အပိုင်း ၂၅
ယုံကြည်ခြင်း၊ အကျင့်၊ မေတ္တာတို့နှင့်ပတ်သက်သော အကြံဉာဏ်
ယာကုပ်၊ ပေတရု၊ ယောဟန်နှင့်ယုဒသည် ယုံကြည်သူချင်းများထံ အားပေးစာများ ရေးသားသည်
ယာကုပ်နှင့်ယုဒသည် ယေရှု၏မိတူဖကွဲညီများဖြစ်သည်။ ပေတရုနှင့်ယောဟန်သည် ယေရှု၏တမန်တော် ၁၂ ပါးအဝင်ဖြစ်သည်။ ထိုအမျိုးသားလေးဦးသည် ခရစ်ယာန်ဂရိကျမ်းစာစောင်များမှ ကျမ်းခုနစ်စောင်ကို ရေးသားခဲ့ကြသည်။ ကျမ်းတစ်စောင်စီကို ကျမ်းရေးသူ၏အမည်တပ်ထားသည်။ ထိုကျမ်းစောင်များတွင်ပါသော သတိပေးချက်များသည် ခရစ်ယာန်များအား ယေဟောဝါနှင့်ကိုယ်တော့်နိုင်ငံတော်အပေါ် သမာဓိစောင့်သိစေရန် ကူညီပေးသည်။
ယုံကြည်ခြင်းကိုတင်ပြပါ။ ယုံကြည်ပါသည်ဟု ဝန်ခံရုံဖြင့် မလုံလောက်ပါ။ စစ်မှန်သောယုံကြည်ခြင်းသည် အကျင့်နှင့်ဒွန်တွဲနေရမည်။ “အကျင့်မရှိသောယုံကြည်ခြင်းသည် အသေဖြစ်၏” ဟု ယာကုပ်ရေးခဲ့သည်။ (ယာကုပ် ၂:၂၆) အကျင့်နှင့်ဒွန်တွဲနေသော ယုံကြည်ခြင်းသည် စမ်းသပ်မှုများရင်ဆိုင်ရသောအခါ ခံနိုင်ရည်ရှိစေသည်။ ခရစ်ယာန်တစ်ဦးသည် အောင်မြင်မှုရရန် ဘုရားသခင်ထံ ဉာဏ်ပညာတောင်းခံဖို့လိုပြီး ယင်းကို ကိုယ်တော်ပေးသနားမည်ဟု ယုံကြည်စိတ်ချမှုရှိရမည်။ ခံနိုင်ရည်ရှိခြင်းက ဘုရားသခင့်မျက်နှာသာကို ရရှိစေသည်။ (ယာကုပ် ၁:၂-၆၊ ၁၂) ဝတ်ပြုသူတစ်ဦးသည် ယုံကြည်ခြင်းအပြည့်ဖြင့် သမာဓိစောင့်ထိန်းပါက ယေဟောဝါဘုရားသခင် ကူညီပါလိမ့်မည်။ “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်” ဟုယာကုပ်ဆိုသည်။—ယာကုပ် ၄:၈။
ခရစ်ယာန်တစ်ဦးသည် သွေးဆောင်မှုများနှင့် အကျင့်ပျက်ပြားစေသောသြဇာလွှမ်းမိုးမှုများကို တွန်းလှန်နိုင်သည့်အထိ ယုံကြည်ခြင်းခိုင်မြဲနေရမည်။ ကိုယ်ကျင့်တရားပျက်ပြားမှုလွှမ်းမိုးနေသောကြောင့် ယုံကြည်သူချင်းများကို “ယုံကြည်ခြင်းအတွက် ကြိုးစား၍တိုက်လှန်” ရန် ယုဒတိုက်တွန်းခဲ့သည်။—ယုဒ ၃။
စင်ကြယ်သောအကျင့်ကို ထိန်းသိမ်းပါ။ ယေဟောဝါသည် မိမိအားဝတ်ပြုသူများကို ကဏ္ဍတိုင်းတွင် သန့်ရှင်းမှုရှိရန် မျှော်လင့်သည်။ ပေတရု ဤသို့ရေးသည်– “သင်တို့သည်လည်း ပြုမူကျင့်ကြံလေသမျှ၌ သန့်ရှင်းကြလော့။ အကြောင်းမူကား ‘ငါ[ယေဟောဝါ]သည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းရမည်’ ဟုကျမ်းစာ၌ရေးထား၏။” (၁ ပေတရု ၁:၁၅၊ ၁၆) ခရစ်ယာန်များတွင် အတုယူထိုက်သောစံနမူနာရှင်တစ်ဦးရှိသည်။ “ခရစ်တော်ကိုယ်တိုင် သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ ခြေရာတော်ကို ထက်ကြပ်မကွာလိုက်လျှောက်စေရန် စံနမူနာထားတော်မူ၏” ဟုပေတရုဆိုသည်။ (၁ ပေတရု ၂:၂၁) ခရစ်ယာန်များသည် ဘုရားသခင်၏စံနှုန်းများကိုလိုက်နာသောကြောင့် ဆင်းရဲဒုက္ခခံရနိုင်သော်လည်း ‘ကြည်လင်သောကိုယ်ကိုကိုယ်သိသောစိတ်ကို’ ထိန်းသိမ်းကြသည်။ (၁ ပေတရု ၃:၁၆၊ ၁၇) ဘုရားသခင်၏တရားစီရင်ရာနေ့ကြီးနှင့် “ဖြောင့်မတ်ခြင်းတည်နေရာ” ကတိထားရာမြေကြီးသစ်ကိုစောင့်မျှော်နေစဉ် သန့်ရှင်းသောအမူအကျင့်များကျင့်၍ ဘုရားတရားဆည်းကပ်သူများဖြစ်ကြရန် ခရစ်ယာန်များကို ပေတရုတိုက်တွန်းသည်။—၂ ပေတရု ၃:၁၁-၁၃။
“ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာကုပ် ၄:၈
မေတ္တာကို တင်ပြပါ။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုယောဟန်ရေးခဲ့သည်။ “ငါတို့၏အပြစ်များအတွက် အပြစ်ဖြေရာယဇ်အဖြစ်” ယေရှုကိုစေလွှတ်ခြင်းဖြင့် ဘုရားသခင်သည် မိမိ၏ကြီးမားလှသောမေတ္တာကို တင်ပြကြောင်း တမန်တော်ထောက်ပြသည်။ ယင်းကို ခရစ်ယာန်များ မည်သို့တုံ့ပြန်သင့်သနည်း။ “ချစ်ရသောသူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်သည်မှန်လျှင် ငါတို့သည်လည်း အချင်းချင်း ချစ်ကြရမည့်တာဝန်ရှိ၏” ဟု ယောဟန်ရှင်းပြသည်။ (၁ ယောဟန် ၄:၈-၁၁) ထိုသို့မေတ္တာပြနိုင်သည့်နည်းတစ်နည်းမှာ ယုံကြည်သူချင်းများကို ဧည့်ဝတ်ကျေပွန်ခြင်းအားဖြင့်ဖြစ်၏။—၃ ယောဟန် ၅-၈။
သို့ဆိုလျှင် ယေဟောဝါကိုဝတ်ပြုသူများသည် ကိုယ်တော်ကိုချစ်မြတ်နိုးကြောင်း မည်သို့တင်ပြနိုင်သနည်း။ “ဘုရားသခင်ကိုချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်” ဟု ယောဟန်ဖြေဆိုသည်။ (၁ ယောဟန် ၅:၃; ၂ ယောဟန် ၆) ဘုရားသခင်ကိုနာခံသူတို့သည် ‘ထာဝရအသက်ကို ရည်မျှော်ရင်း’ ဘုရားသခင်၏ချစ်မြတ်နိုးမှု ဆက်ခံစားရမည်ကို စိတ်ချကြသည်။—ယုဒ ၂၁။
—ယာကုပ်; ၁ ပေတရု; ၂ ပေတရု; ၁ ယောဟန်; ၂ ယောဟန်; ၃ ယောဟန်; ယုဒကျမ်းကို အခြေခံသည်။