လူငယ်တို့—သင်တို့ရဲ့ဘဝကိုဘယ်လိုအသုံးပြုမှာလဲ
“ငါ့ဘဝကို အကျိုးရှိရှိ အသုံးပြုချင်လိုက်တာ” လို့ ဆယ်ကျော်သက်မိန်းကလေးက ဆိုတယ်။ သင်လည်း အဲဒီလိုဖြစ်ချင်မှာပဲ။ ဒါဆိုရင် သင့်ရဲ့ဘဝကို အကျိုးကျိုးရှိရှိ ဘယ်လိုအသုံးပြုမလဲ။ သတင်းမီဒီယာ၊ သူငယ်ချင်းတွေအပြင် ကျောင်းဆရာ/ဆရာမတွေကတောင် ဝင်ငွေကောင်းကောင်းရမယ်၊ အလုပ်အကိုင်ကောင်းကောင်းရှိမယ်ဆိုရင် အောင်မြင်ကျော်ကြားတဲ့သူအနေနဲ့ ဘဝကို အကျိုးကျိုးရှိရှိ အသုံးပြုနိုင်တယ်လို့ ပြောကြပါလိမ့်မယ်။
ဒါပေမဲ့ ချမ်းသာကြွယ်ဝဖို့ ကြိုးစားတာက “လေကို လိုက်လံဖမ်းဆီး” သလိုမျိုး အကျိုးရှိမှာမဟုတ်ဘူးလို့ သမ္မာကျမ်းစာက လူငယ်တွေကို သတိပေးထားတယ်။ (ဒေသနာ ၄:၄၊ ခမ) ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုက လူငယ်အနည်းစုပဲ ချမ်းသာကြွယ်ဝပြီး အောင်မြင်ကျော်ကြားမှုကို ရကြလို့ပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ထင်ထားသလို ဖြစ်မလာတဲ့အတွက် အရမ်းစိတ်ပျက်သွားကြတယ်။ “ချမ်းသာကြွယ်ဝမှုက သေတ္တာလွတ်တစ်လုံးနဲ့ တူတယ်။ အထဲမှာ တစ်ခုခုများ ရှိမလားဆိုတဲ့အထင်နဲ့ ဖွင့်ကြည့်လိုက်တဲ့အခါ ဘာမှမရှိဘူးဆိုတာကို တွေ့ရလိမ့်မယ်” ဆိုပြီး ထွန်းပေါက်တဲ့ပညာရှင်တစ်ဦးဖြစ်ဖို့ ကြိုးစားခဲ့တဲ့ ဗြိတိသျှလူငယ်တစ်ဦးက ဆိုတယ်။ အလုပ်အကိုင်ကြောင့် ချမ်းသာကြွယ်ဝပြီး လူအများရဲ့ အသိအမှတ်ပြုတာကို ခံရနိုင်ပါတယ်။ ဒါပေမဲ့ အလုပ်အကိုင်က “ဘုရားသခင်ကို မှီခို” လိုတဲ့ သင့်ရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ (မဿဲ ၅:၃) ဒါ့အပြင် ‘လောကသည် ရွေ့သွားကွယ်ပျောက်ဆဲရှိ’ တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ယောဟန် ၂:၁၇) ဒါကြောင့် သင်ဟာ ဒီလောကမှာ အောင်မြင်ကျော်ကြားမှု ရခဲ့ရင်တောင် ခဏတာပဲ ခံပါလိမ့်မယ်။
လူငယ်တွေကို ကျမ်းစာမှာ ဒီလိုတိုက်တွန်းထားတယ်– “အသက်ပျိုစဉ်အခါပင် သင့်ကို ဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့လော့။” (ဒေသနာ ၁၂:၁) ဒါကြောင့် သင့်ရဲ့ဘဝကို အကျိုးရှိရှိ အသုံးပြုနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက ယေဟောဝါဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းဆောင်ခြင်းဖြစ်ပါတယ်။ ဦးဆုံး၊ ဘုရားသခင်ရဲ့အမှုတော်ကို လုပ်ဆောင်နိုင်ဖို့ သင်ဟာ အရည်အချင်းပြည့်မီရမယ်။ ဘယ်လိုပြည့်မီနိုင်မလဲ။ ဘုရားသခင့် အမှုတော်ဆောင်ခြင်းမှာ ဘာတွေပါဝင်သလဲ။
ယေဟောဝါသက်သေတစ်ဦးဖြစ်ဖို့ အရည်အချင်းပြည့်မီခြင်း
ပထမ၊ သင်ဟာ ဘုရားသခင့်အမှုတော် ထမ်းဆောင်လိုတဲ့စိတ်ဆန္ဒ ဖြစ်ပေါ်လာအောင် ပြုလုပ်ရမယ်။ သင့်ရဲ့မိဘတွေက ယေဟောဝါသက်သေတွေ ဖြစ်နေရင်တောင် အဲဒီစိတ်ဆန္ဒက သင့်ဆီမှာ အလိုလိုဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးကောင်းရှိဖို့ သင်ကိုယ်တိုင် ကြိုးစားရမယ်။ “ဆုတောင်းခြင်းက ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးကောင်းရှိလာဖို့ ကူညီပေးတယ်” လို့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်က ပြောပြတယ်။—ဆာလံ ၆၂:၈; ယာကုပ် ၄:၈။
သင် လုပ်ဆောင်ရမယ့် ဒုတိယတစ်ချက်က “ဘုရားသခင့်အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်” ရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ရောမ ၁၂:၂) သင်ယူသိရှိခဲ့တဲ့ ကျမ်းစာထဲကအချက်အလက်တချို့ကို သင် သံသယဖြစ်ဖူးသလား။ ဒါဆိုရင် ကျမ်းစာမှာ တိုက်တွန်းထားတဲ့အတိုင်း သိရှိခဲ့ရာတွေက အမှန်တရားဖြစ်တယ်ဆိုတာ သင်ကိုယ်တိုင် သိအောင်လုပ်ပါ။ ကိုယ်တိုင် ရှာဖွေလေ့လာပါ။ ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ပါ။ ဒါပေမဲ့ ဘုရားသခင်အကြောင်း သင်ယူတယ်ဆိုတာက ရှာဖွေလေ့လာ ဖတ်ရှုရုံလောက်ပဲ မဟုတ်ပါဘူး။ ဖတ်တဲ့အရာတွေကို စိတ်နှလုံးထဲ စိမ့်ဝင်သွားဖို့ အချိန်ယူပြီး တွေးတောရမယ်။ ဒီလိုလုပ်မယ်ဆိုရင် သင်ဟာ ဘုရားသခင်ကို ချစ်သည်ထက်ချစ်လာမှာဖြစ်တယ်။—ဆာလံ ၁:၂၊ ၃။
တတိယအချက်က သင်ယူသိရှိလာတဲ့ အချက်တွေကို အလွတ်သဘောသက်သေခံဖို့ ကြိုးစားပါ။ သင့်ရဲ့ကျောင်းနေဖက်တွေကိုလည်း သက်သေခံနိုင်ပါတယ်။ ပြီးနောက် တစ်အိမ်တက်ဆင်းဟောပြောခြင်းမှာ ပါဝင်ပါ။ တစ်ခါတလေ၊ သင် ဟောပြောနေတုန်း ကျောင်းနေဖက်တစ်ဦးနဲ့ တွေ့ဆုံရနိုင်တယ်။ အစပိုင်းမှာတော့ သင် ရှက်ကြောက်မိမယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို “သတင်းကောင်းကြောင့် ရှက်ကြောက်ခြင်းမရှိ” ပါနဲ့လို့ အားပေးထားပါတယ်။ (ရောမ ၁:၁၆) တကယ်ဆိုရင် သင်ဟာ လူတွေ အသက်ရစေမယ့်၊ မျှော်လင့်ချက် ရှိလာစေမယ့် သတင်းကို သင် ပြောနေတာဖြစ်တယ်။ အဲဒီအတွက် ဘာဖြစ်လို့ ရှက်ကြောက်ရမှာလဲ။
သင့်မိဘတွေက ယေဟောဝါသက်သေတွေ ဖြစ်တယ်ဆိုရင် သူတို့နဲ့တွဲပြီး ဟောပြောခြင်းလုပ်ငန်းမှာ သင် ပါ၀င်နေပြီဖြစ်နိုင်တယ်။ အမှုဆောင်ထွက်ပြီး မဟောဘဲနေမဲ့အစား ကိုယ်တိုင် ဟောပြောနိုင်မလား။ မဂ္ဂဇင်း၊ ဝေစာတွေ ပေးတာမျိုးလောက်ပဲ လုပ်မဲ့အစား သမ္မာကျမ်းစာကို အသုံးပြုပြီး အိမ်ရှင်ကို ဟောနိုင်မလား။ အဲဒီလိုမလုပ်နိုင်ဘူးဆိုရင် သင့်မိဘတွေ ဒါမှမဟုတ် အသင်းတော်မှာရှိတဲ့ ရင့်ကျက်တဲ့ ညီအစ်ကို၊ ညီအစ်မတွေဆီကနေ အကူအညီတောင်းပါ။ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်ဖို့ ပန်းတိုင်ထားပါ။
တစ်ချိန်ကျရင် သင်ဟာ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံချင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။ ဆက်ကပ်အပ်နှံခြင်းဆိုတာ အခုချိန်ကစပြီး ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်ပါတော့မယ်လို့ ကတိသစ္စာပြုခြင်းဖြစ်တယ်။ (ရောမ ၁၂:၁) ဒါပေမဲ့ ဆက်ကပ်အပ်နှံခြင်းဆိုတာ ဘုရားနဲ့ ကိုယ်နဲ့ကြားမှာ ကတိသစ္စာပြုတာလောက်ပဲ မဟုတ်ဘူး။ “ကယ်တင်ခြင်းအလိုငှာ နှုတ်ဖြင့်ဝန်ခံ” ရမယ်လို့ ဘုရားသခင် မိန့်မှာထားပါတယ်။ (ရောမ ၁၀:၁၀၊ သမ္မာ) နှစ်ခြင်းခံမယ့်အချိန်မှာ ဦးဆုံး သင့်ရဲ့ယုံကြည်ခြင်းကို နှုတ်နဲ့ကြေညာရပါတယ်။ ပြီးမှ ရေထဲမှာ နှစ်ခြင်းခံရတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) တကယ်ဆိုရင် နှစ်ခြင်းခံတယ်ဆိုတာ အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ ဒါပေမဲ့ နှစ်ခြင်းခံပြီးမှ အပြစ်တစ်ခုခုလုပ်မိမှာကို စိုးရိမ်တဲ့အတွက် နှစ်ခြင်းမခံဘဲ မနေပါနဲ့။ ခွန်အားရရှိဖို့ ဘုရားသခင်ကို သင် အားကိုးမယ်ဆိုရင် ကိုယ်တော်က “သာမန်ထက် ထူးကဲသော တန်ခိုး” ကိုပေးပြီး သင့်ကို မြဲမြံစွာ ရပ်တည်စေလိမ့်မယ်။—၂ ကောရိန္သု ၄:၇; ၁ ပေတရု ၅:၁၀။
သင်ဟာ နှစ်ခြင်းခံပြီးချိန်မှာ ယေဟောဝါသက်သေတစ်ယောက် ဖြစ်သွားပါပြီ။ (ဟေရှာယ ၄၃:၁၀) အဲဒါက သင့်ဘဝကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့အချက်အပေါ် အများကြီးအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဆက်ကပ်အပ်နှံခြင်းမှာ “ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်” ခြင်း ပါဝင်တယ်။ (မဿဲ ၁၆:၂၄) အဲဒါက “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာ” ဖို့ သင့်ရဲ့ပန်းတိုင်နဲ့ရည်မှန်းချက်တချို့ကို စွန့်တာမျိုး ဖြစ်နိုင်တယ်။ (မဿဲ ၆:၃၃) ဒါကြောင့် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံလိုက်တဲ့အခါ အဲဒီလိုဦးစွာရှာနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရရှိလာပါတယ်။ အခွင့်အလမ်းတချို့ကို သုံးသပ်ကြည့်ရအောင်။
ဘုရားသခင့်အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်နိုင်တဲ့ အခွင့်အလမ်းများ
● ရှေ့ဆောင်လုပ်တာက အခွင့်အလမ်းတစ်ခုဖြစ်တယ်။ ရှေ့ဆောင်တစ်ဦးဆိုတာ ဟောပြောခြင်းလုပ်ငန်းမှာ လစဉ် အနည်းဆုံး နာရီပေါင်း ၇၀ သွင်းရပြီး ပုံနမူနာကောင်းတဲ့ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ဦးဖြစ်တယ်။ လယ်ကွင်းလုပ်ငန်းမှာ အချိန်များများ သင် ပါဝင်လာလေလေ သင့်ရဲ့ဟောပြောခြင်းနဲ့ သွန်သင်ခြင်း စွမ်းရည်တွေ တိုးတက်လာလေလေဖြစ်တယ်။ ရှေ့ဆောင်များစွာဟာ ကိုယ့်ရဲ့ကျမ်းစာသင်သားတွေ နှစ်ခြင်းခံလာတဲ့အထိ ကူညီပေးရတာကို ပျော်ရွှင်ကြတယ်။ ဘယ်လောကလုပ်ငန်းကမှ ဒီလောက်ထိ ပျော်စရာကောင်းပြီး ကျေနပ်အားရမှုရစေမှာ မဟုတ်ပါဘူး။
ရှေ့ဆောင်အများစုဟာ ကိုယ့်ဝမ်းစာအတွက် လောကအလုပ်ကို အချိန်ပိုင်း လုပ်ကြတယ်။ သူတို့ထဲကတချို့ဟာ ကျောင်းကနေ ဒါမှမဟုတ် မိဘတွေဆီကနေ အတတ်ပညာတစ်ခုခုကို သင်ယူပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာနိုင်ဖို့ စီစဉ်ကြတယ်။ အထက်တန်းကျောင်းပြီးတဲ့နောက် ထပ်ဆင့်သင်တန်းတစ်ခုခုကို သင်ယူမှ အကျိုးရှိမယ်လို့ သင်ရော၊ သင့်မိဘတွေကပါ ယူမှတ်မယ်ဆိုရင် အဲဒီလိုသင်ယူရတဲ့ သင့်ရဲ့ရည်ရွယ်ချက်က ဝင်ငွေကောင်းကောင်းရဖို့မဟုတ်ဘဲ သင့်ရဲ့အမှုဆောင်လုပ်ငန်းကို၊ ဖြစ်နိုင်တာက အချိန်ပြည့်အမှုဆောင်ကို ထောက်ပံ့ဖို့ ဖြစ်စေပါ။
ရှေ့ဆောင်တစ်ဦးရဲ့ ဘဝမှာ အရေးကြီးဆုံးက လောကအလုပ်မဟုတ်ဘဲ လူတွေကို အသက်ရဖို့ ကူညီပေးရတဲ့ ဘုရားသခင့်အမှုဆောင်လုပ်ငန်းဖြစ်တယ်။ ရှေ့ဆောင်လုပ်ဖို့ ပန်းတိုင်ထားကြည့်ပါ။ ရှေ့ဆောင်လုပ်မယ်ဆိုရင် အခြားအခွင့်ထူးတွေလည်း ရရှိတတ်ပါတယ်။ ဥပမာ၊ ရှေ့ဆောင်တချို့က သာ၍လိုအပ်တဲ့ဒေသတွေဆီ ပြောင်းရွှေ့သွားကြတယ်။ တချို့က တိုင်းတစ်ပါးဘာသာစကား သင်ယူပြီး ကိုယ့်နိုင်ငံမှာရှိတဲ့ ဘာသာခြားစကားပြောအသင်းတော်မှာ ဒါမှမဟုတ် တိုင်းတစ်ပါးမှာသွားပြီး အမှုဆောင်ကြပါတယ်။ ရှေ့ဆောင်လုပ်တာက ဘဝကို အကျိုးရှိရှိ အသုံးပြုလိုက်တာဖြစ်တယ်။
● ခရစ်ယာန်မောင်နှံများအတွက်သင်တန်းက နောက်ထပ်အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ယေဟောဝါဘုရားနဲ့ ကိုယ်တော့်ရဲ့ အဖွဲ့အစည်းအတွက် အပြည့်အဝအမှုဆောင်နိုင်ဖို့ ဇနီးမောင်နှံတွေကို အထူးပို့ချတဲ့ သင်တန်းဖြစ်တယ်။ သင်တန်းဆင်းအတော်များများကို သူတို့နိုင်ငံရဲ့ သာ၍လိုအပ်တဲ့ဒေသတွေမှာ အမှုဆောင်ဖို့ တာဝန်ချပေးတယ်။ အခြေအနေက ခွင့်ပြုတယ်ဆိုရင် တချို့ကို တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ တာဝန်ချပေးတယ်။ သင်တန်းဆင်းတွေဟာ ဝေးခေါင်တဲ့ သီးခြားဒေသတွေမှာ အမှုဆောင်လုပ်ငန်း စတင်ပြီး တိုးချဲ့ဖို့ ယာယီအထူးရှေ့ဆောင်တွေအနေနဲ့ အမှုဆောင်နိုင်ပါတယ်။
● တစ်ကိုယ်ရေညီအစ်ကိုများအတွက် ကျမ်းစာသင်တန်း ဖွင့်လှစ်ရခြင်းက အရည်အချင်းပြည့်မီတဲ့ တစ်ကိုယ်ရေအကြီးအကဲတွေနဲ့ ဓမ္မအမှုထမ်းတွေကို လေ့ကျင့်ပေးဖို့ ဖြစ်ပါတယ်။ အာရုံစိုက်လေ့လာရတဲ့ ရှစ်ပတ်ကြာသင်တန်းမှာ အကြီးအကဲနဲ့ ဓမ္မအမှုထမ်းရဲ့တာဝန်တွေ၊ အဖွဲ့အစည်း၊ လူအများရှေ့သက်သေခံခြင်းစတဲ့ အကြောင်းအရာတွေကို သင်ပေးတယ်။ တချို့ကို သူတို့နိုင်ငံမှာပဲ အမှုဆောင်ဖို့ တာဝန်ချပေးတယ်။ တချို့က တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ တောင်းဆိုခံရတယ်။
● ဗေသလလုပ်ငန်းဆိုတာက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ စေတနာ့ဝန်ထမ်းအဖြစ် အမှုဆောင်ခြင်းဖြစ်ပါတယ်။ ဗေသလမိသားစုဝင်တချို့က ကျမ်းစာ,စာပေထုတ်ဝေရေးအတွက် တိုက်ရိုက် အမှုဆောင်ကြတယ်။ တချို့ကျတော့ ကျမ်းစာ,စာပေထုတ်ဝေနိုင်ဖို့ ကူညီပေးတဲ့အနေနဲ့ ဗေသလအဆောက်အအုံတွေနဲ့ စက်ကိရိယာတွေကို ပြုပြင်ထိန်းသိမ်းပေးတာ ဒါမှမဟုတ် ဗေသလမိသားစုရဲ့ လိုအပ်ရာတွေကို ထောက်ပံ့ပေးတာစတဲ့ တာဝန်တွေကို လုပ်ဆောင်ကြတယ်။ အဲဒီတာဝန်အားလုံးဟာ ယေဟောဝါဘုရားရဲ့ အမှုတော်ကို ထမ်းဆောင်ရတဲ့ မြင့်မြတ်တဲ့အခွင့်ထူးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗေသလအိမ်သားတွေဟာ ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ရပါစေ၊ ကမ္ဘာတစ်ဝန်းက ညီအစ်ကို၊ ညီအစ်မတွေရဲ့ အကျိုးအတွက် လုပ်ဆောင်နေတယ်ဆိုတဲ့ အသိကြောင့် ပျော်ရွှင်ကြတယ်။
တစ်ခါတလေ၊ လုပ်ငန်းကျွမ်းကျင်တဲ့ ညီအစ်ကိုတွေကို ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်တတ်ပါတယ်။ ဒါပေမဲ့ ညီအစ်ကိုအများစုဟာ ဗေသလကိုရောက်ပြီးမှ သင်ကြားပေးခံရတယ်။ ဗေသလအိမ်သားတွေဟာ ပစ္စည်းဥစ္စာရရှိဖို့ အမှုဆောင်တာ မဟုတ်ပါဘူး။ ထောက်ပံ့ပေးထားတဲ့ စားစရာ၊ နေစရာ၊ ကိုယ်ပိုင်အသုံးစရိတ် အနည်းငယ်နဲ့ ကျေနပ်ရောင့်ရဲကြပါတယ်။ ဗေသလမိသားစုဝင် လူငယ်တစ်ဦးက သူထမ်းဆောင်ရတဲ့ တာ၀န်နဲ့ပတ်သက်ပြီး ဒီလိုပြောပြတယ်– “နေ့စဉ် လုပ်ရိုးလုပ်စဉ်ကို လုပ်ရတာ မလွယ်ပေမဲ့ ပျော်စရာ အရမ်းကောင်းတယ်။ ဗေသလမှာ အမှုဆောင်ရတာ ကောင်းချီးအများကြီး ရရှိတယ်။”
● အပြည်ပြည်ဆိုင်ရာလုပ်ငန်းဆိုတာ ဌာနခွဲရုံးတွေနဲ့ နိုင်ငံတော်ခန်းမတွေကို ဆောက်လုပ်တဲ့လုပ်ငန်းဖြစ်တယ်။ အဲဒီလုပ်ငန်းမှာ ပါဝင်တဲ့သူတွေကို အပြည်ပြည်ဆိုင်ရာအမှုထမ်းလို့ ခေါ်ဆိုတယ်။ သူတို့က နိုင်ငံရပ်ခြားတွေဆီသွားပြီး ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကြတယ်။ အဲဒီအလုပ်က မြင့်မြတ်တဲ့လုပ်ငန်းရဲ့ အသွင်တစ်မျိုးဖြစ်ပြီး ရှောလမုန်ခေတ်က ဗိမာန်တော်ကို ဆောက်လုပ်ခဲ့တဲ့သူတွေရဲ့ အလုပ်မျိုးနဲ့ တူပါတယ်။ (၃ ဓမ္မရာဇဝင် ၈:၁၃-၁၈) အပြည်ပြည်ဆိုင်ရာအမှုထမ်းတွေကို ဂရုစိုက်စောင့်ရှောက်ပေးတဲ့ အစီအစဉ်က ဗေသလမိသားစုဝင်တွေနဲ့ အတူတူပါပဲ။ အဲဒီညီအစ်ကို၊ ညီအစ်မတွေဟာ ယေဟောဝါဘုရားကို ချီးမွမ်းစေတဲ့လုပ်ငန်းမှာ ပါဝင်ရတဲ့ အခွင့်ထူးကြီးကို ရရှိထားကြတယ်။
ယေဟောဝါဘုရားရဲ့ အမှုတော်ကို အကြွင်းမဲ့ထမ်းဆောင်ပါ
ယေဟောဝါဘုရားရဲ့ အမှုတော်ကို ထမ်းဆောင်ခြင်းက သင့်ရဲ့ဘဝကို အကျိုးကျိုးရှိရှိ အသုံးပြုလိုက်တာဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်ရဲ့အမှုတော်မှာ အချိန်ပြည့်ထမ်းဆောင်နိုင်မယ့် ပန်းတိုင်တစ်ခုကို စဉ်းစားကြည့်ပါ။ အချိန်ပြည့်လုပ်ငန်းနဲ့ပတ်သက်ပြီး သင့်မိဘတွေ၊ ဒေသခံအကြီးအကဲတွေ၊ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဆွေးနွေးကြည့်ပါ။ ဗေသလ၊ တစ်ကိုယ်ရေညီအစ်ကိုများအတွက် ကျမ်းစာသင်တန်း၊ ခရစ်ယာန်မောင်နှံများအတွက် ကျမ်းစာသင်တန်း တစ်ခုခုကို သင် စိတ်ဝင်စားမယ်ဆိုရင် တိုက်နယ်စည်းဝေးပွဲတွေနဲ့ ခရိုင်စည်းဝေးကြီးတွေမှာ ကျင်းပတဲ့ လျှောက်လွှာတင်လိုသူတွေအတွက် အစည်းအဝေးတွေကို တက်ရောက်ပါ။
ညီအစ်ကို၊ ညီအစ်မအားလုံးက အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီနိုင်မှာ ဒါမှမဟုတ် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ တစ်ခါတလေ၊ ကျန်းမာရေးကြောင့်၊ ငွေကြေးအခြေအနေကြောင့်၊ မိသားစုတာဝန်ကြောင့် အတိုင်းအတာတစ်ခုအထိပဲ လုပ်ဆောင်နိုင်ကြတယ်။ ဒါပေမဲ့ ဆက်ကပ်အပ်နှံပြီးသား ယေဟောဝါသက်သေအားလုံးဟာ ကျမ်းစာမှာပါတဲ့ ဒီမိန့်မှာချက်ကို လိုက်လျှောက်ရမယ်– “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။” (မဿဲ ၂၂:၃၇) သင့်ရဲ့အခြေအနေ ခွင့်ပြုတဲ့အထိ အကောင်းဆုံး အမှုဆောင်ပါလို့ ဘုရားသခင် တောင်းဆိုထားတယ်။ ဒါကြောင့် သင့်ရဲ့အခြေအနေ ဘယ်လိုပဲရှိပါစေ၊ သင့်ဘဝမှာ ယေဟောဝါဘုရားရဲ့ အမှုတော်ကို ထမ်းဆောင်ဖို့ အာရုံစိုက်ပါ။ လက်တွေ့ကျတဲ့ပန်းတိုင်တွေ ချမှတ်ပါ။ “အသက်ပျိုစဉ်အခါပင် သင့်ကို ဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့” မယ်ဆိုရင် သင်ဟာ ထာဝရကောင်းချီး ခံစားရပါလိမ့်မယ်။
အမှတ်အသားမပါတဲ့ ဓမ္မဟောင်းကျမ်း ကိုးကားချက်တွေဟာ ယုဒသန်ကျမ်းကဖြစ်ပြီး ဓမ္မသစ်ကျမ်း ကိုးကားချက်တွေဟာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဖြစ်ပါတယ်။