ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၆၇ စာ. ၁၆၀-စာ. ၁၆၁ ပိုဒ်. ၄
  • “သူဟောသလို ဘယ်သူမှ မဟောဖူးဘူး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သူဟောသလို ဘယ်သူမှ မဟောဖူးဘူး”
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်တော်ကို သူတို့ မဖမ်းဆီးနိုင်ကြ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • နိကောဒင် ထံမှသင်ခန်းစာယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ညအချိန်မှာ နိကောဒင်ကို သွန်သင်ပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “ကိုယ်တော်၏အချိန် မစေ့မရောက်သေး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၆၇ စာ. ၁၆၀-စာ. ၁၆၁ ပိုဒ်. ၄
ယေရှုကိုဖမ်းဖို့လွှတ်လိုက်တဲ့ အစောင့်ရဲမက်တွေ မဖမ်းဘဲပြန်လာကြ

အခန်း ၆၇

“သူဟောသလို ဘယ်သူမှ မဟောဖူးဘူး”

ယောဟန် ၇:၃၂-၅၂

  • ယေရှုကိုဖမ်းဖို့ အစောင့်ရဲမက်တွေကို စေလွှတ်

  • ယေရှုအကျိုးအတွက် နိကောဒင် ပြောပေး

တဲနေပွဲတော်အတွင်း ဂျေရုဆလင်မြို့မှာ ယေရှု ရှိနေသေးတယ်။ “လူအတော်များများကတော့ ယေရှုကို ယုံကြည်” လာလို့ ဝမ်းသာနေတယ်။ ဒါပေမဲ့ ဘာသာရေး ခေါင်းဆောင်တွေကတော့ ၀မ်းမသာနိုင်ဘူး။ ဒါကြောင့် သူ့ကိုဖမ်းဖို့ အစောင့်ရဲမက်တွေကို လွှတ်လိုက်တယ်။ (ယောဟန် ၇:၃၁၊ ၃၂) ဒါပေမဲ့ ယေရှု ပုန်းရှောင်ဖို့ မကြိုးစားဘူး။

အဲဒီအစား ဂျေရုဆလင်မြို့မှာ လူရှေ့သူရှေ့ ဆက်သွန်သင်ပေးတယ်။ “ကျွန်တော်က ခင်ဗျားတို့နဲ့ ခဏပဲ နေရမှာ။ ပြီးရင် စေလွှတ်လိုက်တဲ့ အရှင်ဆီ သွားတော့မယ်။ ကျွန်တော့်ကိုရှာရင်လည်း တွေ့မှာမဟုတ်ဘူး။ ကျွန်တော်သွားမယ့် နေရာကို ခင်ဗျားတို့ မလာနိုင်ဘူး” လို့ ယေရှုပြောတယ်။ (ယောဟန် ၇:၃၃၊ ၃၄) ဂျူးတွေက နားမလည်တော့ “သူ့ကို မတွေ့ဘူးပြောရအောင် သူက ဘယ်သွားမှာမို့လို့လဲ။ ဂရိလူမျိုးတွေကြားထဲ တကွဲတပြား ရောက်နေတဲ့ ဂျူးတွေဆီသွားပြီး ဂရိလူတွေကို သွန်သင်မလို့များလား။ သူက ဘာအဓိပ္ပာယ်နဲ့ ‘ကျွန်တော့်ကို ရှာရင်လည်း တွေ့မှာမဟုတ်ဘူး။ ကျွန်တော်သွားမယ့် နေရာကို ခင်ဗျားတို့ မလာနိုင်ဘူး’ လို့ပြောတာလဲ” ဆိုပြီး အချင်းချင်း ပြောကြတယ်။ (ယောဟန် ၇:၃၅၊ ၃၆) ယေရှုက သူ့ရဲ့သေခြင်းနဲ့ ကောင်းကင်အသက်တာ ထမြောက်ခြင်းအကြောင်း ပြောနေတာ။ သူ့ရန်သူတွေဟာ ကောင်းကင်ကို လိုက်လာနိုင်မှာ မဟုတ်ဘူး။

ပွဲတော် ခုနစ်ရက်မြောက်နေ့ ရောက်လာပြီ။ ပွဲတော်အတွင်း မနက်တိုင်းမှာ ပုရောဟိတ်တစ်ယောက်က ရှိလောင်ရေကန်က ရေကိုယူပြီး လောင်းတဲ့အခါ အဲဒီရေက ဗိမာန်တော် ယဇ်ပလ္လင်ခြေရင်းကို စီးသွားတယ်။ အခု ယေရှုပြောတဲ့စကားတွေက အဲဒီထုံးစံအကြောင်း လူတွေကို ပြန်အမှတ်ရစေမှာပဲ။ ယေရှုက “ရေငတ်သူတွေ ကျွန်တော့်ဆီလာပြီး သောက်ကြပါ။ ကျွန်တော့်ကို ယုံကြည်သက်ဝင်သူဟာ ကျမ်းစာမှာ ပြောထားသလိုပဲ ‘သူ့ဆီကနေ အသက်စမ်းရေ စီးဆင်းလိမ့်မယ်’” လို့ခပ်ကျယ်ကျယ် ပြောလိုက်တယ်။—ယောဟန် ၇:၃၇၊ ၃၈။

တပည့်တွေ ကောင်းကင်အသက်တာကို ခေါ်တော်မူခြင်းခံရဖို့ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရချိန်မှာ ဘာဖြစ်ပျက်မယ်ဆိုတာ ယေရှု ပြောနေခြင်းဖြစ်တယ်။ အဲဒါက ယေရှုသေပြီးနောက်၊ တစ်နည်းအားဖြင့် နောက်နှစ် ပင်တေကုတ္တေပွဲနေ့မှာ ဖြစ်ပျက်ခဲ့တာ။ အဲဒီနေ့မှာ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့ တပည့်တွေဟာ လူတွေကို အမှန်တရားအကြောင်း စတင် ဟောပြောကြတယ်။ ဒီနည်းအားဖြင့် အဲဒီအချိန်မှာ အသက်စမ်းရေ စတင် စီးဆင်းလာတယ်။

ယေရှုရဲ့သွန်သင်ချက်ကို ကြားတဲ့အခါ တချို့က “သူဟာ ပေါ်ထွန်းလာမယ့် ပရောဖက်ပဲ” လို့ပြောကြတယ်။ မောရှေထက် ကြီးမြတ်တဲ့ ပရောဖက် ပေါ်ထွန်းမယ်လို့ ကြိုဟောထားတာကို ရည်ညွှန်းတာဖြစ်တယ်။ တချို့ကျတော့ “ဒီလူဟာ ခရစ်တော်ပဲ” တဲ့။ တချို့ကျတော့လည်း “ခရစ်တော်က ဂါလိလဲနယ်ကနေ ပေါ်ထွန်းပါ့မလား။ ခရစ်တော်ဟာ ဒါဝိဒ်မျိုးရိုးကနေ ဆင်းသက်လာသူ၊ ဒါဝိဒ်ရဲ့ဇာတိ ဘက်သလီဟင်ရွာသား ဖြစ်ရမယ်လို့ ကျမ်းစာမှာ ရေးထားတယ်မဟုတ်လား” လို့ပြောကြတယ်။—ယောဟန် ၇:၄၀-၄၂။

ဒီလိုနဲ့ ယေရှုနဲ့ပတ်သက်ပြီး စိတ်ဝမ်းကွဲသွားကြတယ်။ တချို့က ယေရှုကို ဖမ်းချင်ပေမဲ့ ဘယ်သူမှ မဖမ်းနိုင်ကြဘူး။ အစောင့်ရဲမက်တွေက ယေရှုကို မဖမ်းဘဲ ပြန်လာတော့ ပုရောဟိတ်ကြီးတွေနဲ့ ဖာရိရှဲတွေက “သူ့ကို ဘာလို့ မဖမ်းခဲ့တာလဲ” လို့မေးတယ်။ အစောင့်ရဲမက်တွေက “သူဟောသလို ဘယ်သူမှ မဟောဖူးဘူး” လို့ဖြေတယ်။ ဒီအခါ ဖာရိရှဲတွေက ဒေါသတကြီးနဲ့ “မင်းတို့ပါ လှည့်စားခံလိုက်ရပြီကိုး။ ခေါင်းဆောင်တွေ၊ ဖာရိရှဲတွေထဲမှာ သူ့ကိုယုံကြည်တဲ့သူ တစ်ယောက်တလေ ရှိလို့လား။ ပညတ်တရားကို မသိတဲ့ အဲဒီလူတွေကတော့ ကျိန်ခြင်းခံရသူတွေပဲ” လို့ လှောင်ပြောင်၊ ရှုတ်ချပြောဆိုကြတယ်။—ယောဟန် ၇:၄၅-၄၉။

ယေရှုဘက်ကနေပြောပေးနေတဲ့ နိကောဒင်

ဒီအခါ ဖာရိရှဲလည်းဖြစ်၊ ဂျူးတရားရုံးချုပ် အဖွဲ့ဝင်လည်းဖြစ်တဲ့ နိကောဒင်က ယေရှုအကျိုးအတွက် မကြောက်မရွံ့ ပြောပေးတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်က နိကောဒင်ဟာ ညဘက်မှာ ယေရှုဆီလာတဲ့ အချိန်ကစပြီး ယေရှုကို ယုံကြည်သက်ဝင်ခဲ့တာ။ အခု သူက “ပညတ်တရားအရ လူတစ်ယောက်ကို တရားစီရင်မယ်ဆိုရင် သူဘာလုပ်ခဲ့မှန်း သိရအောင် သူ့အမှုကို အရင်ဆုံး ကြားနာရမယ် မဟုတ်လား” လို့ပြောတယ်။ သူ့စကားကို ဘယ်လို ချေပကြသလဲ။ သူတို့က “ခင်ဗျားက ဂါလိလဲနယ်သား မို့လို့လား။ ကျမ်းစာကို ဆန်းစစ်ကြည့်လိုက်ဦး။ ဂါလိလဲနယ်ကနေ ပရောဖက်တစ်ယောက်မှ မပေါ်ထွန်းဘူးဆိုတာ သိလိမ့်မယ်” လို့ပြောကြတယ်။—ယောဟန် ၇:၅၁၊ ၅၂။

ဂါလိလဲနယ်ကနေ ပရောဖက်ပေါ်ထွန်းမယ်လို့ ကျမ်းစာမှာ တိုက်ရိုက်မပြောထားပါဘူး။ ဒါပေမဲ့ “လူမျိုးခြားတွေနေထိုင်တဲ့ ဂါလိလဲနယ်” မှာ “တောက်ပတဲ့ အလင်း” ကိုမြင်ရမယ်လို့ ကြိုဟောထားလို့ အဲဒီနယ်ကနေ ခရစ်တော်ပေါ်လာမယ်ဆိုပြီး ကျမ်းစာထောက်ပြတယ်။ (ဟေရှာယ ၉:၁၊ ၂။ မဿဲ ၄:၁၃-၁၇) ဒါ့အပြင် ကြိုဟောထားတဲ့အတိုင်း ယေရှုဟာ ဘက်သလီဟင်မြို့မှာ မွေးဖွားလာပြီး ဒါဝိဒ်မျိုးရိုးလည်း ဖြစ်တယ်။ ဒါကို ဖာရိရှဲတွေသိပေမဲ့ ယေရှုနဲ့ပတ်သက်ပြီး လူတွေ တလွဲယူဆအောင် အမျိုးမျိုး သတင်းဖြန့်ခဲ့ကြတယ်။

  • ပွဲတော်အတွင်း မနက်တိုင်းမှာလုပ်တဲ့ ထုံးစံအကြောင်း ယေရှု ဘယ်လို ပြန်အမှတ်ရစေသလဲ။

  • အစောင့်ရဲမက်တွေက ယေရှုကို ဘာကြောင့် မဖမ်းတာလဲ။ ဘာသာရေးခေါင်းဆောင်တွေ ဘယ်လို တုံ့ပြန်ကြသလဲ။

  • ဂါလိလဲနယ်ကနေ ခရစ်တော်ပေါ်ထွန်းမယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ