မေးခွန်း ၇
လိင်ကိစ္စကိုစမ်းကြည့်ဖို့ ဖိအားပေးခံရရင် ဘယ်လိုလုပ်မလဲ
သင်ဆိုရင် ဘယ်လိုလုပ်မလဲ
ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– ဟယ်သာနဲ့မိုက် တွဲတာ နှစ်လပဲရှိသေးတယ်။ ဒါပေမဲ့ မိုက်ရဲ့အကြောင်း အားလုံးသိတယ်လို့ ဟယ်သာခံစားရတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မက်ဆေ့ချ်တွေပို့၊ ဖုန်းအကြာကြီးပြော၊ ပြောလို့ကို မဝနိုင်ဘူး။ ဒါပေမဲ့ အခု မိုက်က စကားတွေ ပြောရုံလောက်နဲ့ မကျေနပ်နိုင်တော့ဘူး။
လွန်ခဲ့တဲ့နှစ်လအတွင်းမှာ လက်ကလေးကိုင်၊ နမ်းရုံလောက်ပဲရှိခဲ့တာ။ ဟယ်သာက အဲဒီအဆင့်ထက်မပိုချင်ဘူး။ မိုက်ကိုလည်း အဆုံးရှုံးမခံနိုင်ဘူး။ မိုက်က သူ့ကို ရွှေမင်းသမီးလေးလို ယုယကြင်နာတာ။ ‘ပြီးတော့ မိုက်နဲ့ငါက ချစ်သူတွေပဲလေ’ လို့ဆင်ခြေပေးနေမိတယ်။
သင်က ရည်းစားထားနိုင်တဲ့ အရွယ်ဖြစ်ပြီး ဟယ်သာလို အခြေအနေမျိုးမှာဆိုရင် ဘာလုပ်မလဲ။
ပြန်စဉ်းစားကြည့်ပါ
လိင်ဆက်ဆံတယ်ဆိုတာ လက်ထပ်ထားတဲ့သူတွေကို ဘုရားသခင်ပေးတဲ့ လက်ဆောင်ဖြစ်တယ်။ လက်မထပ်ခင် လိင်ဆက်ဆံတာက အဲဒီလက်ဆောင်ကို အလွဲသုံးစားပြုတာပဲ။ လက်ဆောင်ရထားတဲ့ အင်္ကျီလှလှလေးကို ဖုန်သုတ်အဝတ်အဖြစ် သုံးလိုက်တာနဲ့ တူတယ်
သင်က ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်မယ်ဆိုရင် ဒုက္ခရောက်မှာပေါ့။ အဲဒီလိုပဲ၊ ‘လိင်အကျင့်ယိုယွင်းမှုကို ရှောင်ကြဉ်’ ပါဆိုတဲ့ ကိုယ်ကျင့်တရားစံနှုန်းကို မလိုက်နာရင် ဒုက္ခရောက်လိမ့်မယ်။—၁ သက်သာလောနိတ် ၄:၃။
ဒီစံနှုန်းကို မလိုက်နာရင် ဘာအကျိုးဆက်တွေ ခံစားရမလဲ။ ‘လိင်အကျင့်ယိုယွင်းတဲ့သူကတော့ မိမိရဲ့ကိုယ်ခန္ဓာကို ပြစ်မှားတာပဲ’ လို့ကျမ်းစာပြောတယ်။ (၁ ကောရိန္သု ၆:၁၈) အဲဒါဘယ်လိုဖြစ်နိုင်သလဲ။
လက်မထပ်ခင် လိင်ဆက်ဆံတဲ့လူငယ်တွေထဲမှာ အများစုက အောက်မှာဖော်ပြထားတဲ့ ဆိုးကျိုး တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရတယ်လို့ လေ့လာချက်တွေက ဖော်ပြတယ်။
စိတ်ဆင်းရဲမှု။ လူငယ်အများစုဟာ လက်မထပ်ခင် လိင်ဆက်ဆံပြီးနောက် နောင်တရတယ်လို့ ပြောကြတယ်။
အယုံအကြည်ကင်းမဲ့မှု။ ရည်းစားနဲ့လိင်ဆက်ဆံပြီးနောက် ‘တခြားဘယ်သူနဲ့များ သူ အဲဒီလိုဖြစ်ခဲ့သေးလဲ’ ဆိုပြီး သံသယ၀င်လာတယ်။
စိတ်ပျက်မှု။ တကယ်တော့ မိန်းကလေးတွေဟာ ကိုယ့်ကိုအခွင့်အရေးယူမယ့်သူကိုမဟုတ်ဘဲ ကာကွယ်ပေးမယ့်သူကို ကြိုက်ကြတာ။ ကောင်လေးတွေကျတော့ အခွင့်အရေး လွယ်လွယ်ပေးတတ်တဲ့ မိန်းကလေးတွေကို မကြိုက်ကြတော့ဘူး။
အဓိကအချက်– သင်က လက်မထပ်ခင်အတူနေတယ်ဆိုရင် တန်ဖိုးရှိတဲ့အရာတစ်ခုကို တခြားသူကိုပေးလိုက်တာမို့ ကိုယ့်ကိုယ်ကိုယ် အပေါစားဖြစ်အောင် လုပ်လိုက်တာပဲ။ (ရောမ ၁:၂၄) သင့်ခန္ဓာကိုယ်က အဖိုးတန်လွန်းလို့ လွယ်လွယ်နဲ့မပေးသင့်ဘူး။
‘လိင်အကျင့်ယိုယွင်းမှုကို ရှောင်ကြဉ်’ နိုင်တဲ့ အကျင့်စာရိတ္တကောင်းသူဖြစ်ကြောင်းပြပါ။ (၁ သက်သာလောနိတ် ၄:၃) တစ်နေ့ သင်အိမ်ထောင်ပြုတဲ့အခါ အိမ်ထောင်ရေးသုခ ခံစားနိုင်ပါလိမ့်မယ်။ လက်မထပ်ခင် အတူနေလိုက်မိလို့ ဖြစ်ပေါ်လာတဲ့ စိတ်ဆင်းရဲတာတွေ၊ နောင်တရတာတွေ၊ စိတ်မလုံတာတွေ ခံစားရမှာမဟုတ်ဘူး။—သုတ္တံ ၇:၂၂၊ ၂၃; ၁ ကောရိန္သု ၇:၃။
သင်ဘယ်လိုထင်သလဲ
အချစ်စစ်အချစ်မှန်နဲ့ ချစ်တဲ့သူက သင့်စိတ်နဲ့ကိုယ်ခန္ဓာကို ထိခိုက်နစ်နာအောင်လုပ်ပါ့မလား။
သင့်ကို တန်ဖိုးထားမြတ်နိုးတဲ့သူက ဘုရားနဲ့ သင့်ဆက်ဆံရေးပျက်သွားအောင် လုပ်ပါ့မလား။—ဟေဗြဲ ၁၃:၄။