အခန်း ဆယ့်ကိုး
သူ ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ သေတဲ့အထိ ဦးစီးခဲ့
၁၊ ၂။ (က) ယောသပ်ရဲ့ မိသားစု ဘယ်အပြောင်းအလဲတွေနဲ့ ကြုံရသလဲ။ (ခ) ဇနီးသည်ကို ဘယ်သတင်းဆိုး ပြောပြလိုက်သလဲ။
ယောသပ်ဟာ မြည်းပေါ်ကို ပစ္စည်းနောက်တစ်ထုပ် ထပ်တင်လိုက်တယ်။ မှောင်နေတဲ့ ဘက်သလီဟင်ကျေးရွာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သန်မာတဲ့ ဝန်တင်တိရစ္ဆာန်ရဲ့ နံပါးကို ပုတ်လိုက်တဲ့ ယောသပ်ကို မြင်ယောင်ကြည့်လိုက်ပါ။ ရှေ့ဆက်ရမယ့် ခရီးရှည်ကြီးအကြောင်း သူစဉ်းစားနေမှာ သေချာတယ်။ အီဂျစ်ပြည်ကို သွားရမယ်။ လူမျိုးမတူ၊ ဘာသာစကားမတူ၊ ယဉ်ကျေးမှု မတူတဲ့ နေရာမှာ သူ့မိသားစု အဆင်ပြေပါ့မလား။
၂ ချစ်ဇနီး မာရိကို သတင်းဆိုး ပြောပြဖို့ ယောသပ်အတွက် မလွယ်ပေမဲ့ အားတင်းပြီး ပြောပြလိုက်တယ်။ ဟေရုဒ် မင်းကြီးက သူတို့ရဲ့ သားလေးကို သတ်ပစ်ချင်တဲ့အကြောင်း ဘုရားသခင်က ကောင်းကင်တမန်က တစ်ဆင့် သူ့ကို အိပ်မက်ထဲမှာ လာပြောတယ်လို့ မာရိကို ပြောပြတယ်။ ဒါကြောင့် ချက်ချင်းထွက်ပြေးမှ ဖြစ်မယ်။ (မဿဲ ၂:၁၃၊ ၁၄ ကိုဖတ်ပါ။) မာရိ တော်တော် စိုးရိမ်သွားတယ်။ အန္တရာယ်မပေးနိုင်တဲ့ အပြစ်မဲ့ သားလေးကို ဘာဖြစ်လို့ သတ်ချင်နေရတာလဲ။ ဒါကို မာရိနဲ့ ယောသပ် နားမလည်နိုင်ဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားကို သူတို့ ယုံကြည်တဲ့အတွက် အီဂျစ်ပြည်ကိုသွားဖို့ ပြင်ဆင်တော့တယ်။
၃။ ဘက်သလီဟင်ကနေ ယောသပ်ရဲ့ မိသားစု ထွက်လာခဲ့ပုံကို ပြောပြပါ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၃ ဒီကိစ္စတွေကို မသိတဲ့ ဘက်သလီဟင် မြို့သားတွေ အိပ်မောကျနေချိန်မှာ ယောသပ်၊ မာရိ၊ ယေရှုတို့ဟာ အမှောင်ထဲမှာ ထွက်ပြေးခဲ့ကြတယ်။ တောင်ဘက်ပိုင်းကို ဦးတည်သွားနေတုန်း အရှေ့ မိုးကုပ်စက်ဝိုင်းက လင်းစ ပြုလာတာနဲ့အမျှ ရှေ့ဆက် ဘာတွေ ကြုံရမလဲဆိုပြီး ယောသပ် စဉ်းစားနေပါလိမ့်မယ်။ ဆင်းရဲတဲ့ လက်သမားဟာ သူ့ရဲ့ မိသားစုကို သြဇာအာဏာ ကြီးမားသူတွေရဲ့ လက်ကနေ ဘယ်လိုလုပ် ကာကွယ်ပေးနိုင် မှာလဲ။ မိသားစုကို အမြဲ ကျွေးမွေး စောင့်ရှောက် ပေးနိုင်ပါ့လား။ ယေဟောဝါဘုရားဆီက ရရှိထားတဲ့ ဒီထူးခြားတဲ့ ကလေးကို ပြုစုပျိုးထောင်ရမယ့် ကြီးလေးတဲ့ တာဝန်ကို သူ ဆက်လုပ်ဆောင်နိုင်ပါ့မလား။ ယောသပ်ဟာ စိုးရိမ်စရာ အခက်အခဲတွေ ရင်ဆိုင်ရတော့မယ်။ အဲဒီအခက်အခဲတွေကို ယောသပ် ကိုင်တွယ်ခဲ့ပုံကနေ ဒီနေ့ခေတ် ဖခင်တွေအပြင် ကျွန်တော်တို့အားလုံး သူ့ရဲ့ ယုံကြည်ခြင်းကို ဘာကြောင့် အတုယူဖို့ လိုတယ်ဆိုတာ သိရပါလိမ့်မယ်။
မိသားစုကို ယောသပ် ကာကွယ်ပေးခဲ့
၄၊ ၅။ (က) ယောသပ်ရဲ့ ဘဝဟာ ဘယ်လို ပြောင်းလဲသွားသလဲ။ (ခ) ကြီးလေးတဲ့ တာဝန်ကို ယောသပ်လက်ခံဖို့ ကောင်းကင်တမန်က ဘယ်လို အားပေးသလဲ။
၄ အစောပိုင်း လအနည်းငယ်လောက်က နာဇရက်မြို့သား ယောသပ်ဟာ ဟေလိရဲ့သမီးနဲ့ စေ့စပ်ပြီးတဲ့နောက် သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။ မာရိဟာ အပြစ်ဆိုစရာမရှိတဲ့ သစ္စာရှိအမျိုးသမီး ဖြစ်တယ်ဆိုတာ ယောသပ် သိထားတယ်။ အခုတော့ မာရိမှာ ကိုယ်ဝန် ရှိနေတယ် ဆိုပါလား။ ဒါနဲ့ မာရိ အရှက်တကွဲ မဖြစ်ရလေအောင် တိတ်တဆိတ် ကွာရှင်းပေးမယ်လို့ စိတ်ကူးလိုက်တယ်။a ဒါပေမဲ့ မာရိဟာ ယေဟောဝါဘုရားရဲ့ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ကိုယ်ဝန်ရှိတာလို့ ကောင်းကင်တမန်တစ်ပါးက ယောသပ်ကို အိပ်မက်ထဲမှာ ရှင်းပြတယ်။ မွေးလာမယ့်ကလေးဟာ “လူတွေကို အပြစ်ကနေ ကယ်တင်လိမ့်မယ်” ဆိုပြီး ကောင်းကင်တမန် ဆက်ပြောတယ်။ ပြီးတော့ “မင်းရဲ့ဇနီး မာရိကို အိမ်ခေါ်သွားဖို့ မစိုးရိမ်နဲ့” လို့လည်း ယောသပ်ကို ထပ်ပြောတယ်။—မ. ၁:၁၈-၂၁။
၅ ဖြောင့်မတ်ပြီး နာခံမှုရှိတဲ့ ယောသပ်ဟာ မှာတဲ့အတိုင်း လုပ်တယ်။ ကိုယ့်သွေးမဟုတ်ပေမဲ့ ဘုရားသခင်ရဲ့ အဖိုးထိုက်ဆုံးသားကို ပြုစုစောင့်ရှောက်ဖို့ ကြီးလေးတဲ့တာဝန်ကို သူလက်ခံလိုက်တယ်။ အဲဒီနောက် ယောသပ်ဟာ ဘုရင့်အမိန့်ကြောင့် မှတ်ပုံတင်ဖို့ ကိုယ်ဝန်ရှိတဲ့ ဇနီးသည်နဲ့ ဘက်သလီဟင်ကို သွားတယ်။ ကလေးကို အဲဒီမှာပဲ မွေးတယ်။
၆-၈။ (က) ဘယ်အဖြစ်အပျက်တွေကြောင့် ယောသပ်တို့ မိသားစု နောက်ထပ် အပြောင်းအလဲနဲ့ ကြုံခဲ့ရသလဲ။ (ခ) အဲဒီကြယ်ကို စာတန် လွှတ်လိုက်တယ်ဆိုတာ ဘယ်လိုသိရသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၆ ယောသပ်ဟာ သူ့မိသားစုကို နာဇရက်မြို့ဆီ ပြန်မခေါ်သွားဘဲ ဂျေရုဆလင်မြို့နဲ့ သိပ်မဝေးတဲ့ ဘက်သလီဟင်မြို့မှာ အခြေချတယ်။ သူတို့မိသားစုဟာ ဆင်းရဲနွမ်းပါးပေမဲ့ မာရိနဲ့ ယေရှုတို့ကို ဖူဖူလုံလုံရှိအောင် ယောသပ် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတယ်။ သိပ်မကြာခင်မှာပဲ နေထိုင်စရာ အိမ်လေးတစ်လုံး ရခဲ့တယ်။ အဲဒီနောက် ယေရှု တစ်နှစ်ကျော်ကျော် အရွယ်မှာ သူတို့ရဲ့ မိသားစုဘဝ ရုတ်တရက် ပြောင်းလဲသွားပြန်တယ်။
၇ အလွန်ဝေးတဲ့ အရှေ့အရပ်၊ ဗာဗုလုန်ပြည်ကနေ နက္ခတ်ဗေဒင်ဆရာတွေ ရောက်လာတယ်။ သူတို့ဟာ ကြယ်တစ်လုံး နောက်ကို လိုက်လာပြီး ဂျူးတွေရဲ့ဘုရင် ဖြစ်လာမယ့် ကလေးကို တွေ့ဖို့ ယောသပ်နဲ့ မာရိတို့ အိမ်ကို ရောက်လာကြတယ်။ အဲဒီလူတွေဟာ တခြားသူတွေကို လေးလေးစားစား ဆက်ဆံတတ်သူတွေ ဖြစ်တယ်။
၈ ဖြစ်ချင်တော့ နက္ခတ်ဗေဒင်ဆရာတွေဟာ ကလေးကို မထင်မှတ်ဘဲ အန္တရာယ် ကျရောက်စေခဲ့တယ်။ အကြောင်းကတော့ လမ်းပြတဲ့ကြယ်ဟာ ဘက်သလီဟင်ကို မသွားဘဲ ဂျေရုဆလင်ကို သွားလိုက်တယ်။b အဲဒီကိုရောက်တော့ သူတို့က ဂျူးတွေရဲ့ဘုရင် ဖြစ်လာမယ့် ကလေးကို လာရှာတဲ့အကြောင်း ယုတ်မာတဲ့ ဟေရုဒ်မင်းကို ပြောပြကြတယ်။ အဲဒီသတင်းကို ကြားတာနဲ့ မင်းကြီးက မနာလိုဖြစ်ပြီး ဒေါသထွက်ခဲ့တယ်။
၉-၁၁။ (က) ဟေရုဒ်နဲ့ စာတန်ထက် ပိုတန်ခိုးကြီးတဲ့ပုဂ္ဂိုလ် ရှိနေတယ်ဆိုတာ ဘယ်လိုနည်းနဲ့ တွေ့ရသလဲ။ (ခ) အီဂျစ်ခရီးစဉ်က အပေါခရစ်ဖယ်ကျမ်းတွေမှာ ဖော်ပြထားတာနဲ့ ဘယ်လို ကွာခြားသလဲ။
၉ ဒါပေမဲ့ ဝမ်းသာစရာက ဟေရုဒ်နဲ့ စာတန်ထက် ပိုတန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်ရှိနေတယ်။ ဘယ်လိုသိရသလဲ။ အဲဒီနက္ခတ်ဗေဒင်ဆရာတွေ ယေရှုအိမ်ကို ရောက်လာပြီး သူနဲ့ သူ့အမေကို တွေ့တဲ့အခါ “ရွှေ၊ လောဗန်၊ မုရန်” တွေကို ပေးတယ်။ ဒီတန်ဖိုးကြီး လက်ဆောင်တွေကို ယောသပ်နဲ့ မာရိရလို့ အရမ်းအံ့သြသွားကြမှာပဲ။ အဲဒီနောက် နက္ခတ်ဗေဒင်ဆရာတွေက ကလေးကို ဘယ်နေရာမှာ တွေ့ခဲ့တဲ့အကြောင်း ဟေရုဒ်ကို ပြန်ပြောပြဖို့ ရည်ရွယ်ထားတယ်။ ဒီအခါ ယေဟောဝါဘုရားက တခြားလမ်းကနေ အိမ်ပြန်ကြဖို့ အိပ်မက်ကတစ်ဆင့် သူတို့ကို ညွှန်ကြားခဲ့တယ်။—မဿဲ ၂:၁-၁၂ ကိုဖတ်ပါ။
၁၀ နက္ခတ်ဗေဒင်ဆရာတွေ ပြန်သွားပြီး မကြာခင်မှာ ယေဟောဝါဘုရားရဲ့ ကောင်းကင်တမန်က ယောသပ်ကို ဒီလို သတိပေးတယ်– “ထတော့။ ကလေးနဲ့ ဇနီးကိုခေါ်ပြီး အီဂျစ်ပြည်ကို ထွက်ပြေးပါ။ ဟေရုဒ်က ကလေးကိုသတ်ဖို့ ရှာတော့မယ်။ ငါ အကြောင်းမပြန်မချင်း အဲဒီမှာပဲ နေပါ။” (မ. ၂:၁၃) ဒီအခန်းရဲ့ အစမှာ ဖော်ပြတဲ့အတိုင်း ယောသပ်ဟာ ကလေးဘေးကင်းရေးကို အဓိကထားပြီး အီဂျစ်ပြည်ကို ချက်ချင်း မိသားစုလိုက် ထွက်သွားတယ်။ နက္ခတ်ဗေဒင်ဆရာတွေ ပေးသွားတဲ့ တန်ဖိုးကြီး လက်ဆောင်တွေက ခရီးစရိတ်နဲ့ အီဂျစ်ပြည်မှာ နေထိုင်ဖို့စရိတ် ကာမိစေမှာဖြစ်တယ်။
ယောသပ်ဟာ ကိုယ်ကျိုးမငဲ့ဘဲ ကလေးကို ကာကွယ်ပေးဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့
၁၁ ကလေးငယ် ယေရှုဟာ အီဂျစ်ပြည်ခရီးစဉ်ကို တိုပေးလိုက်တဲ့အပြင် ဓားပြတွေနဲ့ တွေ့တဲ့အခါ အန္တရာယ်မပေးနိုင်အောင် လုပ်လိုက်တယ်၊ သူ့အမေ စွန်ပလွံသီး ခူးစားလို့ရအောင် စွန်ပလွံကိုင်းတွေကို ကိုင်းညွတ်ပေးတယ်လို့ ကျမ်းရင်းဝင်မဟုတ်တဲ့ အပေါခရစ်ဖယ်ကျမ်းတွေနဲ့ ဒဏ္ဍာရီပုံပြင်တွေမှာ ဖွဲ့နွဲ့ရေးသား ထားတယ်။c တကယ်တော့ ယောသပ်တို့ မိသားစုဟာ မသိကျွမ်းတဲ့ နေရာဆီကို ကြမ်းတမ်းပြီး ဝေးလံတဲ့ခရီး နှင်ခဲ့ကြရတယ်။
မိသားစုအတွက် ယောသပ် အနစ်နာခံခဲ့
၁၂။ အန္တရာယ်များတဲ့ ဒီလောကမှာ သားသမီးတွေကို ပြုစုပျိုးထောင်နေရတဲ့ မိဘတွေဟာ ယောသပ်ဆီကနေ ဘာသင်ယူနိုင်သလဲ။
၁၂ မိဘတွေဟာ ယောသပ်ဆီကနေ အများကြီး သင်ယူနိုင်ပါတယ်။ သူဟာ မိသားစုရဲ့ လုံခြုံရေးအတွက် အလုပ်ကို ဘေးချိတ်ပြီး အနစ်နာခံဖို့ အသင့်ရှိတယ်။ သူ့မိသားစုကို ယေဟောဝါဘုရားဆီက မြင့်မြတ်တဲ့ လက်ဆောင်အဖြစ် ရှုမြင်တယ်။ ဒီနေ့ခေတ် မိဘတွေဟာ စာတန့်လောကမှာ သားသမီးတွေကို ပြုစုပျိုးထောင်နေကြရပါတယ်။ စာတန့်လောကဟာ လူငယ်တွေကို အမှားလုပ်မိအောင်၊ ဒုက္ခရောက်ပြီး ဘဝပျက်အောင် သြဇာလွှမ်းမိုးနိုင်တယ်။ အဲဒီလို သြဇာတွေကနေ ကလေးတွေကို ကာကွယ်ပေးဖို့ ယောသပ်လို ပြတ်ပြတ်သားသား လုပ်ဆောင်နေတဲ့ မိဘတွေကို တကယ်လေးစားထိုက်တယ်။
မိသားစုကို ယောသပ် ကျွေးမွေးစောင့်ရှောက်ခဲ့
၁၃၊ ၁၄။ ယောသပ်နဲ့ မာရိဟာ နာဇရက်မြို့ကို ဘာကြောင့်ပြန်သွားကြသလဲ။
၁၃ ယောသပ်တို့ မိသားစုဟာ အီဂျစ်ပြည်မှာ အကြာကြီး မနေရပါဘူး။ အဲဒီကိုရောက်ပြီး မကြာခင်မှာပဲ ကောင်းကင်တမန်က ဟေရုဒ်မင်း သေပြီလို့ သတင်းလာပေးတယ်။ ဒီလိုနဲ့ ယောသပ်ဟာ သူ့မိသားစုကို နေရင်းတိုင်းပြည်ဆီ ပြန်ခေါ်သွားတယ်။ ယေဟောဝါဘုရားက သူ့သားကို “အီဂျစ်ပြည်ကနေ” ခေါ်ထုတ်မယ်လို့ ရှေးကတည်းက ကြိုဟောထားတယ်။ (မ. ၂:၁၅) အဲဒီကြိုဟောချက် ပြည့်စုံလာအောင် ယောသပ် ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ မိသားစုကို ဘယ်နေရာ ခေါ်သွားမလဲ။
၁၄ ယောသပ်က ပညာသတိရှိသူပါ။ ဟေရုဒ်နေရာကို ဆက်ခံတဲ့ အာခေလဟာ ရက်စက်ကြမ်းကြုတ်တဲ့သူဖြစ်မှန်း ယောသပ် သိလို့ စိုးရိမ်နေတယ်။ ဒီအခါ ဘုရားသခင့် လမ်းညွှန်ချက်အရ မိသားစုကို ဂါလိလဲနယ်က သူ့မွေးရပ်မြေ နာဇရက်မြို့ကို ခေါ်သွားတယ်။ အဲဒီမြို့က မသမာမှုတွေ များတဲ့ ဂျေရုဆလင်မြို့ရဲ့ မြောက်ဘက်မှာ ရှိတယ်။ ယောသပ်နဲ့ မာရိဟာ နာဇရက်မြို့မှာ အခြေချပြီး မိသားစုကို ကျွေးမွေးပြုစု ကြတယ်။—မဿဲ ၂:၁၉-၂၃ ကိုဖတ်ပါ။
၁၅၊ ၁၆။ ယောသပ် ဘာတွေ လုပ်ခဲ့ရသလဲ။ ဘယ်လက်သမားပစ္စည်းတွေကို သူ အသုံးပြုခဲ့ရမလဲ။
၁၅ သူတို့ဘဝဟာ ရိုးရှင်းပေမဲ့ အတော်လေး ခက်ခဲတယ်။ ကျမ်းစာမှာ ယောသပ်ကို လက်သမားလို့ ဖော်ပြထားတယ်။ အဲဒီအချိန်က လက်သမားတွေဟာ သစ်ခုတ်ရတယ်၊ သစ်တွေကို ထမ်းလာပြီး အသားသေအောင် လုပ်ရတယ်။ ပြီးမှ အဲဒီသစ်တွေနဲ့ အိမ်၊ လှေ၊ တံတား၊ လှည်း၊ ဘီး၊ ထမ်းပိုး၊ လယ်ယာသုံးပစ္စည်း အမျိုးမျိုး လုပ်ကြရတယ်။ (မ. ၁၃:၅၅) အဲဒီအလုပ်က တကယ်ပင်ပန်းတဲ့ အလုပ်ပါ။ ကျမ်းစာခေတ်က လက်သမားတွေဟာ ကိုယ့်အိမ် အဝင်ဝနားမှာ၊ အဖီဆွဲထားတဲ့ ဆိုင်မှာ အလုပ်လုပ်ကြတယ်။
၁၆ ယောသပ်ဟာ လက်သမားပစ္စည်း အမျိုးမျိုးကို အသုံးပြုခဲ့ရမှာပဲ။ တချို့ကို သူ့အဖေဆီက ရထားတာ ဖြစ်နိုင်တယ်။ ဈေးကြီးတဲ့ လက်သမားပစ္စည်းတွေဖြစ်တဲ့ ကျင်တွယ်၊ ချိန်သီး၊ မြေဖြူခဲ၊ ရဲတင်း၊ လွှ၊ ပုဆိန်၊ ပဲခွပ်၊ တံစည်း၊ တူ၊ လက်ရိုက်၊ ဆောက်၊ လေးပါတဲ့ လွန်၊ ကော်အမျိုးမျိုးနဲ့ သံတွေကိုလည်း ယောသပ် အသုံးပြုခဲ့မှာပဲ။
၁၇၊ ၁၈။ (က) မွေးစားအဖေဆီကနေ ယေရှု ဘာတွေ သင်ယူခဲ့သလဲ။ (ခ) ယောသပ်ဟာ ခါတိုင်းထက်ပိုပြီး ဘာကြောင့် အလုပ်ကြိုးစားလုပ်ခဲ့ရသလဲ။
၁၇ မွေးစားအဖေ ယောသပ် အလုပ်လုပ်နေတာကို ကြည့်နေတဲ့ ယေရှုလေးကို မြင်ယောင်ကြည့်ပါ။ ယောသပ်ရဲ့ လှုပ်ရှားမှုတိုင်းကို မျက်လုံးအဝိုင်းသားနဲ့ စိတ်ဝင်တစား ကြည့်နေရင်း ကြံ့ခိုင် သန်မာတဲ့ လက်မောင်းတွေ၊ အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နေတဲ့ လက်တွေ၊ စူးရှတဲ့မျက်လုံးတွေကို သူ တကယ် အားကျနေမှာပဲ။ ယောသပ်ဟာ သားလေးကို ငါးအရေခွံခြောက်သုံးပြီး သစ်သားချောအောင် လုပ်ရတဲ့ လွယ်ကူတဲ့အလုပ်တွေကို စပြီး သင်ပေးခဲ့ပါလိမ့်မယ်။ သင်္ဘောသဖန်းသား၊ ဝက်သစ်ချသား၊ သံလွင်သားစတဲ့ သစ်သားအမျိုးမျိုးရဲ့ ကွာခြားချက်တွေကိုလည်း ပြောပြခဲ့မှာပဲ။
သားဖြစ်သူကို လက်သမား ဖြစ်လာအောင် ယောသပ် လေ့ကျင့်ပေးခဲ့
၁၈ သစ်ပင်တွေကို ခုတ်လှဲ၊ ရက်မကြီးတွေကို ရွေပေါ်ထိုး၊ သစ်သားချင်း ဆက်သွားအောင် ရိုက်ထည့်တဲ့ အဲဒီအားကောင်းတဲ့ လက်တွေနဲ့ပဲ ယောသပ်ဟာ သူ့ရဲ့ဇနီးနဲ့ သားသမီးတွေကို ကြင်ကြင်နာနာ ပွေ့ပိုက်၊ နှစ်သိမ့်ပေးတာကိုလည်း ယေရှု တွေ့မြင်ခဲ့မှာပဲ။ ယောသပ်နဲ့ မာရိမှာ ယေရှုအပြင် အနည်းဆုံး နောက်ထပ် သားသမီးခြောက်ယောက် ရှိလာတယ်။ (မ. ၁၃:၅၅၊ ၅၆) အဲဒါကြောင့် ယောသပ်ဟာ မိသားစုကြီးကို ကျွေးမွေးပြုစုဖို့ ခါတိုင်းထက် ပိုပြီးအလုပ်လုပ်ခဲ့ရမယ်။
မိသားစုရဲ့ ဝတ်ပြုရေးက အရေးအကြီးဆုံးဆိုတာ ယောသပ် သိနားလည်ထား
၁၉။ ဘုရားသခင်နဲ့ သူတို့မိသားစု ဆက်ဆံရေးကောင်းဖို့ ယောသပ် ဘာတွေ လုပ်ပေးခဲ့ရသလဲ။
၁၉ ဒါပေမဲ့ မိသားစုရဲ့ ဝတ်ပြုရေးက အရေးအကြီးဆုံး ဆိုတာ ယောသပ် သိထားတယ်။ ဒါကြောင့် အချိန်ယူပြီး ယေဟောဝါဘုရား အကြောင်း၊ ဘုရားသခင့်ပညတ်တွေ အကြောင်း သားသမီးတွေကို သင်ပေးခဲ့မှာပဲ။ အဲဒီအပြင် သူနဲ့ မာရိဟာ ကလေးတွေကို ပညတ်ကျမ်းတွေ ဖတ်ပြ၊ ရှင်းပြတဲ့ တရားဇရပ်ကို မှန်မှန်ခေါ်သွားတယ်။ အဲဒီကအပြန် ယေရှု သိချင်တဲ့ အကြောင်းတွေ အများကြီးရှိလို့ သူစိတ်ကျေနပ်တဲ့အထိ ဖြေပေးနိုင်ဖို့ ယောသပ် ကြိုးစားခဲ့ရမယ်။ ဂျေရုဆလင်မြို့မှာ ကျင်းပတဲ့ ဘာသာရေး ပွဲတွေဆီကိုလည်း မိသားစုကို ခေါ်သွားတယ်။ နှစ်စဉ်ကျင်းပတဲ့ ပသခါပွဲမှာ ပါဝင်နိုင်ဖို့ ၇၅ မိုင်ဝေးတဲ့ခရီးကို အသွားအပြန် နှစ်ပတ်လောက် သွားခဲ့ကြရတယ်။
ဂျေရုဆလင်မြို့က ဗိမာန်တော်မှာ ဝတ်ပြုဖို့ မိသားစုကို ယောသပ် မှန်မှန်ခေါ်သွားခဲ့
၂၀။ အိမ်ထောင်ဦးစီးတွေဟာ ယောသပ်ရဲ့ စံနမူနာကို ဘယ်လို လိုက်လျှောက်နိုင်သလဲ။
၂၀ ဒီနေ့ခေတ် ခရစ်ယာန် အိမ်ထောင်ဦးစီးတွေလည်း အဲဒီအတိုင်းပဲ လုပ်နေကြပါတယ်။ စားဝတ်နေရေးနဲ့ တခြားဝေယျာဝစ္စတွေထက် သားသမီးတွေကို ဘုရားရေးရာဘက် သွန်သင်ပေးတာကို ဦးစားပေးကြတယ်။ မိသားစုဝတ်ပြုမှုလုပ်ဖို့၊ ကလေးတွေနဲ့အတူ ပတ်စဉ်အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေ တက်ဖို့ အစွမ်းကုန် ကြိုးစားကြတယ်။ သားသမီးတွေကို ယေဟောဝါဘုရားအကြောင်း သွန်သင်ပေးတာထက် ပိုကောင်းတဲ့အရာ မရှိဘူးဆိုတာ ယောသပ်လိုပဲ သူတို့ သိကြတယ်။
“စိတ်ပူပန်နေ”
၂၁။ ပသခါပွဲခံချိန်ဟာ ယောသပ်တို့ မိသားစုအတွက် ဘယ်လို အချိန်အခါမျိုး ဖြစ်သလဲ။ ယောသပ်နဲ့ မာရိဟာ ဘယ်အချိန်ကျမှ ယေရှု ပျောက်နေမှန်း သတိထားမိကြသလဲ။
၂၁ ယေရှု အသက် ၁၂ နှစ်အရွယ်မှာ ယောသပ်က ခါတိုင်းလိုပဲ မိသားစုနဲ့အတူ ဂျေရုဆလင်မြို့ကို သွားတယ်။ ပသခါပွဲ ကျင်းပချိန်ဖြစ်လို့ မိသားစုတွေဟာ စိမ်းလန်းစိုပြည်တဲ့ ကျေးလက်ဒေသမှာ တပျော်တပါး အတူတူ ခရီးသွားနေကြတယ်။ တောင်ကတုံးပေါ်မှာရှိတဲ့ ဂျေရုဆလင်မြို့အနီး ရောက်လာတဲ့အခါ အတူခရီးသွားသူတွေဟာ ဆာလံသီချင်းတွေကို ဆိုသွားကြပါလိမ့်မယ်။ (ဆာ. ၁၂၀-၁၃၄) ဂျေရုဆလင်မြို့ထဲမှာ လူတွေ စည်ကားနေမှာ သေချာတယ်။ ပသခါပွဲ ပြီးတဲ့နောက် မိသားစုတွေဟာ လာလမ်းအတိုင်း အိမ်ပြန်သွားကြတယ်။ အလုပ်ရှုပ်နေနိုင်တဲ့ ယောသပ်နဲ့ မာရိဟာ လူအုပ်ထဲမှာ ယေရှု ပါလာတယ်လို့ပဲ ထင်နေတယ်။ ဂျေရုဆလင်မြို့ကနေ ထွက်လာပြီး တစ်ရက်ကြာတော့မှ ယေရှု ပျောက်နေမှန်း သတိထားမိပြီး လန့်ဖျပ်သွားကြတယ်။—လု. ၂:၄၁-၄၄။
၂၂၊ ၂၃။ သား ပျောက်နေတာကို သိတဲ့အခါ ယောသပ်နဲ့ မာရိတို့ ဘာလုပ်ခဲ့ကြသလဲ။ သားကို တွေ့တဲ့အခါ မာရိ ဘာပြောသလဲ။
၂၂ စိုးရိမ်တကြီးနဲ့ ဂျေရုဆလင်မြို့ကို ချက်ချင်း ပြန်သွားပြီး ယေရှုကို လိုက်ရှာကြတော့တယ်။ အခုတော့ ခြောက်ကပ်နေပြီး လူတွေမရှိတော့တဲ့ မြို့ထဲမှာ တစ်လမ်းဝင် တစ်လမ်းထွက် သားနာမည်ကို အော်ခေါ်နေတဲ့ သူတို့ကို မြင်ယောင်ကြည့်လိုက်ပါ။ ဒီကလေး ဘယ်ရောက်နေပါလိမ့်။ သုံးရက်လောက် လိုက်ရှာပြီးနောက် ယောသပ်ဟာ ယေဟောဝါဘုရား အပ်နှင်းထားတဲ့ တာဝန်ကို မကျေပွန်ဘူးလို့ ခံစားမိမှာပဲ။ နောက်ဆုံးတော့ ဗိမာန်တော်မှာ သွားရှာကြတယ်။ အဲဒီမှာ ရှာနေရင်း အခန်းတစ်ခန်းကို ရောက်သွားတဲ့အခါ ယေရှုလေးက ကျမ်းတတ်ပုဂ္ဂိုလ်တွေ၊ ပညာတတ်တွေအလယ်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။ အဲဒီအခါကျမှ ယောသပ်နဲ့ မာရိတို့ သက်ပြင်းချနိုင်တော့တယ်။—လု. ၂:၄၅၊ ၄၆။
၂၃ ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်တွေ ပြောတာကို နားထောင်ပြီး သိချင်တာတွေကို မေးမြန်းပြောဆိုနေတယ်။ သူ့ရဲ့ သိနားလည်မှုနဲ့ ဖြေဆိုနေပုံကို အဲဒီပုဂ္ဂိုလ်တွေ အံ့သြနေကြတယ်။ ယောသပ်နဲ့ မာရိလည်း ယေရှု ဒီလိုလုပ်တာကို အံ့သြနေတယ်။ ကျမ်းစာမှတ်တမ်းအရ ယောသပ်ကတော့ ဘာမှမပြောပေမဲ့ မာရိက “သားရယ်၊ အဖေနဲ့ အမေ့မှာ သားကို အပူတပြင်း ရှာလိုက်ရတာ။ ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ” လို့ ပြောလိုက်တယ်။ မာရိရဲ့ စကားတွေက သူတို့နှစ်ယောက်စလုံး စိုးရိမ်နေမှန်း သိသာတယ်။—လု. ၂:၄၇၊ ၄၈။
၂၄။ မိဘဖြစ်ရခြင်းရဲ့ အခြေအနေမှန်ကို ကျမ်းစာက ဘယ်လို ဖော်ပြသလဲ။
၂၄ ဒီလိုနည်းနဲ့ ကျမ်းစာက မိဘဖြစ်ရခြင်းရဲ့ အခြေအနေမှန်ကို ဖော်ပြတယ်။ စုံလင်တဲ့ကလေးအတွက်တောင် မိဘတွေ စိတ်ပူရတာပဲ။ အန္တရာယ်များတဲ့ ဒီနေ့ခေတ်မှာ မိဘဖြစ်ရတာ ပိုလို့တောင် “စိတ်ပူပန်” စရာ ဖြစ်တယ်။ ဒါပေမဲ့ မိဘတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျမ်းစာက အသိအမှတ်ပြုလို့ စိတ်သက်သာစရာပါပဲ။
၂၅၊ ၂၆။ မိဘတွေကို ယေရှုဘယ်လို ပြန်ဖြေခဲ့သလဲ။ သားရဲ့စကားတွေနဲ့ ပတ်သက်ပြီး ယောသပ် ဘယ်လို ခံစားမိနိုင်သလဲ။
၂၅ ယေရှုဟာ ကောင်းကင်ဖခင် ယေဟောဝါနဲ့ အနီးဆုံးနေရာလို့ သူယူမှတ်တဲ့ တစ်ခုတည်းသောနေရာမှာ ရှိနေပြီး ကြားသိရသမျှကို မှတ်သားနေပါတယ်။ ဒါကြောင့်လည်း မိဘတွေကို သူ ဒီလိုရိုးရိုးလေး ပြန်ဖြေတာပါ– “သားကို ဘာလို့ ရှာနေကြတာလဲ။ အဖရဲ့အိမ်တော်မှာ သားရှိနေမယ်ဆိုတာ မသိဘူးလား။”—လု. ၂:၄၉။
၂၆ အဲဒီစကားတွေကို ယောသပ် အကြိမ်ကြိမ် စဉ်းစားပြီး ဂုဏ်ယူခဲ့မှာပဲ။ ယေဟောဝါဘုရားနဲ့ ပတ်သက်ပြီး ယေရှု အဲဒီလိုခံစားရအောင် ယောသပ် ကြိုးစားသင်ပေးခဲ့တာ မဟုတ်လား။ ယေရှုဟာ ယောသပ်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ရှိခဲ့တယ်။ ဒါကြောင့် မေတ္တာပြည့်ဝတဲ့ဖခင်ဟာ ဘယ်လိုမျိုးလဲဆိုတာ အခုလို ကလေးအရွယ်မှာတောင် သူကောင်းကောင်း သိနေပြီ။
၂၇။ ဖခင်တစ်ယောက်အနေနဲ့ သင့်မှာ ဘယ်အခွင့်ထူး ရှိသလဲ။ ယောသပ်ရဲ့ စံနမူနာကို ဘာကြောင့် သတိရသင့်သလဲ။
၂၇ သင်ဟာ ဖခင်ဖြစ်မယ်ဆိုရင် မေတ္တာပြည့်ဝပြီး ကာကွယ်ပေးတတ်တဲ့ ဖခင်ဟာ ဘယ်လိုမျိုးလဲဆိုတာ သင့်ကလေး သိမြင်လာအောင် ကူညီပေးရတဲ့ အခွင့်ထူး ရထားပါတယ်။ သင့်မှာ မွေးစားသားသမီး၊ လင်ပါမယားပါ သားသမီးတွေ ရှိတယ်ဆိုရင် ယောသပ်ရဲ့ စံနမူနာကို သတိရပါ။ ကလေးတစ်ဦးစီကို တန်ဖိုးထားပြီး သူတို့ကို ကောင်းကောင်းဆက်ဆံပါ။ သူတို့ရဲ့ ကောင်းကင်ဖခင် ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးလာအောင် ကူညီပေးပါ။—ဧဖက် ၆:၄ ကိုဖတ်ပါ။
မိသားစုကို ယောသပ် ဆက်ဦးစီးခဲ့
၂၈၊ ၂၉။ (က) လုကာ ၂:၅၁၊ ၅၂ မှာ မှတ်တမ်းတင်ထားတဲ့ ကျမ်းစကားတွေကနေ ယောသပ်အကြောင်း ဘာသိရသလဲ။ (ခ) ယောသပ်ဟာ သူ့သား ဉာဏ်ပညာ ဆက်တိုးများ လာရအောင် ဘယ်လို ကူညီပေးခဲ့သလဲ။
၂၈ ကျမ်းစာက ယောသပ်အကြောင်း နည်းနည်းပဲ ထပ်ဖော်ပြပေမဲ့ အဲဒီကနေ သင်ယူစရာ အများကြီး ရှိပါတယ်။ ယေရှုဟာ “မိဘစကားကို အမြဲနာခံတယ်။” “ကာယဉာဏ နှစ်တန်စလုံး ကြီးထွား ဖွံ့ဖြိုးလာတယ်။ ဘုရားသခင်ရှေ့၊ လူရှေ့ မျက်နှာသာရတဲ့သူ ဖြစ်လာတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (လုကာ ၂:၅၁၊ ၅၂ ကိုဖတ်ပါ။) အဲဒီစကားတွေက ယောသပ်နဲ့ ပတ်သက်ပြီး ဘာဖော်ပြသလဲ။ အများကြီးပါပဲ။ ယောသပ်ဟာ အိမ်ထောင်ကို ကောင်းကောင်း ဦးစီးသူဖြစ်မှန်း၊ ဒါကြောင့်လည်း စုံလင်တဲ့ သားက အဖေရဲ့ သြဇာကို လက်အောက်ခံပြီး ရိုသေလေးစားမှန်း သိရတယ်။
၂၉ ယေရှုဟာ ဉာဏ်ပညာ ဆက်တိုးများလာတယ်လို့လည်း သိရတယ်။ ဒီကိစ္စမှာ ယောသပ်ဟာ သူ့သားကို အများကြီး ကူညီပေးခဲ့တာ သေချာတယ်။ အဲဒီခေတ်က ဂျူးတွေမှာ ပြောနေကျ စကားပုံတစ်ခုရှိတယ်။ အဲဒီစကားပုံကို ဒီနေ့အထိ လူတွေ သိကြတယ်။ အဲဒါကတော့ ချမ်းသာပြီး ဇိမ်ကျကျနေရတဲ့ အမျိုးသားတွေကပဲ ပညာရှိတွေ ဖြစ်လာနိုင်တယ်။ လက်သမား၊ လယ်သမား၊ ပန်းပဲသမားတွေကတော့ “ဖြောင့်မတ်ခြင်းနှင့် တရားသဖြင့် စီရင်ခြင်းတွေအကြောင်း ဘာမှမသိဘူး။ ပညာရှိစကားတွေကိုလည်း သူတို့ မပြောတတ်ဘူး” ဆိုတာပါပဲ။ အဲဒီစကားပုံက မမှန်ဘူးဆိုတာ နောက်ပိုင်းမှာ ယေရှု သက်သေပြခဲ့တယ်။ သူ့ရဲ့ မွေးစားဖခင်၊ ဆင်းရဲတဲ့ လက်သမားဟာ ယေဟောဝါဘုရားရဲ့ “တရားမျှတမှုနဲ့ တရားစီရင်ချက်” တွေကို ထိထိရောက်ရောက် သွန်သင်ပေးခဲ့တာကို ယေရှု အကြိမ်ကြိမ် ကြားခဲ့ရမှာ သေချာပါတယ်။
၃၀။ ဒီနေ့ခေတ် အိမ်ထောင် ဦးစီးတွေအတွက် ယောသပ် ဘယ်လို စံနမူနာကောင်း ပြခဲ့သလဲ။
၃၀ ယေရှုရဲ့ ကာယကျန်းမာရေးကိုလည်း ယောသပ် ဂရုစိုက်ပေးခဲ့တယ်ဆိုတာ သိသာပါတယ်။ ယေရှု ငယ်ငယ်တုန်းက ကောင်းကောင်း ဂရုစိုက်ခံခဲ့ရလို့ ကျန်းမာသန်စွမ်းသူတစ်ယောက် ဖြစ်လာတယ်။ ဒါ့အပြင် လက်သမားအလုပ်ကိုလည်း ကျွမ်းကျင်အောင် ယောသပ် သင်ပေးခဲ့တယ်။ ဒါကြောင့်လည်း ယေရှုကို လက်သမားသားလို့ ခေါ်တဲ့အပြင် “လက်သမား” လို့လည်း လူသိများတယ်။ (မာ. ၆:၃) ဒါကိုကြည့်ရင် ယောသပ်ရဲ့ လေ့ကျင့်ပေးမှု အောင်မြင်တယ်ဆိုတာ သိနိုင်တယ်။ အိမ်ထောင် ဦးစီးတွေအနေနဲ့ ယောသပ်ကို အတုယူနိုင်ကြပါတယ်။ သားသမီးတွေ ကိုယ့်ခြေပေါ်ကိုယ် ရပ်တည်နိုင်အောင် သူတို့ကို လက်တွေ့ကျကျ လေ့ကျင့်သွန်သင်ပေးနိုင်ပါတယ်။
၃၁။ (က) ယောသပ် ဘယ်အချိန်မှာ သေဆုံးခဲ့ပုံ ရသလဲ။ (လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။) (ခ) ကျွန်တော်တို့ အတုယူစရာ ဘယ်စံနမူနာကို ယောသပ် ထားခဲ့သလဲ။
၃၁ ယေရှု အသက် ၃၀ အရွယ်မှာ နှစ်ခြင်းခံတဲ့အခါ ကျမ်းစာမှတ်တမ်းက ယောသပ်အကြောင်း ဘာမှ ထပ်မဖော်ပြတော့ဘူး။ ဘုရားသခင့် အမှုတော်ကို ယေရှု စပြီးထမ်းဆောင်တဲ့အချိန်မှာ မာရိက မုဆိုးမ ဖြစ်နေပုံရတယ်။ (“ယောသပ် ဘယ်အချိန်မှာ သေဆုံးခဲ့သလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။) ယောသပ်ဟာ စံနမူနာကောင်း ပြသွားခဲ့ပါတယ်။ မိသားစုကို ကာကွယ်ပေးခဲ့၊ ကျွေးမွေးစောင့်ရှောက်ခဲ့၊ သေတဲ့အထိ ဆက်ဦးစီးတဲ့ ဖခင်တစ်ဦး ဖြစ်တယ်။ ဖခင်တွေ၊ အိမ်ထောင်ဦးစီးတွေသာမက ခရစ်ယာန်အားလုံးဟာ ယောသပ်ရဲ့ ယုံကြည်ခြင်းကို အတုယူသင့်ပါတယ်။
a အဲဒီခေတ်က စေ့စပ်ကြောင်းလမ်းခြင်းကို လက်ထပ်ထိမ်းမြားခြင်းလိုပဲ သဘောထားကြတယ်။
b ဒီ “ကြယ်” ဟာ တကယ့်ကြယ် မဟုတ်ဘူး။ ဘုရားသခင် စေလွှတ်တဲ့ကြယ်လည်း မဟုတ်ဘူး။ ယေရှုကိုသတ်ပစ်ဖို့ စာတန် ဖန်တီးထားတဲ့ အစီအစဉ်တစ်ခုသာဖြစ်တယ်။
c ယေရှုဟာ နှစ်ခြင်းခံပြီးတဲ့နောက်မှ အံ့ဖွယ်အမှုကို “ဦးဆုံးလုပ်ပြီး သူ့တန်ခိုးကို ပြခဲ့တယ်” လို့ ကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။—ယော. ၂:၁-၁၁။