သင်ခန်းစာ ၃၇
ယေဟောဝါ ရှမွေလကို စကားပြော
ပုရောဟိတ်မင်း ဧလိရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ဟောဖနိနဲ့ ဖိနဟတ်ဟာ တဲတော်က ပုရောဟိတ်တွေ ဖြစ်ကြတယ်။ သူတို့ဟာ ယေဟောဝါရဲ့ ပညတ်ကို နားမထောင်ဘူး။ လူတွေကို အနိုင်ကျင့်ကြတယ်။ အစ္စရေးတွေက ယေဟောဝါကို ပူဇော်ဖို့ တိရစ္ဆာန်တွေ ယူလာတဲ့အခါ အကောင်းဆုံးအပိုင်းတွေကို သူတို့လုယူတယ်။ ဒီအကြောင်းကို ဧလိ သိပေမဲ့ အရေးမယူဘူး။ ယေဟောဝါက ဒါကို ဆက်ဖြစ်နေစေမှာလား။
ရှမွေလဟာ ဟောဖနိနဲ့ ဖိနဟတ်တို့ထက် အသက်ငယ်ပေမဲ့ သူတို့ကို အတုမယူဘူး။ ယေဟောဝါက ရှမွေလကို သဘောကျတယ်။ တစ်ည ရှမွေလ အိပ်နေတုန်း သူ့နာမည်ခေါ်သံ ကြားလိုက်တယ်။ ဒါနဲ့ ထပြီး ဧလိဆီ ပြေးသွားတယ်၊ ‘ကျွန်တော်ရောက်လာပါပြီ’ လို့ပြောတော့ ဧလိက ‘သားကို မခေါ်ပါဘူး၊ ပြန်အိပ်ပါ’ ဆိုပြီး ပြောတာနဲ့ ပြန်သွားအိပ်တယ်။ နောက်တစ်ခါ ခေါ်သံကြားရပြန်တယ်။ တတိယအကြိမ် ခေါ်သံကြားတဲ့အခါ ရှမွေလကို ခေါ်နေတာ ယေဟောဝါပဲဆိုတာ ဧလိ သိသွားတယ်။ ဒီအခါ အသံပြန်ကြားရင် ‘ယေဟောဝါဘုရား၊ ကျွန်တော် နားထောင်နေပါတယ်’ လို့ဖြေလိုက် ဆိုပြီး မှာတယ်။
ရှမွေလ ပြန်သွားအိပ်တယ်။ ခဏကြာတော့ ‘ရှမွေလ၊ ရှမွေလ’ လို့ကြားတာနဲ့ ‘ကျွန်တော် နားထောင်နေပါတယ်’ လို့ ဖြေလိုက်တယ်။ ဒါနဲ့ ယေဟောဝါက ‘ဧလိနဲ့ သူ့မိသားစုကို ငါ စီရင်မယ်လို့ ဧလိကို ပြောလိုက်။ ငါ့တဲတော်မှာ သူ့သားတွေ လုပ်နေတာကို သိလျက်နဲ့ ဘာမှအရေးမယူဘူး’ လို့ ပြောတယ်။ မနက်ကျတော့ ခါတိုင်းလိုပဲ တဲတော်တံခါးတွေကို ရှမွေလ သွားဖွင့်တယ်။ ယေဟောဝါပြောတာကို သူ မပြောပြရဲဘူး။ ဒီအခါ ဧလိက သူ့ကို ခေါ်ပြီး ‘သား၊ ယေဟောဝါ ဘာပြောလဲ၊ တစ်ခုမကျန် ပြောပြ’ လို့ ဆိုတော့ ဧလိကို ရှမွေလ အားလုံးပြောပြတယ်။
ရှမွေလ ကြီးလာတော့ ယေဟောဝါဟာ သူနဲ့အတူရှိမှန်း၊ သူ့ကို ပရောဖက်အနေနဲ့ရော တရားသူကြီးအနေနဲ့ပါ ယေဟောဝါ ခန့်အပ်ထားတယ်ဆိုတာ အစ္စရေးတွေအားလုံး သိကြတယ်။
“လူငယ်ဘဝမှာ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို သတိရပါ။”—ဒေသနာ ၁၂:၁