အခန်း ၃
‘ဦးဆောင်နေသူတွေကို သတိရပါ’
ဟီဘရူး ၁၃:၇ မှာ တမန်တော်ပေါလု ပြောခဲ့တဲ့စကားတွေကို “သင်တို့ကို အုပ်သောသူတို့ကို အောက်မေ့ကြလော့” လို့လည်း ဘာသာပြန်နိုင်တယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ကစပြီး သခင်ယေရှုခရစ်ရဲ့ သစ္စာရှိ တမန်တော်တွေဟာ တည်ထောင်ခါစ ခရစ်ယာန် အသင်းတော်သစ်ကို အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဦးဆောင်လမ်းညွှန်ကြတယ်။ (တ. ၆:၂-၄) အေဒီ ၄၉ လောက်မှာ အုပ်ချုပ်ရေးအဖွဲ့မှာ ယေရှုရဲ့ တမန်တော်တွေလောက်သာ မဟုတ်ဘဲ တခြားသူတွေလည်း ပါဝင်လာကြတယ်။ အရေဖျားဖြတ်ခြင်းကိစ္စကို ဆုံးဖြတ်တုန်းက အုပ်ချုပ်ရေးအဖွဲ့မှာ “ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေ၊ အကြီးအကဲတွေ” ပါဝင်တယ်။ (တ. ၁၅:၁၊ ၂) သူတို့က ခရစ်ယာန်အားလုံးအပေါ် တစ်နည်းနည်းနဲ့ အကျိုးသက်ရောက်မယ့် ကိစ္စအမျိုးမျိုးကို တာဝန်ယူဆွေးနွေးပြီး အသင်းတော်တွေဆီ စာတွေ၊ စီရင်ဆုံးဖြတ်ချက်တွေ ပို့ပေးတယ်။ အဲဒါတွေက အသင်းတော်တွေကို အားရှိစေပြီး တပည့်တွေရဲ့ စဉ်းစားပုံ၊ ပြုမူပုံတွေကို ညီညွတ်စည်းလုံးနေစေတယ်။ အသင်းတော်တွေဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်ကို နာခံ၊ လက်အောက်ခံတဲ့အတွက် ရလဒ်အနေနဲ့ ယေဟောဝါရဲ့ ကောင်းချီးရရှိပြီး တိုးတက်ကြီးထွားလာတယ်။—တ. ၈:၁၊ ၁၄၊ ၁၅။ ၁၅:၂၂-၃၁။ ၁၆:၄၊ ၅။ ဟီ. ၁၃:၁၇။
၂ တမန်တော်တွေ သေဆုံးပြီးနောက် အယူဖောက်ပြန်မှုကြီး ပေါ်လာတယ်။ (၂ သက်. ၂:၃-၁၂) ဂျုံစပါးနဲ့ ပေါင်းပင်ပုံဥပမာမှာ ယေရှု ကြိုဟောတဲ့အတိုင်း ဂျုံစပါးမျိုးစေ့တွေ (ဘိသိက်ခံ ခရစ်ယာန်တွေ) ကြားမှာ ပေါင်းမျိုးစေ့တွေ (ခရစ်ယာန် အတုအယောင်တွေ) ကြဲခံရတယ်။ စပါးရိတ်ချိန်ဖြစ်တဲ့ “လောကစနစ်နိဂုံးပိုင်း” အထိ ရာစုနှစ်တွေတစ်လျှောက် ဒီအုပ်စုနှစ်စုကို အတူကြီးထွားခွင့် ပြုခဲ့တယ်။ (မ. ၁၃:၂၄-၃၀၊ ၃၆-၄၃) အဲဒီအတောအတွင်း ဘိသိက်ခံခရစ်ယာန် တစ်ယောက်စီဟာ ယေရှုရဲ့ မျက်နှာသာကို ဆက်ခံစားခဲ့ရတယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာ နောက်လိုက်တွေကို လမ်းညွှန်ဖို့ ယေရှု အသုံးပြုတဲ့ လမ်းကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့ဆိုပြီး သတ်သတ်မှတ်မှတ် မရှိသေးဘူး။ (မ. ၂၈:၂၀) ဒါပေမဲ့ ရိတ်သိမ်းချိန်အတွင်း အပြောင်းအလဲ ဖြစ်လာမယ်လို့ ယေရှု ကြိုဟောတယ်။
၃ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်ဟာ တကယ်တော့ ဘယ်သူလဲ” ဆိုတဲ့ မေးခွန်းနဲ့အစချီပြီး ပုံဥပမာတစ်ခုကို ယေရှုခရစ် ပြောတယ်။ အဲဒီပုံဥပမာဟာ “လောကစနစ်နိဂုံးပိုင်း” နဲ့ပတ်သက်ပြီး ယေရှုပြောခဲ့တဲ့ “နိမိတ်” ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ (မ. ၂၄:၃၊ ၄၂-၄၇) အဲဒီသစ္စာရှိကျွန်ဟာ ဘုရားသခင့် လူမျိုးအတွက် ကျမ်းစာအကြောင်းအရာတွေကို ‘အချိန်တန်’ ပြင်ဆင်ပေးရာမှာ အလုပ်များနေမယ်လို့ ယေရှု ပြောတယ်။ ယေရှုဟာ ပထမရာစုတုန်းက ဦးဆောင်ဖို့ တစ်ဦးတစ်ယောက်ကို မဟုတ်ဘဲ အမျိုးသားအုပ်စုတစ်စုကို အသုံးပြုခဲ့သလို ဒီလောကစနစ် နိဂုံးပိုင်းအတွင်းမှာ ယေရှု အသုံးပြုနေတဲ့ သစ္စာရှိကျွန်ဟာလည်း တစ်ဦးတစ်ယောက် မဟုတ်ဘူး။
“သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ကို ခွဲခြားသိရှိခြင်း
၄ နောက်လိုက်တွေကို ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ပေးဖို့ ဘယ်သူ့ကို ယေရှု ခန့်အပ်သလဲ။ မြေကြီးပေါ်မှာရှိတဲ့ ဘိသိက်ခံ ခရစ်ယာန်တွေကို ခန့်အပ်မယ်ဆိုတာ ဖြစ်သင့်ပါတယ်။ ကျမ်းစာမှာ သူတို့ကို “ပုရောဟိတ်အဖြစ် အမှုထမ်းမယ့် ဘုရင်တွေ” လို့ ခေါ်ထားတယ်။ “အမှောင်ထဲကနေ အံ့ဖွယ်အလင်းထဲခေါ်တဲ့ အရှင်ရဲ့ ‘မွန်မြတ်တဲ့ ဂုဏ်ရည်တော်တွေကို နေရာအနှံ့ ဟောပြောဖို့’” သူတို့ တာဝန်ခန့်အပ်ခံရတယ်။ (၁ ပေ. ၂:၉။ မာလ. ၂:၇။ ဗျာ. ၁၂:၁၇) သစ္စာရှိကျွန်မှာ မြေကြီးပေါ်က ဘိသိက်ခံ အားလုံး ပါဝင်သလား။ မပါဝင်ပါဘူး။ အမျိုးသမီးနဲ့ ကလေးတွေ မပါဘဲ အမျိုးသားချည်းပဲ ၅,၀၀၀ လောက်ရှိတဲ့ အုပ်စုကို အံ့ဖွယ်နည်းနဲ့ စားစရာ ကျွေးတုန်းက ယေရှုဟာ တပည့်တွေကို အရင်ပေးတယ်။ တပည့်တွေက လူအုပ်ကို ပြန်ဝေပေးတယ်။ (မ. ၁၄:၁၉) တပည့်အရေအတွက် နည်းနည်းလေးကတစ်ဆင့် လူများစွာကို ယေရှု ကျွေးခဲ့တယ်။ ဒီနေ့ခေတ်မှာလည်း အလားတူနည်းနဲ့ပဲ ကျွေးမွေးနေတယ်။
၅ ဒါကြောင့် “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ဆိုတာ ခရစ်တော် ရောက်ရှိနေချိန်အတွင်း ကျမ်းစာအကြောင်းအရာတွေကို ပြင်ဆင်ဖြန့်ဝေရာမှာ တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ ဘိသိက်ခံ ညီအစ်ကို အုပ်စုငယ်လေးနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ (လု. ၁၂:၄၂) နောက်ဆုံးကာလတစ်လျှောက်မှာ “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” အဖြစ် ဖွဲ့စည်းထားတဲ့ ဘိသိက်ခံ ညီအစ်ကိုတွေဟာ ဌာနချုပ်မှာ အတူအမှုဆောင်ကြတယ်။ ဒီနေ့ခေတ်မှာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို အဲဒီဘိသိက်ခံ ညီအစ်ကိုတွေနဲ့ ဖွဲ့စည်းထားတယ်။
၆ ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံချက်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ထုတ်ဝေဖို့၊ နေ့စဉ် အသက်တာမှာ ကျမ်းစာမူတွေကို ကျင့်သုံးခြင်းနဲ့ပတ်သက်တဲ့ အချိန်ကိုက် လမ်းညွှန်ချက်တွေ ပေးဖို့ အဲဒီအဖွဲ့ကို ခရစ်တော် အသုံးပြုနေတယ်။ အဲဒီအချိန်တန် ကျမ်းစာအခြေပြု အကြောင်းအရာတွေကို ယေဟောဝါသက်သေတွေရဲ့ ဒေသခံ အသင်းတော်တွေကတစ်ဆင့် ဖြန့်ဝေပေးတယ်။ (ဟေရှာ. ၄၃:၁၀။ ဂလ. ၆:၁၆) ကျမ်းစာခေတ်တုန်းကဆိုရင် ယုံကြည်စိတ်ချရတဲ့ကျွန် ဒါမှမဟုတ် ဘဏ္ဍာစိုးဟာ သခင့်ပိုင်ဆိုင်ရာအားလုံးကို စီမံအုပ်ချုပ်တယ်။ အဲဒီလိုပဲ သစ္စာနဲ့ သတိပညာရှိကျွန်ဟာ ခရစ်တော်ရဲ့ မြေကြီးပေါ်မှာရှိတဲ့ ပိုင်ဆိုင်ရာတွေကို စီမံအုပ်ချုပ်ရတဲ့တာဝန် အပ်နှင်းခံရတယ်။ ဒါကြောင့် သစ္စာရှိကျွန်ဟာ ငွေကြေး၊ အဆောက်အအုံ၊ ဟောပြောခြင်းလုပ်ငန်း၊ တိုက်နယ်နဲ့ ခရိုင်အစည်းအဝေး အစီအစဉ်တွေကိုလည်း ကြီးကြပ်ရတယ်။ အဖွဲ့အစည်းရဲ့ ကဏ္ဍအမျိုးမျိုးမှာ အမှုဆောင်ဖို့ ကြီးကြပ်မှူးတွေကို ခန့်အပ်တာ၊ ကျမ်းစာ,စာပေ ထုတ်ဝေတာတွေကိုလည်း ကြီးကြပ်ရတယ်။ အဲဒါအားလုံးက “အိမ်သူအိမ်သားတွေ” ကို အကျိုးပြုတယ်။—မ. ၂၄:၄၅။
၇ ဒါဆိုရင် “အိမ်သူအိမ်သားတွေ” က ဘယ်သူတွေလဲ။ ရိုးရိုးလေးပြောရရင် ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ရှုသူတွေပဲ။ နောက်ဆုံးကာလရဲ့ အစောပိုင်းမှာ အိမ်သူအိမ်သားအားလုံးဟာ ဘိသိက်ခံတွေ ဖြစ်တယ်။ နောက်ပိုင်းမှာတော့ အိမ်သူအိမ်သားတွေထဲမှာ “တခြားသိုး” ထဲက လူအုပ်ကြီးလည်း ပါဝင်လာတယ်။ (ယော. ၁၀:၁၆) အုပ်စုနှစ်ခုစလုံးက သစ္စာရှိကျွန် ပြင်ဆင်ပေးတဲ့ ကျမ်းစာအကြောင်းအရာတစ်မျိုးတည်းကို ဖတ်ရှုလေ့လာကြတယ်။
၈ ယေရှုက ဒီလောကစနစ်ဆိုးကို စီရင်ချက်ချပြီး စီရင်ချက်အတိုင်း လုပ်ဆောင်ဖို့ ကြီးစွာသောဒုက္ခအတွင်း ကြွလာချိန်မှာ သစ္စာရှိကျွန်ကို “မိမိပိုင်ဆိုင်သမျှ” အပ်ပါလိမ့်မယ်။ (မ. ၂၄:၄၆၊ ၄၇) သစ္စာရှိကျွန်မှာ ပါဝင်သူတွေဟာ ကောင်းကင်ဆုကျေးဇူး ရရှိကြပါလိမ့်မယ်။ သူတို့ဟာ ၁၄၄,၀၀၀ ထဲက တခြားသူတွေနဲ့အတူ ခရစ်တော်ရဲ့ ကောင်းကင်အခွင့်အာဏာကို ဝေမျှယူကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် မြေကြီးပေါ်မှာ သစ္စာနဲ့ သတိပညာရှိကျွန် ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ “မင်းညီမင်းသားတွေ” အဖြစ် ခန့်အပ်ခံရသူတွေကတစ်ဆင့် မေရှိယနိုင်ငံရဲ့ မြေကြီးလက်အောက်ခံတွေကို ယေဟောဝါနဲ့ ယေရှု လမ်းညွှန်ပါလိမ့်မယ်။—ဆာ. ၄၅:၁၆။
“ဦးဆောင်နေသူတွေ” ကို ဘာကြောင့် “သတိရ” ရမလဲ
၉ ‘ဦးဆောင်နေသူတွေကို သတိရ’ ဖို့၊ ယုံကြည်စိတ်ချဖို့ အကြောင်းရင်းများစွာ ရှိပါတယ်။ အဲဒါက ဘာကြောင့် ကျွန်တော်တို့ရဲ့ အကျိုးအတွက်ပဲ ဖြစ်သလဲ။ တမန်တော်ပေါလု အခုလိုပြောတယ်– “ခင်ဗျားတို့ကို သူတို့ ဂရုစိုက် စောင့်ရှောက်ပေးနေတယ်။ တကယ်တော့ အဲဒီအတွက် သူတို့ကိုယ်တိုင် ဖြေရှင်းချက်ပေးရမှာ။ သူတို့ရဲ့တာဝန်ကို ပျော်ပျော်ရွှင်ရွှင် မဟုတ်ဘဲ သက်ပြင်းချပြီး လုပ်ဆောင်နေရရင်တော့ ခင်ဗျားတို့ပဲ အကျိုးယုတ်လိမ့်မယ်။” (ဟီ. ၁၃:၁၇) ဦးဆောင်နေသူတွေဟာ ကျွန်တော်တို့နဲ့ ဘုရားရဲ့ ဆက်ဆံရေးကို ကာကွယ်ပေးဖို့၊ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ခိုင်မာနေဖို့ ဂရုစိုက်ကြည့်ရှုနေတာဖြစ်လို့ သူတို့ရဲ့ လမ်းညွှန်ချက်ကို နာခံ၊ လက်အောက်ခံဖို့ အရေးကြီးတယ်။
၁၀ “အရာရာကို မေတ္တာရှေ့ထားပြီး လုပ်ကြပါ” လို့ ၁ ကောရိန္သု ၁၆:၁၄ မှာ ပေါလု ပြောတယ်။ ဘုရားသခင့်လူမျိုးရဲ့ အကျိုးအတွက် ချတဲ့ဆုံးဖြတ်ချက်တွေဟာ အဲဒီမြင့်မြတ်တဲ့ မေတ္တာပေါ် အခြေခံတယ်။ ၁ ကောရိန္သု ၁၃:၄-၈ မှာ မေတ္တာနဲ့ပတ်သက်ပြီး ဒီလိုပြောထားတယ်– “မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်။ မေတ္တာဟာ မနာလို မဖြစ်တတ်ဘူး၊ မဝါကြွားတတ်ဘူး၊ မာန်မာန မရှိဘူး။ မတော်မလျော် မကျင့်တတ်ဘူး။ ကိုယ်ကျိုး မရှာတတ်ဘူး။ ဒေါသ မထွက်တတ်ဘူး။ နစ်နာမှုတွေကို မမှတ်ထားတတ်ဘူး။ မတရားမှုကြောင့် ဝမ်းမသာတတ်ဘူး။ အမှန်တရားကြောင့် ဝမ်းသာတတ်တယ်။ မေတ္တာဟာ အရာရာကို သည်းခံတတ်တယ်။ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်တတ်တယ်။ အရာရာကို ကြံ့ကြံ့ခံတတ်တယ်။ မေတ္တာဟာ အစဉ်တည်တယ်။” ဘုရားသခင့် ကျေးကျွန်တွေရဲ့ အကျိုးအတွက် ချတဲ့ဆုံးဖြတ်ချက်အားလုံးဟာ မေတ္တာပေါ် အခြေခံတာမို့ အဲဒီလိုလမ်းညွှန်ချက်တွေ ရရှိတာကို လုံခြုံတယ်လို့ ခံစားရသင့်တယ်။ အဲဒီလမ်းညွှန်ချက်တွေဟာ ယေဟောဝါရဲ့ မေတ္တာကိုလည်း ထင်ဟပ်ဖော်ပြတယ်။
ဘုရားသခင်နဲ့ ဆက်ဆံရေး ခိုင်မာနေဖို့ဆိုရင် ဂရုစိုက် ကြည့်ရှုနေသူတွေရဲ့ လမ်းညွှန်ချက်ကို နာခံ၊ လက်အောက်ခံဖို့ အရေးကြီးတယ်
၁၁ ပထမရာစုမှာလိုပဲ ဒီနေ့ခေတ်မှာလည်း မိမိလူမျိုးကို ဦးဆောင်ဖို့ ယေဟောဝါ အသုံးပြုနေသူတွေဟာ မစုံလင်သူတွေ ဖြစ်ကြတယ်။ မှန်ပါတယ်။ ယေဟောဝါဟာ မိမိအလိုတော်ကို ပြည့်စုံစေရာမှာ မစုံလင်တဲ့လူသားတွေကို အသုံးပြုလေ့ရှိတယ်။ နောဧဟာ သင်္ဘောဆောက်ပြီး ရောက်လာတော့မယ့် ဖျက်ဆီးခြင်းအကြောင်း ဟောပြောခဲ့တယ်။ (က. ၆:၁၃၊ ၁၄၊ ၂၂။ ၂ ပေ. ၂:၅) မောရှေဟာ ယေဟောဝါရဲ့ လူမျိုးကို အီဂျစ်ပြည်ကနေ ဦးဆောင်ကယ်ထုတ်ဖို့ ခန့်အပ်ခံရတယ်။ (ထွ. ၃:၁၀) မစုံလင်တဲ့ အမျိုးသားတွေဟာ ကျမ်းစာကို ရေးသားဖို့ စွမ်းအားတော်အားဖြင့် လမ်းညွှန်ခံရတယ်။ (၂ တိ. ၃:၁၆။ ၂ ပေ. ၁:၂၁) ဒီနေ့ခေတ်မှာ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို လမ်းညွှန်ဖို့ မစုံလင်သူတွေကို ယေဟောဝါ အသုံးပြုနေလို့ အဖွဲ့အစည်းအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချမှု လျော့မသွားပါဘူး။ အဲဒီအစား ပိုတောင်ယုံကြည်စိတ်ချလာတယ်။ အကြောင်းကတော့ ယေဟောဝါရဲ့ ကူညီထောက်မမှုသာ မရှိရင် အဖွဲ့အစည်းဟာ လက်ရှိလုပ်ဆောင်နေတာအားလုံးကို လုံးဝ ပြီးမြောက်အောင်မြင်နိုင်မှာ မဟုတ်မှန်း ကျွန်တော်တို့ သိလို့ပါပဲ။ အခက်အခဲတွေ အပါအဝင် နှစ်ပေါင်းများစွာ တွေ့ကြုံလာတဲ့အရာတွေက သစ္စာရှိကျွန်ကို သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်နေကြောင်း ဖော်ပြတယ်။ ဒီနေ့ခေတ် ယေဟောဝါ့ အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းဟာ ကောင်းချီးအလျှံပယ် ခံစားနေရတယ်။ ဒါကြောင့် အဖွဲ့အစည်းကို ကျွန်တော်တို့ စိတ်နှလုံးအကြွင်းမဲ့၊ အပြည့်အဝ ထောက်မပြီး ယုံကြည်ကိုးစားနေကြတယ်။
ယုံကြည်ကိုးစားကြောင်း ဖော်ပြနိုင်ပုံ
၁၂ အသင်းတော်မှာ တာဝန်ရှိအနေအထား ခန့်အပ်ခံရသူတွေဟာ ရရှိတဲ့တာဝန်တွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံပြီး သစ္စာရှိရှိ ထမ်းဆောင်ခြင်းအားဖြင့် ယေဟောဝါနဲ့ ဘုရားအစီအစဉ်တွေကို ယုံကြည်ကိုးစားကြောင်း ဖော်ပြနေကြတယ်။ (တ. ၂၀:၂၈) နိုင်ငံတော်သတင်း ကြေညာသူတွေအနေနဲ့ ကျွန်တော်တို့ဟာ တစ်အိမ်မှတစ်အိမ်၊ ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှု ကဏ္ဍတွေမှာ စိတ်ထက်သန်စွာ ပါဝင်ကြတယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀) သစ္စာရှိကျွန် ပြင်ဆင်ပေးတဲ့၊ ကောင်းမွန်တဲ့ ကျမ်းစာအကြောင်းအရာတွေကနေ အကျိုးအပြည့်အဝ ရရှိဖို့ ပတ်စဉ် အစည်းအဝေး၊ တိုက်နယ် အစည်းအဝေး၊ ခရိုင်အစည်းအဝေးတွေကို ကောင်းကောင်းပြင်ဆင်ပြီး တက်ရောက်ကြတယ်။ အဲဒီခရစ်ယာန်စုဝေးမှုတွေမှာ ညီအစ်ကိုညီအစ်မတွေနဲ့ ပေါင်းသင်းခြင်းကနေ ရရှိတဲ့ အပြန်အလှန် အားပေးမှုကနေ အကျိုးများစွာ ခံစားကြရတယ်။—ဟီ. ၁၀:၂၄၊ ၂၅။
၁၃ အဖွဲ့အစည်းကို အလှူငွေတွေနဲ့ ထောက်မတာကလည်း ယုံကြည်ကိုးစားကြောင်း ဖော်ပြနိုင်တဲ့ နည်းတစ်နည်းပါပဲ။ (ပညာ. ၃:၉၊ ၁၀) ကျွန်တော်တို့ဟာ ညီအစ်ကိုညီအစ်မတွေ ရုပ်ပစ္စည်း အကူအညီ လိုအပ်တဲ့အခါ ညီရင်းအစ်ကိုမေတ္တာနဲ့ မဆိုင်းမတွ ကူညီပေးတယ်။ (ဂလ. ၆:၁၀။ ၁ တိ. ၆:၁၈) ကိုယ်ရရှိထားတဲ့ ကောင်းမြတ်မှုတွေအတွက် ယေဟောဝါနဲ့ အဖွဲ့အစည်းကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြနိုင်တဲ့ အခွင့်အရေးတွေကို ကျွန်တော်တို့ အမြဲ စောင့်နေကြတယ်။—ယော. ၁၃:၃၅။
၁၄ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ခံခြင်းအားဖြင့်လည်း ယုံကြည်ကိုးစားကြောင်း ဖော်ပြကြတယ်။ အဲဒီထဲမှာ တိုက်နယ်ကြီးကြပ်မှူး၊ အသင်းတော်အကြီးအကဲ စတဲ့ ခန့်အပ်ခံ ကြီးကြပ်သူတွေရဲ့ လမ်းညွှန်ချက်ကို နှိမ့်ချစွာ လိုက်နာခြင်း ပါဝင်တယ်။ “ဦးဆောင်နေသူတွေ” ထဲမှာ အဲဒီညီအစ်ကိုတွေ ပါဝင်တယ်။ သူတို့ကို နာခံ၊ လက်အောက်ခံသင့်တယ်။ (ဟီ. ၁၃:၇၊ ၁၇) ဆုံးဖြတ်ချက်တချို့ ချရတဲ့ အကြောင်းရင်းတွေကို အပြည့်အဝ နားမလည်ရင်တောင် အဲဒါတွေကို နာခံရင် ထာဝစဉ် ကောင်းကျိုးရမယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ ရလဒ်အနေနဲ့ ကျမ်းစာနဲ့ အဖွဲ့အစည်းကို နာခံတဲ့ ကျွန်တော်တို့ကို ယေဟောဝါ ကောင်းချီးပေးတယ်။ ဒီနည်းနဲ့ သခင်ယေရှုခရစ်ကို လက်အောက်ခံကြောင်း ဖော်ပြကြတယ်။
၁၅ မှန်ပါတယ်။ သစ္စာနဲ့ သတိပညာရှိကျွန်ကို ယုံကြည်ကိုးစားသင့်တဲ့ အကြောင်းကောင်းတွေ ရှိပါတယ်။ ဒီလောကစနစ်ရဲ့ ဘုရား စာတန်ဟာ ယေဟောဝါရဲ့ နာမည်နဲ့ အဖွဲ့အစည်းကို ကဲ့ရဲ့ရှုတ်ချဖို့ အစွမ်းကုန် ကြိုးစားနေတယ်။ (၂ ကော. ၄:၄) စာတန်ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ ပရိယာယ်တွေထဲ လည်စင်းမခံပါနဲ့။ (၂ ကော. ၂:၁၁) တွင်းနက်ကြီးထဲ ပစ်ချမခံရခင် “အချိန်နည်းနည်းပဲ” ကျန်တော့မှန်း စာတန် သိထားတဲ့အတွက် ယေဟောဝါရဲ့လူ များနိုင်သမျှများများကို ဘုရားနဲ့ ဝေးကွာသွားအောင် လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ (ဗျာ. ၁၂:၁၂) ဒါပေမဲ့ စာတန် အစွမ်းကုန် ကြိုးစားသလို ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ပိုနီးကပ်အောင် ကြိုးစားကြပါစို့။ ယေဟောဝါနဲ့ ဒီနေ့ခေတ်မှာ မိမိလူမျိုးကို လမ်းညွှန်ဖို့ ယေဟောဝါ အသုံးပြုနေတဲ့ အဖွဲ့အစည်းကို ယုံကြည်ကိုးစားကြပါစို့။ ဒီနည်းအားဖြင့် စည်းလုံးတဲ့ ညီအစ်ကိုအသင်းအပင်းကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။