့် ပူးပေါင်းလာစေသည်။

၁၂။ ဟေရှာယ၏ စကားများက မိမိလူမျိုးအပေါ် ထားသော ယေဟောဝါ၏ ကရုဏာတော်ကို မည်သို့ ထင်ရှားဖော်ပြသနည်း။

၁၂ ဤတွင် ဟေရှာယ၏ စကားများက မိမိ၏ လူမျိုးတော်အပေါ် ထားရှိတော်မူသော ဘုရားသခင်၏ ကရုဏာတော်ကို ထင်ရှားဖော်ပြသည်။ ဣသရေလလူမျိုးများသည် လူမျိုးတစ်မျိုးအနေနှင့် ယေဟောဝါကို ကျောခိုင်းခဲ့ကြသော်လည်း ကိုယ်တော်သည် နောင်တယူသော အကြွင်းအကျန်အပေါ် ကရုဏာထားတော်မူ၏။ ကြီးလေးသည့်အမှား ပြုလုပ်သည့် ဤသူများပင် မျှော်လင့်ချက်ဖြင့် ယေဟောဝါထံတော်သို့ ပြန်လှည့်လာနိုင်ကြောင်း သိထားခြင်းမှ ကျွန်ုပ်တို့ နှစ်သိမ့်မှု ရနိုင်ပါသည်။ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူသောကြောင့် နောင်တရသူများသည် ယေဟောဝါ၏ကရုဏာတော်နှင့် ဝေးပြီဟု ခံစားနေဖို့ မလိုပါ။ (ဆာလံ ၅၁:၁၇) ကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့ စိတ်ချစေ၏– “ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍ ကရုဏာကြွယ်ဝသောသဘော ရှိတော်မူ၏။ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။” (ဆာလံ ၁၀၃:၈၊ ၁၃) ထိုကဲ့သို့သော ကရုဏာရှင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ချီးမွမ်းမှုခပ်သိမ်းကို အမှန် ခံထိုက်လှပေသည်!

အကြွင်းအကျန်သည် ယေဟောဝါအဖို့ သန့်ရှင်းလာ

၁၃။ ဟေရှာယ ၄:၄ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ယေဟောဝါ၏ ကရုဏာ ပြသမှု ခံရမည့် အကြွင်းအကျန်နှင့်ပတ်သက်၍ ဟေရှာယ မည်သို့ ဖော်ပြသနည်း။

၁၃ ယေဟောဝါ၏ ကရုဏာတော် ခံရမည့် အကြွင်းအကျန်အကြောင်းကို ကျွန်ုပ်တို့အား မိတ်ဆက်ပေးပြီး ဖြစ်သော်လည်း ယခု ဟေရှာယက သူတို့နှင့်ပတ်သက်၍ ပို၍ အသေးစိတ် ဖော်ပြသည်။ သူ ဤသို့ ရေးထား၏– “ဇိအုန်တောင်မှာ ကျန်ကြွင်း၍ ယေရုရှလင်မြို့၌ နေရစ်သောသူ တည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့သည် သန့်ရှင်းခြင်း ရှိကြလိမ့်မည်။”—ဟေရှာယ ၄:၄။

၁၄။ မည်သူများသည် “ကျန်ကြွင်း၍” “နေရစ်သောသူ” များ ဖြစ်ပြီး ယေဟောဝါသည် သူတို့ကို အဘယ်ကြောင့် ကရုဏာထားတော်မူမည်နည်း။

၁၄ မည်သူများသည် “ကျန်ကြွင်း၍” “နေရစ်သောသူ” များ ဖြစ်သနည်း။ ရှေ့အခန်းငယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည့် ဘေးလွတ်သောသူများ—ယုဒပြည်သို့ ပြန်ရန် အခွင့် ရရှိသော ပြည်နှင်ခံရသူ ဂျူးများ ဖြစ်သည်။ ယခု ဟေရှာယက ယေဟောဝါ သူတို့ကို ကရုဏာ ပြရသည့် အကြောင်းရင်းမှာ—သူတို့သည် ကိုယ်တော်အဖို့ “သန့်ရှင်းခြင်း ရှိကြ” မည် ဖြစ်သောကြောင့်ဟု ဖော်ပြထားသည်။ သန့်ရှင်းခြင်းဟူသည် “ဘာသာရေးဘက် သန့်စင်ခြင်း သို့မဟုတ် စင်ကြယ်ခြင်း၊ အထွတ်အမြတ်ထားခြင်း” ကို ဆိုလိုသည်။ သန့်ရှင်းခြင်းတွင် အဘယ်အရာ မှန်သည်၊ သင့်တော်သည်ကို ယေဟောဝါ၏ စံနှုန်းဖြင့် တိုင်းတာပြီး စကားအားဖြင့်ရော အပြုအမူအားဖြင့်ပါ သန့်ရှင်းစင်ကြယ်နေခြင်း ပါဝင်သည်။ မှန်ပါသည်၊ ယေဟောဝါသည် မိမိအား “သန့်ရှင်းခြင်းရှိ” သူများအပေါ် ကရုဏာ ပြမည် ဖြစ်ပြီး “သန့်ရှင်းသော” ယေရုရှလင်မြို့သို့ ပြန်ခွင့် ပြုတော်မူမည်။—နေဟမိ ၁၁:၁။

၁၅။ (က) “ယေရုရှလင်မြို့၌ . . . အသက်စာရင်းဝင်” သည်ဟူသော အသုံးအနှုန်းက ကျွန်ုပ်တို့အား အဘယ် ဂျူးထုံးစံကို အမှတ်ရစေသနည်း။ (ခ) ဟေရှာယ၏ စကားများသည် အဘယ် အလေးအနက် သတိပေးချက်တစ်ရပ်ကို ဖော်ပြသနည်း။

၁၅ ဤသစ္စာရှိ အကြွင်းအကျန်သည် ထိုနေရာတွင် ဆက်တည်ရှိမည်လော။ ဟေရှာယက သူတို့သည် “ယေရုရှလင်မြို့၌ . . . အသက်စာရင်းဝင်” သောသူများဖြစ်မည်ဟု ကတိပြုထားသည်။ ဤအချက်က ဣသရေလ မိသားစုများနှင့် အမျိုးအနွယ်များကို ဂရုစိုက် သေချာစာရင်းပြုစုသည့် ဂျူးထုံးစံကို ကျွန်ုပ်တို့အား အမှတ်ရစေသည်။ (နေဟမိ ၇:၅) စာရင်းရေးမှတ်ခံရခြင်း ဟူသည် ထိုသူ သက်ရှိထင်ရှားရှိသည် ဟူသည့် အဓိပ္ပာယ်ပင်၊ အကြောင်းမှာ လူတစ်ဦး သေဆုံးသွားသည့်အခါ သူ၏ အမည်ကို ဖယ်လိုက်သောကြောင့် ဖြစ်သည်။ ကျမ်းစာ၏ အခြားနေရာများတွင် ယေဟောဝါ အသက်ဆု ပေးတော်မူသောသူများ၏ အမည်များ ပါသော ပုံဆောင်စာရင်းမှတ်တမ်း သို့မဟုတ် စာအုပ်အကြောင်း ကျွန်ုပ်တို့ ဖတ်ရသည်။ သို့သော် ဤစာအုပ်တွင် အခြေအနေတစ်ရပ်ပေါ် မူတည်၍ အမည်များ လက်ခံရေးမှတ်သည်၊ အကြောင်းမှာ အမည်များကို ယေဟောဝါ ‘ပယ်ဖျက်’ ပစ်နိုင်ခြင်းကြောင့်ပင်။ (ထွက်မြောက်ရာ ၃၂:၃၂၊ ၃၃; ဆာလံ ၆၉:၂၈) သို့ဖြစ်၍ ဟေရှာယ၏ စကားများသည် အလေးအနက် သတိပေးချက်တစ်ရပ်ကို ဖော်ပြသည်—ပြည်တော်ပြန်များသည် ဘုရားသခင့်အမြင်တွင် ဆက်သန့်ရှင်းနေမှသာလျှင် ပြန်လည်တည်ထောင်သောပြည်တော်တွင် ဆက်နေထိုင်နိုင်မည် ဖြစ်သည်။

၁၆။ (က) ဘီ.စီ.အီး. ၅၃၇ တွင် ယုဒပြည်သို့ ပြန်ရန် အခွင့်ရသူများထံမှ ယေဟောဝါ အဘယ်အရာ တောင်းဆိုတော်မူသနည်း။ (ခ) ဘိသိက်ခံ အကြွင်းအကျန်နှင့် “အခြားသိုး” တို့အပေါ် ယေဟောဝါ၏ ကရုဏာထားခြင်းသည် အချည်းနှီး မဖြစ်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။

၁၆ ဘီ.စီ.အီး. ၅၃၇ တွင် အကြွင်းအကျန်သည် စစ်မှန်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရန်ဟူသော ဖြူစင်သော သဘောထားဖြင့် ယေရုရှလင်သို့ ပြန်ခဲ့ကြသည်။ ဟေရှာယ ပြင်းပြင်းထန်ထန် သတိပေးထားသည့်အတိုင်း မှောက်မှားသော ဘာသာရေး ဓလေ့ထုံးစံများ သို့မဟုတ် မသန့်ရှင်းသော အမူအကျင့်များနှင့်ညစ်ညူးသူ မည်သူမျှ ပြန်ခွင့် မရှိပါ။ (ဟေရှာယ ၁:၁၅-၁၇) သန့်ရှင်းသူအဖြစ် ယေဟောဝါ ရှုမြင်သူများသာ ယုဒပြည်သို့ ပြန်နိုင်မည် ဖြစ်သည်။ (ဟေရှာယ ၃၅:၈) အလားတူပင်၊ ၁၉၁၉ တွင် ဝိညာဏသုံ့ပန်းအဖြစ်မှ လွတ်မြောက်လာသောကြောင့် ဘိသိက်ခံ အကြွင်းအကျန်နှင့် ယခု သန်းနှင့်ချီသော “အခြားသိုး”—မြေကြီးပေါ်တွင် ထာဝစဉ် အသက်ရှင်ရန် မျှော်လင့်ချက် ရှိသူများ—ပူးပေါင်းလာကြပြီး ဘုရားသခင့်ရှေ့မှောက်တွင် သန့်ရှင်းမှု ရှိစေရန် အဘက်ဘက်မှ ကြိုးပမ်းခဲ့ကြ၏။ (ယောဟန် ၁၀:၁၆) သူတို့သည် ဗာဗုလုန်၏ သွန်သင်ချက်များ၊ ဓလေ့ထုံးစံများနှင့် မိမိတို့ကိုယ်ကို ကင်းစင်စေခဲ့ကြသည်။ တစ်ဦးစီအနေနှင့် သူတို့သည် ဘုရားသခင်၏ မြင့်မြတ်သော အကျင့်စာရိတ္တစံနှုန်းများကို စွဲကိုင်ထားရန် ကြိုးစားကြသည်။ (၁ ပေတရု ၁:၁၄-၁၆) သူတို့အပေါ် ယေဟောဝါ ကရုဏာထားခြင်းသည် အချည်းနှီး မဖြစ်ခဲ့ပါ။

၁၇။ ယေဟောဝါသည် “အသက်စာရင်း” တွင် မည်သူများ၏ အမည်ကို ရေးမှတ်ထားသနည်း၊ ကျွန်ုပ်တို့သည် အဘယ်အရာ ပြုလုပ်ရန် သန္နိဋ္ဌာန် ချထားသင့်သနည်း။

၁၇ ယေဟောဝါသည် ဣသရေလနိုင်ငံရှိ သန့်ရှင်းမှု ရှိသူများကို မှတ်သားကာ ‘အသက်စာရင်းတွင် သူတို့၏ အမည်များကို ရေးမှတ်ခဲ့’ ကြောင်း သတိရပါ။ ယနေ့အချိန်တွင်လည်း “အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို ပူဇော်” ရန်အတွက် ကျွန်ုပ်တို့၏ စိတ်နှင့် ကိုယ်ခန္ဓာ သန့်ရှင်းမှု ရှိစေရန် ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုများကို ယေဟောဝါ သတိပြုတော်မူ၏။ (ရောမ ၁၂:၁) ထိုကဲ့သို့သော ဘဝလမ်းစဉ် လိုက်လျှောက်သူအားလုံးကို ကိုယ်တော်၏ “အသက်စာရင်း”—ကောင်းကင် သို့မဟုတ် မြေကြီးပေါ်တွင် ထာဝရအသက် ရရှိသူများ၏ အမည်များ ပါဝင်သည့် ပုံဆောင်မှတ်တမ်း—တွင် ရေးမှတ်ထားသည်။ (ဖိလိပ္ပိ ၄:၃; မာလခိ ၃:၁၆) သို့ဖြစ်၍ ဘုရားသခင့်မျက်မှောက်တွင် ဆက်၍ သန့်ရှင်းနေစေရန် အစွမ်းကုန် ကြိုးစားကြစို့၊ သို့ပြုလျှင် ကျွန်ုပ်တို့၏ အမည်များသည် ထိုအဖိုးထိုက်သော “စာစောင်” တွင် တည်ရှိနေမည်။—ဗျာဒိတ် ၃:၅။

မေတ္တာပါ စောင့်ရှောက်မှုဆိုင်ရာ ကတိတော်တစ်ခု

၁၈၊ ၁၉။ ဟေရှာယ ၄:၃-၅ အရ ယေဟောဝါသည် အဘယ် သန့်စင်မှုကို ပြုမည် ဖြစ်ပြီး ၎င်းသည် မည်သို့ ပြီးမြောက်မည်နည်း။

၁၈ ပြန်လည်တည်ထောင်ထားသော ပြည်တော်ရှိ ပြည်သူပြည်သားများသည် မည်သို့ သန့်ရှင်းလာကြကြောင်းနှင့် သူတို့အတွက် အဘယ် ကောင်းချီးများ အသင့်ရှိနေကြောင်း ဟေရှာယ ဆက်၍ တင်ပြသည်။ သူ ဤသို့ ဆို၏– “ယေဟောဝါသည် တရားစီရင်သော ဝိညာဉ်၊ မီးလောင်စေသောဝိညာဉ်တော်အားဖြင့် ဇိအုန်သမီးတို့၏ အညစ်အကြေးကို ဆေးကြော၍ ယေရုရှလင်မြို့၏ အသွေးအစွန်းအကွက်ကို မြို့တွင်းမှ လျှော်ပစ်ပြီးချိန်တွင် ယေဟောဝါသည် ဇိအုန်တောင်ရှိ တည်ထောင်ထားရာ နေရာအားလုံးအပေါ်နှင့် ပရိသတ် စည်းဝေးရာ နေရာများအပေါ်တွင် နေ့အချိန်၌ မိုးတိမ်နှင့် ညအချိန်၌ မီးခိုးနှင့် မီးလျှံအလင်းတို့ကိုလည်း အမှန်ပင် ဖန်ဆင်းတော်မူမည်၊ အကြောင်းမှာ ဘုန်းတော်အလုံးစုံတို့အပေါ်တွင် နားခိုရာ ရှိလိမ့်မည်။”—ဟေရှာယ ၄:၄၊ ၅၊ ကဘ။

၁၉ အစောပိုင်းက အကျင့်စာရိတ္တ ဖောက်ပြန်မှုကို မိမိတို့၏ ပကာသန အဆင်တန်ဆာများအောက်တွင် ဖုံးကွယ်ခဲ့သည့် “ဇိအုန်သမီးတို့” ကို ဟေရှာယ ဆိုဆုံးမခဲ့သည်။ တစ်မျိုးသားလုံးလိုလို၏ သွေးပြစ်ကိုလည်း သူဖော်ထုတ်ခဲ့ကာ မိမိတို့ကိုယ်ကို ဆေးကြောရန် တိုက်တွန်းခဲ့သည်။ (ဟေရှာယ ၁:၁၅၊ ၁၆; ၃:၁၆-၂၃) သို့သော် ဤနေရာတွင် ဘုရားသခင် ကိုယ်တော်တိုင် “အညစ်အကြေး” သို့မဟုတ် အကျင့်စာရိတ္တဖောက်ပြန်မှုကို “ဆေးကြော” ပစ်ပြီးချိန်၊ ‘အသွေးအစွန်းအကွက်ကို လျှော်ပစ်’ ပြီးချိန်ကို ကြို၍ ဖော်ပြထားသည်။ (ဟေရှာယ ၄:၄၊ သမ္မာ) ဤသန့်စင်မှုသည် မည်သို့အားဖြင့် ဖြစ်မည်နည်း။ “တရားစီရင်သော ဝိညာဉ်” နှင့် “မီးလောင်သော ဝိညာဉ်တော်အားဖြင့်” ဖြစ်သည်။ ကျရောက်တော့မည် ဖြစ်သော ယေရုရှလင်မြို့ ပျက်စီးခြင်းနှင့် ဗာဗုလုန်သို့ ပြည်နှင်ဒဏ် ခံရခြင်းသည် မသန့်ရှင်းသော လူမျိုးအပေါ် ကျရောက်သော ဘုရားသခင်၏ တရားစီရင်ခြင်း မိုးသက်မုန်တိုင်းနှင့် အမျက်တော်မီး ဖြစ်မည်။ ထိုဘေးဆိုးမှ လွတ်မြောက်ပြီး ပြည်တော်ပြန်ခွင့် ရသည့် အကြွင်းအကျန်သည် နှိမ့်ချ၊ သန့်စင်ပြီးသား ဖြစ်မည်။ ထို့ကြောင့်ပင် သူတို့သည် ယေဟောဝါအဖို့ သန့်ရှင်းမည် ဖြစ်ရာ ကရုဏာတော်ကို ခံစားရကြမည်။—မာလခိ ၃:၂၊ ၃၊ နှိုင်းယှဉ်။

၂၀။ (က) “မိုးတိမ်၊” “မီးခိုး” နှင့် “မီးလျှံ” ဟူသော အသုံးအနှုန်းများက အဘယ်အရာကို အမှတ်ရစေသနည်း။ (ခ) သန့်စင်ပြီး ဖြစ်သော ပြည်နှင်ခံရသူများသည် အဘယ်ကြောင့် ကြောက်ဖို့ မလိုသနည်း။

၂၀ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် ဤသန့်စင်ပြီး ဖြစ်သော အကြွင်းအကျန်ကို မိမိ၏ မေတ္တာပါ စောင့်ရှောက်မှုအောက်သို့ ခေါ်သွင်းမည် ဖြစ်ကြောင်း ကတိပြုတော်မူ၏။ “မိုးတိမ်၊” “မီးခိုး” နှင့် “မီးလျှံ” ဟူသော အသုံးအနှုန်းများသည် အီဂျစ်ပြည်မှ ဣသရေလလူမျိုး ထွက်ခွာပြီးနောက် သူတို့အပေါ် ယေဟောဝါ၏ ဂရုစိုက်မှုကို အမှတ်ရစေသည့်အရာများ ဖြစ်သည်။ “မီးမိုးတိမ်တိုင်” သည် နောက်မှ လိုက်လာသော အီဂျစ်လူများ၏ ရန်မှ ကာကွယ်ပေးခဲ့သည့်အပြင် တောကန္တာရထဲတွင်လည်း သူတို့ကို ဦးဆောင်ခဲ့သည်။ (ထွက်မြောက်ရာ ၁၃:၂၁၊ ၂၂; ၁၄:၁၉၊ ၂၀၊ ၂၄) ယေဟောဝါသည် သိနာတောင်တွင် မိမိကိုယ်ကို ထင်ရှားစေတော်မူသောအခါ တစ်တောင်လုံး “မီးခိုးထွက်လေ၏။” (ထွက်မြောက်ရာ ၁၉:၁၈) ထို့ကြောင့် သန့်စင်ပြီး ဖြစ်သော ပြည်နှင်ဒဏ်ခံရသူတို့သည် ကြောက်စရာ မလိုပါ။ ယေဟောဝါသည် သူတို့၏ ကွယ်ကာရှင် ဖြစ်မည်။ သူတို့သည် မိမိတို့အိမ်များတွင် ရှိသည့်အခါ ဖြစ်စေ၊ သန့်ရှင်းသော စည်းဝေးကြီးများ၌ အတူတကွ စုဝေးသည့်အခါများတွင် ဖြစ်စေ ကိုယ်တော်သည် သူတို့နှင့်အတူ ရှိတော်မူမည်။

၂၁၊ ၂၂။ (က) တဲ သို့မဟုတ် တဲပုတ်ကို အဘယ် ရည်ရွယ်ချက်အတွက် တည်ဆောက်လေ့ရှိကြသနည်း။ (ခ) သန့်စင်ပြီး ဖြစ်သော အကြွင်းအကျန်ရှေ့တွင် အဘယ် အလားအလာ ချထားသနည်း။

၂၁ ဟေရှာယသည် ဘုရားသခင်၏ ကာကွယ်မှုအကြောင်း ရေးသားရာတွင် နေ့စဉ်အသက်တာအပေါ် အာရုံစိုက်ခြင်းဖြင့် အပြီးသတ်လိုက်သည်။ သူဤသို့ ရေး၏– “နေ့အချိန်၌လည်း နေပူကို ကွယ်ကာသောတဲ၊ မိုးသက်မုန်တိုင်း ရောက်မှ လုံခြုံသော ခိုလှုံရာ ဖြစ်လိမ့်မည်။” (ဟေရှာယ ၄:၆) ခြောက်သွေ့သော ရာသီဥတု၏ နေပူဒဏ်နှင့် မိုးရာသီ၏ အအေးဒဏ်၊ မုန်တိုင်းများမှ အကွယ်အကာ ရရန်အတွက် စပျစ်ဥယျာဉ် သို့မဟုတ် လယ်ကွင်းပြင်တွင် တဲ သို့မဟုတ် တဲပုတ်ကို တည်ဆောက်လေ့ရှိသည်။—ယောန ၄:၅၊ နှိုင်းယှဉ်။

၂၂ နှိပ်စက်ညှဉ်းပန်းခြင်း၏ ချစ်ချစ်တောက် နေပူရှိန်၊ ဆန့်ကျင်မှု မုန်တိုင်းများနှင့် ကြုံတွေ့ရသည့်အခါ ယေဟောဝါသည် မိမိတို့၏ အကာအကွယ်၊ လုံခြုံရာနှင့် ခိုလှုံရာရင်းမြစ် ဖြစ်ကြောင်းကို သန့်စင်ပြီး ဖြစ်သော အကြွင်းအကျန် တွေ့ရမည်။ (ဆာလံ ၉၁:၁၊ ၂; ၁၂၁:၅) ထို့ကြောင့် နှစ်လိုဖွယ်ကောင်းသော အလားအလာကို သူတို့ရှေ့တွင် ချထားပါသည်– ဗာဗုလုန်၏ မသန့်ရှင်းသော ယုံကြည်ချက်များနှင့် ဓလေ့ထုံးစံများကို ကျောခိုင်းစွန့်ခွာပြီး ယေဟောဝါ၏ သန့်စင်တရားစီရင်ခြင်းကို နှိမ့်ချစွာ လက်ခံကာ အစဉ် သန့်ရှင်းနေရန် ကြိုးစားအားထုတ်မည် ဆိုပါက ဘုရားသခင်၏ ကာကွယ်မှု “တဲ” အတွင်း ရှိနေသကဲ့သို့ လုံခြုံမည်။

၂၃။ ယေဟောဝါသည် ဘိသိက်ခံ အကြွင်းအကျန်နှင့် သူတို့၏ အပေါင်းပါကို အဘယ့်ကြောင့် ကောင်းချီးပေးခဲ့သနည်း။

၂၃ ဦးဆုံး သန့်စင်ပြီးပါမှ ကောင်းချီးများ ခံစားရသည်ကို သတိပြုပါ။ ၎င်းသည် ကျွန်ုပ်တို့အချိန်တွင်လည်း မှန်ကန်ကြောင်း သက်သေထင်ရှားသည်။ ၁၉၁၉ ခုနှစ်တွင် ဘိသိက်ခံ အကြွင်းအကျန်သည် သန့်စင်မှုကို နှိမ့်ချစွာ လက်ခံခဲ့ပြီး သူတို့၏ အညစ်အကြေးများကို ယေဟောဝါ “ဆေးကြော” ခဲ့သည်။ ထိုအချိန်မှစ၍ အခြားသိုးမှ ‘လူအုပ်ကြီး’ သည်လည်း မိမိတို့အား ယေဟောဝါ သန့်စင်ပေးရန် ခွင့်ပြုခဲ့ကြသည်။ (ဗျာဒိတ် ၇:၉) သန့်စင်ခံရပြီး ဖြစ်သောကြောင့် အကြွင်းအကျန်နှင့် သူတို့၏ အပေါင်းပါတို့သည် ယေဟောဝါ၏ ကာကွယ်စောင့်ရှောက်မှုအောက်သို့ သိမ်းယူခံရသည့် ကောင်းချီးကို ခံစားခဲ့ရသည်။ ကိုယ်တော်သည် သူတို့အပေါ်ကျရောက်မည့် ညှဉ်းပန်းနှိပ်စက်ခြင်း အပူဒဏ်နှင့် ဆန့်ကျင်မှု မုန်တိုင်းများမှ အံ့ဖွယ်နည်းဖြင့် ကြိုတင်ကာကွယ်မှု မပေးပါ။ သို့သော် သူတို့အပေါ်တွင် ‘နေပူကို ကွယ်ကာသော တဲ၊ မိုးသက်မုန်တိုင်းမှ လုံခြုံသော ခိုလှုံရာ’ တစ်ခုကို ဆောက်ပေးထားဘိသကဲ့သို့ သူတို့ကို ကိုယ်တော် ကာကွယ်ပေးသည်။ မည်သို့အားဖြင့်နည်း။

၂၄။ ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို အဖွဲ့အစည်းလိုက်အနေဖြင့် ကောင်းချီးပေးခဲ့ကြောင်း မည်သို့ ထင်ရှားသနည်း။

၂၄ ဤအချက်ကို သုံးသပ်ကြည့်ပါ– သမိုင်းတွင် တန်ခိုးအာဏာ အကြီးဆုံး အစိုးရအချို့သည် ယေဟောဝါသက်သေများ၏ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ခဲ့ သို့မဟုတ် သူတို့ လုံးဝ ပပျောက်သွားအောင် ကြိုးစားခဲ့ကြသည်။ သို့တိုင် သက်သေခံများသည် ခိုင်ခံ့မြဲမြံစွာ ဆက်တည်ရှိနေပြီး လက်မလျှော့ဘဲ ဆက်ဟောပြောခဲ့ကြသည်! တန်ခိုးကြီးသော တိုင်းနိုင်ငံများသည် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သေးငယ်ပြီး အကွယ်အကာ မဲ့နေပုံရသည့် ဤလူအုပ်စုငယ်လေး၏ လုပ်ဆောင်မှုများကို အဘယ်ကြောင့် ရပ်မပစ်နိုင်ကြသနည်း။ အကြောင်းမှာ ယေဟောဝါသည် မိမိ၏ သန့်ရှင်းသော ကျေးကျွန်များကို မည်သည့်လူသားမျှ မဖြိုဖျက်နိုင်သည့် အကာအကွယ် “တဲ” အတွင်း၌ နေရာချထားသောကြောင့် ဖြစ်သည်!

၂၅။ ယေဟောဝါသည် ကျွန်ုပ်တို့၏ အကာအကွယ်ပေးရှင် ဖြစ်နေခြင်းဟူသည် ကျွန်ုပ်တို့တစ်ဦးစီအတွက် အဘယ် အဓိပ္ပာယ်ရှိသနည်း။

၂၅ ကျွန်ုပ်တို့တစ်ဦးစီအနေနှင့်ကော မည်သို့နည်း။ ယေဟောဝါသည် ကျွန်ုပ်တို့၏ အကာအကွယ်ပေးရှင် ဖြစ်နေခြင်းက ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်တွင် ပြဿနာကင်းသည့် အသက်တာ ရရှိမည်ဟူသည့် အဓိပ္ပာယ် မဆောင်ပါ။ သစ္စာရှိ ခရစ်ယာန်များစွာသည် ဆင်းရဲနွမ်းပါးမှု၊ သဘာဝဘေးဒဏ်များ၊ စစ်၊ ဖျားနာမှုနှင့် သေခြင်း ကဲ့သို့သော ကြီးမားသည့် အခက်အခဲများကို ကြုံတွေ့ရသည်။ ထိုကဲ့သို့သော ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရပါက ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ ရှိကြောင်းကို ဘယ်တော့မျှ မမေ့ပါနှင့်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးဘက် အကာအကွယ် ပေးကာ စမ်းသပ်မှုများကို သစ္စာရှိရှိ ခံနိုင်ရန် ကျွန်ုပ်တို့ လိုအပ်သည့် “သာမန်ထက် ထူးကဲသော တန်ခိုးတော်” ကိုပင် စီစဉ်ပေးတော်မူသည်။ (၂ ကောရိန္သု ၄:၇၊ ကဘ) ကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့မှောက်၌ ဘေးလွတ်လုံခြုံမှု ရှိရာ ကြောက်စရာ မလိုပါ။ အမှန်ဆိုလျှင် ကိုယ်တော့်မျက်မှောက်တွင် ကျွန်ုပ်တို့ကိုယ်ကို သန့်ရှင်းနေရန် အတတ်နိုင်ဆုံးကြိုးစားနေသ၍ မည်သည့်အရာမျှ “ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်” ပါ။—ရောမ ၈:၃၈၊ ၃၉။

[အောက်ခြေမှတ်ချက်များ]

a ကျမ်းပညာရှင်အချို့က ‘ယေဟောဝါ၏ အညွန့်’ ဟူသော စကားစုသည် ယေရုရှလင် ပြန်လည်ထူထောင်ပြီးနောက်ပိုင်းမတိုင်မီ ပေါ်မည် မဟုတ်သည့် မေရှိယကို ရည်ညွှန်းသည်ဟု ဆိုကြသည်။ အာရမိတ်တာဂွမ် ဘာသာပြန်ကျမ်းတွင် အသုံးအနှုန်းကို စကားပြေပြန်ထားရာ “ယေဟောဝါ၏ မေရှိယ [ခရစ်တော်]” ဟု ဖတ်ရ၏။ စိတ်ဝင်စားစရာမှာ နောက်ပိုင်းတွင် ယေရမိက မေရှိယကို ဒါဝိဒ်အဖို့ ပေါက်စေသော “သန့်ရှင်းသောအညွန့်” အဖြစ် ဖော်ပြပြောဆိုသည့်အခါ ထိုဟေဗြဲနာမ် (tseʹmach) ကိုပင် အသုံးပြုထားသည်။—ယေရမိ ၂၃:၅; ၃၃:၁၅။

b ‘ဘေးလွတ်သော အမျိုးသားများ’ တွင် ပြည်နှင်ဒဏ်ခံရစဉ် မွေးဖွားခဲ့သူအချို့ ပါဝင်ခဲ့သည်။ သူတို့ကိုလည်း “ဘေးလွတ်” သူများဟု ယူမှတ်နိုင်သည်၊ အကြောင်းမှာ သူတို့၏ ဘိုးဘေးများသည် ဖျက်ဆီးခြင်းဘေးမှ အသက်ရှင်လွတ်မြောက်ခြင်း မရှိခဲ့လျှင် သူတို့ မွေးဖွားလာမည် မဟုတ်သောကြောင့် ဖြစ်သည်။—ဧဇရ ၉:၁၃-၁၅; ဟေဗြဲ ၇:၉၊ ၁၀၊ နှိုင်းယှဉ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ