အခန်း ၄၁
ဘယ်သူ့တန်ခိုးနဲ့ အံ့ဖွယ်အမှုတွေ လုပ်တာလဲ
မဿဲ ၁၂:၂၂-၃၂ မာကု ၃:၁၉-၃၀ လုကာ ၈:၁-၃
ဒုတိယ ဟောပြောခြင်းခရီးစဉ် စတင်
နတ်ဆိုးတွေကို နှင်ထုတ်၊ ခွင့်မလွှတ်နိုင်တဲ့ အပြစ်အကြောင်း သတိပေး
ဖာရိရှဲရှိမုန်ရဲ့ အိမ်မှာ ခွင့်လွှတ်မှုအကြောင်း ပြောပြီးနောက် သိပ်မကြာခင် ယေရှုဟာ ဂါလိလဲပြည်မှာ ဒုတိယဟောပြောခြင်း ခရီးစဉ်ကို စတင်ခဲ့တယ်။ အမှုဆောင်လုပ်ငန်း လုပ်လာတာ နှစ်နှစ်ရှိပြီ။ အခုတစ်ခေါက်မှာ တမန်တော် ၁၂ ယောက်နဲ့ အမျိုးသမီးတချို့လည်း သူနဲ့အတူ လိုက်ပါလာတယ်။ အဲဒီအမျိုးသမီး တချို့ကို “နတ်ဆိုးနှောင့်ယှက်မှု ကင်းအောင်၊ ရောဂါသက်သာအောင်” ကုသပေးဖူးတယ်။ (လုကာ ၈:၂) သူတို့ထဲမှာ မာဂဒလမာရိ၊ ရှုရှန္န၊ ယောဟန္နတို့လည်း ပါတယ်။ ယောဟန္နရဲ့ ယောက်ျားကတော့ ဟေရုဒ် အန္တိပမင်းရဲ့ အိမ်တော်ထိန်းတစ်ယောက်ပဲ။
ယေရှုအကြောင်း လူတွေ ပိုသိလာတာနဲ့အမျှ သူ့လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ပိုဖြစ်လာတယ်။ နတ်ဆိုးစွဲနေလို့ မျက်စိမမြင်၊ စကားအနေတဲ့ လူတစ်ယောက်ကို ယေရှု ကုသပေးလိုက်တဲ့အခါမှာတော့ ပိုဆိုးလာတယ်။ အခု အဲဒီလူဟာ နတ်ဆိုး အချုပ်အနှောင်ကနေလွတ်ပြီး စကားပြောနိုင်၊ မျက်စိမြင်နိုင်ပြီ။ ဒါနဲ့ လူအုပ်က အံ့သြပြီး “ဒီလူဟာ ဒါဝိဒ်ရဲ့သား ဖြစ်နိုင်တယ်နော်” လို့ပြောကြတယ်။—မဿဲ ၁၂:၂၃။
ယေရှု တည်းခိုနေတဲ့အိမ်မှာ လူအများကြီး စုဝေးလာလို့ ယေရှုနဲ့ တပည့်တွေ အစာစားချိန်တောင် မရှိတဲ့အထိပဲ။ အားလုံးက ယေရှုကို “ဒါဝိဒ်ရဲ့သား” လို့ ထင်နေတာတော့ မဟုတ်ဘူး။ ကျမ်းတတ်နဲ့ ဖာရိရှဲတချို့ဆိုရင် ဂျေရုဆလင်မြို့ကနေတောင် ဆင်းလာကြတယ်။ ယေရှုဆီကနေ သင်ယူချင်လို့၊ သူ့ကို အားပေးထောက်ခံချင်လို့တော့ မဟုတ်ဘူး။ အဲဒီအစား “သူ့ကို ဗေလဇေဗုလ ဝင်ပူးနေတာ၊” သူက “နတ်ဆိုးမင်း” နဲ့တစ်ဖွဲ့တည်းဆိုပြီး လူတွေကို လိုက်ပြောနေကြတယ်။ (မာကု ၃:၂၂) ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို ယေရှုရဲ့ ဆွေမျိုးတွေ ကြားတဲ့အခါ သူ့ကိုဖမ်းဖို့ ရောက်လာကြတယ်။ ဘာကြောင့်လဲ။
ယေရှုဟာ ဘုရားရဲ့သားဆိုတာ ယေရှုရဲ့ညီတွေ အခုချိန်ထိ မယုံကြသေးဘူး။ (ယောဟန် ၇:၅) ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်တဲ့ ယေရှုဟာ နာဇရက်မြို့မှာ အတူနေတုန်းက သူတို့သိထားတဲ့ ယေရှုနဲ့ မတူဘူး။ ဒါကြောင့် “သူ စိတ်ဖောက်ပြန်သွားပြီ” လို့ ထင်နေကြတယ်။—မာကု ၃:၂၁။
ဒါပေမဲ့ ယေရှုရဲ့လုပ်ရပ်က ဘာကို ဖော်ပြနေသလဲ။ သူက နတ်ဆိုးစွဲတဲ့သူကို ကုပေးလိုက်လို့ အဲဒီလူ စကားပြောနိုင်ပြီ၊ မျက်စိပြန်မြင်လာပြီ။ ဒီအဖြစ်မှန်ကို ဘယ်သူမှ မငြင်းနိုင်ဘူး။ ဒါကြောင့် ကျမ်းတတ်နဲ့ ဖာရိရှဲတွေက ယေရှုကို မဟုတ်မမှန်စွပ်စွဲပြီး သိက္ခာချတယ်။ “ဒီလူဟာ နတ်ဆိုးမင်း ဗေလဇေဗုလ အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်နေတာ” လို့ ပြောကြတယ်။—မဿဲ ၁၂:၂၄။
ကျမ်းတတ်နဲ့ ဖာရိရှဲတွေ ဘာတွေးနေမှန်း သိလို့ ယေရှု အခုလို ပြောတယ်– “နိုင်ငံတစ်ခုမှာ ပြည်သူတွေ စိတ်ဝမ်းကွဲနေရင် အဲဒီနိုင်ငံ ပျက်စီးမှာပဲ။ ဘယ်မြို့မဆို၊ ဘယ်မိသားစုမဆို စိတ်ဝမ်းကွဲနေရင် တည်မြဲနိုင်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ စာတန်က စာတန်ကို နှင်ထုတ်တယ်ဆိုရင် ဒါဟာ စိတ်ဝမ်းကွဲနေလို့ပေါ့။ အဲဒီလိုဖြစ်နေရင် သူ့နိုင်ငံ ဘယ်လိုလုပ် တည်မြဲမှာလဲ။”—မဿဲ ၁၂:၂၅၊ ၂၆။
တကယ်ထိရောက်ပြီး ကျိုးကြောင်းညီညွတ်တဲ့ ရှင်းပြချက်ပဲ။ ဂျူးတချို့ နတ်ဆိုးတွေကို နှင်ထုတ်နေတာ ဖာရိရှဲတွေ သိတယ်။ (တမန်တော် ၁၉:၁၃) ဒါကြောင့် ယေရှုက “ကျွန်တော်က ဗေလဇေဗုလ အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ တပည့်တွေကရော ဘယ်သူ့အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တာလဲ” လို့မေးလိုက်တယ်။ တစ်နည်းပြောရရင် သူတို့ရဲ့စွပ်စွဲချက်က သူတို့ကိုလည်း ပြန်ထိခိုက်တယ်။ ယေရှု အခုလို ဆက်ပြောတယ်– “ဘုရားသခင့် စွမ်းအားတော် အကူအညီနဲ့ နတ်ဆိုးတွေကို ကျွန်တော် နှင်ထုတ်တာဆိုရင်တော့ ခင်ဗျားတို့ ဘုရားသခင့်နိုင်ငံနဲ့ လွဲသွားပြီ။”—မဿဲ ၁၂:၂၇၊ ၂၈။
နတ်ဆိုးတွေကို နှင်ထုတ်တာက စာတန်ကို အောင်နိုင်တဲ့ သက်သေဖြစ်မှန်း အခုလို ဥပမာပေးတယ်– “ခွန်အားကြီးသူကို အရင် မချည်နှောင်ဘဲ သူ့အိမ်ထဲကိုဝင်ပြီး ပစ္စည်းဥစ္စာတွေ လုယူလို့ ရမလား။ သူ့ကို အရင် ချည်နှောင်ပြီးမှပဲ လုယူလို့ ရမှာပေါ့။ ကျွန်တော့်ဘက်မှာ မရပ်တည်သူဟာ ကျွန်တော့်ရန်သူပဲ။ ကျွန်တော်နဲ့အတူ မစုသိမ်းသူဟာလည်း ကွဲလွင့်စေသူပဲ။” (မဿဲ ၁၂:၂၉၊ ၃၀) ကျမ်းတတ်နဲ့ ဖာရိရှဲတွေဟာ ယေရှုကို ဆန့်ကျင်နေခြင်းအားဖြင့် စာတန်ရဲ့ ဘက်တော်သားတွေဖြစ်ကြောင်း သက်သေပြနေကြတယ်။ ယေဟောဝါဘုရားရဲ့ ကျောထောက်နောက်ခံ ရရှိထားတဲ့ ဘုရားရဲ့သားဆီကနေ လူတွေကို ကွဲလွင့်စေကြတယ်။
ယေရှုက စာတန်ရဲ့ ဘက်တော်သားတွေကို အခုလို သတိပေးတယ်– “လူတွေရဲ့ အပြစ်မှန်သမျှ၊ စော်ကားပြောဆိုတာ မှန်သမျှ ခွင့်လွှတ်ခံရလိမ့်မယ်။ သန့်ရှင်းသော စွမ်းအားတော်ကို စော်ကားပြောဆိုရင်တော့ ဘယ်တော့မှ ခွင့်လွှတ်ခံရမှာ မဟုတ်ဘူး။ ထာဝရ အပြစ်ရှိတယ်။” (မာကု ၃:၂၈၊ ၂၉) အဲဒီစကားတွေက စွပ်စွဲသူတွေအတွက် ဘာအဓိပ္ပာယ်ရှိတယ်ဆိုတာ စဉ်းစားကြည့်ပါ။