ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lv အခန်း ၅ စာ. ၅၀-၆၁
  • လောကနဲ့ သီးခြားနေနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောကနဲ့ သီးခြားနေနိုင်ပုံ
  • ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆက်သစ္စာစောင့်သိပြီး ကြားနေခြင်း
  • “လောကစိတ်ဓာတ်” ကို တွန်းလှန်ခြင်း
  • ဣန္ဒြေရှိရှိ ဝတ်စားဆင်ယင်ခြင်း
  • ဘဝကို ရိုးရိုးရှင်းရှင်းထားခြင်း
  • “ချပ်ဝတ်တန်ဆာ အပြည့်အစုံကို” ဝတ်ဆင်ခြင်း
  • သင့်ယုံကြည်ခြင်းကို ခုခံကာကွယ်ဖို့ အသင့်ရှိပါ
  • လောကနဲ့ သီးခြားနေနိုင်ပုံ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • နောက်ဆုံးကာလတွင် ကြားနေသောခရစ်ယာန်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကျွန်တော်တို့ရဲ့ အဝတ်အစား၊ အသွင်အပြင် ဘာကြောင့် အရေးပါသလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နောက်ထပ် ကြည့်ပါ
‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
lv အခန်း ၅ စာ. ၅၀-၆၁
ခရစ်ယာန်​မိတ်ဆွေတစ်စု အုပ်စုလိုက် ဓာတ်ပုံရိုက်နေ

အခန်း ၅

လောကနဲ့ သီးခြားနေနိုင်ပုံ

‘ခင်ဗျားတို့ဟာ ဒီလောကနဲ့ ဘာမှ မပတ်သက်ဘူး။’​—ယောဟန် ၁၅:၁၉။

၁။ ယေရှုဟာ လူသားတစ်ဦးအဖြစ် မိမိရဲ့နောက်ဆုံးညမှာ ဘာကို အလေးပေးဖော်ပြခဲ့သလဲ။

ယေရှုဟာ လူသားတစ်ဦးအဖြစ် မိမိရဲ့နောက်ဆုံးညမှာ နောက်လိုက်တွေရဲ့ အနာဂတ်အကျိုးအတွက် အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ယေရှုက “သူတို့ကို ဒီလောကကနေ ခေါ်ထုတ်ပေးဖို့ ကျွန်တော် ဆုတောင်းနေတာ မဟုတ်ပါဘူး။ ဆိုးညစ်သူရဲ့ရန်ကနေ ကာကွယ်စောင့်ရှောက်ပေးဖို့ ဆုတောင်းနေတာပါ။ ကျွန်တော်က ဒီလောကနဲ့ မပတ်သက်သလို သူတို့လည်း လောကနဲ့ မပတ်သက်ကြပါဘူး” လို့ ဖခင်ဆီ ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၇:၁၅၊ ၁၆) လှိုက်လှဲတဲ့ အဲဒီဆုတောင်းချက်မှာ မိမိနောက်လိုက်တွေကို အလွန်ချစ်ကြောင်း၊ ‘ခင်ဗျားတို့ဟာ ဒီလောကနဲ့ ဘာမှ မပတ်သက်ဘူး’ လို့ တပည့်တချို့ကို အဲဒီညအစောပိုင်းမှာ ပြောခဲ့တဲ့စကားတွေဟာ အရေးကြီးကြောင်း ယေရှု ဖော်ပြခဲ့တယ်။ (ယောဟန် ၁၅:၁၉) ဒါကြောင့် မိမိရဲ့ နောက်လိုက်တွေ လောကနဲ့ သီးခြားနေတာဟာ ယေရှုအတွက် အလွန်အရေးကြီးမှန်း ရှင်းနေပါတယ်။

၂။ ယေရှုပြောခဲ့တဲ့ “လောက” ဆိုတာ ဘာကို ရည်ညွှန်းသလဲ။

၂ ယေရှုပြောခဲ့တဲ့ “လောက” ဆိုတာ ဘုရားနဲ့ စိမ်းကားနေတဲ့၊ စာတန် အုပ်ချုပ်နေတဲ့ လူသားထုကို ရည်ညွှန်းတယ်။ စာတန်ကနေ အရင်းခံတဲ့ အတ္တဆန်ပြီး ထောင်လွှားတဲ့သဘောထား သူတို့ကို လွှမ်းမိုးနေတယ်။ (ယောဟန် ၁၄:၃၀။ ဧဖက် ၂:၂။ ၁ ယောဟန် ၅:၁၉) မှန်ပါတယ်၊ ‘လောကနဲ့ မိတ်ဖွဲ့သူဟာ ဘုရားသခင်ရဲ့ရန်သူ ဖြစ်တယ်။’ (ယာကုပ် ၄:၄) ဒါပေမဲ့ ဘုရားသခင့်မေတ္တာ အမြဲခံစားချင်သူအားလုံးဟာ ဒီလောကမှာ နေထိုင်ပေမဲ့ လောကနဲ့ ဘယ်လို သီးခြားဖြစ်နိုင်သလဲ။ ခရစ်တော်အုပ်ချုပ်မယ့် ဘုရားနိုင်ငံကို ဆက်သစ္စာစောင့်သိပြီး လောကနိုင်ငံရေးမှာ ကြားနေခြင်း၊ လောကစိတ်ဓာတ်ကို တွန်းလှန်ခြင်း၊ ဣန္ဒြေရှိရှိ ဝတ်စားဆင်ယင်ခြင်း၊ ဘဝကို ရိုးရိုးရှင်းရှင်းထားခြင်း၊ ဘုရားဆီက ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ခြင်း ဆိုတဲ့ နည်းလမ်းငါးခုကို သုံးသပ်ပါမယ်။

ဆက်သစ္စာစောင့်သိပြီး ကြားနေခြင်း

၃။ (က) ယေရှုဟာ သူ့ခေတ်က နိုင်ငံရေးမှာ ဘာကြောင့် မပါဝင်ခဲ့သလဲ။ (ခ) ယေရှုရဲ့ ဘိသိက်ခံနောက်လိုက်တွေဟာ သံအမတ်တွေအဖြစ် အမှုဆောင်တယ်လို့ ဘာကြောင့် ဆိုနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၃ ယေရှုဟာ သူ့ခေတ်က နိုင်ငံရေးမှာ မပါဝင်ဘဲ ဘုရားသခင့်နိုင်ငံအကြောင်း ဟောပြောတာကို အာရုံစိုက်ခဲ့တယ်။ ယေရှုဟာ အဲဒီအနာဂတ် ကောင်းကင်အစိုးရရဲ့ မင်းလောင်းဖြစ်တယ်။ (ဒံယေလ ၇:၁၃၊ ၁၄။ လုကာ ၄:၄၃။ ၁၇:၂၀၊ ၂၁) ဒါကြောင့် ရောမဘုရင်ခံ ပုန္တိပိလတ်ရှေ့မှာ “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး” လို့ ယေရှု ပြောနိုင်ခဲ့တယ်။ (ယောဟန် ၁၈:၃၆) သစ္စာရှိနောက်လိုက်တွေဟာ ခရစ်တော်နဲ့ သူ့ရဲ့ နိုင်ငံကို သစ္စာစောင့်သိခြင်း၊ အဲဒီနိုင်ငံအကြောင်း လောကမှာ ဟောပြောခြင်းအားဖြင့် ခရစ်တော်ရဲ့ ပုံသက်သေကို တုပကြတယ်။ (မဿဲ ၂၄:၁၄) “ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ကိုယ်စား သံအမတ်တွေပဲ။ . . . ဒါကြောင့် ‘ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်အောင် လုပ်ကြပါ’ ဆိုပြီး ခရစ်တော်ကိုယ်စား ကျွန်တော်တို့ တောင်းပန်နေတာပါ” လို့ တမန်တော်ပေါလု ရေးခဲ့တယ်။a​—၂ ကောရိန္သု ၅:၂၀။

၄။ ဘုရားနိုင်ငံကို သစ္စာစောင့်သိကြောင်း ခရစ်ယာန်စစ်အားလုံး ဘယ်လို တင်ပြကြသလဲ။ (“အစောပိုင်းခရစ်ယာန်တွေရဲ့ ကြားနေမှု” လေးထောင့်ကွက်ကို ကြည့်ပါ။)

၄ သံအမတ်တွေဟာ တိုင်းတစ်ပါးအစိုးရကို ကိုယ်စားပြုတာကြောင့် သူတို့တာဝန်ထမ်းဆောင်တဲ့ နိုင်ငံရဲ့ ပြည်တွင်းရေးမှာ စွက်ဖက်ခြင်းမပြုဘဲ ကြားနေကြတယ်။ ဒါပေမဲ့ သူတို့ကိုယ်စားပြုတဲ့အစိုးရကို ထောက်ခံကြတယ်။ “ကောင်းကင်နိုင်ငံသားတွေ” ဖြစ်တဲ့ ခရစ်တော်ရဲ့ ဘိသိက်ခံ နောက်လိုက်စစ်တွေလည်း အလားတူပဲ။ (ဖိလိပ္ပိ ၃:၂၀) သူတို့ဟာ ဘုရားနိုင်ငံတော်အကြောင်း ထက်ထက်သန်သန် ဟောပြောပြီး ခရစ်တော်ရဲ့ သန်းနဲ့ချီတဲ့ “တခြားသိုးတွေ” ကို “ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်အောင်” ကူညီပေးကြတယ်။ (ယောဟန် ၁၀:၁၆။ မဿဲ ၂၅:၃၁-၄၀) “တခြားသိုးတွေ” ဟာ ယေရှုရဲ့ ဘိသိက်ခံညီတွေကို ထောက်မရာမှာ ခရစ်တော်ရဲ့ သံတမန်တွေအဖြစ် ဆောင်ရွက်ကြတယ်။ အဲဒီအုပ်စုနှစ်ခုစလုံးဟာ မေရှိယနိုင်ငံတော်ကို ထောက်ခံပြီး စည်းလုံးတဲ့ သိုးစုတစ်စုအဖြစ် လောကနိုင်ငံရေးမှာ ပြတ်ပြတ်သားသား ကြားနေကြတယ်။​—ဟေရှာယ ၂:၂–၄ ကိုဖတ်ပါ။

၅။ စစ်မှန်တဲ့ခရစ်ယာန်တွေ ကြားနေရတဲ့ နောက်အကြောင်းရင်းဟာ ဘာလဲ။

၅ ခရစ်ယာန်စစ်တွေ ကြားနေတာဟာ ခရစ်တော်ကို သစ္စာစောင့်သိဖို့ဆိုတဲ့ အချက်တစ်ခုတည်းကြောင့်ပဲ မဟုတ်ဘူး။ ရှေးခေတ် အစ္စရေးလူမျိုးဟာ ဘုရားပေးထားတဲ့ နိုင်ငံတစ်ခုမှာပဲ နေထိုင်ခဲ့တယ်။ ကျွန်တော်တို့ကတော့ နိုင်ငံတကာမှာရှိတဲ့ ညီအစ်ကိုအသင်းအပင်းအဝင် ဖြစ်တယ်။ (မဿဲ ၂၈:၁၉။ ၁ ပေတရု ၂:၉) ဒါကြောင့် ဒေသခံ နိုင်ငံရေးပါတီတွေကို ကျွန်တော်တို့ ထောက်ခံနေမယ်ဆိုရင် နိုင်ငံတော်သတင်းကို လွတ်လပ်စွာ ဟောပြောခွင့်နဲ့ ခရစ်ယာန်စည်းလုံးမှုကို များစွာထိခိုက်လိမ့်မယ်။ (၁ ကောရိန္သု ၁:၁၀) ဒါ့အပြင် ကျွန်တော်တို့ ချစ်ရမယ့် ယုံကြည်သူချင်းတွေကို စစ်အတွင်း တိုက်ခိုက်ရလိမ့်မယ်။ (ယောဟန် ၁၃:၃၄၊ ၃၅။ ၁ ယောဟန် ၃:၁၀-၁၂) ဒါကြောင့် ယေရှုက တပည့်တွေကို ဓားလက်နက် မကိုင်ဖို့၊ ရန်သူတွေကိုတောင် ချစ်ဖို့ မိန့်မှာခဲ့တယ်။​—မဿဲ ၅:၄၄။ ၂၆:၅၂။ စာမျက်နှာ ၅၅ မှာပါတဲ့ “ငါဟာ ကြားနေသူတစ်ဦးလား” လေးထောင့်ကွက်ကို ကြည့်ပါ။

၆။ ဘုရားသခင်ဆီ သင် ဆက်ကပ်အပ်နှံတာဟာ ဆီဇာနဲ့ သင့်ဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ။

၆ စစ်မှန်တဲ့ ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့ဟာ လူသားတစ်ဦးဦး၊ လူ့အဖွဲ့အစည်း ဒါမှမဟုတ် နိုင်ငံတစ်ခုခုဆီမှာ မဟုတ်ဘဲ ဘုရားသခင်ဆီ အသက်တာကို ဆက်ကပ်အပ်နှံထားကြတယ်။ ၁ ကောရိန္သု ၆:၁၉၊ ၂၀ မှာ “ခင်ဗျားတို့ဟာ ကိုယ့်ကိုယ်ကိုယ် မပိုင်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ကို တန်ဖိုးကြီးကြီးပေးပြီး ဝယ်ထားလို့ပဲ” လို့ ဖော်ပြထားတယ်။ ဒါကြောင့် ယေရှုရဲ့ နောက်လိုက်တွေဟာ “ဆီဇာ” ရထိုက်တဲ့ ရိုသေလေးစားမှု၊ အခွန် စတာတွေကို ပေးပြီး အတိုင်းအတာတစ်ခုအထိ လက်အောက်ခံကြပေမဲ့ “ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေး” ကြတယ်။ (မာကု ၁၂:၁၇။ ရောမ ၁၃:၁-၇) ဘုရားကို ပေးတဲ့အထဲမှာ ဝတ်ပြုကိုးကွယ်တာ၊ စိတ်စွမ်းကိုယ်စွမ်းရှိသမျှ ချစ်တာ၊ သစ္စာရှိရှိနာခံတာ ပါဝင်တယ်။ လိုအပ်မယ်ဆိုရင် ဘုရားအတွက် ကိုယ့်အသက်ကိုတောင် စွန့်ဖို့ အသင့်ရှိကြတယ်။​—လုကာ ၄:၈။ ၁၀:၂၇။ တမန်တော် ၅:၂၉ နဲ့ ရောမ ၁၄:၈ ကိုဖတ်ပါ။

အစောပိုင်းခရစ်ယာန်တွေရဲ့ ကြားနေမှု

အစောပိုင်းခရစ်ယာန်တွေဟာ နိုင်ငံရေးမှာ ကြားနေပြီး စစ်မှုမှာ မပါဝင်ခဲ့ဘူးဆိုတာ လောကသမိုင်းက အခိုင်အမာ ထောက်ခံတယ်။ ခရစ်ယာန်ဘာသာရဲ့အစ ဆိုတဲ့စာအုပ်မှာ “ခရစ်ယာန်ဘာသာကို တည်ထောင်သူတွေဟာ တည်ဆဲ နိုင်ငံရေးစနစ်တွေမှာ တိုက်ရိုက် စွက်ဖက်လိုတဲ့ သဘောထားမျိုး မပေါ်လာအောင် အထူး သတိပြုရှောင်ရှားခဲ့ကြတယ်” လို့ဖော်ပြတယ်။ အလားတူ၊ ယဉ်ကျေးမှုလမ်းမပေါ်ဝယ် ဆိုတဲ့စာအုပ်မှာ ဒီလိုဖော်ပြတယ်– “လောကအုပ်စိုးရှင်တွေဟာ အစောပိုင်း ခရစ်ယာန်တွေကို အထင်လွဲမှားလေ့ရှိပြီး မျက်နှာသာ မပေးကြဘူး။ . . . ခရစ်ယာန်တွေဟာ ရောမနိုင်ငံသားတွေ လုပ်ဆောင်ရမယ့်တာဝန်ဝတ္တရားတချို့ကို မလုပ်ဆောင်ခဲ့ကြဘူး။ . . . နိုင်ငံရေးရာထူးတွေ ခံယူတာမျိုးလည်း မရှိကြဘူး။”

အစောပိုင်းခရစ်ယာန်တွေနဲ့ စစ်မှုထမ်းခြင်းအကြောင်း ဂျာမန်ဓမ္မပညာရှင် ပီတာမင်ဟိုးက “ခရစ်ယာန်ဖြစ်ခြင်းနဲ့ စစ်သားဖြစ်ခြင်းကို လုံးဝမအပ်စပ်တဲ့အရာအဖြစ် ယူမှတ်ကြတယ်” လို့ဆိုတယ်။ ယေရှုသေဆုံးပြီး အတန်ကြာအထိ ယေရှုနောက်လိုက်တွေဟာ “ပြစ်တင်ရှုတ်ချခံရတာဖြစ်စေ၊ ထောင်ချခံရတာ၊ အသတ်ခံရတာဖြစ်စေ၊ ဘာပဲကြုံရပါစေ စစ်မှုမှာ မပါဝင်ခဲ့ကြဘူး။ ဒီအချက်တွေဟာ ငြင်းလို့မရနိုင်တဲ့ အမှန်တရားတွေပဲ” ဆိုပြီး ဘာသာရေးဆောင်းပါးတစ်ခုမှာ ဂျော်နသန် ဒီမွန် ရေးခဲ့တယ်။ နောက်စာရေးဆရာတစ်ဦးကလည်း “ခရစ်ယာန်ဘာသာ ယိုယွင်းလာပြီးနောက်ပိုင်းမှသာ ခရစ်ယာန်တွေ စစ်သားဖြစ်လာခဲ့ကြတယ်” လို့ဆိုတယ်။

“လောကစိတ်ဓာတ်” ကို တွန်းလှန်ခြင်း

၇၊ ၈။ “လောကစိတ်ဓာတ်” ဆိုတာ ဘာလဲ။ ဒီစိတ်ဓာတ်ဟာ နာခံမှုမရှိသူတွေဆီမှာ ဘယ်လို “ရှင်သန်လှုပ်ရှားနေ” သလဲ။

၇ ခရစ်ယာန်တွေ လောကနဲ့သီးခြားနေတဲ့ နောက်တစ်နည်းကတော့ လောကရဲ့ ဆိုးညစ်တဲ့စိတ်ဓာတ်ကို တွန်းလှန်ခြင်းဖြစ်တယ်။ “ကျွန်တော်တို့ဟာ လောကစိတ်ဓာတ်ကို မရဘဲ ဘုရားသခင်ဆီက စွမ်းအားတော်ကို ရထားတယ်” လို့ ပေါလုရေးခဲ့တယ်။ (၁ ကောရိန္သု ၂:၁၂) ဧဖက်မြို့သားတွေကိုလည်း သူဒီလိုပြောတယ်– ‘ခင်ဗျားတို့ဟာ တစ်ချိန်က ဒီလောကရဲ့ လမ်းစဉ်အတိုင်း၊ လေလိုပျံ့နေတဲ့ စိတ်ဓာတ်ကို ထိန်းချုပ်ထားသူရဲ့ အလိုဆန္ဒအတိုင်း လျှောက်လှမ်းခဲ့ကြတယ်။ အဲဒီစိတ်ဓာတ်ဟာ နာခံမှုမရှိသူတွေဆီမှာ ရှင်သန်လှုပ်ရှားနေတယ်။’​—ဧဖက် ၂:၂၊ ၃။

၈ ဒီလောကရဲ့ “လေ” ဒါမှမဟုတ် လောကစိတ်ဓာတ်ဟာ မမြင်နိုင်တဲ့ တွန်းအားတစ်ခုဖြစ်ပြီး ဘုရားသခင်ကို မနာခံဖို့ လှုံ့ဆော်ပေးတယ်။ “သွေးသားအလိုဆန္ဒ၊ မျက်စိရဲ့အလိုဆန္ဒ” တွေကို မြေတောင်မြှောက်ပေးတယ်။ (၁ ယောဟန် ၂:၁၆။ ၁ တိမောသေ ၆:၉၊ ၁၀) လောကစိတ်ဓာတ်ဟာ “ထိန်းချုပ်” နိုင်စွမ်းရှိပြီး အပြစ်ပြုလိုတဲ့ သွေးသားဆန္ဒကို ဆွဲဆောင်တယ်၊ လိမ္မာပါးနပ်တယ်။ အဆက်မပြတ် သြဇာသက်ရောက်ပြီး လေလို နေရာတိုင်းမှာ ပျံ့နှံ့နေတယ်။ ဒါ့အပြင် တစ်ကိုယ်ကောင်းဆန်တာ၊ မာနကြီးတာ၊ ရည်မှန်းချက်ကြီးတာ၊ အမှားအမှန်ကို ကိုယ်တိုင် ဆုံးဖြတ်ချင်တာ၊ ပုန်ကန်ချင်တာ စတဲ့ ဘုရားတရားမဲ့ အကျင့်စရိုက်တွေကို တဖြည်းဖြည်း မွေးမြူလာစေတယ်။ ဒီနည်းနဲ့ လောကစိတ်ဓာတ်ဟာ နာခံမှုမရှိသူတွေဆီမှာ “ရှင်သန်လှုပ်ရှားနေ” တယ်။b ရိုးရိုးလေးပြောရရင် လောကစိတ်ဓာတ်ဟာ လူတွေရဲ့စိတ်နှလုံးထဲမှာ မာရ်နတ်ရဲ့ အကျင့်စရိုက်တွေကို တဖြည်းဖြည်း ဖြစ်ပေါ်လာစေတယ်။​—ယောဟန် ၈:၄၄။ တမန်တော် ၁၃:၁၀။ ၁ ယောဟန် ၃:၈၊ ၁၀။

၉။ သင့်စိတ်နှလုံးမှာ လောကစိတ်ဓာတ် ဘယ်လို ဝင်လာနိုင်သလဲ။

၉ လောကစိတ်ဓာတ်ဟာ သင့်စိတ်နှလုံးမှာ အမြစ်စွဲလာနိုင်သလား။ သတိမထားဘူးဆိုရင် အမြစ်စွဲလာနိုင်တယ်။ (ပညာအလိမ္မာ ၄:၂၃ ကိုဖတ်ပါ။) လူကောင်းဖြစ်ပုံရပေမဲ့ ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် လောကစိတ်ဓာတ် မသိမသာ လွှမ်းမိုးလာတတ်တယ်။ (ပညာအလိမ္မာ ၁၃:၂၀။ ၁ ကောရိန္သု ၁၅:၃၃) ဒါ့အပြင် မကောင်းတဲ့စာပေ၊ ညစ်ညမ်းတဲ့ ဒါမှမဟုတ် အယူဖောက်ပြန်တဲ့ ဝက်ဘ်ဆိုက်၊ အကျိုးမပြုတဲ့ဖျော်ဖြေမှု၊ အလွန်အမင်း ပြိုင်ဆိုင်တဲ့ အားကစားပွဲတွေကတစ်ဆင့် အဲဒီဆိုးညစ်တဲ့စိတ်ဓာတ် ဝင်လာနိုင်တယ်။ စာတန်နဲ့ စာတန့်လောကရဲ့ အတွေးအခေါ်ကို ထင်ဟပ်တဲ့ ဘယ်သူမဆို၊ ဘယ်အရာမဆိုကတစ်ဆင့် ဝင်လာနိုင်တယ်။

၁၀။ လောကစိတ်ဓာတ်ကို ဘယ်လို တွန်းလှန်နိုင်သလဲ။

၁၀ ကျွန်တော်တို့ဟာ အန္တရာယ်ရှိတဲ့ လောကစိတ်ဓာတ်ကို ဘယ်နည်းနဲ့ တွန်းလှန်နိုင်သလဲ။ ဘုရားသခင့်မေတ္တာကို ဘယ်နည်းနဲ့ အမြဲခံစားရနိုင်သလဲ။ ယေဟောဝါရဲ့ ပြင်ဆင်ပေးချက်တွေကနေ အပြည့်အဝ အကျိုးရယူပြီး သန့်ရှင်းသော စွမ်းအားတော်အတွက် အမြဲ ဆုတောင်းခြင်းအားဖြင့် ဖြစ်တယ်။ ယေဟောဝါဟာ မာရ်နတ် ဒါမှမဟုတ် သူ့လက်အောက်မှာရှိတဲ့ ဆိုးညစ်တဲ့လောကထက် တန်ခိုးကြီးတယ်။ (၁ ယောဟန် ၄:၄) ဒါကြောင့် ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းရင်းနှီးနှီး ရှိနေဖို့ သိပ်အရေးကြီးတယ်။

ငါဟာ ကြားနေသူတစ်ဦးလား

ဆရာကို ကိုယ့်ယုံကြည်ချက်အကြောင်း ရှင်းပြနေတဲ့ကျောင်းသား

မူ– “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး။”​—ယောဟန် ၁၈:၃၆။

မိမိကိုယ်ကို မေးရမယ့် မေးခွန်းတချို့

  • အလံအလေးပြုတာဟာ ရုပ်တုကိုးကွယ်မှုပဲဆိုတာ ငါ ဘယ်လိုရှင်းပြမလဲ။c​—ထွက်မြောက်ရာ ၂၀:၄၊ ၅။ ၁ ယောဟန် ၅:၂၁။

  • အမျိုးသားရေးအခမ်းအနားတွေမှာ မပါဝင်တာနဲ့ပတ်သက်ပြီး ရှင်းပြတဲ့အခါ ယုံကြည်ခြင်းမတူသူတွေကို အလွန်လေးစားကြောင်း ငါ ဘယ်လိုပြမလဲ။​—၁ ပေတရု ၃:၁၅။

  • နိုင်ငံရေးပါတီတွေကို ငါ မထောက်ခံတာ၊ စစ်နဲ့ပတ်သက်တဲ့ ဘယ်အလုပ်ကိုမဆို မလုပ်တာ ဘာအကြောင်းရင်းတွေကြောင့်လဲ။​—ယောဟန် ၁၃:၃၄။ ၁ ယောဟန် ၃:၁၀-၁၂။

ဣန္ဒြေရှိရှိ ဝတ်စားဆင်ယင်ခြင်း

၁၁။ ဝတ်စားဆင်ယင်မှုစံနှုန်းတွေမှာ လောကစိတ်ဓာတ် ဘယ်လို လွှမ်းမိုးနေသလဲ။

၁၁ လူတစ်ဦးရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို ကြည့်ပြီး သူ့စိတ်ဓာတ်ကို သိမြင်နိုင်တယ်။ နိုင်ငံများစွာမှာ ဝတ်စားဆင်ယင်မှုစံနှုန်းတွေ အလွန်ကျဆင်းနေတဲ့အတွက် ရုပ်သံသတင်းတင်ဆက်သူတစ်ဦးက နောက်ဆိုရင် ပြည့်တန်ဆာတွေ ဝတ်စရာရှိတော့မှာ မဟုတ်ဘူးလို့ ပြောတယ်။ ဆယ်ကျော်သက်အရွယ် မရောက်သေးတဲ့ မိန်းကလေးတွေတောင် “များများဖော်၊ နည်းနည်းဖုံး” တဲ့ပုံစံကို ဖမ်းနေကြပြီလို့ သတင်းတစ်ပုဒ်က ဆိုတယ်။ နောက်တစ်မျိုးကတော့ ဖြစ်ကတတ်ဆန်း ဝတ်စားတာဖြစ်တယ်။ ဒါဟာ ပုန်ကန်တဲ့စိတ်ဓာတ်ကို ဖော်ပြရုံမက ဂုဏ်သိက္ခာနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မရှိဘူးဆိုတာကိုလည်း ဖော်ပြရာရောက်တယ်။

၁၂၊ ၁၃။ ကျွန်တော်တို့ရဲ့ ဝတ်စားဆင်ယင်ပုံကို ဘယ်မူတွေက လမ်းညွှန်သင့်သလဲ။

၁၂ ယေဟောဝါရဲ့ ကျေးကျွန်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ကောင်းတဲ့အသွင်အပြင် ရှိချင်ကြတယ်။ ဆိုလိုတာက သန့်ရှင်းသပ်ရပ်တဲ့၊ နှစ်သက်ဖွယ်ကောင်းတဲ့၊ အချိန်အခါနဲ့ လိုက်ဖက်တဲ့ ဝတ်စားပုံဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အသွင်အပြင်ဟာ ‘ဣန္ဒြေရှိခြင်း၊ ချင့်ချိန်မှုရှိခြင်း’ ကို အချိန်တိုင်း ထင်ဟပ်နေသင့်တယ်။ “ဘုရားသခင်ကို ကြည်ညိုတယ်ဆိုတဲ့” အမျိုးသား၊ အမျိုးသမီးတွေမှာရှိတဲ့ “မွန်မြတ်တဲ့ အကျင့်တွေ” နဲ့ ကိုက်ညီနေသင့်တယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကို အာရုံစိုက်စေဖို့ မဟုတ်ဘဲ “ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်နိုင်” ဖို့ အဓိကထားတယ်။ (၁ တိမောသေ ၂:၉၊ ၁၀။ ယုဒ ၂၁) မှန်ပါတယ်၊ “ဘုရားသခင့်ရှေ့မှာ အလွန်အဖိုးတန်တဲ့” “စိတ်ထားအလှ” ကို ကျွန်တော်တို့ အလှပဆုံး တန်ဆာဆင်ချင်ကြတယ်။​—၁ ပေတရု ၃:၃၊ ၄။

၁၃ ကျွန်တော်တို့ရဲ့ ဝတ်စားဆင်ယင်ပုံဟာ စစ်မှန်တဲ့ဝတ်ပြုရေးအပေါ် တခြားသူတွေရဲ့ ရှုမြင်ပုံကို သြဇာသက်ရောက်နိုင်တာကိုလည်း မမေ့ပါနဲ့။ ‘ဣန္ဒြေရှိခြင်း’ လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးကို ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး သုံးတဲ့အခါ တခြားသူတွေရဲ့ခံစားချက် ဒါမှမဟုတ် ထင်မြင်ချက်ကို လေးစားတဲ့သဘော သက်ရောက်တယ်။ ဒါကြောင့် ကိုယ့်လုပ်ပိုင်ခွင့်ထက် တခြားသူတွေရဲ့ အမှားအမှန်သိစိတ်ကို အလေးထားသင့်တယ်။ အထူးသဖြင့် ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးကို ကျွန်တော်တို့ ဂုဏ်တင်ချင်ကြတယ်။ “ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီး အရာရာကို လုပ်ဆောင်” ခြင်းအားဖြင့် မိမိတို့ကိုယ်ကို ဘုရားရဲ့ အမှုဆောင်သူတွေဖြစ်မှန်း ဖော်ပြချင်ကြတယ်။​—၁ ကောရိန္သု ၄:၉။ ၁၀:၃၁။ ၂ ကောရိန္သု ၆:၃၊ ၄။ ၇:၁။

အမှုဆောင်​လုပ်ငန်းမှာ ဣန္ဒြေရှိရှိဝတ်ဆင်ထားတဲ့အမျိုးသမီးနှစ်ဦး

ငါ့အသွင်အပြင်က ယေဟောဝါကို ဂုဏ်တင်သလား

၁၄။ ကျွန်တော်တို့ရဲ့အသွင်အပြင်၊ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

၁၄ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ၊ ခရစ်ယာန်အစည်းအဝေးတွေ တက်ရောက်တဲ့အခါ ကျွန်တော်တို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ သန့်ရှင်းမှုဟာ ပိုအရေးကြီးတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ရဲ့အသွင်အပြင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုက မလိုလားအပ်တဲ့ အာရုံစိုက်မှု ဖြစ်စေမလား။ တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေမလား။ အသင်းတော်တာဝန်တွေအတွက် အရည်အချင်းပြည့်မီဖို့ထက် ဒီကဏ္ဍတွေမှာ ငါ့လုပ်ပိုင်ခွင့်က ပိုအရေးကြီးတယ်လို့ ယူဆသလား။’​—ဆာလံ ၆၈:၆။ ဖိလိပ္ပိ ၄:၅။ ၁ ပေတရု ၅:၆။

၁၅။ ဝတ်စားဆင်ယင်မှု၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ သတ်သတ်မှတ်မှတ် စည်းမျဉ်းတွေ ဘာကြောင့် မချမှတ်ထားသလဲ။

၁၅ ကျမ်းစာမှာ ဝတ်စားဆင်ယင်မှု၊ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ပတ်သက်ပြီး ခရစ်ယာန်တွေအတွက် သတ်သတ်မှတ်မှတ် စည်းမျဉ်းတွေ မချမှတ်ထားဘူး။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုစေချင်တယ်။ “ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်” ထားသူတွေ၊ ကျမ်းစာမူတွေကို ဆင်ခြင်သုံးသပ်တဲ့ ရင့်ကျက်သူတွေ ဖြစ်စေချင်တယ်။ (ဟီဘရူး ၅:၁၄) အရေးကြီးဆုံးက ဘုရားသခင်နဲ့ လူလူချင်းကို ချစ်တဲ့မေတ္တာရဲ့ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်ဖို့ ဘုရား အလိုရှိတယ်။ (မာကု ၁၂:၃၀၊ ၃၁ ကိုဖတ်ပါ။) ဒီလမ်းညွှန်မှုဘောင်တွေအတွင်း ဝတ်စားဆင်ယင်နိုင်တဲ့ ပုံစံအများကြီး ရှိတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေ စုဆုံကြတဲ့အခါ သူတို့ရဲ့ဝတ်စားဆင်ယင်ပုံအမျိုးမျိုးကို ကြည့်ရင် ဒီအချက်ကို သိနိုင်တယ်။

ဘဝကို ရိုးရိုးရှင်းရှင်းထားခြင်း

၁၆။ လောကစိတ်ဓာတ်နဲ့ ယေရှုရဲ့သွန်သင်ချက်ဟာ ဘယ်လို ဆန့်ကျင်ဘက်ဖြစ်သလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

၁၆ လောကစိတ်ဓာတ်ဟာ လှည့်စားတတ်တယ်၊ ငွေနဲ့ ရုပ်ပစ္စည်းတွေရှိရင် ပျော်ရွှင်မယ်လို့ လူသန်းပေါင်းများစွာကို ထင်မှတ်စေတယ်။ ဒါပေမဲ့ ယေရှုက “လူတစ်ယောက်ဟာ စည်းစိမ်ကြွယ်ဝနေရင်တောင် သူ့စည်းစိမ်က အသက်မပေးနိုင်ဘူး” လို့ ပြောခဲ့တယ်။ (လုကာ ၁၂:၁၅) ကိုယ့်ကိုယ်ကိုယ် အလွန့်အလွန် ခြိုးခြံနေထိုင်ဖို့ ယေရှုပြောနေတာ မဟုတ်ဘူး။ “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူ၊” ဘဝကို ရိုးရိုးရှင်းရှင်းထားသူ၊ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ကိုသာ အဓိက အာရုံစိုက်သူတွေဟာ အသက်နဲ့ စစ်မှန်တဲ့ပျော်ရွှင်မှု ရမယ်လို့ သွန်သင်ပေးနေတာ ဖြစ်တယ်။ (မဿဲ ၅:၃။ ၆:၂၂၊ ၂၃) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ယေရှုသင်ပေးတဲ့အရာကို ငါ တကယ်ယုံကြည်ရဲ့လား။ ဒါမှမဟုတ် ငါ့ကို “မုသားရဲ့အဖ”လွှမ်းမိုးနေပြီလား။ (ယောဟန် ၈:၄၄) ငါ့အပြောအဆို၊ ပန်းတိုင်၊ ဦးစားထားရာတွေနဲ့ ငါ့ဘဝပုံစံက ဘာကို ဖော်ပြနေသလဲ။’​—လုကာ ၆:၄၅။ ၂၁:၃၄-၃၆။ ၂ ယောဟန် ၆။

၁၇။ ဘဝကို ရိုးရိုးရှင်းရှင်းထားသူတွေ ခံစားရတဲ့ အကျိုးကျေးဇူးတချို့ကို ဖော်ပြပါ။

၁၇ “ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်ဆိုတာကို လုပ်ရပ်တွေနဲ့ သက်သေပြလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မဿဲ ၁၁:၁၉) ဘဝကို ရိုးရိုးရှင်းရှင်းထားသူတွေ ခံစားရတဲ့ အကျိုးကျေးဇူးတချို့ကို သုံးသပ်ကြည့်ကြစို့။ သူတို့ဟာ နိုင်ငံတော်လုပ်ငန်းမှာ စစ်မှန်တဲ့လန်းဆန်းမှု ခံစားရတယ်။ (မဿဲ ၁၁:၂၉၊ ၃၀) မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုတွေကို ရှောင်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ မခံစားရဘူး။ (၁ တိမောသေ ၆:၉၊ ၁၀ ကိုဖတ်ပါ။) ဘဝလိုအပ်ရာတွေရှိရုံနဲ့ ကျေနပ်ရောင့်ရဲတဲ့အတွက် မိသားစုနဲ့ ခရစ်ယာန်မိတ်ဆွေတွေကို အချိန် ပိုပေးနိုင်တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်တယ်။ (ဒေသနာ ၅:၁၂) တတ်နိုင်သမျှ ပေးကမ်းတဲ့အတွက် အလွန်ပျော်ရွှင်ကြတယ်။ (တမန်တော် ၂၀:၃၅) သူတို့ဟာ ‘မျှော်လင့်ချက် ရှင်သန်’ နေပြီး စိတ်ငြိမ်သက်မှုနဲ့ ကျေနပ်မှု ခံစားရတယ်။ (ရောမ ၁၅:၁၃။ မဿဲ ၆:၃၁၊ ၃၂) တန်ဖိုးဖြတ်မရတဲ့ ကောင်းချီးတွေပါပဲ။

“ချပ်ဝတ်တန်ဆာ အပြည့်အစုံကို” ဝတ်ဆင်ခြင်း

၁၈။ ကျွန်တော်တို့ရဲ့ ရန်သူ၊ သူ့ရဲ့ နည်းစနစ်နဲ့ ‘တိုက်ခိုက်မှု’ အကြောင်း ကျမ်းစာက ဘယ်လို ဖော်ပြသလဲ။

၁၈ ဘုရားသခင့်မေတ္တာ အမြဲခံစားရဖို့ လုပ်ဆောင်နေသူတွေဟာ စာတန့် တိုက်ခိုက်မှုကနေ အကာအကွယ် ရရှိကြတယ်။ စာတန်ဟာ ခရစ်ယာန်တွေရဲ့ ပျော်ရွှင်မှုကိုသာမက ထာဝရအသက်ကိုပါ ဆုံးရှုံးစေချင်တယ်။ (၁ ပေတရု ၅:၈) “ကျွန်တော်တို့ဟာ အသွေးအသားဖြစ်တဲ့ လူတွေနဲ့ တိုက်ခိုက်နေရတာ မဟုတ်ဘူး။ အုပ်စိုးသူတွေ၊ အခွင့်အာဏာရှိသူတွေ၊ အမှောင်လောကရဲ့ အုပ်စိုးရှင်တွေဖြစ်တဲ့ ကောင်းကင်က နတ်ဆိုးများစွာနဲ့ တိုက်ခိုက်နေရတာ” လို့ ပေါလုပြောတယ်။ (ဧဖက် ၆:၁၂) “တိုက်ခိုက်” ဆိုတဲ့ စကားလုံးဟာ ကတုတ်ကျင်းထဲကနေ တိုက်ခိုက်တာမျိုးလို အဝေးကတိုက်ခိုက်တာကို မဟုတ်ဘဲ အနီးကပ်တိုက်ခိုက်တာကို ဆိုလိုတယ်။ ဒါ့အပြင် “အုပ်စိုးသူတွေ၊” “အခွင့်အာဏာရှိသူတွေ၊” “လောကရဲ့ အုပ်စိုးရှင်တွေ” ဆိုတဲ့ အသုံးအနှုန်းတွေက နာမ်ဝိညာဉ်ဘုံကလာတဲ့ တိုက်ခိုက်မှုဟာ အလွန်စနစ်ကျပြီး ကြိုတင်စီစဉ်မှုရှိကြောင်း ဖော်ပြတယ်။

၁၉။ ခရစ်ယာန်တွေဝတ်ဆင်ရမယ့် ချပ်ဝတ်တန်ဆာကို ဖော်ပြပါ။

၁၉ ကျွန်တော်တို့မှာ ချို့ယွင်းချက်တွေ၊ ကန့်သတ်ချက်တွေရှိပေမဲ့ အောင်မြင်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ “ဘုရားသခင်ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ထား” ခြင်းအားဖြင့် ဖြစ်တယ်။ (ဧဖက် ၆:၁၃) အဲဒီချပ်ဝတ်တန်ဆာကို ဧဖက် ၆:၁၄-၁၈ မှာ ဒီလိုဖော်ပြတယ်– “ဒီတော့ အမှန်တရားခါးပန်းကို စည်းထားကြ၊ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာကို ဝတ်ဆင်ပြီး အခိုင်အမာ ရပ်တည်ကြ။ ငြိမ်သက်ခြင်းသတင်းကောင်း ဟောဖို့ အသင့်ရှိနေခြင်းဆိုတဲ့ ဖိနပ်ကို စီးထားကြ။ အဲဒါတွေအပြင် ဆိုးညစ်သူပစ်ခတ်တဲ့ မီးမြားတွေကို ငြိမ်းသတ်နိုင်တဲ့ ယုံကြည်ခြင်း ဒိုင်းလွှားကြီးကိုလည်း ကိုင်ဆောင်ထားကြ။ ကယ်တင်ခြင်း သံခမောက်ကို ဆောင်းထားကြ။ ဘုရားသခင့် တရားစကားဖြစ်တဲ့ စွမ်းအားတော်ဓားကိုလည်း ကိုင်စွဲကြ။ အချိန်အခါတိုင်းမှာ စွမ်းအားတော်လမ်းညွှန်မှုနဲ့အညီ တိုးလျှိုးအသနားခံခြင်း၊ ဆုတောင်းခြင်း အမျိုးမျိုးနဲ့ ဆုတောင်းနေပါ။”

၂၀။ ကျွန်တော်တို့ရဲ့ အခြေအနေဟာ စစ်သားတစ်ဦးရဲ့ အခြေအနေနဲ့ ဘယ်လို ကွာခြားသလဲ။

၂၀ ခရစ်ယာန်တွေ ဝတ်ဆင်ရမယ့် ချပ်ဝတ်တန်ဆာဟာ ဘုရားသခင် ပြင်ဆင်ပေးထားတာ ဖြစ်လို့ ကျွန်တော်တို့ ဝတ်ဆင်နေသရွေ့ အကာအကွယ်ရမှာ သေချာတယ်။ စစ်သားတွေဟာ စစ်မတိုက်ဘဲ ငြိမ်သက်အေးချမ်းစွာ နေရတဲ့အချိန်တွေ ရှိနိုင်တယ်။ ခရစ်ယာန်တွေကတော့ စာတန့်လောကကို ဘုရားသခင် ဖျက်ဆီးပြီး နတ်ဆိုးအားလုံးကို တွင်းနက်ကြီးထဲ ပစ်ချချိန်အထိ သေရေးရှင်ရေးတိုက်ပွဲကို အဆက်မပြတ် တိုက်ခိုက်နေရတယ်။ (ဗျာဒိတ် ၁၂:၁၇။ ၂၀:၁-၃) ဒါကြောင့် သင်ဟာ အားနည်းချက်တွေ၊ မကောင်းတဲ့ဆန္ဒတွေကို တိုက်လှန်နေရတယ်ဆိုရင် လက်မလျှော့လိုက်ပါနဲ့။ ကျွန်တော်တို့အားလုံး ယေဟောဝါကို ဆက်သစ္စာရှိနေဖို့ ကိုယ့်ကိုယ်ကိုယ် “ထိုးနှက်” နေရမှာ ဖြစ်လို့ပဲ။ (၁ ကောရိန္သု ၉:၂၇) တကယ်ဆိုရင် ကျွန်တော်တို့ မတိုက်လှန်ဘဲနေတော့မှသာ အန္တရာယ်ရှိတာ။

၂၁။ ခရစ်ယာန်တွေ ဆင်နွှဲနေတဲ့ တိုက်ပွဲကို ဘယ်နည်းနဲ့ပဲ အောင်မြင်နိုင်သလဲ။

၂၁ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အစွမ်းခွန်အားနဲ့ ဒီတိုက်ပွဲကို မအောင်မြင်နိုင်ဘူး။ ဒါကြောင့် ပေါလုက ယေဟောဝါဆီ “အချိန်အခါတိုင်းမှာ” ဆုတောင်းဖို့ လိုတယ်လို့ သတိပေးတယ်။ တစ်ချိန်တည်းမှာ ယေဟောဝါရဲ့စကားကို နားထောင်တဲ့အနေနဲ့ ကျမ်းစာကို လေ့လာရမယ်၊ ဒီတိုက်ပွဲကို ကျွန်တော်တို့တစ်ဦးတည်း တိုက်နေတာ မဟုတ်တဲ့အတွက် အခွင့်အရေးရတိုင်း ‘ရဲဘော်ရဲဘက်တွေ’ နဲ့ ပေါင်းသင်းရမယ်။ (ဖိလေမုန် ၂။ ဟီဘရူး ၁၀:၂၄၊ ၂၅) ဒီကဏ္ဍတွေကို သစ္စာရှိရှိ လုပ်ဆောင်သူတွေဟာ အောင်မြင်ရုံသာမက အခက်အခဲကြုံရချိန်မှာ သူတို့ရဲ့ယုံကြည်ခြင်းကို ကောင်းစွာ ခုခံကာကွယ်နိုင်ပါလိမ့်မယ်။

သင့်ယုံကြည်ခြင်းကို ခုခံကာကွယ်ဖို့ အသင့်ရှိပါ

၂၂၊ ၂၃။ (က) ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခုခံကာကွယ်ဖို့ ဘာကြောင့် အမြဲ အသင့်ရှိနေရမလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။ (ခ) နောက်အခန်းမှာ ဘယ်အကြောင်းကို ဆွေးနွေးကြမလဲ။

၂၂ ‘ခင်ဗျားတို့ဟာ ဒီလောကနဲ့ ဘာမှ မပတ်သက်တဲ့အတွက် လောကက ခင်ဗျားတို့ကို မုန်းတယ်’ လို့ ယေရှုပြောခဲ့တယ်။ (ယောဟန် ၁၅:၁၉) ဒါကြောင့် ခရစ်ယာန်တွေဟာ လေးစားတဲ့သဘော၊ နူးညံ့တဲ့သဘောနဲ့ ကိုယ့်ယုံကြည်ခြင်းကို ခုခံကာကွယ်ဖို့ အမြဲ အသင့်ရှိနေရမယ်။ (၁ ပေတရု ၃:၁၅ ကိုဖတ်ပါ။) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အများလက်ခံတဲ့ သဘောထားတစ်ခုကို တစ်ခါတလေ ယေဟောဝါသက်သေတွေ ဘာကြောင့် လက်မခံသလဲဆိုတာ ငါ နားလည်သလား။ အဲဒီလိုအခြေအနေမျိုးမှာ ကျမ်းစာနဲ့ သစ္စာရှိကျွန်ပြောတာ မှန်တယ်ဆိုတာ ငါ တကယ်ယုံကြည်ရဲ့လား။ (မဿဲ ၂၄:၄၅။ ယောဟန် ၁၇:၁၇) ယေဟောဝါအမြင်မှာ မှန်တာကို လုပ်တဲ့အခါ တခြားသူတွေနဲ့ မတူမှာကို မကြောက်တဲ့အပြင် အဲဒီအတွက် ဂုဏ်ယူသလား။’​—ဆာလံ ၃၄:၂။ မဿဲ ၁၀:၃၂၊ ၃၃။

၂၃ ဒါပေမဲ့ လောကနဲ့ သီးခြားနေလိုတဲ့ ကျွန်တော်တို့ရဲ့ဆန္ဒဟာ ပိုသိမ်မွေ့တဲ့နည်းတွေနဲ့ စမ်းသပ်ခံရလေ့ရှိတယ်။ ဥပမာ၊ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း မာရ်နတ်ဟာ လောကရဲ့ဖျော်ဖြေမှုကို အသုံးချပြီး ယေဟောဝါရဲ့ ကျေးကျွန်တွေ လောကဘက် ပါသွားအောင် သွေးဆောင်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို လန်းဆန်းစေပြီး အမှားအမှန်သိစိတ် ကြည်လင်စေတဲ့ အကျိုးပြုတဲ့ဖျော်ဖြေမှုကို ဘယ်လို ရွေးချယ်နိုင်သလဲ။ ဒီအကြောင်းကို နောက်အခန်းမှာ ဆွေးနွေးပါမယ်။

a အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ကစပြီး ခရစ်တော်ဟာ မြေကြီးပေါ်မှာရှိတဲ့ ဘိသိက်ခံနောက်လိုက်တွေရဲ့ အသင်းတော်အပေါ် ဘုရင်အဖြစ် အုပ်စိုးနေပြီ။ (ကောလောသဲ ၁:၁၃) ၁၉၁၄ ခုနှစ်မှာ ခရစ်တော်ဟာ “လောကနိုင်ငံ” ကို အုပ်စိုးဖို့ ဘုရင့်အာဏာ ရရှိတယ်။ ဒါကြောင့် ဘိသိက်ခံခရစ်ယာန်တွေလည်း မေရှိယနိုင်ငံတော်ရဲ့ သံအမတ်တွေအဖြစ် အခု အမှုဆောင်နေကြတယ်။​—ဗျာဒိတ် ၁၁:၁၅။

b ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း စာအုပ်၊ စာမျက်နှာ ၂၉၆-၂၉၉ ကို ကြည့်ပါ။

c “အလံအလေးပြုခြင်း၊ မဲဆန္ဒပေးခြင်းနဲ့ အရပ်ဘက်ဆိုင်ရာလုပ်ငန်း” နောက်ဆက်တွဲကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ