ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jr အခန်း ၁၃ စာ. ၁၅၄-၁၆၇
  • ‘ယေဟောဝါသည် ကြံစည်သောအမှုကို ပြုတော်မူပြီ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ယေဟောဝါသည် ကြံစည်သောအမှုကို ပြုတော်မူပြီ’
  • ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူ ဘာကြောင့် ဒီလောက်တောင်စိတ်ချနိုင်ရတာလဲ
  • ယေရမိ ဟောခဲ့ပြီး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့ ပရောဖက်ပြုချက်များ
  • နောက်ပိုင်းမှာပြည့်စုံခဲ့တဲ့ ပရောဖက်ပြုချက်များ
  • သင့်အပေါ် သက်ရောက်မှုရှိတဲ့ ပရောဖက်ပြုချက်များ
  • “ငါသည် တိတ်ဆိတ်စွာမနေနိုင်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ဘယ်လိုမိတ်ဆွေတွေကို သင် ရွေးချယ်မလဲ
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “ယေဟောဝါဘယ်မှာလဲ” ဆိုပြီး သင် နေ့တိုင်းမေးသလား
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
jr အခန်း ၁၃ စာ. ၁၅၄-၁၆၇

အခန်းဆယ့်သုံး

‘ယေဟောဝါသည် ကြံစည်သောအမှုကို ပြုတော်မူပြီ’

၁။ ဂျေရုဆလင်မြို့ဖျက်ဆီးခံရပြီးနောက် ယေဟောဝါရဲ့ပရောဖက်ပြုချက်တွေနဲ့ပတ်သက်ပြီး ယေရမိ ဘာပြောခဲ့သလဲ။

ဂျေရုဆလင်မြို့ ပျက်စီးသွားပြီ။ အနိုင်ရသွားတဲ့ဗာဗုလုန်တွေ ရှို့လိုက်တဲ့မီးကနေ မီးခိုးငွေ့တွေ တလိပ်လိပ်တက်နေဆဲပဲ။ အသတ်ခံရသူတွေရဲ့ စူးစူးဝါးဝါးအော်သံတွေကို ယေရမိ ပြန်ကြားယောင်နေမှာပဲ။ ဘုရားသခင်ကြိုပြောထားတဲ့အရာတွေက အတိအကျဖြစ်လာခဲ့တယ်။ ယေရမိက သက်ပြင်းချပြီး ‘ယေဟောဝါသည် ကြံစည်သောအမှုကို ပြုတော်မူပြီ’ လို့ ပြောခဲ့တယ်။ ဂျေရုဆလင်ရဲ့ကျဆုံးမှုက တကယ့်ကိုကြေကွဲဝမ်းနည်းစရာပါပဲ။—မြည်တမ်းစကား ၂:၁၇ ကိုဖတ်ပါ။

၂။ အစောပိုင်းရာစုနှစ်တွေမှာပြောခဲ့တဲ့ ဘယ်ပရောဖက်ပြုချက်ပြည့်စုံတာကို ယေရမိတွေ့မြင်ခဲ့သလဲ။

၂ ရှေးအချိန်က ပရောဖက်ပြုချက်တွေအပါအဝင် ဘုရားသခင့်လူမျိုးနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်အတော်များများ ပြည့်စုံလာတာကို ယေရမိတွေ့မြင်ခဲ့တယ်။ အစောပိုင်းရာစုနှစ်တွေမှာ မောရှေက အစ္စရေးလူမျိုးကို ဘုရားသခင်ကို နာခံခြင်းနဲ့ မနာခံခြင်းရဲ့အကျိုးဆက်တွေ၊ တစ်နည်းအားဖြင့် “ကောင်းချီး” နဲ့ ‘ကျိန်စာ’ တွေအကြောင်း ပြောပြခဲ့တယ်။ ယေဟောဝါက သူ့လူမျိုးကို ကောင်းချီးတွေရစေချင်တယ်။ မနာခံမှုရဲ့ရလဒ်ဖြစ်တဲ့ ကျိန်စာတွေကတော့ ကြောက်စရာကောင်းလှပါတယ်။ ယေဟောဝါကို လျစ်လျူရှုပြီး ဆန့်ကျင်တဲ့သူတွေဟာ ‘ကိုယ့်သားသမီးတွေရဲ့အသားကို စား’ ရတဲ့အခြေအနေတောင် ရောက်မယ်ဆိုပြီး မောရှေသတိပေးခဲ့သလို ယေရမိလည်း ထပ်သတိပေးခဲ့တယ်။ (တရား. ၃၀:၁၉၊ ၂၀; ယေ. ၁၉:၉; ဝတ်. ၂၆:၂၉) ‘ဒီလောက်ဆိုးရွားတာမျိုး တကယ်ရောဖြစ်လာနိုင်ပါ့မလား’ လို့ တချို့စဉ်းစားကြလိမ့်မယ်။ ဗာဗုလုန်တွေ မြို့ကိုဝိုင်းရံချိန်အတွင်း အစာရေစာပြတ်လပ်သွားတဲ့အခါ အဲဒီလို တကယ်ဖြစ်ခဲ့တယ်။ “စိတ်ကြင်နာတတ်သောမိန်းမတို့သည် မိမိတို့သားကိုပင် ပြုတ်ရကြ၏။ ငါ၏လူမျိုးသတို့သမီးသည် ပျက်စီးသောကာလ၌ မိမိတို့သားကိုပင် စားရကြ၏” လို့ ယေရမိရေးခဲ့တယ်။ (မြည်. ၄:၁၀) တကယ့်ကို ကြေကွဲဝမ်းနည်းစရာပါပဲ။

၃။ သူ့လူမျိုးဆီ ပရောဖက်တွေကို ဘုရားသခင်စေလွှတ်ရတဲ့ရည်ရွယ်ချက်က ဘာလဲ။

၃ ယေရမိလိုပရောဖက်တွေကို ယေဟောဝါစေလွှတ်ရတဲ့ရည်ရွယ်ချက်က ဖျက်ဆီးခြင်းအကြောင်းကြေညာဖို့လောက်ပဲ မဟုတ်ဘူး။ ဘုရားသခင်က သူ့လူမျိုးကို သစ္စာရှိတဲ့လမ်းစဉ်ကို ပြန်လှည့်လာစေချင်တယ်။ အပြစ်လုပ်တဲ့သူတွေကို နောင်တရစေချင်တယ်။ ‘ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့် စောစောထ၍ အထပ်ထပ်စေလွှတ်သောတမန်တို့အားဖြင့် မှာလိုက်တော်မူ၏’ ဆိုပြီး ဧဇရပြောခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။—၆ ရာ. ၃၆:၁၅; ယေရမိ ၂၆:၃၊ ၁၂၊ ၁၃ ကိုဖတ်ပါ။

စာမျက်နှာ ၁၅၄ ပါ ရုပ်ပုံ

၄။ ယေရမိဟာ သူကြေညာရတဲ့သတင်းစကားနဲ့ပတ်သက်ပြီး ဘယ်လိုခံစားခဲ့ရသလဲ။

၄ ယေဟောဝါလိုပဲ ယေရမိက သူ့လူတွေကို သနားခဲ့တယ်။ ဂျေရုဆလင်မကျဆုံးခင် ယေရမိပြောတဲ့စကားကိုကြည့်ရင် သိနိုင်တယ်။ ရောက်လာတော့မယ့်ဘေးဒုက္ခကြီးကြောင့် သူအရမ်းစိတ်ပူပန်ခဲ့တယ်။ လူတွေက သူကြေညာတဲ့သတင်းစကားကို နားထောင်ပြီး လိုက်နာမှသာ အဲဒီဘေးဒုက္ခကို ရှောင်နိုင်မယ်။ ဘုရားသခင့်သတင်းစကားကို ယေရမိကြေညာတဲ့အခါ ဘယ်လိုခံစားနေရမယ်ဆိုတာကို စဉ်းစားကြည့်ပါ။ “ငါ့အသည်းသည် နာ၏။ ငါ့အသည်းသည် နာ၏။ ငါ့နှလုံးအရေဖျားလည်း နာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ အကြောင်းမူကား အို ငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကိုကြားရ၏” ဆိုပြီး သူပြောခဲ့တယ်။ (ယေ. ၄:၁၉) ရောက်လာတော့မယ့်ဘေးဆိုးကြီးအကြောင်း သူ မပြောဘဲမနေနိုင်ခဲ့ဘူး။

သူ ဘာကြောင့် ဒီလောက်တောင်စိတ်ချနိုင်ရတာလဲ

၅။ ယေရမိက သူဟောတဲ့သတင်းစကားကို ဘာကြောင့်ယုံကြည်စိတ်ချတာလဲ။

၅ ယေရမိက သူပရောဖက်ပြုတဲ့အရာတွေဖြစ်လာမယ်လို့ ဘာကြောင့်ယုံကြည်စိတ်ချခဲ့သလဲ။ (ယေ. ၁:၁၇; ၇:၃၀; ၉:၂၂) ယေရမိက ယုံကြည်ခြင်းရှိတဲ့သူ၊ ကျမ်းစောင်တွေကိုလေ့လာတဲ့သူ၊ ယေဟောဝါဟာ ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတဲ့အရှင်ဖြစ်တယ်ဆိုတာကို သိထားတဲ့သူဖြစ်တယ်။ အစ္စရေးလူတွေကို အီဂျစ်လက်အောက်ကနေ လွတ်မြောက်စေတဲ့ကိစ္စလို လူ့အမြင်မှာ မဖြစ်နိုင်ပုံရတဲ့ကိစ္စတွေကိုတောင် ယေဟောဝါကြိုပြောနိုင်စွမ်းရှိတယ်ဆိုတာကို သမိုင်းက သက်သေထူတယ်။ ယေရမိက ထွက်မြောက်ရာကျမ်းမှာပါတဲ့အကြောင်းတွေနဲ့ မျက်မြင်သက်သေတစ်ဦးရဲ့စကားတွေကို ကောင်းကောင်းသိထားတယ်။ အဲဒီမျက်မြင်သက်သေယောရှုက အစ္စရေးလူတွေကို “သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာသိကြ၏” လို့ပြောခဲ့တယ်။—ယောရှု ၂၃:၁၄။

၆၊ ၇။ (က) ယေရမိရဲ့ပရောဖက်ပြုချက်တွေကို သင် ဘာကြောင့်စိတ်ဝင်စားသင့်သလဲ။ (ခ) သင်ကြေညာတဲ့သတင်းကို ယုံကြည်စိတ်ချဖို့ ဘာက ကူညီပေးမလဲ။

၆ ယေရမိရဲ့ပရောဖက်ပြုချက်တွေကို သင် ဘာကြောင့်ဆက်ပြီးအာရုံစိုက်သင့်သလဲ။ ပထမအချက်က ယေဟောဝါဟာ သူပြောတဲ့စကားတွေကို ပြည့်စုံစေမယ်ဆိုတာ ယေရမိ ယုံကြည်စိတ်ချလို့ဖြစ်တယ်။ ဒုတိယအချက်က ယေရမိကတစ်ဆင့်ပြောခဲ့တဲ့ ဘုရားသခင့်ကြေညာချက်တချို့က အခုပြည့်စုံနေပြီး နောက်ထပ်ပြည့်စုံချက်တွေကိုလည်း သင်မြင်ရမှာမို့လို့ဖြစ်တယ်။ တတိယအချက်က ဘုရားသခင့်နာမည်ကိုသုံးပြီး အားမာန်အပြည့်နဲ့ဟောခဲ့တဲ့ကြေညာချက်တွေက ယေရမိကို ထူးခြားတဲ့ကျေးကျွန်တစ်ဦး ဖြစ်စေခဲ့လို့ဖြစ်တယ်။ “တခြားပရောဖက်တွေနဲ့ယှဉ်လိုက်ရင် ယေရမိဟာ သိသိသာသာကို ထင်ပေါ်နေတယ်” ဆိုပြီး ကျမ်းပညာရှင်တစ်ယောက်ပြောခဲ့တယ်။ ဘုရားသခင်နဲ့သူ့လူတွေရဲ့သမိုင်းကြောင်းမှာ အရေးပါတဲ့ပရောဖက်တစ်ယောက်အဖြစ် ယေရမိကို အသိအမှတ်ပြုထားတဲ့အတွက် ယေရှုခေတ်ကလူတချို့က ယေရှုကို ယေရမိလို့ထင်ခဲ့ကြတယ်။—မ. ၁၆:၁၃၊ ၁၄။

၇ ယေရမိလိုပါပဲ၊ သင်က အရေးပါတဲ့ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံနေချိန်မှာ အသက်ရှင်နေရတယ်။ ဒါကြောင့် သင်လည်း ယေရမိလိုပဲ ဘုရားသခင့်ကတိတွေ တကယ်ပြည့်စုံလာမယ်ဆိုတာကို ဆက်ပြီးယုံကြည်စိတ်ချနေဖို့လိုတယ်။ (၂ ပေ. ၃:၉-၁၄) အဲဒီလိုဆက်ပြီးယုံကြည်စိတ်ချနေဖို့ ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ ဘုရားသခင်ပရောဖက်ပြုထားတဲ့စကားတွေ တကယ်ပြည့်စုံလာမယ်ဆိုတဲ့ သင့်ယုံကြည်စိတ်ချမှုကို ပိုခိုင်မာအောင်လုပ်ဆောင်ခြင်းအားဖြင့်ဖြစ်တယ်။ ယေရမိကြေညာခဲ့တဲ့၊ ပြည့်စုံလာတာကို သူကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ပရောဖက်ပြုချက်အတော်များများကို ဒီအခန်းမှာ သုံးသပ်သွားပါမယ်။ နောက်ပိုင်းမှာပြည့်စုံမယ့် ပရောဖက်ပြုချက်တွေကိုလည်း သုံးသပ်သွားပါမယ်။ တချို့ပရောဖက်ပြုချက်တွေက အခုရော၊ အနာဂတ်မှာပါ သင့်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိတယ်။ ဒီလိုသုံးသပ်တဲ့အတွက် ယေဟောဝါပရောဖက်ပြုထားတဲ့စကားတွေ တကယ်ပြည့်စုံလာမယ်ဆိုတဲ့ သင့်ယုံကြည်စိတ်ချမှု ပိုခိုင်မာလာပါလိမ့်မယ်။ ကိုယ်တော်က ‘ကြံစည်သောအမှုကို ပြုလိမ့်မယ်’ ဆိုတာကို သင် ပိုယုံကြည်စိတ်ချလာပါလိမ့်မယ်။—မြည်. ၂:၁၇။

ဘုရားသခင်က ပရောဖက်တွေကို ဘာကြောင့်စေလွှတ်တာလဲ။ ရောက်လာတော့မယ့် ဖျက်ဆီးခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို သင် ဘာကြောင့်ယုံကြည်စိတ်ချသလဲ။

ယေရမိ ဟောခဲ့ပြီး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့ ပရောဖက်ပြုချက်များ

၈၊ ၉။ ကျမ်းစာရဲ့ထူးခြားချက်တစ်ခုက ဘာလဲ။

၈ အနာဂတ်ကို ကြိုဟောတဲ့သူတွေ အများကြီးရှိတယ်။ ဥပမာ၊ စီးပွားရေးပညာရှင်၊ နိုင်ငံရေးသမား၊ နတ်ဆရာနဲ့ မိုးလေဝသခန့်မှန်းသူတွေဖြစ်တယ်။ နောက်တစ်ရက်နှစ်ရက် ဒါမှမဟုတ် နောက်တစ်ပတ်နှစ်ပတ်လောက်မှာ ဘာဖြစ်လာမယ်ဆိုတဲ့ အသေးအဖွဲကိစ္စတွေကိုတောင် တိတိကျကျကြိုပြောဖို့ ခက်တယ်ဆိုတာ သင်သိပါတယ်။ ဒါပေမဲ့ တိကျတဲ့ပရောဖက်ပြုချက်တွေက ကျမ်းစာရဲ့ထူးခြားချက်တစ်ခုဖြစ်တယ်။ (ဟေရှာ. ၄၁:၂၆; ၄၂:၉) ယေရမိရဲ့ပရောဖက်ပြုချက်အားလုံးက မကြာခင်မှာဖြစ်မယ့်အရာပဲဖြစ်စေ၊ အနာဂတ်မှာဖြစ်မယ့်အရာပဲဖြစ်စေ မှားတယ်ဆိုတာမရှိဘူး။ သူ့ပရောဖက်ပြုချက်အတော်များများက လူတစ်ဦးစီနဲ့ရော လူမျိုးတွေနဲ့ပါ သက်ဆိုင်တယ်။ ယေရမိခေတ်မှာပြည့်စုံခဲ့တဲ့ ပရောဖက်ပြုချက်တချို့ကို သုံးသပ်ကြည့်ကြစို့။

၉ နောက်တစ်နှစ်,နှစ်နှစ်လောက်မှာ ကမ္ဘာ့အခြေအနေ ဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူကြိုဟောနိုင်သလဲ။ ဥပမာ၊ နိုင်ငံတကာရေးရာမှာကျွမ်းကျင်တဲ့ ဘယ်ပညာရှင်က နိုင်ငံရေးအပြောင်းအလဲရှိမယ်,မရှိဘူးဆိုတာကို အတိအကျကြိုဟောနိုင်သလဲ။ ယေရမိကတော့ ဗာဗုလုန်ရဲ့တန်ခိုးအာဏာကြီးထွားလာမယ်ဆိုပြီး ဘုရားသခင့်လမ်းညွှန်ချက်အရ ကြိုဟောခဲ့တယ်။ ယေဟောဝါက “ရွှေဖလား” ဖြစ်တဲ့ ဗာဗုလုန်ကိုသုံးပြီး ယုဒပြည်အပေါ်၊ အနီးဝန်းကျင်ကမြို့တွေနဲ့လူတွေအပေါ် သူ့ဒေါသကိုသွန်းလောင်းမယ်၊ သူတို့ကို ကျွန်ဘဝရောက်စေမယ်လို့ ယေရမိပြောခဲ့တယ်။ (ယေ. ၅၁:၇) အဲဒီအတိုင်း တကယ်ဖြစ်ခဲ့တယ်ဆိုတာကို ယေရမိနဲ့ သူ့တစ်ခေတ်တည်းသားတွေ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်။—ယေရမိ ၂၅:၁၅-၂၉; ၂၇:၃-၆; ၄၆:၁၃ တို့နဲ့နှိုင်းယှဉ်ပါ။

၁၀။ ယုဒဘုရင်လေးယောက်အကြောင်း ယေဟောဝါ ဘယ်လိုကြိုဟောခဲ့သလဲ။

၁၀ ယုဒဘုရင်လေးယောက်ရဲ့ဇာတ်သိမ်းကို ကြိုဟောဖို့လည်း ယေရမိကို ယေဟောဝါအသုံးပြုခဲ့တယ်။ ဘုရင်ယောရှိရဲ့သား ရှလုံလို့ခေါ်တဲ့ ယောခတ်က ပြည်နှင်ခံရပြီး ယုဒပြည်ကို ဘယ်တော့မှပြန်လာရမှာမဟုတ်ဘူးလို့ ဘုရားသခင်ကြိုဟောခဲ့တယ်။ (ယေ. ၂၂:၁၁၊ ၁၂) အဲဒီအတိုင်းဖြစ်ခဲ့တယ်။ (၄ ရာ. ၂၃:၃၁-၃၄) ယောခတ်ရဲ့ထီးနန်းကိုဆက်ခံတဲ့ ယောယကိမ်က “မြည်းကို သင်္ဂြိုဟ်သကဲ့သို့” သင်္ဂြိုဟ်ခံရလိမ့်မယ်ဆိုပြီး ဘုရားသခင်ကြိုဟောခဲ့တယ်။ (ယေ. ၂၂:၁၈၊ ၁၉; ၃၆:၃၀) ယောယကိမ် ဘယ်လိုသေသွားတယ်၊ သူ့ရုပ်ကလာပ်ကို ဘာလုပ်ပစ်လိုက်တယ်ဆိုတာ ကျမ်းစာမှာ သတ်သတ်မှတ်မှတ်မဖော်ပြထားပေမဲ့ မြို့ဝိုင်းရံခံရချိန်အတွင်း သူ့သား ယေခေါနိက သူ့ထီးနန်းကို ဆက်ခံခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားတယ်။ ခေါနိလို့လည်းခေါ်တဲ့ ယေခေါနိဟာ ဗာဗုလုန်ကို ပြည်နှင်ဒဏ်ခံရပြီး အဲဒီမှာပဲ သေဆုံးသွားမယ်လို့ ယေရမိကြိုဟောခဲ့တယ်။ (ယေ. ၂၂:၂၄-၂၇; ၂၄:၁) အဲဒီအတိုင်း ကွက်တိဖြစ်ခဲ့တယ်။ နောက်ဆုံးဘုရင် ဇေဒကိနဲ့ပတ်သက်ပြီးတော့ကော။ ဇေဒကိဟာ သနားညှာတာမှုမရှိတဲ့ ရန်သူတွေလက်ထဲရောက်သွားမယ်ဆိုပြီး ယေရမိ ကြိုဟောခဲ့တယ်။ (ယေ. ၂၁:၁-၁၀) အဲဒီအတိုင်းဖြစ်ခဲ့သလား။ ရန်သူတွေက သူ့ကိုဖမ်းမိသွားတယ်။ သူ့သားတွေကို သူ့ရှေ့မှာတင် သတ်ပစ်ကြတယ်။ သူ့မျက်စိကိုဖောက်ထုတ်ပြီး ဗာဗုလုန်ကိုခေါ်ဆောင်သွားကြတယ်။ အဲဒီမှာပဲ သူသေဆုံးသွားတယ်။ (ယေ. ၅၂:၈-၁၁) အဲဒီပရောဖက်ပြုချက်အားလုံး ပြည့်စုံခဲ့တယ်။

၁၁။ ဟာနနိက ဘယ်သူလဲ။ သူနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုကြိုဟောခဲ့သလဲ။

၁၁ ဇေဒကိနန်းစံချိန်အတွင်းမှာ ပရောဖက်အတုအယောင်ဟာနနိက ဂျေရုဆလင်ကို ဗာဗုလုန်တွေအနိုင်ရမယ်ဆိုတဲ့ ယေရမိကတစ်ဆင့် ယေဟောဝါရဲ့ကြေညာချက်ကို ဆန့်ကျင်ခဲ့တဲ့အကြောင်း ယေရမိကျမ်းအခန်းကြီး ၂၈ မှာ ဖော်ပြထားတယ်။ ဟာနနိက ဘုရားသခင့်စကားကို လျစ်လျူရှုပြီး ယုဒပြည်နဲ့တခြားလူမျိုးတွေပေါ် နေဗုခဒ်နေဇာတင်မယ့်ထမ်းပိုးဟာ ရိုက်ချိုးခံရမယ်လို့ အခိုင်အမာပြောခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါလမ်းညွှန်တဲ့အတိုင်း ယေရမိက ဟာနနိရဲ့မှားယွင်းမှုကို ဖော်ထုတ်ပြီး လူမျိုးများစွာက ဗာဗုလုန်ဆီမှာကျွန်ခံရလိမ့်မယ်လို့ ထပ်ပြောခဲ့တယ်။ အဲဒီပရောဖက်အတုအယောင်က တစ်နှစ်အတွင်းမှာပဲ သေဆုံးရလိမ့်မယ်လို့လည်း သူပြောခဲ့တယ်။ အဲဒီအတိုင်း တကယ်ဖြစ်ခဲ့တယ်။—ယေရမိ ၂၈:၁၀-၁၇ ကိုဖတ်ပါ။

၁၂။ ယေရမိရဲ့တစ်ခေတ်တည်းသားအများစုက သူ့ရဲ့အဓိကပရောဖက်ပြုချက်ကို ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၁၂ ယေရမိကို ဘုရားသခင်ကြိုဟောခိုင်းတဲ့ အဓိကပရောဖက်ပြုချက်က ဂျေရုဆလင်မြို့ကျဆုံးခြင်းနဲ့ ပတ်သက်တယ်။ ဂျူးတွေက သူတို့ရဲ့ရုပ်တုကိုးကွယ်မှု၊ တရားမမျှတမှုနဲ့ အကြမ်းဖက်မှုတွေကို နောင်တမယူဘဲ ဆက်လုပ်နေမယ်ဆိုရင် မြို့က ဖျက်ဆီးခံရမယ်လို့ ယေရမိ အကြိမ်ကြိမ်သတိပေးခဲ့တယ်။ (ယေ. ၄:၁; ၁၆:၁၈; ၁၉:၃-၅၊ ၁၅) ယေရမိရဲ့တစ်ခေတ်တည်းသားများစွာကတော့ ယေဟောဝါ ဘယ်တော့မှ အဲဒီလိုလုပ်မှာမဟုတ်ဘူးလို့ ထင်ကြတယ်။ ဘုရားသခင့်ဗိမာန်တော်က ဂျေရုဆလင်မှာ ရှိနေတယ်။ ဒီလိုသန့်ရှင်းမြင့်မြတ်တဲ့နေရာ ပျက်စီးသွားဖို့ ဘုရားသခင်ခွင့်ပြုပါ့မလား။ အဲဒီလိုလုံးဝဖြစ်လာမှာမဟုတ်ဘူးလို့ သူတို့ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါက မလိမ်ဘူးဆိုတာ သင်သိပါတယ်။ ကိုယ်တော်က သူကြံစည်ထားတဲ့အတိုင်း လုပ်ခဲ့တယ်။—ယေ. ၅၂:၁၂-၁၄။

စာမျက်နှာ ၁၆၀ ပါ ရုပ်ပုံ

မိဘတို့– ဧဗဒမေလက်၊ ဗာရုတ်နဲ့ ရေခပ်အမျိုးသားတွေရဲ့ ပုံသက်သေကိုသုံးပြီး သင့်သားသမီးတွေရဲ့ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေပါ

၁၃။ (က) ကျွန်တော်တို့ခေတ်က ယေရမိခေတ်နဲ့ ဘယ်လိုဆင်တူသလဲ။ (ခ) ယေရမိခေတ်က လူတချို့ကို ဘုရားသခင်ပေးခဲ့တဲ့ကတိစကားတွေကို သင် ဘာကြောင့်စိတ်ဝင်စားသင့်သလဲ။

၁၃ ဒီနေ့ခေတ် ယေဟောဝါရဲ့ကျေးကျွန်တွေက ယေရမိခေတ်မှာရှိတဲ့ ဘုရားသခင်အပေါ်သစ္စာစောင့်သိသူတွေနဲ့ အခြေအနေချင်းတူတယ်။ ယေဟောဝါက သူ့သတိပေးချက်တွေကို နားမထောင်တဲ့သူအားလုံးအပေါ် မကြာခင် ဘေးဆိုးကျရောက်စေတော့မယ်ဆိုတာ ကျွန်တော်တို့သိထားတယ်။ စစ်မှန်တဲ့ဝတ်ပြုရေးဘက်ရပ်တည်ခဲ့တဲ့ ယေရမိခေတ်ကဂျူးတွေလိုပဲ ကျွန်တော်တို့လည်း ဘုရားသခင်ကြိုဟောထားတဲ့ကတိတွေကနေ အားယူနိုင်တယ်။ ရေခပ်အမျိုးသားတွေက ယေဟောဝါအပေါ်သစ္စာရှိပြီး သူတို့ဘိုးဘေးရဲ့မိန့်မှာချက်တွေကို လိုက်နာတဲ့အတွက် ဂျေရုဆလင်ကျဆုံးချိန်မှာ လွတ်မြောက်မယ်ဆိုပြီး ဘုရားသခင်ပြောခဲ့တယ်။ အဲဒီအတိုင်းဖြစ်ခဲ့တယ်။ မြို့ဝန်နေဟမိခေတ်မှာ “ရေခပ်သား မာလခိ” က ဂျေရုဆလင်မြို့ ပြန်ပြုပြင်ရာမှာကူညီပေးခဲ့တယ်လို့ နောက်ပိုင်းမှာဖော်ပြတဲ့အတွက် အဲဒီအချက်မှန်ကန်တယ်ဆိုတာ ထင်ရှားတယ်။ (နေ. ၃:၁၄; ယေ. ၃၅:၁၈၊ ၁၉) ဧဗဒမေလက်က ယေဟောဝါကိုယုံကြည်ပြီး ယေရမိကိုကူညီထောက်မခဲ့တဲ့အတွက် သူလည်း လွတ်မြောက်မယ်ဆိုပြီး ဘုရားသခင်ကတိပေးခဲ့တယ်။ (ယေ. ၃၈:၁၁-၁၃; ၃၉:၁၅-၁၈) ယေရမိရဲ့လုပ်ဖော်ဆောင်ဖက် ဗာရုတ်လည်း “အသက်ကို လက်ရဥစ္စာ” အဖြစ်ရမယ်လို့ ဘုရားသခင်ကတိပေးခဲ့တယ်။ (ယေ. ၄၅:၁၊ ၅) အဲဒီပရောဖက်ပြုချက်တွေ ပြည့်စုံမှုကနေ သင်ဘယ်လိုကောက်ချက်ချနိုင်သလဲ။ သင်လည်း သစ္စာရှိမယ်ဆိုရင် သင့်အတွက် ယေဟောဝါဘာလုပ်ပေးမယ်လို့ ထင်သလဲ။—၂ ပေတရု ၂:၉ ကိုဖတ်ပါ။

ဘုရားသခင်က သူ့ပရောဖက်ပြုချက်တွေကို ပြည့်စုံအောင်လုပ်တဲ့အတွက် ဧဗဒမေလက်၊ ဗာရုတ်နဲ့ ရေခပ်အမျိုးသားတွေ ဘယ်လိုအကျိုးရခဲ့သလဲ။ အဲဒီပရောဖက်ပြုချက်တွေနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားရသလဲ။

နောက်ပိုင်းမှာပြည့်စုံခဲ့တဲ့ ပရောဖက်ပြုချက်များ

၁၄။ ဗာဗုလုန်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ပရောဖက်ပြုချက်က ဘာကြောင့်ထူးခြားသလဲ။

၁၄ နေဗုခဒ်နေဇာက ယုဒပြည်ကိုသာမက အီဂျစ်ကိုလည်း အနိုင်ရမယ်ဆိုပြီး ဘုရားသခင်ကြိုဟောခဲ့တယ်။ (ယေ. ၂၅:၁၇-၁၉) အီဂျစ်က အင်အားကြီးနိုင်ငံဖြစ်ပြီး ယုဒပြည်ကိုတောင် ကြီးစိုးနေတဲ့အတွက် အဲဒီလို လုံးဝမဖြစ်နိုင်ပုံပေါက်နေတယ်။ (၄ ရာ. ၂၃:၂၉-၃၅) ဂျေရုဆလင်မြို့ကျဆုံးပြီးနောက် ဂျူးအကြွင်းအကျန်တွေက သူတို့ပြည်ကိုစွန့်ခွာပြီး အီဂျစ်ပြည်မှာခိုလှုံဖို့ စီစဉ်ကြတယ်။ ယေဟောဝါက သူတို့ကို အဲဒီလိုမလုပ်ဖို့ သတိပေးထားတဲ့အပြင် ယုဒပြည်မှာဆက်နေရင် ကောင်းချီးရမယ်လို့ ပြောထားတာတောင် သူတို့က အီဂျစ်ပြည်ကိုပဲ သွားချင်နေကြတယ်။ အီဂျစ်ကိုထွက်ပြေးရင်လည်း သူတို့ကြောက်တဲ့ဓားဘေးနဲ့သေရမှာပဲ။ (ယေ. ၄၂:၁၀-၁၆; ၄၄:၃၀) အီဂျစ်ကို ဗာဗုလုန်တွေ ကျူးကျော်တိုက်ခိုက်တာကို ယေရမိမြင်,မမြင်ဆိုတာကိုတော့ သူ့ကျမ်းစောင်တွေထဲမှာ မဖော်ပြထားဘူး။ ဘီစီခြောက်ရာစုအစောပိုင်းလောက်မှာ ဗာဗုလုန်တွေက အီဂျစ်ကိုအနိုင်ရလိုက်တဲ့အခါ အီဂျစ်မှာရောက်နေတဲ့ အစ္စရေးဒုက္ခသည်တွေအပေါ် ယေဟောဝါရဲ့ပရောဖက်ပြုချက်တွေ ပြည့်စုံခဲ့တာတော့ သေချာတယ်။—ယေ. ၄၃:၈-၁၃။

၁၅၊ ၁၆။ သူ့လူတွေကို ဘုရားသခင် လွတ်မြောက်စေမယ်ဆိုတဲ့စကားက ဘယ်လိုပြည့်စုံလာသလဲ။

၁၅ အီဂျစ်ကိုအနိုင်ရတဲ့ ဗာဗုလုန်ရဲ့ဇာတ်သိမ်းကိုလည်း ယေရမိ ပရောဖက်ပြုခဲ့တယ်။ ယေရမိက ဗာဗုလုန်ရုတ်တရက်ကျဆုံးသွားမယ်ဆိုတာကို အနှစ်တစ်ရာကြိုပြီး အတိအကျဟောခဲ့တယ်။ ဘယ်လိုနည်းနဲ့ ရုတ်တရက်ကျဆုံးမှာလဲ။ မြို့ကိုကာကွယ်ပေးတဲ့ကျုံးရေတွေ “ခန်းခြောက်” သွားမယ်၊ စစ်သူရဲတွေကလည်း ပြန်တိုက်ခိုက်မှာမဟုတ်ဘူးဆိုပြီး ယေရမိ ကြိုဟောခဲ့တယ်။ (ယေ. ၅၀:၃၈; ၅၁:၃၀) အဲဒီအတိုင်း အတိအကျပြည့်စုံခဲ့တယ်။ မီဒီးယားနဲ့ပါးရှားတွေက ယူဖရေးတီးမြစ်ရေကို လွှဲလိုက်တယ်။ မြစ်ကြမ်းပြင်ကို ဖြတ်ပြီး မြို့ထဲဝင်လာတယ်။ ပြီးတော့ ဗာဗုလုန်တွေကို အလစ်မှာ ဝင်တိုက်ခိုက်တယ်။ မြို့က လူသူကင်းမဲ့တဲ့နေရာဖြစ်သွားမယ်ဆိုတဲ့ ကြေညာချက်ကလည်း ထူးခြားပါတယ်။ (ယေ. ၅၀:၃၉; ၅၁:၂၆) တစ်ချိန်က အင်အားကြီးဗာဗုလုန်ဟာ ဒီနေ့အထိ လူသူကင်းမဲ့နေတာက ဘုရားသခင့်ပရောဖက်ပြုချက်ရဲ့တိကျမှုကို သက်သေထူနေတယ်။

၁၆ ဂျူးတွေက ဗာဗုလုန်တွေဆီမှာ အနှစ် ၇၀ ကျွန်ခံရမယ်ဆိုပြီး ယေရမိကတစ်ဆင့် ယေဟောဝါကြေညာခဲ့တယ်။ အဲဒီနောက် ဘုရားသခင်က သူ့လူမျိုးကို နေရင်းပြည်ဆီ ပြန်ခေါ်ဆောင်လာမယ်။ (ယေရမိ ၂၅:၈-၁၁; ၂၉:၁၀ တို့ကိုဖတ်ပါ။) ဒံယေလက အဲဒီပရောဖက်ပြုချက်ကို အပြည့်အဝယုံကြည်စိတ်ချခဲ့တယ်။ သူက အဲဒီပရောဖက်ပြုချက်ကိုသုံးပြီး ဂျေရုဆလင်မြို့ ဘယ်အချိန်အထိ “ပျက်စီး” နေမယ်ဆိုတာကို တွက်ချက်ခဲ့တယ်။ (ဒံ. ၉:၁၊ ၂) ‘ယေရမိဆင့်ဆိုတဲ့ ထာဝရဘုရား၏အမိန့်တော်ကို ပြည့်စုံစေခြင်းငှာ [ဗာဗုလုန်ကို အနိုင်ရတဲ့] ပေရသိရှင်ဘုရင်ကုရုကို ထာဝရဘုရားနှိုးဆော်’ တဲ့အတွက် သူက ဂျူးတွေကို ပြည်တော်ပြန်ခွင့်ပေးခဲ့တယ်။ (ဧဇ. ၁:၁-၄) အဲဒီနောက် ယေရမိကြိုဟောခဲ့တဲ့အတိုင်း ပြည်တော်ပြန်ဂျူးတွေက သူတို့ရဲ့နေရင်းပြည်မှာ အေးချမ်းငြိမ်သက်စွာနေထိုင်ပြီး စစ်မှန်တဲ့ဝတ်ပြုရေးကို ပြန်တည်ထောင်ခဲ့ကြတယ်။—ယေ. ၃၀:၈-၁၀; ၃၁:၃၊ ၁၁၊ ၁၂; ၃၂:၃၇။

၁၇။ ရာမမြို့မှာ “ငိုကြွေးခြင်း” နဲ့ပတ်သက်တဲ့ ယေရမိရဲ့စကားတွေက ဘယ်ဖြစ်ရပ်နှစ်ခုမှာ ပြည့်စုံခဲ့ပုံရတယ်ဆိုတာ ရှင်းပြပါ။

၁၇ ယေရမိဟာ အနာဂတ်မှာပြည့်စုံမယ့် ပရောဖက်ပြုချက်တွေကိုလည်း မှတ်တမ်းတင်ခဲ့တယ်။ “ထာဝရဘုရားမိန့်တော်မူသည်ကား ရာမအရပ်၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကိုကြားရ၍ ရာခေလသည် မိမိသားတို့မရှိသောကြောင့် ငို၍စိတ်မပြေနိုင်” လို့ သူရေးခဲ့တယ်။ (ယေ. ၃၁:၁၅) ဘီစီ ၆၀၇ မှာ ဂျေရုဆလင်မြို့ ပျက်စီးပြီးတဲ့နောက် မြို့ရဲ့မြောက်ဘက် ငါးမိုင်လောက်မှာရှိတဲ့ ရာမမြို့မှာ ဂျူးသုံ့ပန်းတွေစုဝေးခဲ့ပုံရတယ်။ သုံ့ပန်းတချို့က ရာမမြို့မှာ အသတ်ခံခဲ့ရတာဖြစ်နိုင်တယ်။ အဲဒါက ရာခေလဟာ သူ့ရဲ့ ‘သားတွေ’ မရှိတော့လို့ ငိုကြွေးတယ်ဆိုတဲ့ပရောဖက်ပြုချက်ရဲ့ ပထမပြည့်စုံမှုလို့ ပြောနိုင်တယ်။ အနှစ်ခြောက်ရာကျော်ကြာပြီးနောက်မှာ ဘုရင်ဟေရုဒ်က ဘက်သလီဟင်မြို့မှာရှိတဲ့ မွေးကင်းစကလေးတွေကို သတ်ပစ်စေတယ်။ အဲဒီလိုသတ်ဖြတ်ခံရချိန်မှာခံစားရတဲ့ စိတ်နာကျင်မှုအကြောင်း ယေရမိကြိုဟောခဲ့တယ်ဆိုပြီး ခရစ်ဝင်ကျမ်းရေးသူ မဿဲက ရှင်းပြခဲ့တယ်။—မ. ၂:၁၆-၁၈။

စာမျက်နှာ ၁၆၃ ပါ ရုပ်ပုံ

ဒီနေ့အချိန်မှာ ဧဒုံလူမျိုးတွေ ဘယ်မှာရှိသလဲ

၁၈။ ဧဒုံနဲ့ပတ်သက်တဲ့ ဘုရားသခင့်ပရောဖက်ပြုချက် ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၈ နောက်ပရောဖက်ပြုချက်တစ်ခုက အေဒီပထမရာစုမှာ ပြည့်စုံခဲ့တယ်။ ဗာဗုလုန်တွေရဲ့တိုက်ခိုက်ကျူးကျော်မှုခံရတဲ့ နိုင်ငံတွေထဲမှာ ဧဒုံပြည်လည်းပါမယ်ဆိုပြီး ယေရမိကတစ်ဆင့် ဘုရားသခင်ကြိုဟောခဲ့တယ်။ (ယေ. ၂၅:၁၅-၁၇၊ ၂၁; ၂၇:၁-၇) ဒါပေမဲ့ အဲဒီလောက်ပဲ ကြိုဟောခဲ့တာမဟုတ်ဘူး။ ဧဒုံပြည်ဟာ သောဒုံနဲ့ဂေါမောရမြို့လိုဖြစ်သွားလိမ့်မယ်ဆိုပြီး ပြောခဲ့တယ်။ လူသူကင်းမဲ့ပြီး လုံးဝပျောက်ကွယ်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။ (ယေ. ၄၉:၇-၁၀၊ ၁၇၊ ၁၈) အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ ဒီနေ့ခေတ်မှာ ဧဒုံပြည်နဲ့ဧဒုံလူမျိုးဆိုတဲ့နာမည်တွေကို ဘယ်မှာရှာတွေ့နိုင်မယ်လို့ သင်ထင်သလဲ။ ခေတ်သစ်မြေပုံတွေထဲမှာလား။ မဟုတ်ပါဘူး။ အဲဒီနာမည်တွေကို ရှေးဟောင်းစာအုပ်တွေနဲ့ ကျမ်းစာသမိုင်းကြောင်းစာအုပ်တွေ ဒါမှမဟုတ် ရှေးခေတ်မြေပုံတွေထဲမှာပဲ တွေ့နိုင်တယ်။ ဘီစီဒုတိယရာစုနှစ်မှာ ဧဒုံလူမျိုးက ဂျူးဘာသာထဲ သွတ်သွင်းခံခဲ့ရတယ်လို့ ဖလေးဗီးယပ်စ်ဂျိုစီဖတ်စ် မှတ်တမ်းတင်ခဲ့တယ်။ အဲဒီနောက် အေဒီ ၇၀ မှာ ဂျေရုဆလင်ဖျက်ဆီးခံရတဲ့အခါ ဧဒုံလူမျိုးလည်း ကမ္ဘာ့ဇာတ်ခုံပေါ်ကနေ ပျောက်ကွယ်သွားတော့တယ်။

၁၉။ ဘုရားသခင်က ပရောဖက်ပြုချက်ကို ပြည့်စုံစေနိုင်စွမ်းရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး ယေရမိကျမ်းက ဘာဖော်ပြသလဲ။

၁၉ သင်တွေ့ခဲ့ရတဲ့အတိုင်း ယေရမိကျမ်းရဲ့အခန်းကြီးတိုင်းမှာ လူတစ်ဦး ဒါမှမဟုတ် လူမျိုးတွေနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ ပါဝင်တယ်။ ပရောဖက်ပြုချက်အများစုကတော့ ပြည့်စုံခဲ့ပြီ။ အဲဒီအချက်နဲ့တင် ယေရမိကျမ်းကို သင် အာရုံစိုက်လေ့လာသင့်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချက်က သင်ကိုးကွယ်တဲ့ ကြီးမြတ်တဲ့ဘုရားသခင်ယေဟောဝါဟာ ကြံစည်တဲ့အတိုင်း လုပ်ဆောင်ခဲ့ပြီး အဲဒီအတိုင်းလုပ်ဆောင်ဦးမယ်ဆိုတာ သင့်ကိုယုံကြည်စိတ်ချစေတယ်။ (ဟေရှာယ ၄၆:၉-၁၁ ကိုဖတ်ပါ။) ကျမ်းစာကြိုဟောချက်တွေအပေါ် သင့်ယုံကြည်စိတ်ချမှုကိုလည်း ခိုင်ခံ့စေနိုင်တယ်။ ယေရမိ မှတ်တမ်းတင်ခဲ့တဲ့ ပရောဖက်ပြုချက်တချို့ရဲ့ ပြည့်စုံမှုက သင်နဲ့သင့်အနာဂတ်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေတယ်။ အဲဒီပရောဖက်ပြုချက်တချို့ကို ဆက်သုံးသပ်ကြည့်ကြစို့။

ယေရမိ သေဆုံးပြီးနောက် ပြည့်စုံခဲ့တဲ့ပရောဖက်ပြုချက်တချို့က ဘာတွေလဲ။ အဲဒီပရောဖက်ပြုချက်တွေက သင့်အတွက် ဘာကြောင့်အရေးကြီးသလဲ။

သင့်အပေါ် သက်ရောက်မှုရှိတဲ့ ပရောဖက်ပြုချက်များ

၂၀-၂၂။ ယေရမိကျမ်းထဲက ပရောဖက်ပြုချက်တချို့အပါအဝင် ကျမ်းစာပရောဖက်ပြုချက်တွေဟာ တစ်ကြိမ်ထက်မက ပြည့်စုံတတ်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။ ဥပမာပေးပါ။

၂၀ ကျမ်းစာပရောဖက်ပြုချက်တစ်ခုက တစ်ကြိမ်ထက်မက ပြည့်စုံတတ်တယ်။ ဥပမာ၊ ယေရှုကို တပည့်တွေက “ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်” အကြောင်းမေးတဲ့အခါ ယေရှုပေးတဲ့အဖြေက အဲဒီလိုဖြစ်ခဲ့တယ်။ (မ. ၂၄:၃) ယေရှုရဲ့အဖြေက အေဒီ ၆၆ နဲ့ ၇၀ ကြားမှာ ပြည့်စုံခဲ့တယ်။ ဒါပေမဲ့ အဲဒီပရောဖက်ပြုချက်ရဲ့ကဏ္ဍတချို့က ဒီဆိုးညစ်တဲ့လောကတစ်ခုလုံးအပေါ် “ကြီးစွာသောဒုက္ခ” ကျရောက်မယ့်အချိန်မှာ ပြည့်စုံလာဦးမယ်ဆိုတာ ထင်ရှားတယ်။ အဲဒီဒုက္ခက “ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်သည့် ကြီးစွာသောဒုက္ခ” ဖြစ်တယ်။ (မ. ၂၄:၂၁) ယေရမိရဲ့ပရောဖက်ပြုချက်တချို့ကလည်း တစ်ကြိမ်ထက်မက ပြည့်စုံခဲ့တယ်။ ပရောဖက်ပြုချက်တချို့က ဘီစီ ၆၀၇ မှာ ပထမအကြိမ်ပြည့်စုံခဲ့တယ်။ ဒါပေမဲ့ နောက်နှစ်များစွာကြာပြီးမှ ဒုတိယအကြိမ်ပြည့်စုံခဲ့တယ်။ ဥပမာ၊ “ရာခေလသည် မိမိသားတို့မရှိသောကြောင့် ငို” တယ်ဆိုတဲ့ပရောဖက်ပြုချက်ဖြစ်တယ်။ (ယေ. ၃၁:၁၅) တကယ်တော့ ယေရမိရဲ့ကြိုဟောချက်တချို့က သင်အသက်ရှင်နေတဲ့အချိန်နဲ့သက်ဆိုင်ပြီး ပြည့်စုံမှုကလည်း သင့်အပေါ် သက်ရောက်မှုရှိတယ်။

၂၁ အဲဒီအချက်ကို ဗျာဒိတ်ကျမ်းမှာ တွေ့နိုင်တယ်။ တမန်တော်ယောဟန်က ဘီစီ ၅၃၉ မှာဖြစ်ခဲ့တဲ့ ဗာဗုလုန်ကျဆုံးခြင်းနဲ့ပတ်သက်တဲ့ ယေရမိရဲ့ပရောဖက်ပြုချက်တွေကို ပြန်ရည်ညွှန်းခဲ့တယ်။ အဲဒီပြည့်စုံမှုနဲ့ နောက်ထပ်အကြီးစားပြည့်စုံမှုရဲ့ တူညီချက်တွေကို ဗျာဒိတ်ကျမ်းမှာတွေ့နိုင်တယ်။ ဒီနေ့ခေတ်မှာပြည့်စုံခဲ့တဲ့ ယေရမိရဲ့ပရောဖက်ပြုချက်တစ်ခုကတော့ အင်ပါယာကြီးတစ်ခုကို တင်စားတဲ့ မှားယွင်းတဲ့ကမ္ဘာ့ဘာသာရေးအင်ပါယာ “မဟာဗာဗုလုန်” ကျဆုံးခြင်းနဲ့ပတ်သက်တဲ့ပရောဖက်ပြုချက်ဖြစ်တယ်။ (ဗျာ. ၁၄:၈; ၁၇:၁၊ ၂၊ ၅; ယေ. ၅၀:၂; ၅၁:၈) ဘုရားသခင့်လူတွေက မဟာဗာဗုလုန်ခံရမယ့်ပြစ်ဒဏ်ကနေ လွတ်ဖို့ “သူ၏အထဲမှထွက်” ရမှာဖြစ်တယ်။ (ဗျာ. ၁၈:၂၊ ၄; ယေ. ၅၁:၆) မဟာဗာဗုလုန်ရဲ့လူတွေ၊ နောက်လိုက်တွေကို ပုံဆောင်တဲ့ ရေတွေက “ခန်းခြောက်” သွားမှာဖြစ်တယ်။—ယေ. ၅၁:၃၆; ဗျာ. ၁၆:၁၂။

၂၂ ဘုရားသခင်က သူ့လူတွေကို မညှာမတာဆက်ဆံတဲ့ မှားယွင်းတဲ့ဘာသာတရားကို လက်စားချေမယ်လို့ ကတိပေးထားတယ်။ အဲဒီကတိက အနာဂတ်မှာပြည့်စုံလာဦးမယ်။ ယေဟောဝါက မဟာဗာဗုလုန်ကို “သူပြုဖူးသမျှအတိုင်း သူ၌ပြု” ပါလိမ့်မယ်။ (ယေ. ၅၀:၂၉; ၅၁:၉; ဗျာ. ၁၈:၆) မှားယွင်းတဲ့ဘာသာတရား ကြီးစိုးတဲ့နေရာအားလုံးက လူသူကင်းမဲ့သွားပါလိမ့်မယ်။—ယေ. ၅၀:၃၉၊ ၄၀။

၂၃။ စစ်မှန်တဲ့ဝတ်ပြုရေး ပြန်လည်တည်ထောင်မယ်ဆိုတဲ့ ယေရမိရဲ့ကြိုဟောချက်က ၂၀ ရာစုမှာ ဘယ်လိုပြည့်စုံခဲ့သလဲ။

၂၃ ယေရမိရဲ့ပရောဖက်ပြုချက်တွေမှာ အပြုသဘောဆောင်တဲ့ ကဏ္ဍတွေလည်း ရှိတယ်ဆိုတာ သင်သတိထားမိပါလိမ့်မယ်။ ဒီနေ့ခေတ်မှာ ကမ္ဘာပေါ် စစ်မှန်တဲ့ဝတ်ပြုရေး ပြန်လည်တည်ထောင်မယ့်အကြောင်း ယေရမိ ကြိုဟောခဲ့တယ်။ ရှေးခေတ်ဗာဗုလုန်ရဲ့ သုံ့ပန်းဘဝကနေ ဂျူးတွေလွတ်မြောက်ခဲ့သလိုပဲ ကောင်းကင်မှာ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီးနောက် မဟာဗာဗုလုန်ရဲ့ချုပ်နှောင်မှုအောက်ကနေ ဘုရားသခင့်လူတွေ လွတ်မြောက်လာခဲ့တယ်။ ဘုရားသခင်က သူ့လူတွေအတွက် စစ်မှန်တဲ့ဝတ်ပြုရေးကို ပြန်တည်ထောင်ပေးခဲ့တယ်။ ဒါကြောင့် သူတို့က ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပြီး ဝမ်းမြောက်ခဲ့ကြတယ်။ တခြားသူတွေ ဘုရားသခင်ကိုဝတ်ပြုလာအောင်၊ ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိလာအောင် သူတို့ ကြိုးစားလုပ်ဆောင်နေတာကို ကိုယ်တော်ကောင်းချီးပေးတယ်။ (ယေရမိ ၃၀:၁၈၊ ၁၉ ကိုဖတ်ပါ။) ယေဟောဝါက သူ့လူတွေကို သိုးအုပ်ကိုကာကွယ်စောင့်ရှောက်ပေးတဲ့ ရင့်ကျက်တဲ့သိုးထိန်းတွေအားဖြင့် ကူညီထောက်မမယ်လို့ကတိပေးခဲ့တယ်။ အဲဒီကတိက ဒီနေ့အချိန်မှာ ဘယ်လိုပြည့်စုံနေတယ်ဆိုတာကို သင်သိပါတယ်။—ယေ. ၃:၁၅; ၂၃:၃၊ ၄။

၂၄။ ယေရမိရဲ့ဘယ်ပရောဖက်ပြုချက် ပြည့်စုံဖို့ကျန်သေးသလဲ။

၂၄ ယေရမိရဲ့ပရောဖက်ပြုချက်မှာ သစ္စာရှိသူတွေ ကောင်းချီးတွေရမယ်ဆိုတဲ့ကတိသာမက ယေဟောဝါနဲ့ဆက်ဆံရေးကောင်းကို မထိန်းသိမ်းတဲ့သူတွေ ဖျက်ဆီးခံရမယ်ဆိုတဲ့သတိပေးချက်လည်း ပါဝင်တယ်။ ဒီနေ့ခေတ်မှာလည်း အဲဒီလိုပဲဖြစ်လိမ့်မယ်။ ဒါကြောင့် “ထာဝရဘုရားကွပ်မျက်တော်မူခြင်းကို ခံရသောသူတို့သည် မြေကြီးတစ်ဖက်မှတစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ဖြစ်ကြလိမ့်မည်” ဆိုတဲ့စကားမှာပါတဲ့ သတိပေးချက်က ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့သိကြတယ်။—ယေ. ၂၅:၃၃။

၂၅။ ဒီနေ့ခေတ် ဘုရားသခင့်လူတွေမှာ ဘာတာဝန်ရှိသလဲ။

၂၅ ယေရမိလိုပဲ ကျွန်တော်တို့လည်း ခက်ခဲကျပ်တည်းတဲ့အချိန်မှာ အသက်ရှင်နေရတယ်။ ယေရမိခေတ်ကလိုပဲ၊ လူတွေရဲ့သေရေးရှင်ရေးက ယေဟောဝါရဲ့သတင်းစကားကို သူတို့ရဲ့တုံ့ပြန်ပုံအပေါ် မူတည်နေတယ်။ ဒီနေ့ခေတ် ဘုရားသခင့်လူတွေက ပရောဖက်တွေ မဟုတ်ကြဘူး။ ကျမ်းစာမှာပါတဲ့ ယေဟောဝါရဲ့မမှားယွင်းနိုင်တဲ့ စကားတွေကို ထပ်ဖြည့်စွက်ဖို့လည်း စွမ်းအားတော်နဲ့လမ်းညွှန်မခံရဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဒီလောကစနစ်ရဲ့နိဂုံးရောက်တဲ့အထိ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာနေဖို့ တာဝန်ရထားတယ်။ (မ. ၂၈:၁၉၊ ၂၀) ဖြစ်လာမယ့်အရာတွေကို လူတွေကိုမပြောဘဲနေတာက ‘ယေဟောဝါရဲ့စကားတော်ကို ခိုး’ တာနဲ့တူတယ်။ ကျွန်တော်တို့ အဲဒီလိုမလုပ်ချင်ကြဘူး။ (ယေရမိ ၂၃:၃၀ ကိုဖတ်ပါ။) ဘုရားသခင့်စကားတွေရဲ့ အစွမ်းတန်ခိုးရှိမှုနဲ့ အကျိုးသက်ရောက်မှုကို လျော့ပါးသွားအောင်မလုပ်မိဖို့ ကျွန်တော်တို့စိတ်ပိုင်းဖြတ်ထားကြတယ်။ ယေရမိကို ဘုရားသခင်ပြောခိုင်းတဲ့ ပရောဖက်ပြုချက်အတော်များများက ပြည့်စုံခဲ့ပြီးပြီ။ အဲဒီအချက်က ကျန်တဲ့ပရောဖက်ပြုချက်တွေလည်း ပြည့်စုံလာမယ်ဆိုတာကို လုံးဝယုံကြည်စိတ်ချစေတယ်။ ဘုရားသခင်က ‘ကြံစည်သောအမှုကို ပြုပြီး ရှေးကာလ၌ မိန့်တော်မူသောစကားတော်ကို ပြည့်စုံစေ’ မယ်ဆိုတာ လူတွေကို ကျွန်တော်တို့ပြောရမယ်။—မြည်. ၂:၁၇။

စာမျက်နှာ ၁၆၆ ပါ ရုပ်ပုံ

ဖြစ်လာမယ့်အရာတွေကို မပြောဘဲနေခြင်းအားဖြင့် ‘ယေဟောဝါရဲ့စကားတော်ကို ခိုး’ တဲ့သူတွေ မဖြစ်ကြပါနဲ့

၂၆။ ဘယ်ပရောဖက်ပြုချက်ကို ဆက်သုံးသပ်ကြမလဲ။

၂၆ ယေဟောဝါက သူ့လူတွေနဲ့ “ပဋိညာဉ်တရားသစ်” ဖွဲ့မယ်ဆိုတဲ့ကတိကို ကျွန်တော်တို့ထည့်မစဉ်းစားဘူးဆိုရင် ပရောဖက်အဖြစ် ယေရမိလုပ်ခဲ့ဟောခဲ့တာတွေကို သုံးသပ်တာက ပြည့်စုံမှာမဟုတ်ဘူး။ ကိုယ်တော်က အဲဒီ “ပဋိညာဉ်တရားသစ်” ရဲ့ပညတ်တွေကို သူတို့ရဲ့နှလုံးသားပေါ်ရေးမှာဖြစ်တယ်။ (ယေ. ၃၁:၃၁-၃၃) အဲဒီပရောဖက်ပြုချက်နဲ့ပြည့်စုံမှုက သင်နဲ့တိုက်ရိုက်သက်ဆိုင်တယ်။ အဲဒီအကြောင်းကို နောက်အခန်းမှာ သုံးသပ်ပါမယ်။

ဒီနေ့အချိန်မှာ ယေရမိကျမ်းမှာပါတဲ့ ဘယ်ပရောဖက်ပြုချက်တွေ ပြည့်စုံခဲ့ပြီလဲ။ ပြည့်စုံဖို့ကျန်သေးတဲ့ ပရောဖက်ပြုချက်တွေနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားရသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ