အခန်း နှစ်ဆယ့်သုံး
“နာမသစ်”
၁။ ဟေရှာယ အခန်းကြီး ၆၂ တွင် အဘယ် အာမခံချက်ကို မှတ်တမ်းတင်ထားသနည်း။
ပြန်လည်တည်ထောင်ခြင်းနှင့်ပတ်သက်သော အာမခံချက်၊ နှစ်သိမ့်မှု၊ မျှော်လင့်ချက်—ယင်းတို့သည် ဗာဗုလုန်ရှိ စိတ်ဓာတ်ကျနေသော ဂျူးများ လိုအပ်ရာများ ဖြစ်သည်။ ယေရုရှလင်မြို့နှင့် ယင်း၏ ဗိမာန်တော် ပျက်စီးချိန်မှ ဆယ်စုနှစ်ချီ ကြာခဲ့ပြီ။ ဗာဗုလုန်မှ မိုင် ၅၀၀ ခန့် အကွာအဝေးတွင် ရှိသော ယုဒပြည်သည် လူသူမရှိသည့်အရပ် ဖြစ်နေပြီး ဂျူးလူမျိုးများအား ယေဟောဝါ မေ့ပျောက်သွားသည့်ပုံပေါက်ခဲ့သည်။ သူတို့၏ အခြေအနေကို အဘယ်အရာက တိုးတက်ကောင်းမွန်စေနိုင်သနည်း။ သူတို့ကို ပြည်တော်ပြန်စေပြီး စင်ကြယ်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်စေမည်ဟူသော ယေဟောဝါ၏ ကတိတော် ဖြစ်သည်။ သို့ဖြင့် “စွန့်ပစ်” နှင့် “လူဆိတ်ညံ” ဟူသော အသုံးအနှုန်းများအစား ဘုရားသခင့် မျက်နှာသာ ရကြောင်း မှတ်သားဖော်ပြသည့် အမည်နာမများဖြင့် အစားထိုးမည်။ (ဟေရှာယ ၆၂:၄; ဇာခရိ ၂:၁၂) ဟေရှာယ အခန်းကြီး ၆၂ တွင် ထိုကတိတော်များ အပြည့် ပါရှိသည်။ သို့ရာတွင် ပြန်လည်တည်ထောင်ခြင်းနှင့်ပတ်သက်သော အခြားပရောဖက်ပြုချက်များကဲ့သို့ပင် ဤအခန်းကြီးပါ အချက်များသည် ဂျူးလူမျိုးများ ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်ခြင်းထက် ပို၍ အကျုံးဝင်ပတ်သက်သည်။ ယင်း၏ အကြီးစား ပြည့်စုံချက်တွင် ဟေရှာယ အခန်းကြီး ၆၂ က ယေဟောဝါ၏ ဝိညာဏလူမျိုး ဖြစ်သော “ဘုရားသခင်၏ ဣသရေလအမျိုး” ၏ ကယ်တင်ခြင်းသည် သေချာကြောင်း ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေသည်။—ဂလာတိ ၆:၁၆။
ယေဟောဝါသည် တိတ်ဆိတ်စွာ နေတော်မမူ
၂။ ယေဟောဝါသည် ဇိအုန်ကို အဘယ်နည်းဖြင့် တစ်ဖန် မျက်နှာသာ တင်ပြသနည်း။
၂ ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန် ကျရှုံးသွားသည်။ ထို့နောက်တွင် ပါးရှားဘုရင် ကုရုက ဘုရားသခင်ကို ကြောက်ရွံ့သော ဂျူးများ ယေရုရှလင်သို့ ပြန်ပြီး ယေဟောဝါ၏ ဝတ်ပြုရေးကို ပြန်လည်တည်ထောင်စေနိုင်သည့် အမိန့်တစ်ခု ထုတ်ပြန်သည်။ (ဧဇရ ၁:၂-၄) ဦးဆုံး ပြည်တော်ပြန်ဂျူးများသည် ဘီ.စီ.အီး. ၅၃၇ တွင် မိမိတို့ပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။ ယေဟောဝါသည် ယေရုရှလင်မြို့ကို တစ်ဖန် မျက်နှာသာ ပြတော်မူသည်၊ ကိုယ်တော့် ပရောဖက်ပြု ကြေညာချက်၏ ခံစားချက်တွင် ထင်ဟပ်သည့်အတိုင်း ဖြစ်၏– “ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့၏ ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့လည်းကောင်း၊ သူ၏ ကယ်တင်ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်ကဲ့သို့လည်းကောင်း မထင်ရှားမီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ်ငြိမ်သက်စွာ မနေရ။”—ဟေရှာယ ၆၂:၁။
၃။ (က) နောက်ဆုံးတွင် မြေကြီးဇိအုန်ကို ယေဟောဝါ အဘယ်ကြောင့် ငြင်းပယ်တော်မူသနည်း၊ သူ့နေရာတွင် မည်သူ့ကို အစားထိုးသနည်း။ (ခ) အဘယ် သွေဖည်မှုများ ဖြစ်ပျက်သနည်း၊ ယနေ့ ကျွန်ုပ်တို့သည် အဘယ်အချိန်၊ အဘယ်ကာလပိုင်းတွင် အသက်ရှင်နေကြသနည်း။
၃ ယေဟောဝါသည် ဇိအုန် သို့မဟုတ် ယေရုရှလင်မြို့ ပြန်လည်တည်ထောင်ရန် ကတိတော်ကို ဘီ.စီ.အီး. ၅၃၇ တွင် ပြည့်စုံစေခဲ့သည်။ မြို့သူမြို့သားများသည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်း ခံစားခဲ့ရပြီး သူတို့၏ ဖြောင့်မတ်ခြင်း တောက်ပစွာ ထွန်းလင်းခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူတို့သည် စင်ကြယ်သော ဝတ်ပြုရေးမှ တစ်ဖန် သွေဖည်ခဲ့ကြပြန်သည်။ သူတို့သည် ယေရှုကို မေရှိယအဖြစ် ငြင်းပယ်ခဲ့ကြသောကြောင့် နောက်ဆုံးတွင် ယေဟောဝါသည် မိမိရွေးချယ်ထားသော လူမျိုးအဖြစ်မှ သူတို့ကို စွန့်ပစ်တော်မူခဲ့သည်။ (မဿဲ ၂၁:၄၃; ၂၃:၃၈; ယောဟန် ၁:၉-၁၃) ယေဟောဝါသည် လူမျိုးသစ်၊ “ဘုရားသခင်၏ ဣသရေလအမျိုး” မွေးဖွားလာရန် ပြုခဲ့သည်။ ဤလူမျိုးသစ်သည် ကိုယ်တော်၏ အထူးလူမျိုး ဖြစ်လာပြီး ပထမရာစုတွင် ယင်းလူမျိုးအဝင် ဖြစ်သူများသည် ထိုအချိန်က ရှိခဲ့သော လောကတစ်ခွင်လုံးတွင် ဇွဲနပဲဖြင့် သတင်းကောင်း ဟောပြောခဲ့ကြသည်။ (ဂလာတိ ၆:၁၆; ကောလောသဲ ၁:၂၃) ဝမ်းနည်းစရာမှာ တမန်တော်များ သေဆုံးပြီးနောက်ပိုင်း စစ်မှန်သော ဘာသာမှ သွေဖည်ခဲ့သည်။ ရလဒ်အနေနှင့် အယူဖောက်ပြန်သော ခရစ်ယာန်ဘာသာပုံစံ ပေါ်ပေါက်လာခဲ့ပြီး ယနေ့ ခရစ်ယာန်ဘောင်တွင် တွေ့မြင်ရသကဲ့သို့ ဖြစ်သည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃; တမန်တော် ၂၀:၂၉၊ ၃၀) ရာစုနှစ်ချီ၍ ခရစ်ယာန်ဘောင်အား ယေဟောဝါ၏ နာမတော်အပေါ် ကြီးစွာ ရှုတ်ချစေရန် ခွင့်ပြုခဲ့သည်။ သို့ရာတွင် နောက်ဆုံး ၁၉၁၄ ခုနှစ်တွင် ယေဟောဝါ၏ “မင်္ဂလာနှစ်” အစပြုခဲ့ပြီး ဟေရှာယ ပရောဖက်ပြုချက်၏ ဤအပိုင်း အကြီးစား ပြည့်စုံချက်နှင့်အတူ ဖြစ်သည်။—ဟေရှာယ ၆၁:၂။
၄၊ ၅။ (က) ဇိအုန်နှင့် သူ၏ သားသမီးများသည် ယနေ့အချိန်တွင် မည်သူတို့ကို ကိုယ်စားပြုသနည်း။ (ခ) ယေဟောဝါသည် ဇိအုန်အား သူမ၏ “ကယ်တင်ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်” ဖြစ်ရန် မည်သို့ အသုံးပြုတော်မူခဲ့သနည်း။
၄ ယနေ့ ဇိအုန်ကို ပြန်လည်တည်ထောင်ခြင်းဟူသော ယေဟောဝါ၏ ကတိတော်သည် ကိုယ်တော်၏ ကောင်းကင်အဖွဲ့အစည်း၊ “အထက်ယေရုရှလင်” အပေါ် ပြည့်စုံခဲ့ကာ သူမ၏ မြေကြီးဆိုင်ရာ သားသမီးများ ဖြစ်သော ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရသည့် ခရစ်ယာန်များက သူမကို ကိုယ်စားပြုသည်။ (ဂလာတိ ၄:၂၆) ယေဟောဝါ၏ ကောင်းကင်အဖွဲ့အစည်းသည် နိုးနိုးကြားကြား ရှိသော၊ မေတ္တာပြည့်ဝသော၊ အလုပ်ကြိုးစားသော သစ္စာနှံထောက်ကူသူအဖြစ် အမှုဆောင်သည်။ မေရှိယနိုင်ငံကို မွေးဖွားပေးခဲ့ချိန် ၁၉၁၄ ခုနှစ်သည် အလွန် စိတ်တက်ကြွဖွယ် အခါသမယ ဖြစ်ခဲ့သည်! (ဗျာဒိတ် ၁၂:၁-၅) အထူးသဖြင့် ၁၉၁၉ ခုနှစ်မှစ၍ မြေကြီးဆိုင်ရာ သားသမီးများသည် သူမ၏ ဖြောင့်မတ်ခြင်းနှင့် ကယ်တင်ခြင်းအကြောင်းကို လူမျိုးများအား ဟောပြောခဲ့သည်။ ဟေရှာယ ကြိုဟောခဲ့သကဲ့သို့ ထိုသားသမီးများသည် ဆီမီးခွက်ပမာ သူတို့၏ အလင်းကို ထွန်းလင်းစေခြင်းဖြင့် အမှောင်ထဲ၌ အလင်း ထွန်းလင်းပေးခဲ့ကြသည်။—မဿဲ ၅:၁၅၊ ၁၆; ဖိလိပ္ပိ ၂:၁၅။
၅ ယေဟောဝါသည် မိမိအား ဝတ်ပြုကိုးကွယ်သူများကို အလွန် စိတ်ဝင်စားတော်မူပြီး ဇိအုန်၊ သူ၏ သားသမီးများနှင့် ကိုယ်တော် ဖွဲ့ခဲ့သော ကတိတော်အားလုံး မပြည့်စုံမချင်း ကိုယ်တော်သည် အနားယူ၍ တိတ်ဆိတ်ငြိမ်သက်စွာ နေတော်မူမည် မဟုတ်ပါ။ ဘိသိက်ခံ အကြွင်းအကျန်နှင့် သူတို့၏ “အခြားသိုး” အပေါင်းပါတို့သည်လည်း တိတ်ဆိတ်ငြိမ်သက်စွာ နေရန် ငြင်းဆိုကြသည်။ (ယောဟန် ၁၀:၁၆) သူတို့သည် တစ်ခုတည်းသော ကယ်တင်ခြင်းလမ်းကို လူများအား ညွှန်ပြပေးစဉ် အမှန်ပင် ဆူညံနေကြသည်။—ရောမ ၁၀:၁၀-၁၁။
ယေဟောဝါ ပေးသော “နာမသစ်”
၆။ ယေဟောဝါသည် ဇိအုန်အတွက် အဘယ်အရာ စိတ်စွဲမှတ်ထားတော်မူသနည်း။
၆ ယေဟောဝါသည် ရှေးယေရုရှလင်က ကိုယ်စားပြုသော ကိုယ်တော်၏ ကောင်းကင်ဆိုင်ရာ ‘အမျိုးသမီး’ ဖြစ်သည့် ဇိအုန်အတွက် အဘယ်အရာ စိတ်စွဲမှတ်ထားတော်မူသနည်း။ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “[“အို၊ အမျိုးသမီး၊” ကဘ] တစ်ပါးအမျိုးသားတို့သည် သင်၏ ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေကိုလည်းကောင်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော်ထွက် နာမသစ်ဖြင့် သင့်ကို ခေါ်ကြလိမ့်မည်။” (ဟေရှာယ ၆၂:၂) ဣသရေလလူမျိုးသည် ဖြောင့်မတ်ခြင်းနှင့်အညီ ပြုမူဆောင်ရွက်ကြစဉ် လူမျိုးများသည် သူ့ကို အာရုံစိုက်ရန် ဖိအားပေးခံရသည်။ ယေဟောဝါသည် ယေရုရှလင်မြို့ကို အသုံးပြုနေတော်မူကြောင်းနှင့် သူတို့၏ မည်သည့် အုပ်ချုပ်ရေးမဆိုသည် ယေဟောဝါ၏ နိုင်ငံတော်နှင့် နှိုင်းယှဉ်လျှင် အရေးမပါသည့်အရာ ဖြစ်ကြောင်း အသိအမှတ်ပြုရန် ဘုရင်များပင် ဖိအားပေးခံရသည်။—ဟေရှာယ ၄၉:၂၃။
၇။ ဇိအုန်၏ နာမည်သစ်သည် အဘယ်အရာကို ဆိုလိုသနည်း။
၇ ယခု ယေဟောဝါသည် ဇိအုန်ကို နာမည်သစ် ပေးခြင်းဖြင့် အခြေအနေ ပြောင်းလဲမည်ကို ယုံကြည်စိတ်ချစေသည်။ ထိုနာမည်သစ်မှာ ဘီ.စီ.အီး. ၅၃၇ မှအစပြု၍ ဇိအုန်၏ မြေကြီးဆိုင်ရာ သားသမီးများ ပျော်မွေ့ခဲ့ကြသည့် ကောင်းချီး ခံစားရသော အခြေအနေ၊ ဂုဏ်တင်ခံရသော အခြေအနေကို ဆိုလိုသည်။a ယင်းက ယေဟောဝါသည် ဇိအုန်ကို မိမိ၏ ပိုင်ဆိုင်ရာအဖြစ် အသိအမှတ်ပြုကြောင်း တင်ပြသည်။ ယနေ့ ဘုရားသခင်၏ ဣသရေလလူမျိုးသည် ယင်းနည်းအတိုင်း ယေဟောဝါ၏ နှစ်သက်ရာ ဖြစ်ရခြင်းကို ပီတိဖြစ်ရကြပြီး သူတို့နှင့်အတူ အခြားသိုးများသည် ရွှင်လန်းဝမ်းမြောက်ကြသည်။
၈။ ယေဟောဝါသည် အဘယ်နည်းများဖြင့် ဇိအုန်ကို ဂုဏ်တင်တော်မူခဲ့သနည်း။
၈ ဇိအုန်သည် နာမည်သစ် ပေးအပ်ခံရပြီး ယခု ယေဟောဝါ ဤသို့ ကတိပြုတော်မူ၏– “သင်သည် ထာဝရဘုရား၏ လက်တော်၌ တင့်တယ်သော ဦးရစ်၊ သင်၏ ဘုရားသခင် ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည်။” (ဟေရှာယ ၆၂:၃) ယေဟောဝါသည် မိမိ၏ ပုံဆောင်မိန်းမ ဖြစ်သော ကောင်းကင်ဇိအုန်ကို ချီးမွမ်းဖွယ် ရှုမြင်စေရန် မြင့်မြင့် မြှောက်ထားတော်မူသည်။ (ဆာလံ ၄၈:၂; ၅၀:၂) တင့်တယ်သော ဦးရစ်နှင့် “မင်းမြောက်သရဖူ” တို့က သူသည် ဂုဏ်အသရေ၊ အခွင့်အာဏာတို့ အပ်နှင်းခံရကြောင်း တင်ပြသည်။ (ဇာခရိ ၉:၁၆) ကောင်းကင်ဇိအုန် ဖြစ်သော “အထက်ယေရုရှလင်” ကို ကိုယ်စားပြုသည့် ဘုရားသခင်၏ ဣသရေလလူမျိုးသည် ဘုရားသခင်၏ လက်တော်—ကိုယ်တော့် အသုံးချတန်ခိုးတော်—၏ ထူးခြားသော အကျိုးရလဒ်တစ်ခု ဖြစ်သည်။ (ဂလာတိ ၄:၂၆၊ ကဘ) ယေဟောဝါ၏ အကူအညီဖြင့် ထိုဝိညာဏလူမျိုးသည် သမာဓိ စောင့်သိမှုနှင့် ဆည်းကပ်ဝတ်ပြုမှုတို့တွင် ထူးခြားသော မှတ်တမ်း စိုက်ထူခဲ့ကြသည်။ ဘိသိက်ခံနှင့် အခြားသိုး အပါအဝင် သန်းနှင့်ချီသောသူများသည် ထူးခြားသော ယုံကြည်ခြင်းနှင့် မေတ္တာကို တင်ပြရန် ခွန်အား ရရှိကြသည်။ ခရစ်တော်၏ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း ဘုန်းရှိသော ကောင်းကင်ဆုကျေးဇူး ရရှိကြသူ ဘိသိက်ခံများသည် ညည်းတွားငိုကြွေးနေသော ဖန်ဆင်းခံ သတ္တဝါများကို ထာဝရအသက် ရရန် မြှင့်တင်ပေးရာ၌ ယေဟောဝါလက်တော်တွင် အသုံးခံများ ဖြစ်ကြမည်။—ရောမ ၈:၂၁၊ ၂၂; ဗျာဒိတ် ၂၂:၂။
‘ယေဟောဝါသည် သင့်ကို နှစ်သက်တော်မူ၏’
၉။ ဇိအုန်၏ အသွင်ပြောင်းလဲမှုအကြောင်း ဖော်ပြပါ။
၉ နာမည်သစ်ကို ပေးခြင်းသည် မြေကြီးပေါ်ရှိ သားသမီးများဖြင့် ကိုယ်စားပြုသော ကောင်းကင်ဇိအုန်၏ နှစ်မြို့ဖွယ် အသွင်ပြောင်းမှု တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “သင့်ကို စွန့်ပစ်သောသူဟူ၍လည်းကောင်း၊ သင်၏ မြေကို လူဆိတ်ညံသောမြေဟူ၍လည်းကောင်း နောက်တစ်ဖန် မခေါ်ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏ မြေသည် [“ဇနီးတစ်ဦးအဖြစ်၊” ကဘ] လက်ထပ် [“ပိုင်ဆိုင်၊” ကဘ] သော မြေဟူသော အမည်ကို ရလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကို နှစ်သက်တော်မူ၏။ သင်၏ မြေကိုလည်း [“ဇနီးတစ်ဦးအဖြစ်၊” ကဘ] လက်ထပ် [“ပိုင်ဆိုင်၊” ကဘ] ရလိမ့်မည်။” (ဟေရှာယ ၆၂:၄) မြေကြီးဇိအုန်သည် ဖျက်ဆီးခံခဲ့ရချိန် ဘီ.စီ.အီး. ၆၀၇ မှစ၍ လူဆိတ်ညံရာအရပ် ဖြစ်ခဲ့သည်။ သို့ရာတွင် ယေဟောဝါ၏ စကားများက ပြည်တော်ကို ပြန်လည်တည်ထောင်ပြီး ပြန်လည်လူစည်ကားလာစေမည် ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည်။ တစ်ချိန်က ပျက်စီးဆိတ်သုဉ်းခဲ့သော ဇိအုန်သည် လုံးလုံး စွန့်ပစ်ခံရသူ အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်တော့မည် မဟုတ်ပါ၊ ထို့ပြင် ပြည်တော်သည်လည်း ဘယ်တော့မျှ လူဆိတ်ညံသောမြေ ဖြစ်မည် မဟုတ်။ ဘီ.စီ.အီး. ၅၃၇ တွင် ယေရုရှလင်ကို ပြန်လည်တည်ထောင်ခြင်းသည် ယခင် ပျက်စီးနေသော အခြေအနေနှင့် လုံးဝ ခြားနားသော အခြေအနေသစ်ကို ဆိုလိုသည်။ ယေဟောဝါက ဇိအုန်ကို “ငါနှစ်သက်သောသူ” ဟူ၍လည်းကောင်း၊ ပြည်တော်ကို “ဇနီးအဖြစ် လက်ထပ်သော မြေ” ဟူ၍လည်းကောင်း ခေါ်တော်မူမည်။—ဟေရှာယ ၅၄:၁၊ ၅၊ ၆; ၆၆:၈; ယေရမိ ၂၃:၅-၈; ၃၀:၁၇; ဂလာတိ ၄:၂၇-၃၁။
၁၀။ (က) ဘုရားသခင်၏ ဣသရေလလူမျိုးသည် မည်သို့ ပြောင်းလဲခဲ့သနည်း။ (ခ) ဘုရားသခင်၏ ဣသရေလလူမျိုး၏ “ပြည်တော်” ကား အဘယ်နည်း။
၁၀ ၁၉၁၉ ခုနှစ်မှစ၍ ဘုရားသခင်၏ ဣသရေလလူမျိုးသည် အလားတူ ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။ ပထမကမ္ဘာစစ်အတွင်း ဘိသိက်ခံ ခရစ်ယာန်များသည် ယေဟောဝါ၏ ပစ်ပယ်မှု ခံခဲ့ရပုံပေါက်သည်။ သို့သော် ၁၉၁၉ ခုနှစ်တွင် သူတို့သည် မျက်နှာသာရ အခြေအနေ ပြန်ရရှိခဲ့ပြီး သူတို့၏ ဝတ်ပြုကိုးကွယ်ပုံ နည်းလမ်းကို သန့်စင်ခဲ့သည်။ ယင်းက သူတို့၏ သွန်သင်ချက်များ၊ အဖွဲ့အစည်းနှင့် လုပ်ဆောင်မှုအားလုံးအပေါ် အကျိုးသက်ရောက်ခဲ့သည်။ ဘုရားသခင်၏ ဣသရေလလူမျိုးသည် “ပြည်တော်” ဖြစ်သော ယင်း၏ ဝိညာဏ အခြေအနေ သို့မဟုတ် လှုပ်ရှားဆောင်ရွက်ရာ နယ်ပယ်သို့ ပြန်လာခဲ့ကြသည်။—ဟေရှာယ ၆၆:၇၊ ၈၊ ၂၀-၂၂။
၁၁။ ဂျူးလူမျိုးများသည် မိမိတို့၏ မိခင်ကို ဇနီးတစ်ဦးအဖြစ် မည်သို့ လက်ထပ်ကြသနည်း။
၁၁ မိမိလူမျိုးတော်၏ အသစ် ဖြစ်သော၊ မျက်နှာသာ ရသော အနေအထားကို အလေးပေးဖော်ပြကာ ယေဟောဝါ ဤသို့ ကြေညာတော်မူ၏– “လူပျိုသည် အပျိုကညာနှင့် လက်ထပ်သကဲ့သို့ သင်၏ သားတို့သည် သင်နှင့် လက်ထပ်ကြလိမ့်မည်။ မင်္ဂလာဆောင် လုလင်သည် မင်္ဂလာဆောင် သတို့သမီး၌ ဝမ်းမြောက်သကဲ့သို့ သင်၏ ဘုရားသခင်သည် သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။” (ဟေရှာယ ၆၂:၅) ဂျူးလူမျိုးများ ဖြစ်သော ဇိအုန်၏ “သားတို့” သည် သူတို့၏ မိခင်ကို ဇနီးတစ်ဦးအဖြစ် မည်သို့ လက်ထပ်နိုင်မည်နည်း။ ဇိအုန်၏ ပြည်တော်ပြန်သားများသည် ဗာဗုလုန် ပြည်နှင်ခံဘဝမှ လွတ်မြောက်လာပြီး မိမိတို့၏ မြို့တော်ကို ပြန်လည်ပိုင်ဆိုင်ကာ ထိုနေရာတွင် တစ်ဖန် အခြေချခြင်းအားဖြင့် ဖြစ်သည်။ ထိုသို့ ဖြစ်ပျက်လာသည့်အခါ ဇိအုန်သည် ဘယ်တော့မျှ လူဆိတ်သုဉ်းရာအရပ် ဖြစ်တော့မည် မဟုတ်ဘဲ သားတို့နှင့် ပြည့်နေသည်။—ယေရမိ ၃:၁၄။
၁၂။ (က) ဘိသိက်ခံ ခရစ်ယာန်များသည် အဖွဲ့အစည်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ကာ ကိုယ်တော်နှင့် လက်ထပ်ပေါင်းစည်းထားကြောင်း အဘယ်နည်းဖြင့် ယေဟောဝါ ထင်ရှားပြခဲ့သနည်း။ (ခ) မိမိလူမျိုးများနှင့် ယေဟောဝါ၏ ပြုမူဆက်ဆံပုံများသည် ယနေ့ အိမ်ထောင်မင်္ဂလာအတွက် မြင့်မြတ်သော စံနမူနာတစ်ခု မည်သို့ ချမှတ်ပေးသနည်း။ (စာမျက်နှာ ၁၆၁ မှ လေးထောင့်ကွက်ကိုရှု။)
၁၂ ထိုနည်းအတိုင်းပင် ၁၉၁၉ ခုနှစ်မှစ၍ ကောင်းကင်ဇိအုန်၏ သားသမီးတို့သည် သူတို့၏ ပြည်တော်၊ ပရောဖက်ပြုချက် အမည်အရ “ဇနီးတစ်ဦးအဖြစ် လက်ထပ်သော မြေ” ဖြစ်သည့် ဝိညာဏ အခြေအနေကို ပြန်လည်ပိုင်ဆိုင်ခဲ့ကြသည်။ ထိုပြည်တော်ရှိ သူတို့၏ ခရစ်ယာန် လုပ်ငန်းဆောင်တာများက ထိုဘိသိက်ခံ ခရစ်ယာန်များသည် “[ယေဟောဝါ၏] နာမအဖို့” ဖြစ်ကြောင်း သက်သေထင်ရှားခဲ့ပြီ။ (တမန်တော် ၁၅:၁၄) သူတို့၏ နိုင်ငံတော်အသီး,သီးခြင်း၊ ယေဟောဝါ၏ နာမတော်ကို ကြေညာခြင်းစသည်တို့က ထိုခရစ်ယာန်များကို ယေဟောဝါ နှစ်သက်မြတ်နိုးကြောင်း ထင်ရှားပေါ်လွင်စေခဲ့သည်။ သူတို့သည် အဖွဲ့အစည်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ကာ ခိုင်မြဲသော စည်းလုံးမှုဖြင့် ကိုယ်တော်နှင့် ပေါင်းစည်းထားကြောင်း ကိုယ်တော် ထင်ရှားပြသခဲ့သည်။ ထိုခရစ်ယာန်များကို သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်း၊ ဝိညာဏ သုံ့ပန်းဘဝမှ လွတ်မြောက်စေခြင်း၊ နိုင်ငံတော် မျှော်လင့်ချက်ကို လူမျိုးအပေါင်းအား ဟောပြောစေခြင်းတို့အားဖြင့် ယေဟောဝါသည် သူတို့၌ ရွှင်လန်းဝမ်းမြောက်ကြောင်း တင်ပြတော်မူခဲ့သည်၊ မင်္ဂလာဆောင် လုလင်သည် မင်္ဂလာဆောင် သတို့သမီး၌ ဝမ်းမြောက်သကဲ့သို့ ဖြစ်သည်။—ယေရမိ ၃၂:၄၁။
“တိတ်ဆိတ်စွာ မနေကြနှင့်”
၁၃၊ ၁၄။ (က) ရှေးအချိန်က ယေရုရှလင်သည် လုံခြုံမှု ရှိသော မြို့တစ်မြို့ မည်သို့ ဖြစ်လာသနည်း။ (ခ) မျက်မှောက်ခေတ်အချိန်တွင် ဇိအုန်သည် “မြေကြီးပေါ်မှာ ချီးမွမ်းစရာအကြောင်း” မည်သို့ ဖြစ်လာခဲ့သနည်း။
၁၃ ယေဟောဝါ ပေးသော ပုံဆောင် နာမသစ်သည် လူမျိုးတော်အား လုံခြုံမှု ခံစားစေသည်။ ကိုယ်တော်သည် သူတို့ကို အသိအမှတ်ပြုပြီး သူတို့သည် ကိုယ်တော်၏ ပိုင်ဆိုင်ရာ ဖြစ်ကြောင်း သိရှိကြသည်။ ယခု အခြားပုံဥပမာတစ်ခုကို အသုံးပြုကာ ယေဟောဝါသည် လူမျိုးတော်ကို မြို့ရိုးရှိသော မြို့အဖြစ် ဤသို့ မိန့်တော်မူ၏– “အိုယေရုရှလင်မြို့၊ နေ့ညမပြတ် တိတ်ဆိတ်စွာ မနေရသော လူစောင့်တို့ကို သင်၏ မြို့ရိုးပေါ်မှာ ငါထားပြီ။ ထာဝရဘုရားကို အောက်မေ့စေသောသူတို့ တိတ်ဆိတ်စွာ မနေကြနှင့်။ ယေရုရှလင်မြို့ကို အမြဲ တည်တော်မမူ၊ မြေကြီးပေါ်မှာ ချီးမွမ်းစရာအကြောင်း ဖြစ်စေတော်မမူမီတိုင်အောင် ဘုရားသခင်ကို မငြိမ်စေကြနှင့် [“ငြိမ်၍ မနေစေကြနှင့်၊” သမ္မာ]။” (ဟေရှာယ ၆၂:၆၊ ၇) ဗာဗုလုန်မှ သစ္စာရှိ အကြွင်းအကျန် ပြန်လာပြီးနောက် ယေဟောဝါ သတ်မှတ်ထားတော်မူသောအချိန်တွင် ယေရုရှလင်မြို့သည် “မြေကြီးပေါ်မှာ ချီးမွမ်းစရာအကြောင်း”—ပြည်သူပြည်သားများကို လုံခြုံမှု ပေးသည့် မြို့ရိုးရှိသော မြို့တစ်မြို့—ဖြစ်လာခဲ့သည်။ ထိုမြို့ရိုးများပေါ်တွင် ကင်းစောင့်တို့သည် မြို့လုံခြုံမှုကို ကာကွယ်ရန်နှင့် ပြည်သူပြည်သားများကို သတိပေးသတင်းများ ထုတ်လွှင့်ပေးရန် နေ့ရောညပါ ကင်းစောင့်နေကြသည်။—နေဟမိ ၆:၁၅; ၇:၃; ဟေရှာယ ၅၂:၈။
၁၄ မျက်မှောက်ခေတ်အချိန်တွင် ယေဟောဝါသည် စိတ်နှိမ့်ချသူများကို မှောက်မှားသော ဘာသာ၏ အချုပ်အနှောင်အောက်မှ လွတ်မြောက်နိုင်သည့် လမ်းသို့ ညွှန်ပြပေးရန် မိမိ၏ ဘိသိက်ခံ ကင်းစောင့်များကို အသုံးပြုခဲ့သည်။ ထိုသူတို့သည် ကိုယ်တော်၏ အဖွဲ့အစည်းသို့ လာရန် ဖိတ်ခေါ်ခံခဲ့ရကာ ယင်းအထဲတွင် ဝိညာဉ်ရေး ညစ်ညူးမှု၊ ဘုရားရေးရာ မဆန်သော ဩဇာလွှမ်းမိုးမှုများ၊ ယေဟောဝါ မနှစ်သက်သောအရာများ စသည်တို့မှ အကာအကွယ်ကို သူတို့ တွေ့ကြသည်။ (ယေရမိ ၃၃:၉; ဇေဖနိ ၃:၁၉) ထိုကဲ့သို့သော ကာကွယ်ပေးမှုတွင် ဝိညာဏ “အချိန်တန်အစာ” ကို ပြင်ဆင်ပေးသော “သစ္စာနှင့် သတိပညာရှိ ကျေးကျွန်၊” ကင်းစောင့် အတန်းအစား၏ ကဏ္ဍသည် အရေးပါ၏။ (မဿဲ ၂၄:၄၅-၄၇) ကင်းစောင့်အတန်းအစားနှင့်အတူ အမှုဆောင်ရွက်ခြင်းဖြင့် လူအုပ်ကြီးသည်လည်း ဇိအုန်ကို “မြေကြီးပေါ်မှာ ချီးမွမ်းစရာအကြောင်း” ဖြစ်စေခြင်းတွင် အဓိက အရေးပါသော ကဏ္ဍမှ ပါဝင်သည်။—ဗျာဒိတ် ၇:၉။
၁၅။ ကင်းစောင့် အတန်းအစားနှင့် သူတို့၏ အပေါင်းပါများသည် ယေဟောဝါအား မည်သို့ အဆက်မပြတ် အမှုဆောင်ကြသနည်း။
၁၅ ကင်းစောင့်အတန်းအစားနှင့် သူ၏ အပေါင်းပါတို့၏ အလုပ်သည် ရှေ့ဆက်သွားနေသည်! သူတို့၏ စိုးလ်အကြွင်းမဲ့ လုပ်ဆောင်မှုကို နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့၏ ဇနီးများ; ဗေသလအိမ်များနှင့်၊ ယေဟောဝါသက်သေများ၏ ပုံနှိပ်တိုက်အသီးသီးမှ စေတနာ့ဝန်ထမ်းများ၊ သာသနာပြုများ; အထူး၊ မှန်မှန်နှင့် အရန်ရှေ့ဆောင်များ၏ ထောက်မကူညီမှုဖြင့် သန်းနှင့်ချီ သစ္စာရှိသူတို့၏ ဇွဲရှိရှိ လုပ်ဆောင်မှုတွင် တွေ့ရသည်။ ထို့ပြင် သူတို့သည် နိုင်ငံတော်ခန်းမ အသစ်များ ဆောက်လုပ်ခြင်း၊ ဖျားနာနေသူများထံ လည်ပတ်ခြင်း၊ ဆေးကုသမှု စိန်ခေါ်ချက်နှင့် ရင်ဆိုင်နေရသူများကို အကူအညီ ပေးခြင်း၊ သဘာဝ ဘေးဒဏ်နှင့် မတော်တဆ ထိခိုက်မှု ခံနေရသူများကို အချိန်မီ သက်သာမှု ရရန် လုပ်ဆောင်ပေးခြင်းတို့တွင် ကြိုးပမ်းလုပ်ဆောင်ကြသည်။ ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြသော ထိုသူများစွာတို့သည် အများအားဖြင့် စာသားအတိုင်း “နေ့ညမပြတ်” အမှုဆောင်ကြသည်။—ဗျာဒိတ် ၇:၁၄၊ ၁၅။
၁၆။ ယေဟောဝါ၏ ကျေးကျွန်များသည် အဘယ်နည်းဖြင့် “ဘုရားသခင်ကို ငြိမ်၍ မနေစေ” ရန် ပြုလုပ်ကြသနည်း။
၁၆ ယေဟောဝါ၏ ကျေးကျွန်များသည် မပြတ် ဆုတောင်းရန်၊ ဘုရားသခင်၏ “အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံ” စေရန် တောင်းလျှောက်ဖို့ အားပေးခံရကြသည်။ (မဿဲ ၆:၉၊ ၁၀; ၁ သက်သာလောနိတ် ၅:၁၇) စစ်မှန်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းနှင့်ပတ်သက်သော အလိုဆန္ဒများနှင့် ရည်ရွယ်ချက်များ မပြည့်စုံမချင်း “[ယေဟောဝါ] ကို ငြိမ်၍ မနေစေကြနှင့်” ဟု သူတို့ကို တိုက်တွန်းထားသည်။ ယေရှုက မိမိ၏ နောက်လိုက်များအား “[ဘုရားသခင်ထံ] ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်” ရန် အားပေးခြင်းဖြင့် မပြတ် ဆုတောင်းရန် လိုကြောင်း အလေးပေးဖော်ပြခဲ့သည်။—လုကာ ၁၈:၁-၈။
ဘုရားသခင့် အမှုဆောင်ခြင်းက အကျိုးကျေးဇူး ရရှိစေမည်
၁၇၊ ၁၈။ (က) ဇိအုန်မြို့သူမြို့သားများသည် သူတို့လုပ်ဆောင်မှု အကျိုးကျေးဇူးကို ခံစားရရန် အဘယ်နည်းဖြင့် မျှော်လင့်နိုင်ကြသနည်း။ (ခ) ယနေ့ ယေဟောဝါ၏ လူများသည် သူတို့လုပ်ဆောင်မှု၏ အကျိုးကျေးဇူးကို မည်သို့ ခံစားရသနည်း။
၁၇ ယေဟောဝါ မိမိလူများအား ပေးသော နာမသစ်က သူတို့၏ ကြိုးစားအားထုတ်မှုများသည် အချည်းနှီး ဖြစ်မည် မဟုတ်ကြောင်း ယုံကြည်စိတ်ချစေသည်။ “ထာဝရဘုရားက ‘သင်၏ ရန်သူတို့ကို သင်၏ စပါးနှင့် နောက်တစ်ဖန် ငါမကျွေး၊ သင်သည် ကြိုးစား၍ လုပ်သော စပျစ်ရည်ကို တစ်ပါးအမျိုးသားတို့သည် မသောက်ရကြ။ စပါးကို ရိတ်သောသူတို့သည် ကိုယ်တိုင် စား၍ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ စပျစ်သီးကို သိမ်းသောသူတို့သည် ငါ၏ သန့်ရှင်းရာဌာန တံတိုင်းအတွင်း၌ စပျစ်ရည်ကို သောက်ကြလိမ့်မည်’ ဟု တန်ခိုးကြီးသော လက်ယာလက်ရုံးတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူပြီ။” (ဟေရှာယ ၆၂:၈၊ ၉) ယေဟောဝါ၏ တန်ခိုးကြီးသော လက်ယာလက်ရုံးတော်မှာ ကိုယ်တော်၏ တန်ခိုး၊ ခွန်အားကို ပုံဆောင်သည်။ (တရားဟောရာ ၃၂:၄၀; ယေဇကျေလ ၂၀:၅) ထိုသို့ ကိုယ်တော် ကျိန်ဆိုခြင်းက ဇိအုန်၏ အခြေအနေကို ပြောင်းလဲရန် ကိုယ်တော် ဆုံးဖြတ်ထားကြောင်း ဖော်ပြသည်။ ဘီ.စီ.အီး. ၆၀၇ တွင် ဇိအုန်၏ ပိုင်ဆိုင်ရာများကို သူ၏ ရန်သူများ လုယူဖျက်ဆီး၊ သိမ်းသွားရန် ယေဟောဝါ ခွင့်ပြုတော်မူ၏။ (တရားဟောရာ ၂၈:၃၃၊ ၅၁) သို့သော် ယခု ဇိအုန်၏ ပိုင်ဆိုင်ရာများကို အမှန် ပိုင်ထိုက်သူများသာ ခံစားရကြမည်။—တရားဟောရာ ၁၄:၂၂-၂၇။
၁၈ ဤကတိတော် မျက်မှောက်ခေတ် ပြည့်စုံရာတွင် ယေဟောဝါ၏ ပြန်လည်တည်ထောင်ထားသော လူမျိုးသည် ကြီးစွာသော ဝိညာဏ ပေါများကြွယ်ဝမှုကို ခံစားရကြသည်။ သူတို့ လုပ်ဆောင်မှု၏ အကျိုးကျေးဇူး အပြည့်အဝ—ခရစ်ယာန် တပည့်တော်များ အရေအတွက် တိုးများလာခြင်း၊ ဝိညာဏအစာ ပေါများကြွယ်ဝခြင်း—ကို ခံစားရသည်။ (ဟေရှာယ ၅၅:၁၊ ၂; ၆၅:၁၄) ကိုယ်တော်၏ လူများသည် သစ္စာရှိကြသောကြောင့် သူတို့၏ ရန်သူများက သူတို့၏ ဝိညာဏ ပေါများကြွယ်ဝမှုကို အနှောင့်အယှက်ပေးရန်၊ သူတို့၏ စိုးလ်အကြွင်းမဲ့ လုပ်ဆောင်မှု၏ အကျိုးရလဒ်များကို လုယူဖျက်ဆီးရန် ယေဟောဝါ ခွင့်ပြုမည် မဟုတ်ပါ။ ယေဟောဝါ၏ လုပ်ငန်းတော်တွင် လုပ်ဆောင်ခဲ့သော အလုပ်တစ်ခုမျှ အချည်းနှီး ဖြစ်မည် မဟုတ်ပါ။—မာလခိ ၃:၁၀-၁၂; ဟေဗြဲ ၆:၁၀။
၁၉၊ ၂၀။ (က) ယေရုရှလင်သို့ ပြန်လာသော ဂျူးများအတွက် မည်သို့ လမ်းရှင်းပေးထားသနည်း။ (ခ) မျက်မှောက်ခေတ်အချိန်တွင် စိတ်နှိမ့်ချသူများ ယေဟောဝါ၏ အဖွဲ့အစည်းသို့ လာရန် မည်သို့ လမ်းရှင်းထားသနည်း။
၁၉ နာမသစ်သည် နှလုံးရိုးဖြောင့်သူများအား ယေဟောဝါ၏ အဖွဲ့အစည်းသို့လည်း ဆွဲဆောင်မှု ဖြစ်စေသည်။ အဖွဲ့အစည်းသို့ အုပ်လိုက် ဝင်လာကြကာ စုသိမ်းပြီး သူတို့အတွက် လမ်းပွင့်နေဆဲ ဖြစ်သည်။ ဟေရှာယ၏ ပရောဖက်ပြုချက်တွင် ဤသို့ ဆိုထား၏– “မြို့တံခါးမှ ထွက်ကြ။ ထွက်ကြ။ လူများဖို့ လမ်းကို ပြင်ကြ။ မြေဖို့ကြ။ ဖို့ကြ။ ကျောက်များကို ပယ်ရှင်းကြ။ လူများဖို့ အလံကို ထူကြ။” (ဟေရှာယ ၆၂:၁၀) ဦးဆုံး အဖြစ်အပျက်တွင် ယင်းသည် ယေရုရှလင်မြို့သို့ ပြန်ရန် ဗာဗုလုန်မြို့ရှိ မြို့တံခါးများမှ ထွက်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်ပုံရသည်။ ပြည်တော်ပြန်များသည် လမ်းခရီး ချောမွေ့လွယ်ကူမှု ရှိရန်နှင့် လမ်းပေါ်မှ ကျောက်ခဲများကို ဖယ်ရှားကာ လမ်းကြောင်း သိစေဖို့ အလံလွှင့်ထူရန် ဖြစ်သည်။—ဟေရှာယ ၁၁:၁၂။
၂၀ ၁၉၁၉ ခုနှစ်ကတည်းက ဘိသိက်ခံ ခရစ်ယာန်များသည် ဘုရားသခင့် လုပ်ငန်းတော်အတွက် သီးခြားခွဲခြင်း ခံခဲ့ရပြီး “သန့်ရှင်းရာလမ်း” တွင် လျှောက်လှမ်းနေကြသည်။ (ဟေရှာယ ၃၅:၈) သူတို့သည် မဟာဗာဗုလုန်မှ ထွက်ပြီး ဝိညာဏ လမ်းမကြီးပေါ် ဦးဆုံး လျှောက်သူများ ဖြစ်ခဲ့သည်။ (ဟေရှာယ ၄၀:၃; ၄၈:၂၀) ဘုရားသခင်သည် သူတို့ကို မိမိ၏ ကြီးမြတ်သော အမှုတော်များအကြောင်း ကြေညာရာတွင် ဦးဆောင်ရန်နှင့် အခြားသူများအား လမ်းမကြီးပေါ် လျှောက်ရန် လမ်းပြပေးခြင်း အခွင့်ထူးကို ပေးအပ်ထားသည်။ လမ်းပေါ်မှ ကျောက်တုံးများကို ဖယ်ရှားခြင်း—ထိမိလဲစေသည့် အတားအဆီးများကို ဖယ်ရှားခြင်း—သည် အဓိကအားဖြင့် သူတို့ကိုယ်နှိုက်၏ အကျိုးအတွက် ဖြစ်ခဲ့သည်။ (ဟေရှာယ ၅၇:၁၄) သူတို့သည် ဘုရားသခင်၏ ရည်ရွယ်တော်မူချက်များနှင့် သွန်သင်ချက်များကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရန် လိုအပ်ခဲ့သည်။ မှောက်မှားသော ယုံကြည်ချက်များသည် အသက်လမ်းပေါ်ရှိ ထိမိလဲစေသည့် ကျောက်တုံးများ ဖြစ်သည်၊ သို့သော် ယေဟောဝါ၏ နှုတ်ကပါဌ်တော်သည် “ကျောက်ကို ထုချေသော သံတူကဲ့သို့” ဖြစ်၏။ ဘိသိက်ခံ ခရစ်ယာန်များသည် ယင်းကို အသုံးပြုကာ ယေဟောဝါအား ဝတ်ပြုကိုးကွယ်လိုသူများကို တိုက်မိ၍ လဲစေနိုင်သော ထိမိလဲစရာ ကျောက်များကို ချေမွပစ်ခဲ့ကြသည်။—ယေရမိ ၂၃:၂၉။
၂၁၊ ၂၂။ မှောက်မှားသော ဘာသာမှ ထွက်လာသူများအတွက် အဘယ် အချက်ပြအလံကို ယေဟောဝါ တည်ထားခဲ့သနည်း၊ ကျွန်ုပ်တို့ မည်သို့ သိရသနည်း။
၂၁ ဘီ.စီ.အီး. ၅၃၇ တွင် ယေရုရှလင်မြို့သည် ဂျူးအကြွင်းအကျန်တို့ ပြည်တော်ပြန်ပြီး ဗိမာန်တော် ပြန်လည်တည်ဆောက်ရန် လက်ယပ်ခေါ်သည့် ထူသောအလံ ဖြစ်လာသည်။ (ဟေရှာယ ၄၉:၂၂) ၁၉၁၉ ခုနှစ်တွင် ဘိသိက်ခံ အကြွင်းအကျန်သည် မှောက်မှားသော ဘာသာရေး အချုပ်အနှောင်မှ လွတ်မြောက်ခဲ့စဉ်က သူတို့သည် ရည်ရွယ်ချက်မဲ့ လှည့်လည်သွားလာမနေခဲ့ပါ။ ယေဟောဝါသည် သူတို့အတွက် အလံထူထားသောကြောင့် သွားရမည့် နေရာကို သူတို့ သိကြသည်။ အဘယ် အလံနည်း။ ဟေရှာယ ၁၁:၁၀ တွင် ကြိုဟောထားသော အလံ ဖြစ်သည်၊ ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “ထိုကာလ၌ ယေရှဲ၏ အမြစ်သည် ပေါက်၍ လူများအဖို့ ထူသော အလံ [“အချက်ပြ၊” ကဘ] ဖြစ်လိမ့်မည်။” တမန်တော် ပေါလုသည် ထိုစကားများကို ယေရှုနှင့် ဆက်စပ်ဖော်ပြသည်။ (ရောမ ၁၅:၈၊ ၁၂) မှန်ပါသည်၊ ကောင်းကင်ဇိအုန်တောင်တွင် ဘုရင်အဖြစ် စိုးစံတော်မူသော ခရစ်တော် ယေရှုသည် အချက်ပြအလံ ဖြစ်သည်။—ဟေဗြဲ ၁၂:၂၂; ဗျာဒိတ် ၁၄:၁။
၂၂ ဘိသိက်ခံ ခရစ်ယာန်များရော၊ အခြားသိုးများပါ အကြီးမြတ်ဆုံးသော ဘုရားသခင်အား စည်းလုံးညီညွတ်စွာ ဝတ်ပြုကိုးကွယ်ခြင်းတွင် ပါဝင်ရန် ယေရှုခရစ်အနားသို့ စုသိမ်းခံရသည်။ ကိုယ်တော်၏ အုပ်ချုပ်မှုသည် ယေဟောဝါ၏ စကြဝဠာ အချုပ်အခြာအာဏာကို သင်္ကာယန ကင်းရှင်းစေပြီး မြေကြီးပေါ်ရှိ လူအမျိုးမျိုးမှ စိတ်နှလုံး ရိုးဖြောင့်သူများကို ကောင်းချီးခံရစေသည်။ ၎င်းသည် ကျွန်ုပ်တို့အားလုံး ယေဟောဝါအား ရွှင်လန်းဝမ်းမြောက်စွာ ချီးမွမ်းကြွေးကြော်ရန် အကြောင်းရင်း မဟုတ်ပေလော။
“သင့်ကို ကယ်တင်သောသူသည် လာ၏”
၂၃၊ ၂၄။ ဘုရားသခင်ကို ယုံကြည်သူများထံ ကယ်တင်ခြင်း မည်သို့ ရောက်ရှိလာသနည်း။
၂၃ ယေဟောဝါက မိမိ၏ ဇနီးကဲ့သို့သော အဖွဲ့အစည်းအား ပေးသည့် နာမသစ်သည် သူ၏ သားသမီးတို့၏ ထာဝရ ကယ်တင်ခြင်းနှင့် ပတ်သက်သည်။ ဟေရှာယ ဤသို့ ရေး၏– “မြေကြီးစွန်းတိုင်အောင် ထာဝရဘုရား မိန့်တော်မူသည်ကား ‘“သင့်ကို ကယ်တင်သောသူသည် လာ၏။ မိမိ ခံထိုက်သော အခသည် မိမိ၌ ပါလျက် ဆုလာဘ်တော်သည် ရှေ့တော်၌ ရှိ၏” ဟု ဇိအုန်သတို့သမီးကို ပြောကြလော့။’” (ဟေရှာယ ၆၂:၁၁) ဗာဗုလုန် ပြိုလဲသောအခါ ဂျူးများအတွက် ကယ်တင်ခြင်း ဖြစ်ကာ ပြည်တော်သို့ ပြန်လာခဲ့ကြသည်။ သို့သော် ထိုစကားများသည် သာ၍ ကြီးသောအရာကို ညွှန်ပြသည်။ ယေဟောဝါ၏ ကြေညာချက်သည် ယေရုရှလင်နှင့်ပတ်သက်သော ဇာခရိ၏ ဤပရောဖက်ပြုချက်ကို သတိရစေသည်– “အိုဇိအုန်သတို့သမီး အလွန် ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့ သတို့သမီး ကြွေးကြော်လော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ ရောက်သောသခင် သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင် ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။”—ဇာခရိ ၉:၉။
၂၄ ယေရှု ရေ၌ နှစ်ခြင်းခံကာ ဘုရားသခင့် ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်း ခံရပြီး သုံးနှစ်ခွဲ ကြာပြီးနောက် ကိုယ်တော်သည် ယေရုရှလင်မြို့သို့ မြည်းစီးဝင်လာခဲ့ပြီး ဗိမာန်တော်ကို သန့်ရှင်းခဲ့သည်။ (မဿဲ ၂၁:၁-၅; ယောဟန် ၁၂:၁၄-၁၆) ယနေ့ ယေရှုခရစ်သည် ဘုရားသခင်အား ယုံကြည်သူအားလုံးအတွက် ယေဟောဝါထံတော်မှ ကယ်တင်ခြင်းကို ဆောင်ကြဉ်းလာသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ ကိုယ်တော် နန်းတင်ခံရသော ၁၉၁၄ ခုနှစ်ကတည်းက ယေရှုသည် ယေဟောဝါ၏ ခန့်အပ်ခံ တရားသူကြီးနှင့် ပါးကွက်အာဏာသားလည်း ဖြစ်သည်။ ကိုယ်တော် နန်းတင်ခံရပြီး သုံးနှစ်ခွဲအကြာ ၁၉၁၈ ခုနှစ်တွင် မြေကြီးပေါ်ရှိ ဘိသိက်ခံ ခရစ်ယာန်များ၏ အသင်းတော်ကို ကိုယ်စားပြုသည့် ယေဟောဝါ၏ ဝိညာဏ ဗိမာန်တော်ကို ကိုယ်တော် သန့်စင်ခဲ့သည်။ (မာလခိ ၃:၁-၅) အချက်ပြအလံတစ်ခုအဖြစ် ကိုယ်တော် မြှောက်ထားခံရခြင်းသည် မေရှိယ နိုင်ငံတော်ကို ထောက်မသည့်အနေနှင့် ကမ္ဘာတစ်ဝန်းလုံးမှ လူများကို စတင်စုသိမ်းခြင်းအား မှတ်သားဖော်ပြခဲ့သည်။ ရှေးနမူနာပုံစံအရ ဘုရားသခင်၏ ဣသရေလလူမျိုး မဟာဗာဗုလုန်မှ လွတ်မြောက်ချိန် ၁၉၁၉ ခုနှစ်တွင် ‘ကယ်တင်ခြင်း’ သည် သူတို့ထံ ရောက်ရှိလာသည်။ ကိုယ်ကျိုးစွန့်သော ရိတ်သိမ်းလုပ်သားများအတွက် “ဆုလာဘ်တော်” သို့မဟုတ် “ခံထိုက်သော အခ” မှာ ကောင်းကင်တွင် မသေနိုင်သော အသက်တာ သို့မဟုတ် မြေကြီးပေါ် ထာဝရအသက်တို့ ဖြစ်သည်။ သစ္စာရှိသူအားလုံးသည် “သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို” ယုံကြည်စိတ်ချနိုင်သည်။—၁ ကောရိန္သု ၁၅:၅၈။
၂၅။ ယေဟောဝါ၏ လူမျိုးတော်အတွက် အဘယ် အာမခံချက် ပေးသနည်း။
၂၅ ယေဟောဝါ၏ ကောင်းကင်အဖွဲ့အစည်း၊ ၎င်း၏ ဤမြေကြီးပေါ်ရှိ ဘိသိက်ခံ ကိုယ်စားလှယ်များ၊ သူတို့နှင့်အတူ တက်ကြွစွာ ပူးပေါင်းနေသူအားလုံးအတွက် အလွန်ကောင်းသည့် အလားအလာပါတကား! (တရားဟောရာ ၂၆:၁၉) ဟေရှာယ ဤသို့ ပရောဖက်ပြုခဲ့သည်– “သူတို့သည် သန့်ရှင်းသောသူ၊ ထာဝရဘုရား ရွေးနုတ်တော်မူသောသူ ဟူ၍လည်းကောင်း၊ သင်သည် သူတစ်ပါး မစွန့်ပစ်၊ စည်ပင်သော မြို့ဟူ၍လည်းကောင်း သမုတ်ခြင်းကို ခံရလိမ့်မည်။” (ဟေရှာယ ၆၂:၁၂) “အထက်ယေရုရှလင်” ကို ကိုယ်စားပြုသော ဘုရားသခင်၏ ဣသရေလလူမျိုးသည် တစ်ခါက စွန့်ပစ်ခံခဲ့ရသည့်နှယ် ခံစားခဲ့သည်။ ထိုသို့ နောက်ဘယ်တော့မျှ ထပ်မံ ခံရတော့မည် မဟုတ်ပါ။ ယေဟောဝါ၏ လူမျိုးတော်သည် ကိုယ်တော်၏ မျက်နှာသာတွင် ဆက်ပျော်မွေ့ကြခြင်းဖြင့် ကိုယ်တော်၏ ထာဝရ ကာကွယ်စောင့်မခြင်း ခံရမည့်သူများ ဖြစ်မည်။
[အောက်ခြေမှတ်ချက်]
a ကျမ်းစာ ပရောဖက်ပြုချက်တွင် “နာမသစ်” သည် အနေအထားအသစ် သို့မဟုတ် အခွင့်အရေးအသစ်ကို ဆိုလိုနိုင်သည်။—ဗျာဒိတ် ၂:၁၇; ၃:၁၂။
[စာမျက်နှာ ၁၆၁ ပါ လေးထောင့်ကွက်]
အိမ်ထောင်မင်္ဂလာအတွက် မြင့်မြတ်သော စံနမူနာ
လူများ အိမ်ထောင်ပြုကြသောအခါ သူတို့တွင် အိမ်ထောင်နှောင်ကြိုးနှင့်ပတ်သက်၍ သူတို့၌ ကိုယ်ပိုင်မျှော်လင့်ချက်များ ရှိကြသည်။ သို့သော် ဘုရားသခင် မျှော်လင့်သည့်အရာမှာ အဘယ်နည်း။ အိမ်ထောင်မင်္ဂလာ ဖွဲ့စည်းမှုသည် ကိုယ်တော်ထံမှ အစပြုခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ကိုယ်တော်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။
ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ ရှုမြင်သည်ကို ဣသရေလလူမျိုးနှင့် ကိုယ်တော်၏ ဆက်ဆံပုံမှ သိရသည်။ ထိုဆက်ဆံရေးကို ဟေရှာယက အိမ်ထောင်တစ်ခုအဖြစ် သရုပ်ဖော်ထားသည်။ (ဟေရှာယ ၆၂:၁-၅) ယေဟောဝါ ဘုရားသခင်သည် “ခင်ပွန်း” တစ်ဦးအနေနှင့် မိမိ၏ “သတို့သမီး” အတွက် ဆောင်ရွက်ပေးရာကို သတိပြုပါ။ ကိုယ်တော်သည် သူမကို ကာကွယ်ပေးပြီး သီးသန့်ထားတော်မူ၏။ (ဟေရှာယ ၆၂:၆၊ ၇၊ ၁၂) ကိုယ်တော်သည် သူ့ကို ဂုဏ်တင်ပြီး တန်ဖိုးထားတော်မူ၏။ (ဟေရှာယ ၆၂:၃၊ ၈၊ ၉) ထို့ပြင် ကိုယ်တော်သည် သူ့ကို နာမသစ် ပေးခြင်းက သူ့ကို အထူး အားရနှစ်သက်ကြောင်း ဖော်ပြသည်။—ဟေရှာယ ၆၂:၄၊ ၅၊ ၁၂။
ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် ပေါလုက ခရစ်တော်နှင့် ဘိသိက်ခံ ခရစ်ယာန်များ၏ အသင်းတော်ကို ခင်ပွန်းသည်၊ ဇနီးသည် ဆက်ဆံရေးနှင့် နှိုင်းယှဉ်ဖော်ပြခဲ့ချိန်တွင် ယေဟောဝါနှင့် ဣသရေလအကြားရှိ ဆက်ဆံရေးနှင့်ပတ်သက်သော ဟေရှာယ၏ ရေးသားချက်များကို ပဲ့တင်ထပ်သည်။—ဧဖက် ၅:၂၁-၂၇။
ပေါလုက ခရစ်ယာန်များအား မိမိတို့၏ အိမ်ထောင်တွင် ယေရှုနှင့် အသင်းတော်အကြားရှိ ဆက်ဆံရေးကို အတုယူရန် အားပေးခဲ့သည်။ ယေဟောဝါက ဣသရေလလူမျိုးပေါ် ပြသည့် မေတ္တာ၊ ယေရှုခရစ်က အသင်းတော်ပေါ် ပြသသည့် မေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာ မရှိနိုင်ပါ။ ထိုပုံဆောင် ဆက်ဆံရေးသည် ခရစ်ယာန်များအလယ်တွင် အောင်မြင်ပျော်ရွှင်သော အိမ်ထောင် ဖြစ်ရန် မြင့်မြတ်သော စံနမူနာ ဖြစ်သည်။—ဧဖက် ၅:၂၈-၃၃။