ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-1 အခန်း ၁၉ စာ. ၁၁၉-၁၂၆
  • ယေဟောဝါသည် တုရု၏ မာန်မာနကို ရှုတ်ချတော်မူ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် တုရု၏ မာန်မာနကို ရှုတ်ချတော်မူ၏
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “တာရှုသင်္ဘောများတို့ ညည်းတွားမြည်တမ်းကြလော့!”
  • “ရှေးကာလ၌ တည်သဖြင့်” ရွှင်လန်းသောမြို့
  • သူမ၏ မာန်မာန ရှုတ်ချခံရမည်
  • ခါလဒဲလူမျိုးများသည် သူ့ကို လုယူဖျက်ဆီးကြလိမ့်မည်
  • ‘သူသည်လည်း တစ်ဖန် အခ ရရန် လုပ်ပြန်မည်’
  • ‘သူ၏ အမြတ်ရခြင်းအရာတို့သည် သန့်ရှင်းလိမ့်မည်’
  • ရုပ်ဝါဒ လိုက်စားခြင်းနှင့် မာန်မာနထောင်လွှားခြင်းကို ရှောင်ပါ
  • တိုင်ရာမြို့အကြောင်း ကြိုဟောချက်က ယေဟောဝါရဲ့ စကားတွေကို ပိုယုံကြည်စိတ်ချစေ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ၇က ဂျေရုဆလင်မြို့ဝန်းကျင်က လူမျိုးခြားများ
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • “ငါဟာ ယေဟောဝါပဲဆိုတာ” လူမျိုးခြားတွေ “သိရကြလိမ့်မယ်”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ip-1 အခန်း ၁၉ စာ. ၁၁၉-၁၂၆

အခန်း ဆယ့်ကိုး

ယေဟောဝါသည် တုရု၏ မာန်မာနကို ရှုတ်ချတော်မူ၏

ဟေရှာယ ၂၃:၁-၁၈

၁၊ ၂။ (က) ရှေးတုရုမြို့ဟောင်းသည် မည်ကဲ့သို့သောမြို့ ဖြစ်ခဲ့သနည်း။ (ခ) ဟေရှာယသည် တုရုမြို့အတွက် အဘယ် ပရောဖက်ပြုချက်ကို ဖော်ပြခဲ့သနည်း။

သူသည် “အလှပိုင်ရှင် ဖြစ်” ခဲ့ပြီး “ဥစ္စာဘဏ္ဍာ အမျိုးမျိုး” ပေါကြွယ်ခဲ့၏။ (ယေဇကျေလ ၂၇:၄၊ ၁၂၊ အမေရိကန်ဘာသာပြန်ကျမ်း) သူ၏ သင်္ဘောစုကြီးသည် အလွန်ဝေးသော ဒေသများစွာသို့ ပင်လယ်ဖြတ်ကာ ရွက်လွှင့်ခဲ့ကြသည်။ သူသည် “ပင်လယ်အလယ်၌ ကြွယ်ဝ၍ အလွန်ဘုန်းကြီး” လာပြီး “များပြားသော ဥစ္စာ” ဖြင့် “လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေ” ခဲ့သည်။ (ယေဇကျေလ ၂၇:၂၅၊ ၃၃) ဘီ.စီ.အီး. ခုနစ်ရာစုတွင် ထိုသို့သော ဂုဏ်အင်္ဂါနှင့် ညီညွှတ်သူမှာ မြေထဲပင်လယ်အရှေ့ဖျားတွင် ရှိသော ဖိုနီးရှားမြို့တစ်မြို့ ဖြစ်သည့် တုရုမြို့ပင်တည်း။

၂ သို့တိုင် တုရုမြို့သည် ဖျက်ဆီးခြင်း ခံရတော့မည်။ ဤမြို့အကြောင်း ယေဇကျေလ မဖော်ပြမီ နှစ်ပေါင်း ၁၀၀ ခန့်က ပရောဖက် ဟေရှာယသည် ဤဖိုနီးရှားလူမျိုးများ၏ ရဲတိုက်ပျက်စီးခြင်းနှင့် ယင်းအပေါ် မှီခိုနေသူများ၏ ဝမ်းနည်းပူဆွေးခြင်းအကြောင်းများကို ကြိုဟောခဲ့သည်။ ဟေရှာယက ဘုရားသခင်သည် တစ်ချိန်ချိန်တွင် ထိုမြို့ကို ပြန်အာရုံစိုက်လာပြီး ငြိမ်းချမ်းသာယာဝပြောမှုအသစ်ကို ပြန်လည်ပေးသနားမည့်အကြောင်းကိုပါ ပရောဖက်ပြုခဲ့သည်။ ပရောဖက်ပြုချက်စကားများ မည်သို့ ပြည့်စုံခဲ့သနည်း။ တုရုမြို့တွင် ဖြစ်ပျက်ခဲ့သမျှအားလုံးမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။ သူတွေ့ကြုံခဲ့ရသည့်အရာနှင့် ထိုသို့ အဘယ်ကြောင့် တွေ့ကြုံခဲ့ရသည်ကို ရှင်းလင်းစွာ နားလည်သဘောပေါက်ခြင်းက ယေဟောဝါနှင့် ကိုယ်တော့်ကတိတော်များအပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေမည်။

“တာရှုသင်္ဘောများတို့ ညည်းတွားမြည်တမ်းကြလော့!”

၃၊ ၄။ (က) တာရှုမြို့သည် မည်သည့်နေရာတွင် တည်ရှိသနည်း၊ တုရုနှင့် တာရှုသည် အဘယ် ဆက်နွှယ်မှု ရှိခဲ့သနည်း။ (ခ) တာရှုနှင့် ကုန်သွယ်နေသည့် သင်္ဘောသားများသည် “ညည်းတွားမြည်တမ်း” ရန် အဘယ်အကြောင်း ရှိမည်နည်း။

၃ “တုရုမြို့နှင့် ဆိုင်သော ဗျာဒိတ်တော်” ဟူ၍ ခေါင်းစဉ်တပ်ပြီးနောက် ဟေရှာယ ဤသို့ ကြေညာ၏– “တာရှုသင်္ဘောများတို့ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ။ တည်းခိုစရာ [“ဆိုက်ကပ်စရာ ဆိပ်ကမ်းမြို့၊” ကဘ] မရှိသည်တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ။” (ဟေရှာယ ၂၃:၁က) တာရှုမြို့သည် မြေထဲပင်လယ် အရှေ့ပိုင်းတွင် ရှိသော တုရုမြို့မှ အလွန်ဝေးသော စပိန်နိုင်ငံထဲတွင် ရှိသည်ဟု ယုံကြည်ကြသည်။a သို့သော် ဖိုနီးရှားလူမျိုးတို့သည် ပင်လယ်ရေကြောင်း ကျွမ်းကျင်သူများ ဖြစ်ကြပြီး သူတို့၏ သင်္ဘောများသည် ကြီးမားကာ ပင်လယ်ခရီးသွားရန် စိတ်ချရသည်။ သမိုင်းပညာရှင်အချို့က ဖိုနီးရှားလူမျိုးတို့သည် လနှင့် ဒီရေတို့၏ ဆက်စပ်မှုကို ဦးဆုံး သိရှိကာ ရေကြောင်းသွားလာမှုတွင် အထောက်အကူအဖြစ် ကြယ်နက္ခတ်များကို ဦးဆုံး အသုံးပြုခဲ့ကြသူများ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် တုရုနှင့် တာရှု၏ အလှမ်းကွာဝေးမှုက သူတို့အတွက် အဟန့်အတား မဖြစ်ခဲ့ပါ။

၄ ဟေရှာယခေတ်တွင် အလွန်ဝေးသောနေရာတွင် ရှိသည့် တာရှုမြို့သည် တုရုမြို့အတွက် ဈေးကွက်တစ်ခု ဖြစ်သည်၊ သူ၏ သမိုင်းတစ်ကဏ္ဍတွင် တုရုအား ကြွယ်ဝစေခဲ့သော အဓိကအရင်းအမြစ်တစ်ခု ဖြစ်ဖွယ်ရှိသည်။ စပိန်တွင် ငွေ၊ သံ၊ သံဖြူနှင့် အခြားသတ္တုသိုက်မိုင်းတွင်းများစွာ ရှိသည်။ (ယေရမိ ၁၀:၉; ယေဇကျေလ ၂၇:၁၂ နှိုင်းယှဉ်။) တာရှုမြို့နှင့် ကုန်သွယ်နေသော တုရုမြို့မှ သင်္ဘောများ ဖြစ်နိုင်သည့် “တာရှုသင်္ဘောများ” သည် မိမိတို့၏ အမြဲ ဆိုက်ကပ်နေကျ ဆိပ်ကမ်းမြို့ ပျက်စီးခြင်းကြောင့် “ညည်းတွားမြည်တမ်း” ငိုကြွေးရန် ခိုင်လုံသည့် အကြောင်း ရှိသည်။

၅။ တာရှုမှ လာကြသော သင်္ဘောသားများသည် တုရုမြို့ ကျဆုံးကြောင်း မည်သည့်နေရာမှ သိကြမည်နည်း။

၅ ပင်လယ်ပြင်တွင် ရောက်နေသော သင်္ဘောသားများသည် တုရုမြို့ ပျက်စီးကြောင်း မည်သို့ သိကြမည်နည်း။ ဟေရှာယ ဤသို့ အဖြေပေး၏– “ခိတ္တိမ်ပြည်မှ သတင်းကြားရ၏။” (ဟေရှာယ ၂၃:၁ခ) “ခိတ္တိမ်ပြည်” သည် ဖိုနီးရှား ကမ်းရိုးတန်း အနောက်ဘက် မိုင် ၆၀ ခန့်အကွာတွင် ရှိသော စိုက်ပရပ်စ်[ကုပရု]ကျွန်းကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ တာရှုမြို့မှ အရှေ့ဘက်သို့ ဦးတည်သွားသည့် သင်္ဘောများသည် တုရုမြို့သို့ မရောက်မီ ဤနေရာသည် နောက်ဆုံး ရပ်နားသည့် နေရာ ဖြစ်သည်။ ထို့ကြောင့် သင်္ဘောသားများသည် စိုက်ပရပ်စ်၌ ခေတ္တ ရပ်နားသည့်အခါ မိမိတို့ ချစ်မြတ်နိုးသည့် အမြဲ ဆိုက်ကပ်နေကျ ဆိပ်ကမ်းမြို့ ပျက်စီးခြင်းသတင်းကို ကြားရမည်။ သူတို့အတွက် ထိတ်လန့်ဖွယ်သတင်းပါတကား! ယူကျုံးမရ ဖြစ်ကာ စိတ်ပျက်လက်ပျက်နှင့် “ညည်းတွားမြည်တမ်း” ကြမည်။

၆။ တုရုနှင့် ဇိဒုန်၏ ဆက်နွှယ်ပုံကို ဖော်ပြပါ။

၆ ဖိုနီးရှားပင်လယ်ကမ်းခြေတွင် နေထိုင်ကြသူများလည်း စိတ်ပျက်လက်မှိုင်ချကြမည်။ ပရောဖက်က ဤသို့ဆို၏– “ပင်လယ်ကမ်းနားမှာ နေလျက် ရေများပေါ်မှာ လုပ်ဆောင်၍ ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် ပျက်စီးကြပြီ။ နိလ [“နိုင်းလ်၊” ကဘ] မြစ်၏ အသီးအနှံသည် သူတို့၌ အကျိုးကျေးဇူး ဖြစ်ခဲ့ပြီ။ လူမျိုးတို့နှင့် ကုန်သွယ်ခြင်းသည် အမြတ်အစွန်း ဖြစ်ခဲ့ပြီ။” (ဟေရှာယ ၂၃:၂၊ ၃၊ သမ္မာ) “ပင်လယ်ကမ်းနားမှာ နေသောသူတို့”—တုရုမြို့၏ အိမ်နီးချင်းမြို့များ—သည် တုရုမြို့ ဘေးတွေ့ပြီး ကျရှုံးပျက်စီးခြင်းကြောင့် ပါးစပ်အဟောင်းသားဖြင့် မှင်တက်သွားကြမည်။ “ဇိဒုန်ကုန်သည်” တို့သည် မည်သူများ ဖြစ်ပြီး မည်သူတို့သည် ထိုမြို့သူမြို့သားများအား ကြီးပွားချမ်းသာ “အကျိုးကျေးဇူး ဖြစ်” စေခဲ့သူများ ဖြစ်သနည်း။ တုရုမြို့သည် မြောက်ပိုင်းရှိ ၂၂ မိုင်သာ ကွာသော ဇိဒုန်၏ ကိုလိုနီလက်အောက်ခံ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ခဲ့သည်။ သူ၏ ငွေဒင်္ဂါးများ၌ ဇိဒုန်က မိမိသည် တုရု၏ အမိနိုင်ငံ ဖြစ်သည်ဟု ဖော်ပြထားသည်။ တုရုမြို့သည် ဇိဒုန်ထက် စည်းစိမ်ဥစ္စာတွင် သာလွန်သော်လည်း “ဇိဒုန်မြို့၏သမီး” ဖြစ်ပြီး မြို့သူမြို့သားများသည် မိမိတို့ကိုယ်ကို ဇိဒုန်လူမျိုးအဖြစ် ဖော်ပြကြသည်။ (ဟေရှာယ ၂၃:၁၂) ထို့ကြောင့် “ဇိဒုန်ကုန်သည်” ဟူသော အသုံးအနှုန်းက တုရုမြို့သား ကုန်သည်များကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။

၇။ ဇိဒုန်လူမျိုးကုန်သည်များသည် ကုန်ပစ္စည်းဥစ္စာများကို မည်သို့ ဖြန့်ဖြူးခဲ့သနည်း။

၇ ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် ပစ္စည်းဥစ္စာ ကြွယ်ဝသော ဇိဒုန်ကုန်သည်များသည် မြေထဲပင်လယ်သို့ ခရီးလှည့်လည်ကြသည်။ သူတို့သည် အီဂျစ်မြစ်ဝကျွန်းပေါ်ဒေသရှိ နိုင်းလ်မြစ်၏ အရှေ့ဘက်အကျဆုံး မြစ်လက်တက် ဖြစ်သော ရှိဟောရမှ ကောက်ပဲသီးနှံမျိုးများကို ဒေသများစွာသို့ သယ်ဆောင်ကြသည်။ (ယေရမိ ၂:၁၈ နှိုင်းယှဉ်။) “နိုင်းလ်မြစ်၏ အသီးအနှံ” ဟု ဆိုရာတွင် အီဂျစ်ပြည်၏ အခြားထွက်ကုန်များလည်း ပါဝင်သည်။ ထိုကဲ့သို့သော ပစ္စည်းများကို ရောင်းဝယ်ခြင်း၊ လဲလှယ်ခြင်းသည် ထိုသင်္ဘောသားကုန်သည်များအပြင် သူတို့ ကူးသန်းရောင်းဝယ်သည့် နိုင်ငံများအတွက် အမြတ်အစွန်းများစွာဖြစ်စေသည်။ ဇိဒုန်ကုန်သည်များသည် အခွန်အတုတ်များဖြင့် တုရုမြို့ကို အကျိုးရှိစေသည်။ ထို့ကြောင့် သူ၏ ပျက်စီးခြင်းသည် သူတို့အတွက် အလွန် ဝမ်းနည်းဖွယ် ဖြစ်မည်!

၈။ တုရုမြို့ ပျက်စီးခြင်းသည် ဇိဒုန်အပေါ် အဘယ်အကျိုးဆက် သက်ရောက်မည်နည်း။

၈ ဟေရှာယက ဇိဒုန်နှင့်ပတ်သက်၍ ဤစကားများကို ဆက်ဆို၏– “အိုဇိဒုန်မြို့ ရှက်ကြောက်ခြင်း ရှိလော့။ အကြောင်းမူကား ပင်လယ်တည်းဟူသော ပင်လယ်မြို့ကြီးက ‘ငါသည် ကိုယ်ဝန်မဆောင်၊ သားမဖွား၊ လူပျိုနှင့်အပျိုမတို့ကို မမွေးမြူရ’ ဟု ပြောဆို၏။” (ဟေရှာယ ၂၃:၄) တုရုမြို့ ပျက်စီးပြီးနောက် ယခင်က ထိုမြို့ တည်ရှိခဲ့သည့် ကမ်းခြေနေရာသည် လွင်တီးခေါင်၊ လူဆိတ်ညံရာအရပ်အဖြစ် တွေ့မြင်ရမည်။ မိမိ၏ ကလေးများဆုံးပါးသွားပြီး သူတို့ကို တစ်ခါမျှ မမွေးခဲ့ဖူးပါဟု ယခု သူငြင်းဆိုသည့်အထိ အလွန့်အလွန် စိတ်နောက်နေသည့် မိခင်တစ်ဦးကဲ့သို့ ပင်လယ်သည် စိတ်သောကရောက် ဟစ်ကြွေးနေသည့်ပမာ ဖြစ်မည်။ ဇိဒုန်သည် မိမိသမီး၌ ဖြစ်ပျက်ရာများအတွက် အလွန် ရှက်နေမည်။

၉။ တုရုမြို့ ကျပြီးနောက် ခံစားရသည့် လူများ၏ ဝမ်းနည်းပူဆွေးမှုသည် အလွန် ထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်စေခဲ့သော အခြားအဘယ်အဖြစ်အပျက်အပြီး အခြေအနေနှင့် တူမည်နည်း။

၉ မှန်ပါသည်၊ တုရုမြို့ ပျက်စီးခြင်းသတင်းကြောင့် နေရာဒေသ အများအပြားတွင် ဝမ်းနည်းပူဆွေးစေမည်။ ဟေရှာယ ဤသို့ ဆို၏– “အီဂျစ်ပြည်နှင့်ပတ်သက်သော သတင်းကဲ့သို့ လူများသည် တုရုမြို့သတင်းကို ကြားသောအခါ အလွန် စိတ်ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။” (ဟေရှာယ ၂၃:၅) ညည်းတွားငိုကြွေးသူများ၏ စိတ်သောကသည် အီဂျစ်ပြည်နှင့်ပတ်သက်သော သတင်းကြောင့် ခံစားရသည့် နာကျင်မှု အကျိုးဆက်နှင့် တူပေမည်။ ပရောဖက်သည် အဘယ်သတင်းကို ဆိုလိုခြင်း ဖြစ်သနည်း။ အစောပိုင်းတွင် ဖော်ပြခဲ့သော “အဲဂုတ္တုပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်” ပြည့်စုံသည့် သတင်း ဖြစ်နိုင်သည်။b (ဟေရှာယ ၁၉:၁-၂၅) သို့မဟုတ် ပရောဖက်သည် နေရာအနှံ့ရှိသူများအား အလွန် ထိတ်လန့်စေခဲ့သည့် မောရှေခေတ်က ဖာရောစစ်တပ်၏ ဖျက်ဆီးခြင်းသတင်းကို ဆိုလိုခြင်း ဖြစ်နိုင်သည်။ (ထွက်မြောက်ရာ ၁၅:၄၊ ၅၊ ၁၄-၁၆; ယောရှု ၂:၉-၁၁) မည်သည့်အရာပင်ဖြစ်စေ တုရုမြို့ ပျက်စီးခြင်းသတင်းကို ကြားသူများသည် ပြင်းထန်စွာ စိတ်သောက ရောက်ကြမည်။ သူတို့သည် သက်သာရာရရန်အတွက် အလွန်ဝေးသော တာရှုမြို့သို့ ထွက်ပြေးရန် ဖိတ်ခေါ်ခံရကြပြီး မိမိတို့၏ ဝမ်းနည်းပူဆွေးမှုကို အော်ဟစ်ကြွေးကြော်ရန် ပြောဆိုခြင်း ခံရကြသည်– “တာရှုမြို့သို့ ကူးကြလော့။ ပင်လယ်နားမှာ နေသောသူတို့ ညည်းတွားမြည်တမ်းကြလော့။”—ဟေရှာယ ၂၃:၆။

“ရှေးကာလ၌ တည်သဖြင့်” ရွှင်လန်းသောမြို့

၁၀-၁၂။ တုရုမြို့၏ ကြီးပွားချမ်းသာမှု၊ အဓွန့်ရှည်မှုနှင့် တန်ခိုးသြဇာလွှမ်းမိုးမှုတို့အကြောင်း ဖော်ပြပါ။

၁၀ တုရုမြို့သည် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ကြောင်း ဟေရှာယ ပြောသော ဤစကားဖြင့် ကျွန်ုပ်တို့ သိရ၏– “ဤမြို့သည် ရှေးကာလ၌ တည်သဖြင့် သင်တို့ ရွှင်လန်းသော မြို့လော။” (ဟေရှာယ ၂၃:၇က) တုရုမြို့၏ ကြီးပွားချမ်းသာမှုသမိုင်းကို အနည်းဆုံး ယောရှုခေတ်အထိ သမိုင်းပြန်လှန်နိုင်သည်။ (ယောရှု ၁၉:၂၉) နှစ်များတစ်လျှောက် တုရုမြို့သည် သတ္တုထည်၊ ဖန်ထည်နှင့် ခရမ်းရောင်ဆိုးဆေး ထုတ်လုပ်ခြင်းတို့ကြောင့် နာမည်ကျော် လူသိများလာခဲ့သည်။ တုရုလူမျိုးများ၏ ခရမ်းရောင်ဝတ်လုံများသည် ဈေးအမြင့်ဆုံး ပေးရပြီး တုရုမြို့၏ တန်ဖိုးကြီး အထည်အလိပ်များကို အထက်တန်းလွှာများက ကြိုးစားရယူကြသည်။ (ယေဇကျေလ ၂၇:၇၊ ၂၄ နှိုင်းယှဉ်။) တုရုမြို့သည် ကန္တာရခရီးသည် ကုန်သွယ်ရာဗဟိုမြို့ ဖြစ်သည့်ပြင် ထုတ်ကုန်-သွင်းကုန်များ အကြီးအကျယ် သိုလှောင်ရာမြို့လည်း ဖြစ်သည်။

၁၁ ထို့ပြင် စစ်အင်အား တောင့်တင်းခိုင်မာသောမြို့ ဖြစ်သည်။ အယ်လ်. စပရိပ် ဒီကမ့်က ဤသို့ ရေးထား၏– “သူတို့သည် အထူးသဖြင့် စစ်ဆင်နွှဲလိုသူများ မဟုတ်ကြသော်လည်း—စီးပွားရေးသမားများ ဖြစ်သည်၊ စစ်သားများ မဟုတ်ပါ—ဖိုနီးရှားလူမျိုးများသည် စွမ်းစွမ်းတမံသတ္တိနှင့် အလျှော့မပေးမှုတို့ဖြင့် မိမိတို့၏ မြို့များကို ကာကွယ်ခဲ့ကြသည်။ ထိုသို့သော အရည်အသွေးများအပြင် သူတို့၏ ရေတပ်အင်အားကြောင့်ပင် ထိုအချိန်က အင်အားအကြီးဆုံး ဖြစ်သော အာရှုရိစစ်တပ်ကို တုရုလူမျိုးတို့ ခုခံတွန်းလှန်နိုင်ခဲ့ခြင်း ဖြစ်သည်။”

၁၂ တုရုသည် မြေထဲပင်လယ်ဒေသတွင် အမှန်ပင် ထင်ရှားကျော်ကြားခဲ့သည်။ “ဝေးသောအရပ်၌ တည်းခိုခြင်းငှာ မိမိခြေတို့သည် မိမိကို ဆောင်သွားကြ၏။” (ဟေရှာယ ၂၃:၇ခ) ဖိုနီးရှားလူမျိုးများသည် ဝေးလံသော ဒေသများသို့ ခရီးဆန့်ကာ ကူးသန်းရောင်းဝယ်ရေးနေရာများနှင့် အချို့မှာ ကိုလိုနီနယ်များ ဖြစ်လာသည့် ဆိပ်ကမ်းများကို တည်ထောင်ကြသည်။ ဥပမာ၊ အာဖရိက မြောက်ပိုင်းကမ်းရိုးတန်းတွင် တည်ရှိသော ကားသေ့ချ်မြို့သည် တုရု၏ ကိုလိုနီ ဖြစ်သည်။ အချိန်တန်သော် ၎င်းသည် တုရုမြို့ထက် ပို၍ သာလွန်သွားကာ မြေထဲပင်လယ်ဒေသတွင် ရောမတို့နှင့် ဩဇာပြိုင်ဘက် ဖြစ်လာမည် ဖြစ်သည်။

သူမ၏ မာန်မာန ရှုတ်ချခံရမည်

၁၃။ တုရုမြို့နှင့်ပတ်သက်၍ တရားစီရင်ချက်သတင်းကို မည်သူ ကြေညာဝံ့သနည်း ဟူသည့် မေးခွန်း အဘယ်ကြောင့် ပေါ်ပေါက်ရသနည်း။

၁၃ တုရုမြို့၏ အဓွန့်ရှည်မှုနှင့် ကြီးပွားချမ်းသာမှုကို ထောက်၍ ဤသို့ မေးခြင်းသည် သင့်တော်ပါသည်– “တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ ကုန်သည်တို့သည် မင်းသား၊ ဖောက်ကားရောင်းဝယ်သောသူတို့သည် မြေကြီးမှူးမတ် ဖြစ်လျက် ထိုမြို့တစ်ဖက်၌ အဘယ်သူသည် ဤအကြံကို ကြံစည်သနည်း။” (ဟေရှာယ ၂၃:၈) မိမိ၏ လက်အောက်ခံ ကိုလိုနီနိုင်ငံများနှင့် အခြားဒေသများတွင် တန်ခိုးကြီးသူများကို မြင့်မားသော အခွင့်အာဏာရှိ ရာထူးများ ပေးထားခြင်းကြောင့် “ရာဇသရဖူကို ပေးတတ်သောမြို့” ဖြစ်လာသည့် မြို့ကို ဆန့်ကျင်ဘက်ပြု၍ မည်သူ ပြောဝံ့သနည်း။ ကုန်သည်ကြီးများသည် မင်းသားများ ဖြစ်ပြီး ဖောက်ကားရောင်းဝယ်သူများသည် ဂုဏ်အသရေရှိသူများ ဖြစ်သည့် မြို့တော်ကို မည်သူ ဆန့်ကျင်၍ ပြောဝံ့သနည်း။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ အမျိုးသားပြတိုက်ရှိ ရှေးဟောင်းအမွေအနှစ်များဆိုင်ရာ ဒါရိုက်တာဟောင်း ဖြစ်သူ မောရစ် ရှဲဟဘ်က ဤသို့ ဆို၏– “ဘီ.စီ. ကိုးရာစုမှ ခြောက်ရာစုအထိ တုရုမြို့သည် နှစ်ဆယ်ရာစုအစပိုင်း လန်ဒန်မြို့၏ အရေးပါအရာရောက်မှုကို ယှဉ်နိုင်ခဲ့သည်။” ထို့ကြောင့် မည်သူက ထိုမြို့ကို ဆန့်ကျင်၍ ပြောဝံ့မည်နည်း။

၁၄။ တုရုမြို့နှင့်ပတ်သက်သော တရားစီရင်ချက်ကို မည်သူ ကြေညာသနည်း၊ အဘယ်ကြောင့်နည်း။

၁၄ မှုတ်သွင်းခံ ပြန်လည်ဖြေကြားချက်က တုရုမြို့ကို အထိတ်တလန့် ဖြစ်စေမည်။ ဟေရှာယ ဤသို့ ဆို၏– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ရှိသမျှသော ဘုန်းအသရေ၏ မာနကို အရှက်ခွဲခြင်းငှာလည်းကောင်း၊ မြေကြီးမှူးမတ်အပေါင်းတို့ [“ဂုဏ်အသရေရှိသူများ၊” ကဘ] ကို ရှုတ်ချခြင်းငှာလည်းကောင်း ထိုသို့ ကြံစည်တော်မူ၏။” (ဟေရှာယ ၂၃:၉) ယေဟောဝါသည် ချမ်းသာကြွယ်ဝသည့် ဤရှေးဟောင်းမြို့နှင့် ပတ်သက်သော တရားစီရင်ချက်သတင်းကို အဘယ်ကြောင့် ကြေညာသနည်း။ ၎င်း၏ မြို့သူမြို့သားများသည် မှောက်မှားသော ဗာလဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းကြောင့်လော။ တုရုသည် ယေဇဗေလနှင့် ဆက်နွှယ်နေခြင်းကြောင့်လော– သူမသည် တုရုမင်းလည်း ဖြစ်၊ ဇိဒုန်မင်းလည်း ဖြစ်သော ဧသဗာလ၏သမီး ဖြစ်ကာ ဣသရေလရှင်ဘုရင် အာဟပ်နှင့် လက်ဆက်ခဲ့ပြီး ယေဟောဝါ၏ ပရောဖက်များစွာကို သတ်ဖြတ်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၆:၂၉၊ ၃၁; ၁၈:၄၊ ၁၃၊ ၁၉) ထိုမေးခွန်းနှစ်ခုစလုံး၏ အဖြေမှာ မဟုတ်ပါဟူ၍ ဖြစ်သည်။ တုရုသည် ဣသရေလလူမျိုး အပါအဝင် အခြားလူမျိုးများ၏ ငွေကြေးများဖြင့် မိမိကိုယ်ကို ဆူဖြိုးလာစေရာမှ ဖြစ်လာသော မာန်မာနထောင်လွှားခြင်းကြောင့် အပြစ်ဒဏ်ခံရခြင်း ဖြစ်သည်။ ဘီ.စီ.အီး. ကိုးရာစုတွင် ပရောဖက် ယောလမှတစ်ဆင့် တုရုမြို့နှင့် အခြားမြို့များကို ယေဟောဝါ ဤသို့ မိန့်တော်မူခဲ့သည်– “ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို နေရင်းပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှာ ဟေလသ အမျိုးသားတို့အား ရောင်းလိုက်” ကြသည်။ (ယောလ ၃:၆) မိမိနှင့် ပဋိညာဉ် ဖွဲ့ထားသည့် လူမျိုးအား ရောင်းကုန်အဖြစ်သာ သဘောထားသော တုရု၏ ဆက်ဆံပုံကို ဘုရားသခင် ဤအတိုင်း ကြည့်နေနိုင်ပါမည်လော။

၁၅။ ယေရုရှလင်မြို့သည် နေဗုခဒ်နေဇာလက်တွင် ကျသွားသည့်အခါ တုရုသည် မည်သို့ တုံ့ပြန်မည်နည်း။

၁၅ နှစ်ပေါင်းတစ်ရာကျော် ကုန်လွန်သွားသော်လည်း တုရု၏ သဘော မပြောင်းလဲပါ။ ဘီ.စီ.အီး. ၆၀၇ တွင် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ၏ စစ်တပ်က ယေရုရှလင်မြို့ကို ဖျက်ဆီးသည့်အခါ တုရုသည် ဝမ်းမြောက်ရွှင်လန်းလျက် ဤသို့ ဆိုမည်– “အေ့ဟေ တိုင်းနိုင်ငံတို့၏ တံခါး ဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည် ဖြစ်၍ ငါ့လက်သို့ ရောက်လိမ့်မည်။ ထိုမြို့ ဆိတ်ညံသောကြောင့် ငါစည်ပင်လိမ့်မည်။” (ယေဇကျေလ ၂၆:၂) ယေရုရှလင်မြို့ ပျက်စီးမှ မိမိ အမြတ်ထုတ်၍ ရမည်ဟု မျှော်လင့်ကာ တုရုမြို့သည် ဝမ်းမြောက်ရွှင်လန်းမည် ဖြစ်သည်။ ယုဒပြည်၏ မြို့တော်သည် ပြိုင်ဘက်မြို့ မဟုတ်တော့သည့်အတွက် လုပ်ငန်းကိုင်ငန်း ပို၍ အဆင်ပြေလာမည်ဟု မျှော်လင့်ပေမည်။ မိမိကိုယ်ကို “ဂုဏ်အသရေရှိသူများ” ဟု ဖော်ထုတ်ကြေညာပြီး ဘုရားသခင့် လူမျိုး၏ ရန်သူများနှင့်အတူ မာနကြီးစွာ ရပ်တည်သူများကို ယေဟောဝါ ရှုတ်ချတော်မူမည်။

၁၆၊ ၁၇။ တုရုမြို့ ကျသွားသည့်အခါ မြို့သူမြို့သားတို့၌ အဘယ်သို့ ဖြစ်မည်နည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)

၁၆ တုရုမြို့နှင့်ပတ်သက်၍ ယေဟောဝါ၏ အပြစ်စီရင်ချက်ကို ဟေရှာယ ဤသို့ ဆက်ဆို၏– “အိုတာရှုမြို့၏ သမီး ကမ်းရိုး ပျက်လေပြီ။ [နိုင်းလ်] မြစ်ကဲ့သို့ ကိုယ်ပြည်ကို နှံ့ပြားလော့။ ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကို ဆန့်၍ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏။ ခါနာန်ပြည်၌ ခိုင်ခံ့သော အရပ်တို့ကို ဖျက်ဆီးစေခြင်းငှာ ထာဝရဘုရား အမိန့်တော်ရှိ၏။ ညှဉ်းဆဲခြင်းကို ခံရသော ကညာ၊ ဇိဒုန်မြို့၏ သမီး သင်သည် နောက်တစ်ဖန် ရွှင်လန်းခြင်း မရှိရ။ ထလော့။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း ငြိမ်သက်ခြင်း မရှိရဟု မိန့်တော်မူ၏။”—ဟေရှာယ ၂၃:၁၀-၁၂။

၁၇ တုရုမြို့ကို “တာရှုမြို့၏ သမီး” ဟု အဘယ်ကြောင့် ခေါ်သနည်း။ တုရုမြို့ ရှုံးနိမ့်သွားပြီးနောက် တာရှုမြို့က ပို၍ အင်အားကြီးလာသောကြောင့် ဖြစ်မည်။c ရေလျှံနေသော မြစ်တစ်စင်း တာရိုး ကျိုးသွားသောကြောင့် မြစ်ရေများ အနီးအနားရှိ မြေပြင်များသို့ စီးဆင်းလွှမ်းမိုးသွားသကဲ့သို့ ဖျက်ဆီးခံရသော တုရုမြို့သူမြို့သားများသည် အရပ်ရပ် ကွဲပြားသွားမည် ဖြစ်သည်။ “တာရှုမြို့၏ သမီး” နှင့်ပတ်သက်သော ဟေရှာယ၏ သတင်းစကားက တုရုမြို့တွင် အပြင်းအထန် ခံရမည်ကို ပေါ်လွင်စေသည်။ ယေဟောဝါ ကိုယ်တော်တိုင် မိမိ၏ လက်တော်ကို ဆန့်ကာ အမိန့်ပေးတော်မူမည်။ မည်သူမျှ ဖြစ်လာမည့်အရာကို ပြောင်းလဲနိုင်မည် မဟုတ်ပါ။

၁၈။ တုရုမြို့ကို ‘ဇိဒုန်မြို့၏ သတို့သမီးကညာ’ ဟု အဘယ်ကြောင့် ခေါ်သနည်း၊ သူ၏ အခြေအနေ မည်သို့ ပြောင်းလဲသွားမည်နည်း။

၁၈ ဟေရှာယက တုရုမြို့ကို “ဇိဒုန်မြို့၏ သတို့သမီးကညာ” ဟုလည်း ခေါ်ဆိုထားသည်၊ ၎င်းက သူသည် တိုင်းတစ်ပါး ကျူးကျော်သူများ၏ ဝိုင်းရံပိတ်ဆို့လုယူမှုကို ယခင်က မခံခဲ့ရဘဲ အောင်မြင်နိုင်နင်းခြင်း မခံရသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြသည်။ (၄ ဓမ္မရာဇဝင် ၁၉:၂၁; ဟေရှာယ ၄၇:၁; ယေရမိ ၄၆:၁၁ တို့နှင့်နှိုင်းယှဉ်။) သို့သော် ယခု သူသည် ဖျက်ဆီးခံရမည် ဖြစ်ကာ သူ၏ မြို့သားအချို့သည် ဒုက္ခသည်များအဖြစ် ဖိုနီးရှားကိုလိုနီနယ် ဖြစ်သော ခိတ္တိမ်ပြည်သို့ ကူးပြောင်းသွားကြလိမ့်မည်။ သို့သော်လည်း သူတို့၏ စီးပွားရေးသြဇာ မရှိတော့ခြင်းက ထိုနေရာတွင် ငြိမ်သက်မှု ရရှိမည် မဟုတ်ပါ။

ခါလဒဲလူမျိုးများသည် သူ့ကို လုယူဖျက်ဆီးကြလိမ့်မည်

၁၉၊ ၂၀။ တုရုမြို့ကို အနိုင်တိုက်ခိုက်သိမ်းပိုက်မည့်သူသည် မည်သူ ဖြစ်ကြောင်း ပရောဖက်ပြုထားသနည်း၊ ထိုပရောဖက်ပြုချက် မည်သို့ ပြည့်စုံသနည်း။

၁၉ တုရုမြို့အပေါ် ယေဟောဝါ၏ တရားစီရင်ချက်ကို မည်သည့် နိုင်ငံရေးအင်အားစုက လုပ်ဆောင်ပေးမည်နည်း။ ဟေရှာယ ဤသို့ ကြေညာ၏– “ခါလဒဲအမျိုးသားတို့ နေသောပြည်ကို ကြည့်ရှုလော့။ ထိုပြည်ကို အာရှုရိမင်း မဟုတ်ဘဲ ထိုသူတို့သည် တောတွင်းသားတို့ နေစရာဖို့ တည်ထောင်၏။ ထိုပြည်သားတို့သည် ခံတပ်ဖြိုမျှော်စင်တို့ကို တည်ထောင်၍ ခံတပ်များနှင့် မြို့ကိုလည်း ရှင်းရှင်း ဖျက်ဆီးကြ၏။ တာရှုသင်္ဘောများတို့ ညည်းတွားမြည်တမ်းကြလော့၊ အကြောင်းမှာ သင်တို့၏ ခိုလှုံရာသည် ပျက်လေပြီ။” (ဟေရှာယ ၂၃:၁၃၊ ၁၄၊ ကဘ) အာရှုရိလူမျိုး မဟုတ်ဘဲ ခါလဒဲလူမျိုးတို့သည် တုရုကို သိမ်းပိုက်အနိုင်ယူလိမ့်မည်။ သူတို့သည် မိမိတို့၏ ခံတပ်ဖြို မျှော်စင်များကို တည်ထောင်မည်၊ တုရု၏ လူနေအိမ်များကို မြေပြင်နှင့် တညီတည်း ဖြစ်စေပြီး တာရှုသင်္ဘောသားတို့၏ ခိုလှုံရာမြို့ကြီးကို အပျက်အယွင်းပုံကြီး ဖြစ်စေမည်။

၂၀ ပရောဖက်ပြုထားသည့်အတိုင်း ယေရုရှလင်မြို့ ကျပြီး မကြာမီအချိန်တွင် တုရုသည် ဗာဗုလုန်ကို ပုန်ကန်သောကြောင့် နေဗုခဒ်နေဇာသည် ထိုမြို့ကို ဝိုင်းရံပိတ်ဆို့လိုက်သည်။ မိမိတို့ကို မဖြိုဖျက်နိုင်ဟု ယုံကြည်ကာ တုရုသည် ပြန်လည်ခုခံသည်။ ဝိုင်းရံစဉ်ကာလအတွင်း ဗာဗုလုန်စစ်သားများ၏ ခေါင်းသည် သံခမောက် ပွတ်တိုက်မှုကြောင့် “ခေါင်းတုံး” ဖြစ်ကုန်ပြီး ဝိုင်းရံပိတ်ဆို့ရာတွင် သုံးသည့် ဆောက်လုပ်ရေးပစ္စည်းများ သယ်ရထမ်းရသည့်အတွက် ပခုံးလည်း “ပွန်း” ကုန်လေသည်။ (ယေဇကျေလ ၂၉:၁၈) ဝိုင်းရံပိတ်ဆို့မှုသည် နေဗုခဒ်နေဇာအတွက် အလွန် အကုန်အကျများသည်။ တုရုမြို့၏ ကုန်းပိုင်းကို ဖျက်ဆီးပြီးသည့်တိုင် လက်ရပစ္စည်းများ မရလိုက်ပါ။ တုရုမြို့၏ ဥစ္စာဘဏ္ဍာများကို ကမ်းခြေမှ မိုင်ဝက်ခန့် ဝေးသော ကျွန်းငယ်တစ်ခုသို့ ရွှေ့ပြောင်းပြီး ဖြစ်နေသည်။ သင်္ဘောအုပ်စု မရှိခြင်းကြောင့် ခါလဒဲဘုရင်သည် ထိုကျွန်းကို မသိမ်းပိုက်နိုင် ဖြစ်နေသည်။ ၁၃ နှစ် ကြာပြီးနောက် တုရုမြို့ လက်နက်ချခဲ့သော်လည်း သူသည် ဆက်တည်နေကာ နောက်ထပ်ပရောဖက်ပြုချက်များ ပြည့်စုံသည်ကို တွေ့မြင်ရမည်။

‘သူသည်လည်း တစ်ဖန် အခ ရရန် လုပ်ပြန်မည်’

၂၁။ အဘယ်နည်းဖြင့် တုရုမြို့သည် “အဘယ်သူမျှ မအောက်မေ့” ဘဲ ရှိနေပြီး၊ မည်မျှကြာကြာ ဤသို့ မေ့နေမည်နည်း။

၂၁ ဟေရှာယသည် ပရောဖက်ပြုချက်ကို ဤသို့ ဆက်ဆို၏– “ထိုကာလ၌ တုရုမြို့ကို မင်းဆက်တစ်ဆက်အတိုင်းအရှည် အနှစ်ခုနစ်ဆယ်ပတ်လုံး အဘယ်သူမျှ မအောက်မေ့ရ။” (ဟေရှာယ ၂၃:၁၅က) ဗာဗုလုန်လူမျိုးများသည် မြို့၏ ကုန်ပိုင်းကို ဖျက်ဆီးပြီးသည့်နောက် ကျွန်းမြို့တော် တုရုမြို့ကို “အဘယ်သူမျှ မအောက်မေ့” ဘဲ ရှိမည်။ ပရောဖက်ပြုထားသည့်အတိုင်း “မင်းဆက်တစ်ဆက်”—ဗာဗုလုန် အင်ပါယာ—သက်တမ်းတွင် ကျွန်းမြို့တော် တုရုမြို့သည် အရေးပါသော ငွေကြေးသြဇာ အရှိန်အဝါ ရှိတော့မည် မဟုတ်ပါ။ ယေရမိမှတစ်ဆင့် ယေဟောဝါ မိန့်တော်မူရာ၌ ကိုယ်တော်၏ အမျက်တော် စပျစ်ရည်ဖလား သောက်ရန် ရွေးထုတ်ခံရမည့် လူမျိုးများတွင် တုရုမြို့ပါ ပါဝင်သည်။ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “ဤလူမျိုးတို့သည် အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန် ရှင်ဘုရင်၏ အမှုကို ဆောင်ရွက်ရကြလိမ့်မည်။” (ယေရမိ ၂၅:၈-၁၇၊ ၂၂၊ ၂၇) ဗာဗုလုန် အင်ပါယာသည် ဘီ.စီ.အီး. ၅၃၉ တွင် ပြိုလဲသွားခြင်းကြောင့် ကျွန်းမြို့တော် တုရုမြို့သည် အနှစ် ၇၀ တင်းတင်း ဗာဗုလုန်၏ လက်အောက်ခံ မဖြစ်ခဲ့သည်မှာ မှန်ပါသည်။ ထို့ကြောင့် အနှစ် ၇၀ သည် ဗာဗုလုန် တန်ခိုးအာဏာ အရှိဆုံး အချိန်ကာလ—“ဘုရားသခင်၏ ကြယ်” တို့အပေါ်တွင်ပင် မိမိ၏ ပလ္လင်ကို ချီးမြှောက်မည်ဟု ဗာဗုလုန်ဘုရင် ကြွားဝါခဲ့ချိန်ကို ကိုယ်စားပြုရည်ညွှန်းသည်မှာ ထင်ရှားသည်။ (ဟေရှာယ ၁၄:၁၃) အခြားသော တိုင်းနိုင်ငံများသည် မတူညီသော အချိန်များတွင် ထိုတန်ခိုးကြီး နိုင်ငံလက်အောက်သို့ ရောက်ရှိကြသည်။ သို့သော် အနှစ် ၇၀ အဆုံးတွင် ထိုတန်ခိုးကြီး နိုင်ငံသည် ကျဆုံးမည်။ သို့ဖြစ်လျှင် တုရုမြို့၌ အဘယ်အရာ ဖြစ်ပျက်လာမည်နည်း။

၂၂၊ ၂၃။ ဗာဗုလုန် တန်ခိုးအာဏာအောက်မှ လွတ်မြောက်လာသည့်အခါ တုရုမြို့သည် မည်သို့ ဖြစ်လာမည်နည်း။

၂၂ ဟေရှာယ ဤသို့ ဆက်ဆို၏– “အနှစ်ခုနစ်ဆယ် လွန်သောအခါ အဘယ်သူမျှ မအောက်မေ့သော ပြည့်တန်ဆာမိန်းမ၊ စောင်းကို ကိုင်၍ မြို့တွင် လှည့်လည်လော့။ သင့်ကို သူတစ်ပါးတို့ သတိရစေခြင်းငှာ သာယာသော အသံနှင့် တီး၍ တေးချင်းများစွာ သီဆိုလော့ဟူ၍ ပြည့်တန်ဆာမိန်းမအား သီဆိုသော တေးချင်းအတိုင်း တုရုမြို့၌ ဖြစ်လိမ့်မည်။ အနှစ်ခုနစ်ဆယ် လွန်သောအခါ ထာဝရဘုရားသည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တစ်ဖန် ပြည့်တန်ဆာ အခ ရရန် ပြုလုပ်ပြန်၍ မြေကြီးပေါ်မှာ ရှိသမျှသော တိုင်းနိုင်ငံတို့နှင့် မတရားမေထုန်ကို ပြုလိမ့်မည်။။”—ဟေရှာယ ၂၃:၁၅ခ-၁၇၊ သမ္မာ။

၂၃ ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန် ကျပြီးနောက် ဖိုနီးရှားသည် မီဒိုပါးရှား အင်ပါယာ၏ လက်အောက်ခံပြည်နယ် ဖြစ်လာသည်။ ပါးရှားဧကရာဇ် မဟာကုရုသည် သဘောထားကြီးသောမင်း ဖြစ်သည်။ ဤအုပ်ချုပ်မှုအသစ်အောက်တွင် တုရုသည် သူ၏ ယခင် လုပ်ဆောင်မှုများကို ပြန်လည်လုပ်ဆောင်ပြီး ကမ္ဘာ့စီးပွားရေးဗဟိုအဖြစ် ပြန်လည် အသိအမှတ်ပြု လက်ခံစေရန် ကြိုးစားမည် ဖြစ်သည်၊ ပြည့်တန်ဆာတစ်ဦးသည် မိမိ၏ ဖောက်သည်များက မေ့သွား၊ ဆုံးရှုံးသွားခြင်းကြောင့် စောင်းတီး သီချင်းဆိုပြီး မြို့ပတ်လည် သွားကာ ဖောက်သည်အသစ်များကို ဆွဲဆောင်သကဲ့သို့ ပြန်ကြိုးစားမည်။ တုရုမြို့ အောင်မြင်မှု ရမည်လော။ အောင်မြင်မည်၊ ယေဟောဝါသည် သူ၌ အောင်မြင်မှု ရစေတော်မူမည်။ အချိန်တန်သည့်အခါ ကျွန်းမြို့တော်သည် မည်မျှ ကြီးပွားလာသနည်း ဟူမူ ဘီ.စီ.အီး. ခြောက်ရာစု အဆုံးပိုင်းတွင် ပရောဖက် ဇာခရိ ဤသို့ ပြောမည်– “တုရုမြို့သည် မိမိအဖို့ ရဲတိုက်ကို တည်ဆောက်၍ ငွေကို မြေမှုန့်ကဲ့သို့လည်းကောင်း၊ ရွှေစင်ကို လမ်း၌ရှိသော ရွှံ့ကဲ့သို့လည်းကောင်း စုပုံ” လေ၏။—ဇာခရိ ၉:၃.။

‘သူ၏ အမြတ်ရခြင်းအရာတို့သည် သန့်ရှင်းလိမ့်မည်’

၂၄၊ ၂၅။ (က) တုရု၏ အမြတ်အစွန်းများသည် ယေဟောဝါအတွက် မည်သို့ သီးသန့်ထားသည့်အရာ ဖြစ်လာသနည်း။ (ခ) တုရုသည် ဘုရားသခင့် လူမျိုးကို အကူအညီ ပေးသော်လည်း သူနှင့်ပတ်သက်၍ အဘယ်ပရောဖက်ပြုချက်ကို ယေဟောဝါ မှုတ်သွင်းတော်မူသနည်း။

၂၄ ဆက်ပြောမည့် ပရောဖက်ပြုချက်စကားများသည် အလွန် ထူးခြားသည်! “သူရသော အခအမြတ်ကို ဆည်းပူးသိုထားခြင်း မပြုဘဲ ထာဝရဘုရားအဖို့ သီးသန့်ထားလိမ့်မည်။ ထိုအမြတ်သည် ထာဝရဘုရား ရှေ့တော်၌နေသောသူတို့အဖို့ ဖြစ်လျက် သူတို့သည် ဝစွာ စား၍ တင့်တယ်သောအဝတ်ကို ဝတ်ရကြလိမ့်မည်။” (ဟေရှာယ ၂၃:၁၈၊ သမ္မာ) တုရု၏ ကုန်ပစ္စည်းအမြတ်အစွန်းများသည် မည်သို့ သီးသန့်ထားသောအရာ ဖြစ်လာသနည်း။ ယေဟောဝါသည် မိမိ၏ လူမျိုးကို ဝစွာ စားစေခြင်း၊ အဝတ်ဝတ်စေခြင်း ဖြစ်သော မိမိ၏ အလိုတော်နှင့်အညီ အသုံးပြုရန်အတွက် ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်သည်။ ၎င်းသည် ဣသရေလလူမျိုးများ ဗာဗုလုန် ပြည်နှင်ခံဘဝမှ ပြန်လာပြီး နောက်ပိုင်းတွင် ဖြစ်ပျက်လာသည်။ ဗိမာန်တော် ဆောက်လုပ်ရန်အတွက် တုရုလူမျိုးများသည် အာရဇ်သစ်သားများကို ပေးခြင်းဖြင့် သူတို့ကို အကူအညီ ပေးသည်။ သူတို့သည် ယေရုရှလင်မြို့နှင့် တစ်ဖန် ကုန်သွယ်မှုကိုလည်း ပြုကြသည်။—ဧဇရ ၃:၇; နေဟမိ ၁၃:၁၆။

၂၅ ယင်းသို့ ဖြစ်စေကာမူ တုရုနှင့်ပတ်သက်၍ နောက်ထပ် ကြေညာချက်ကို ယေဟောဝါ မှုတ်သွင်းတော်မူ၏။ ဇာခရိက ယခု ချမ်းသာကြွယ်ဝနေသော ကျွန်းမြို့တော်နှင့်ပတ်သက်၍ ဤသို့ ပရောဖက်ပြု၏– “ထာဝရဘုရားသည် သူတစ်ပါးလက်သို့ သူ့ကို အပ်၍ သူ့ခွန်အားကို ပင်လယ်ထဲသို့ ချတော်မူသဖြင့် မြို့သည် မီးဖြင့် ကျွမ်းလောင်လိမ့်မည်။” (ဇာခရိ ၉:၄) ဘီ.စီ.အီး. ၃၃၂ ဇူလိုင်တွင် မဟာအလက်ဇန္ဒားသည် ထိုမာနကြီးသော အဏ္ဏဝါသခင်မကို လက်စတုံး ဖြိုဖျက်ပစ်လိုက်ခြင်းဖြင့် ယင်းပရောဖက်ပြုချက် ပြည့်စုံခဲ့သည်။

ရုပ်ဝါဒ လိုက်စားခြင်းနှင့် မာန်မာနထောင်လွှားခြင်းကို ရှောင်ပါ

၂၆။ ဘုရားသခင်သည် တုရုမြို့ကို အဘယ်ကြောင့် အပြစ်ပေးခဲ့သနည်း။

၂၆ ယေဟောဝါ စက်ဆုပ်ရွံရှာသော အကျင့်စရိုက်တစ်ခု ဖြစ်သည့် မာန်မာနထောင်လွှားခြင်းကြောင့် တုရုမြို့ကို ကိုယ်တော် အပြစ်ပေးခဲ့သည်။ “ထောင်လွှားသော မျက်နှာ” သည် ဘုရားသခင် မုန်းသောအရာခုနစ်ပါးထဲမှ ဦးဆုံးအရာ ဖြစ်သည်။ (သုတ္တံ ၆:၁၆-၁၉) ပေါလုက မာန်မာနထောင်လွှားခြင်းကို စာတန်မာရ်နတ်နှင့် ဆက်စပ်တင်ပြခဲ့ပြီး မာန်တက်သော တုရု၏ သရုပ်သကန်ကို ယေဇကျေလ ဖော်ပြရာတွင် စာတန်တွင် ရှိသည့် အချက်အလက်များ ပါဝင်သည်။ (ယေဇကျေလ ၂၈:၁၃-၁၅; ၁ တိမောသေ ၃:၆) တုရုသည် အဘယ်ကြောင့် မာန်တက်ခဲ့သနည်း။ ယေဇကျေလက တုရုနှင့်ပတ်သက်၍ ဤသို့ဆို၏– “စည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။” (ယေဇကျေလ ၂၈:၅) မြို့သည် ကုန်သွယ်ရန်နှင့် ငွေစုဆောင်းရန်အတွက်သာ လုံးလုံး လုပ်ဆောင်တော့သည်။ ဤကိစ္စတွင် တုရု၏ အောင်မြင်ခြင်းက သူ့ကို တရားလွန် မာန်တက်စေခဲ့သည်။ ယေဇကျေလမှတစ်ဆင့် “တုရုရှင်ဘုရင်” ကို ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ငါသည် ဘုရား ဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင်သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်။”—ယေဇကျေလ ၂၈:၂။

၂၇၊ ၂၈။ လူသားများသည် အဘယ်ထောင်ချောက်အတွင်းသို့ ကျဆင်းနိုင်သနည်း၊ ယင်းနှင့်ပတ်သက်၍ ယေရှု မည်သို့ ဥပမာပေး ဖော်ပြခဲ့သနည်း။

၂၇ တိုင်းနိုင်ငံများသည် မာန်မာနထောင်လွှားခြင်း၊ စည်းစိမ်ဥစ္စာအပေါ် မှားယွင်းစွာ ရှုမြင်ခြင်း ထောင်ချောက်ထဲသို့ ကျဆင်းနိုင်သကဲ့သို့ တစ်ဦးချင်းစီလည်း ဖြစ်နိုင်သည်။ ယေရှုက ထိုထောင်ချောက်သည် အလွန် ပါးနပ်သိမ်မွေ့နိုင်ကြောင်း တင်ပြသည့် ပုံပမာတစ်ခုကို ပေးခဲ့သည်။ မြေကောင်း၍ အသီးအနှံများစွာ ဖြစ်ထွန်းသော သူဌေးတစ်ဦးအကြောင်း ကိုယ်တော် မိန့်တော်မူခဲ့သည်။ အလွန် ပီတိဖြစ်လျက် အသီးအနှံများ စုဆောင်းရန် ပိုကြီးသော သိုလှောင်ရုံများကို တည်ဆောက်ဖို့ ကြံကာ ရှေ့လျှောက် သက်သောင့်သက်သာ နေရမည့်အရေးကို မျှော်တွေးရင်း ပျော်နေခဲ့သည်။ သို့သော် မျှော်လင့်သည့်အတိုင်း ဖြစ်မလာပါ။ ဘုရားသခင်က သူ့အား “အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူ ပိုင်မည်နည်း” ဟု မိန့်တော်မူခဲ့သည်။ မှန်ပါသည်။ ထိုသူသေဆုံးသွားပြီး သူ၏ စည်းစိမ်ဥစ္စာသည် သူ့အတွက် အကျိုးမဖြစ်ခဲ့ပါ။—လုကာ ၁၂:၁၆-၂၀။

၂၈ ယေရှုက သူ၏ ပုံဥပမာကို ဤသို့ မိန့်တော်မူ၍ နိဂုံးချုပ်ခဲ့၏– “ထို့အတူ ကိုယ်အဖို့ ဘဏ္ဍာများကို ဆည်းပူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား ထိုသူဌေးနှင့် တူသည်။” (လုကာ ၁၂:၂၁) စည်းစိမ်ဥစ္စာ ကြွယ်ဝခြင်းကိုယ်နှိုက်သည် မမှားပါ၊ ကောင်းသော အသီးအနှံ ရိတ်သိမ်းရခြင်းသည်လည်း အပြစ် မဟုတ်ပါ။ ထိုအရာများကို ရှာဖွေခြင်းသည် သူ၏ အသက်တာတွင် အဓိကအရာ ဖြစ်စေခြင်းသည် သူ၏ အမှား ဖြစ်သည်။ သူ၏ အားကိုးအားထားပြုမှု အရပ်ရပ်သည် စည်းစိမ်ဥစ္စာတွင်သာ ဖြစ်သည်။ မိမိ၏ အနာဂတ်ကို မြင်ယောင်ကြည့်သည့်အခါ ယေဟောဝါ ဘုရားသခင်ကို ထည့်မစဉ်းစားခဲ့ပါ။

၂၉၊ ၃၀။ မိမိကိုယ်ကို ကိုးစားခြင်းနှင့်စပ်လျဉ်း၍ ယာကုပ် မည်သို့ သတိပေးခဲ့သနည်း။

၂၉ ထိုအချက်ကို ယာကုပ် အလေးအနက် ဖော်ပြခဲ့သည်။ သူ ဤသို့ ဆိုခဲ့၏– “‘ယနေ့ နက်ဖြန် ဤမည်သော မြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တစ်နှစ်ပတ်လုံး နေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့’ ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ ဖြစ်မည်ကို သင်တို့ မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏ ထင်ရှားပြီးမှ ကွယ်ပျောက်သော အခိုးအငွေ့ ဖြစ်၏။ ‘ထာဝရဘုရားသည် အလိုတော် ရှိ၍၊ ငါတို့သည်လည်း အသက်ရှင်လျှင် ဤသို့ ပြုကြကုန်အံ့၊ ထိုသို့ ပြုကြကုန်အံ့’ ဟု သင်တို့ ဆိုသင့်ရာဖြစ်၏။” (ယာကုပ် ၄:၁၃-၁၅) ထို့နောက် ယာကုပ်သည် စည်းစိမ်ဥစ္စာနှင့် မာန်မာနအကြားရှိ ဆက်နွှယ်မှုကို ဤသို့ ပြော၍ တင်ပြခဲ့၏– “ယခုသင်တို့သည် မိမိထောင်လွှားခြင်း၌ ဝါကြွားကြသေး၏။ ထိုသို့သော ဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့် ဖြစ်၏။”—ယာကုပ် ၄:၁၆။

၃၀ ဤတွင်တစ်ဖန်၊ စီးပွားရှာခြင်းသည် အပြစ် မဟုတ်ပါ။ စည်းစိမ်ဥစ္စာ ရှိခြင်းကြောင့် ဖြစ်နိုင်သော မာန်မာနထောင်လွှားခြင်း၊ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းခြင်း၊ ကိုယ့်ကိုယ်ကို အားကိုးခြင်းတို့သည် အပြစ်ဖြစ်သည်။ ရှေးသုတ္တံစကားတစ်ခုက ပညာရှိစွာ ဤသို့ဆို၏– “ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။” ဆင်းရဲခြင်းက ဘဝအသက်တာကို အလွန့်အလွန် ခက်ခဲစေနိုင်သည်။ သို့သော် ချမ်းသာခြင်းက လူတစ်ဦးအား “‘ထာဝရဘုရားကား အဘယ်သူနည်း’ ဟု ဆိုလျက် ကိုယ်တော်ကို ငြင်းပယ်” မိနိုင်သည်။—သုတ္တံ ၃၀:၈၊ ၉။

၃၁။ ခရစ်ယာန်တစ်ဦးသည် မိမိကိုယ်ကို အဘယ်မေးခွန်းများ မေးဖို့ သင့်သနည်း။

၃၁ များစွာသောသူတို့သည် လောဘကြီးခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့၏ သားကောင်များ ဖြစ်နေသည့် လောကတွင် ကျွန်ုပ်တို့ အသက်ရှင်နေကြသည်။ ခေတ်စားနေသော ကူးသန်းရောင်းဝယ်ရေး အခြေအနေကြောင့် များစွာသောသူတို့သည် စည်းစိမ်ချမ်းသာအပေါ် အလေးအနက် အာရုံစိုက်လာကြသည်။ ထို့ကြောင့် ကုန်သွယ်ရေးမြို့တော် ဖြစ်သော တုရုမြို့ ကျော့မိခံခဲ့ရသကဲ့သို့ ခရစ်ယာန်တစ်ဦးသည် ထိုသို့သော ထောင်ချောက်အတွင်း မကျရောက်ကြောင်း သေချာစေရန် မိမိကိုယ်ကို စစ်ဆေးသင့်သည်။ သူသည် လောကီစည်းစိမ်၏ ကျွန်ဖြစ်နေသည့်အထိ ရုပ်ဝါဒ လိုက်စားခြင်းတွင် မိမိ၏ အချိန်၊ ခွန်အားများစွာကို အသုံးပြုနေပါသလော။ (မဿဲ ၆:၂၄) မိမိထက် ပစ္စည်းဥစ္စာ ပို၍ ပိုင်ဆိုင် သို့မဟုတ် ပိုကောင်းသောအရာများ ပိုင်ဆိုင်ထားသူတို့ကို မနာလိုငြူစူပါသလော။ (ဂလာတိ ၅:၂၆) သူသည် စည်းစိမ်ချမ်းသာသူ ဖြစ်လျှင် အခြားသူများထက် ပို၍ အာရုံစိုက်ခြင်း ခံထိုက်သည် သို့မဟုတ် အခွင့်အရေး ပိုရထိုက်သည်ဟု မာနစိတ် ရှိပါသလော။ (ယာကုပ် ၂:၁-၉ နှိုင်းယှဉ်။) သူသည် ချမ်းသာကြွယ်ဝသူ မဟုတ်ပါက မည်သည့်အရာ ပေးဆပ်ရပါစေ “ငွေရတတ်ခြင်းငှာ အလိုရှိသောသူ” ဖြစ်နေပါသလော။ (၁ တိမောသေ ၆:၉) ဘုရားသခင်အား အမှုဆောင်ခြင်းအတွက် မိမိအသက်တာ၏ အပိုင်းအနည်းငယ်ကိုသာ ပေးနိုင်သည်အထိ စီးပွားရေးကိစ္စများနှင့် လုံးပန်းနေသလော။ (၂ တိမောသေ ၂:၄) မိမိ၏ စီးပွားရေးလုပ်ငန်းများတွင် ခရစ်ယာန်စည်းမျဉ်းမူများကို လျစ်လျူရှုသည်အထိ စည်းစိမ်ဥစ္စာ လိုက်စားမှုတွင် အာရုံလုံးလုံး စွဲလမ်းသူ ဖြစ်လာပြီလော။—၁ တိမောသေ ၆:၁၀။

၃၂။ အဘယ်သတိပေးချက်ကို ယောဟန် ပေးခဲ့သနည်း၊ ၎င်းကို ကျွန်ုပ်တို့ မည်သို့ လက်တွေ့ကျင့်သုံးနိုင်သနည်း။

၃၂ ကျွန်ုပ်တို့၏ စီးပွားရေးအခြေအနေ မည်သို့ပင် ရှိပါစေ၊ နိုင်ငံတော်သည် ကျွန်ုပ်တို့ဘဝအသက်တာ၏ ပထမနေရာတွင် အမြဲ ရှိနေသင့်သည်။ တမန်တော် ယောဟန်၏ ဤစကားများကို ဘယ်တော့မျှ မျက်ခြည်မပြတ်ရန် အရေးကြီး၏– “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား ခမည်းတော်ကို ချစ်ခြင်းမေတ္တာ မရှိ။” (၁ ယောဟန် ၂:၁၅) ကျွန်ုပ်တို့သည် အသက်ဆက်နိုင်ရန် လောကစီးပွားရေး အစီအစဉ်များကို အသုံးချရကြသည်။ (၂ သက်သာလောနိတ် ၃:၁၀) ထို့ကြောင့် ကျွန်ုပ်တို့သည် “ဤလောကကို သုံး” ကြသော်လည်း “အပြည့်အဝ” မသုံးကြပါ။ (၁ ကောရိန္သု ၇:၃၁၊ ကဘ) ကျွန်ုပ်တို့သည် ရုပ်ပစ္စည်းများ—ဤလောက၌ ရှိသောအရာတို့ကို—လွန်စွာ ချစ်မြတ်နိုးမည်ဆိုလျှင် ယေဟောဝါကို ချစ်တော့မည် မဟုတ်။ “ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့” နောက်သို့ လိုက်ခြင်းသည် ဘုရားသခင် အလိုတော်ဆောင်ခြင်းနှင့် တွဲဖက်၍ မရပါ။d ထာဝရအသက်ကို ရစေသည့်အရာမှာ ဘုရားသခင့် အလိုတော်ဆောင်ခြင်း ဖြစ်သည်။—၁ ယောဟန် ၂:၁၆၊ ၁၇။

၃၃။ ခရစ်ယာန်များသည် တုရုအား ကျော့မိစေခဲ့သော ထောင်ချောက်ကို မည်သို့ ရှောင်နိုင်သနည်း။

၃၃ တုရုမြို့ကို ကျော့မိစေခဲ့သည့် အရာများတွင် ရုပ်ဝါဒ လိုက်စားခြင်း ထောင်ချောက်သည် ထိပ်ဆုံးမှ ပါဝင်သည်။ သူသည် ရုပ်ပစ္စည်းအပိုင်းတွင် ကြီးပွားအောင်မြင်ခဲ့ခြင်းကြောင့် အလွန် မာန်တက်လာပြီး သူ၏ မာန်ထောင်လွှားမှုကြောင့် ပြစ်ဒဏ်ခံခဲ့ရသည်။ သူ၏ ပုံနမူနာသည် ယနေ့ တိုင်းနိုင်ငံများနှင့် တစ်ဦးစီအတွက် သတိပေးချက်တစ်ခု ဖြစ်သည်။ တမန်တော် ပေါလု၏ ဆုံးမစကားကို လိုက်နာရန် အလွန် အရေးကြီးသည်! ခရစ်ယာန်များသည် “မာန်မာနစိတ်နှင့် ကင်းလွတ်၍ မမြဲသော စည်းစိမ်ကို မကိုးစားဘဲ ငါတို့ ခံစားဖို့ရာ အလုံးစုံတို့ကို ကြွယ်ဝစွာ ပေးသနားတော်မူသော အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်” ဟု အားပေးထား၏။—၁ တိမောသေ ၆:၁၇။

[အောက်ခြေမှတ်ချက်များ]

a ကျမ်းပညာရှင်အချို့က တာရှုသည် မြေထဲပင်လယ် အနောက်ဘက်ခြမ်းတွင် ရှိသော စာဒီးနီးယာကျွန်း ဖြစ်သည်ဟု ယူမှတ်ခဲ့ကြသည်။ စာဒီးနီးယာကျွန်းသည်လည်း တုရုမြို့နှင့် အလွန် ကွာဝေးသည်။

b ဤစာအုပ်၏ အခန်း ၁၅၊ စာမျက်နှာ ၉၈-၁၀၁ ကိုရှု။

c တစ်နည်းအားဖြင့်၊ “တာရှုမြို့၏ သမီး” သည် တာရှုမြို့သူမြို့သားများကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ ကိုးကားချက်တစ်ခု၌ ဤသို့ဆို၏– “တာရှုပြည်သားများသည် နေရာအနှံ့ ရေလျှံနေသော နိုင်းလ်မြစ်ကဲ့သို့ ယခု လွတ်လွတ်လပ်လပ် သွားလာကုန်သွယ်နိုင်ကြပြီ။” သို့သော် တုရုမြို့ ပြိုလဲခြင်း၏ ပြင်းထန်သော ဂယက်ရိုက်မှုအကြောင်းကို အလေးပေးဖော်ပြနေခြင်း ဖြစ်သည်။

d “လောကီစည်းစိမ်၌ ဝါကြွားခြင်း” ကို ဂရိစကားလုံး အလာဇိုနီယာမှ ဘာသာပြန်ထားခြင်း ဖြစ်ပြီး “ဘုရားတရား ကြည်ညိုကိုင်းရှိုင်းမှု မရှိခြင်း၊ မြေကြီးနှင့်ဆိုင်သောအရာများ တည်မြဲသည်ဟု ယုံစားခြင်း ဖြစ်သည့် အခြေအမြစ် မရှိသည့် ယူဆချက်အဖြစ် ဖော်ပြသည်။”—သေယာ၏ ဂရိအင်္ဂလိပ်အဘိဓာန်သစ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ