သင်ခန်းစာ ၇၄
ယေရှု မေရှိယဖြစ်လာ
ယောဟန်က ‘ကျွန်တော့်ထက် ကြီးမြတ်တဲ့သူ ရောက်လာတော့မယ်’ ဆိုပြီး ဟောနေတာ။ ယေရှု အသက် ၃၀ မှာ ယောဟန် နှစ်ခြင်းပေးနေတဲ့ ဂျော်ဒန်မြစ်ကို ဂါလိလဲနယ်ကနေ သွားပြီး နှစ်ခြင်းပေးပါလို့ တောင်းဆိုတဲ့အခါ ယောဟန်က ‘ခင်ဗျားကို ကျွန်တော် နှစ်ခြင်းမပေးသင့်ဘဲ ခင်ဗျားကသာ ကျွန်တော့်ကို နှစ်ခြင်းပေးရမှာ’ လို့ ပြောတယ်။ ဒီတော့ ယေရှုက ‘ယေဟောဝါက ခင်ဗျားဆီမှာ နှစ်ခြင်းခံစေချင်တာ’ လို့ပြောပြီး ဂျော်ဒန်မြစ်ထဲ အတူ ဆင်းသွားကြတယ်။ အဲဒီမှာ ယေရှုကို ယောဟန် နှစ်ခြင်းပေးလိုက်တယ်။
ရေထဲကနေ ပေါ်ထွက်လာချိန်မှာ ယေရှု ဆုတောင်းတယ်။ အဲဒီအချိန်မှာပဲ ကောင်းကင်ပွင့်ပြီး ချိုးငှက်သဏ္ဌာန်နဲ့ ယေရှုအပေါ် ဘုရားရဲ့စွမ်းအားတော် သက်ရောက်လာတယ်။ ပြီးတော့ “မင်းဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ” ဆိုပြီး ကောင်းကင်က ယေဟောဝါရဲ့အသံကို ကြားရတယ်။
ယေဟောဝါရဲ့ စွမ်းအားတော် သက်ရောက်လာတာနဲ့ ယေရှုဟာ ခရစ်တော် ဒါမှမဟုတ် မေရှိယ ဖြစ်သွားတယ်။ အခု၊ ယေဟောဝါ လုပ်စေချင်တဲ့အလုပ်ကို သူ စလုပ်တော့မယ်။
ယေရှု နှစ်ခြင်းခံပြီးတာနဲ့ တောကို ထွက်သွားပြီး အဲဒီမှာ ရက် ၄၀ နေတယ်။ အဲဒီကနေ ပြန်လာတဲ့အခါ ယောဟန်ကို သွားတွေ့တယ်။ ယေရှု လာနေတာကို မြင်တဲ့အခါ ယောဟန်က ‘ဒီလောကရဲ့ အပြစ်ကို ဖယ်ရှားပေးမယ့် ဘုရားသခင်ရဲ့ သိုးသငယ်ဟာ သူပဲ’ လို့ ပြောပြီး ယေရှုဟာ မေရှိယဖြစ်တယ်ဆိုတာ ဖော်ပြတယ်။ တောထဲမှာ ယေရှု ရှိနေတုန်း ဘာဖြစ်ခဲ့သလဲ သိလား။ ကြည့်ရအောင်။
“‘မင်းဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ’ ဆိုတဲ့အသံ ကောင်းကင်က ထွက်လာတယ်။” —မာကု ၁:၁၁