ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၀၈ စာ. ၂၅၀-စာ. ၂၅၁ ပိုဒ်. ၆
  • ယေရှုကို အကွက်ဆင်ဖမ်းပေမဲ့ မအောင်မြင်ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုကို အကွက်ဆင်ဖမ်းပေမဲ့ မအောင်မြင်ကြ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုကို အကွက်ဆင်ဖမ်းရာတွင်မအောင်မြင်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • “ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏ တဆေးကို သတိနှင့်ကြဉ်ရှောင်ကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၀၈ စာ. ၂၅၀-စာ. ၂၅၁ ပိုဒ်. ၆
ယေရှုက အခွန်ငွေတစ်ပြားကိုကိုင်ပြီး ဖာရိရှဲတွေပရိယာယ်နဲ့မေးတဲ့မေးခွန်းကို ပြန်ဖြေ

အခန်း ၁၀၈

ယေရှုကို အကွက်ဆင်ဖမ်းပေမဲ့ မအောင်မြင်ကြ

မဿဲ ၂၂:၁၅-၄၀ မာကု ၁၂:၁၃-၃၄ လုကာ ၂၀:၂၀-၄၀

  • ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ

  • ရှင်ပြန်ထမြောက်ချိန်မှာ ထိမ်းမြားပေးစားခြင်း ရှိမလား

  • အရေးကြီးဆုံး ပညတ်တွေ

ယေရှုရဲ့ရန်သူတွေ ဒေါသထွက်နေကြတယ်။ ယေရှုက ပုံဥပမာတွေသုံးပြီး သူတို့ရဲ့ ဆိုးညစ်မှုတွေကို ဖော်ထုတ်နေတာကိုး။ အခု ဖာရိရှဲတွေက သူ့ကို အကွက်ဆင်ဖမ်းဖို့ ကြံစည်နေတယ်။ ယေရှု စကားပြောမှားတာနဲ့ ဖမ်းပြီး ရောမဘုရင်ခံလက်ထဲ အပ်ဖို့အကြံနဲ့ သူတို့ရဲ့ တပည့်တချို့ကို ငွေပေးပြီး လွှတ်လိုက်တယ်။—လုကာ ၆:၇။

အဲဒီလူတွေက “ဆရာက မှန်တာကိုပဲ ပြောတယ်၊ မှန်တာကိုပဲ သွန်သင်တယ်၊ မျက်နှာလည်း မလိုက်ဘူး၊ ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်း အမှန်အတိုင်း သွန်သင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါဆိုရင် ဆီဇာကို ကျွန်တော်တို့ အခွန်ဆောင်သင့်သလား၊ မဆောင်သင့်ဘူးလား” လို့မေးတယ်။ (လုကာ ၂၀:၂၁၊ ၂၂) ဒီလို မြှောက်ပင့်စကားတွေနဲ့ ယေရှုကို လှည့်စားလို့ မရဘူး။ သူတို့ရဲ့ ပရိယာယ်နဲ့ ဉာဏ်နီဉာဏ်နက်ကို သိထားတာကိုး။ တကယ်လို့ ‘အခွန်မဆောင်သင့်ဘူး’ လို့ဖြေရင် ရောမနိုင်ငံကို ဆန့်ကျင်ပုန်ကန်တယ်ဆိုပြီး စွပ်စွဲခံရနိုင်တယ်။ ‘အခွန်ဆောင်သင့်တယ်’ လို့ဖြေရင်လည်း ရောမလက်အောက်မှာ မနေချင်တဲ့သူတွေက သူ့ကိုအထင်လွဲပြီး ရန်ရှာကြမှာ။ ဒီတော့ ယေရှု ဘယ်လို အဖြေပေးသလဲ။

ယေရှုက “သူတော်ကောင်း ယောင်ဆောင်သူတို့၊ ကျွန်တော့်ကို ဘာလို့ အကဲစမ်းနေတာလဲ။ အခွန်ငွေတစ်ပြား ပြပါဦး” လို့ ပြောလိုက်တယ်။ ဒါနဲ့ သူတို့က ဒေနာရိတစ်ပြား ယူလာပေးတယ်။ ယေရှုက “ဒီမှာ ဘယ်သူ့ပုံလဲ။ ဘယ်သူ့နာမည်လဲ” ဆိုပြီး မေးတဲ့အခါ “ဆီဇာရဲ့ပုံ၊ ဆီဇာရဲ့ နာမည်ပါ” လို့ဖြေကြတယ်။ ဒီအခါ ယေရှုက “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ” လို့ ပိုင်ပိုင်နိုင်နိုင် ပြန်ပြောလိုက်တယ်။—မဿဲ ၂၂:၁၈-၂၁။

ဒီစကားကိုကြားတော့ သူတို့ အံ့သြသွားတယ်။ ပညာသားပါတဲ့ အဖြေကြောင့် ဘာမှပြန်မပြောနိုင်ဘဲ ထွက်သွားကြတယ်။ ဒါပေမဲ့ သူတို့ လက်မလျှော့သေးဘူး။ ဖာရိရှဲတွေရဲ့ အကြံမအောင်မြင်တဲ့အခါ ဘာသာရေးအုပ်စု နောက်တစ်စုရဲ့ ခေါင်းဆောင်တွေ ယေရှုဆီ လာကြတယ်။

ရှင်ပြန်ထမြောက်ခြင်း မရှိဘူးလို့ ပြောတဲ့ ဇဒ္ဒုကဲတွေပဲ။ သူတို့က ရှင်ပြန်ထမြောက်ခြင်းနဲ့ မရီးမတ်ယူ အစီအစဉ်အကြောင်း မေးခွန်းတစ်ခု မေးကြတယ်။ “ဆရာ၊ ‘လူတစ်ယောက်ဟာ သားသမီးမရှိဘဲ ကွယ်လွန်သွားခဲ့ရင် အစ်ကို ဒါမှမဟုတ် ညီဖြစ်သူက ကျန်ရစ်တဲ့ဇနီးကို လက်ထပ်ပြီး ကွယ်လွန်သူရဲ့ မျိုးဆက်မပြတ်အောင် ထိန်းသိမ်းရမယ်’ လို့ မောရှေ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ ညီအစ်ကိုခုနစ်ယောက် ရှိပါတယ်။ အကြီးဆုံးက အိမ်ထောင်ကျပြီး သားသမီးမရှိဘဲ သေဆုံးသွားတဲ့အတွက် ညီဖြစ်သူက ကျန်ရစ်တဲ့ဇနီးနဲ့ လက်ထပ်တယ်။ ဒုတိယ၊ တတိယ စသဖြင့် ညီအစ်ကို ခုနစ်ယောက်စလုံးက အဲဒီအမျိုးသမီးနဲ့ လက်ထပ်ပြီးနောက် သေဆုံးသွားကြတယ်။ နောက်ဆုံးတော့ အဲဒီအမျိုးသမီးလည်း သေဆုံးသွားတယ်။ သူက ညီအစ်ကို ခုနစ်ယောက်စလုံးနဲ့ လက်ထပ်ခဲ့တဲ့အတွက် ရှင်ပြန်ထမြောက်လာတဲ့အခါ ဘယ်သူ့ဇနီး ဖြစ်မှာလဲ။”—မဿဲ ၂၂:၂၄-၂၈။

ဇဒ္ဒုကဲတွေဟာ မောရှေရေးခဲ့တဲ့ မှတ်တမ်းတွေကို လက်ခံမှန်း ယေရှုသိတဲ့အတွက် “ခင်ဗျားတို့ မှားနေပြီ။ ကျမ်းစကားကိုရော ဘုရားသခင်ရဲ့တန်ခိုး လုပ်ဆောင်ပုံကိုပါ နားမလည်ကြဘဲကိုး။ လူတွေ သေရာကနေ အသက်ပြန်ရှင်လာတဲ့အခါ ထိမ်းမြားပေးစားတာမျိုး မရှိတော့ဘူး။ ကောင်းကင်တမန်တွေလို ဖြစ်လိမ့်မယ်။ မီးလောင်နေတဲ့ ချုံပုတ်အကြောင်း မောရှေရေးခဲ့တဲ့ မှတ်တမ်းကို ခင်ဗျားတို့ မဖတ်ဖူးဘူးလား။ အဲဒီမှာ ‘ငါဟာ အာဗြဟံရဲ့ဘုရား၊ အိဇက်ရဲ့ဘုရား၊ ယာကုပ်ရဲ့ဘုရား’ ဆိုပြီး မောရှေကို ဘုရားသခင် ပြောတာဟာ သေလွန်သူတွေ ရှင်ပြန်ထမြောက်လာမယ့် အကြောင်းပဲ။ ဘုရားသခင်ဟာ သေလွန်သူတွေရဲ့ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ဘုရား ဖြစ်တယ်။ ခင်ဗျားတို့ အမှားကြီး မှားနေပြီ” လို့ပြန်ပြောတယ်။ (မာကု ၁၂:၂၄-၂၇။ ထွက်မြောက်ရာ ၃:၁-၆) ဒါကိုကြားတဲ့အခါ လူအုပ်က အံ့သြကြတယ်။

ယေရှုက ဖာရိရှဲတွေကိုရော ဇဒ္ဒုကဲတွေကိုပါ နှုတ်ပိတ်သွားအောင် လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် အခု သူတို့အားလုံး ပူးပေါင်းပြီး ယေရှုကို ထပ်အကဲစမ်းဖို့ လာတယ်။ ကျမ်းတတ်တစ်ယောက်က “ဆရာ၊ ပညတ်ကျမ်းမှာ ဘယ်ပညတ်ဟာ အရေးကြီးဆုံးလဲ” ဆိုပြီးမေးတယ်။—မဿဲ ၂၂:၃၆။

ယေရှုက “‘အစ္စရေးတို့၊ နားထောင်ကြပါ။ ကျွန်တော်တို့ရဲ့ ဘုရားသခင် ယေဟောဝါဟာ တစ်ဆူတည်းသော ယေဟောဝါပဲ။ ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်ပါ’ ဆိုတဲ့ပညတ်ဟာ အရေးကြီးဆုံးပဲ။ ဒုတိယကတော့ ‘လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ’ ဆိုတဲ့ပညတ်ပဲ။ ဒီထက် အရေးကြီးတဲ့ပညတ် မရှိဘူး” လို့ဖြေတယ်။—မာကု ၁၂:၂၉-၃၁။

ဒါကိုကြားတဲ့အခါ ကျမ်းတတ်က “ဆရာပြောတာ မှန်လိုက်တာ။ ‘ဘုရားသခင်ဟာ တစ်ဆူတည်းသောဘုရားပဲ။ ကိုယ်တော့်လို ဘုရားမျိုး မရှိဘူး။’ ဘုရားသခင်ကို စိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ချစ်တာ၊ လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်တာဟာ အကုန်အစင် မီးရှို့ပူဇော်တဲ့အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သတာထက် ပိုအရေးကြီးပါတယ်” လို့ပြောတယ်။ သူ ဉာဏ်သုံးပြီးပြောလိုက်မှန်း ယေရှုသိတဲ့အတွက် “ခင်ဗျားဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ မဝေးဘူး” လို့ပြောတယ်။—မာကု ၁၂:၃၂-၃၄။

ယေရှုဟာ (နိသန်လ ၉၊ ၁၀၊ ၁၁) သုံးရက်စလုံး ဗိမာန်တော်မှာ သွန်သင်တယ်။ ခုနက ကျမ်းတတ်လိုမျိုး လူတချို့ဟာ ယေရှုသွန်သင်တာတွေကို ဝမ်းသာအားရ နားထောင်ကြတယ်။ ဒါပေမဲ့ ဘာသာရေး ခေါင်းဆောင်တွေတော့ မပါဘူး။ အခု သူတို့က ယေရှုကို ဘာမှ “ထပ်မမေးရဲကြတော့ဘူး။”

  • ဖာရိရှဲတွေက ယေရှုကို အကွက်ဆင်ဖမ်းဖို့ ဘယ်လို ကြိုးစားကြသလဲ။ ဘယ်လို ဖြစ်သွားသလဲ။

  • ဇဒ္ဒုကဲတွေ အကွက်ဆင်ဖမ်းဖို့ ကြိုးစားပေမဲ့ သူတို့ကို ယေရှု ဘယ်လို အနိုင်ယူလိုက်သလဲ။

  • ကျမ်းတတ်တစ်ယောက်ရဲ့ မေးခွန်းကို ယေရှုဖြေဆိုတဲ့အခါ ဘယ်အချက်တွေကို အရေးကြီးဆုံးအဖြစ် အလေးပေးပြောသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ