ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lvs အခန်း ၁ စာ. ၄-၁၅
  • ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်
  • ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • “ဘုရားသခင့်မေတ္တာ” ဖတ်ပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရားသခင်ကို ချစ်တယ်ဆိုတာ”
  • “ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်”
  • “ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်”
  • ယေဟောဝါနဲ့ အမြဲရင်းနှီးအောင် ကြိုးစားပါ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • အုပ်ချုပ်ရေးအဖွဲ့ထံမှ စာ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ‘သင့်ဘုရားသခင် ယေဟောဝါကို ချစ်ပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
lvs အခန်း ၁ စာ. ၄-၁၅
ပင်လယ်ပြင်ပေါ် နေရောင်ဖြာကျနေစဉ်

အခန်း ၁

ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်

“ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။ ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး။” —၁ ယောဟန် ၅:၃။

၁၊ ၂။ ယေဟောဝါဘုရားကို ဘာကြောင့် ချစ်သလဲ။

ဘုရားသခင်ကို ချစ်သလား။ သိပ်ချစ်လို့ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံထားတာပေါ့။ ဘုရားသခင်ကို ကိုယ့်ရဲ့ အကောင်းဆုံး မိတ်ဆွေလို့ ခံစားရနိုင်တယ်။ တကယ်တော့ ယေဟောဝါကို သင် မချစ်ခင်ကတည်းက ဘုရားက သင့်ကို ချစ်ခဲ့တယ်။ “ဘုရားသခင်က အရင်ဦးဆုံး ချစ်ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်ကြတာပါ” ဆိုပြီး ကျမ်းစာမှာ ဖတ်ရတယ်။—၁ ယောဟန် ၄:၁၉။

၂ ကျွန်တော်တို့အတွက် ယေဟောဝါ မေတ္တာပြခဲ့တဲ့ နည်းလမ်းအားလုံးကို စဉ်းစားကြည့်ပါ။ လှပတဲ့ ကမ္ဘာမြေစံအိမ်၊ ဘဝကို ပျော်မွေ့ဖို့ ကျွန်တော်တို့ လိုအပ်သမျှ ဘုရား ပေးထားတယ်။ (မဿဲ ၅:၄၃-၄၈။ ဗျာဒိတ် ၄:၁၁) ကျွန်တော်တို့ကို ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိစေချင်တယ်၊ ဘုရားအကြောင်း သင်ယူနိုင်ဖို့ လိုအပ်ရာတွေ ပြင်ဆင်ပေးထားတယ်။ ကျမ်းစာ ဖတ်တဲ့အခါ ကျွန်တော်တို့ ယေဟောဝါစကားကို နားထောင်နေတာ ဖြစ်တယ်။ ကျွန်တော်တို့ ဆုတောင်းတဲ့အခါမှာလည်း ဘုရား နားထောင်ပေးတယ်။ (ဆာလံ ၆၅:၂) တန်ခိုးကြီးတဲ့ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ကျွန်တော်တို့ကို လမ်းညွှန်ပေးတယ်၊ ခွန်အားပေးတယ်။ (လုကာ ၁၁:၁၃) ကျွန်တော်တို့ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့ တန်ဖိုးထားရတဲ့ သားကိုတောင် မြေကြီးပေါ် စေလွှတ်ခဲ့တယ်။—ယောဟန် ၃:၁၆။ ရောမ ၅:၈ တို့ကို ဖတ်ပါ။

၃။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းကို ဘယ်လို ထိန်းသိမ်းမလဲ။

၃ ပျော်ရွှင်ချိန်၊ ဝမ်းနည်းချိန်တွေမှာ မျှဝေခံစားပေးခဲ့တဲ့ မိတ်ဆွေရင်းတစ်ယောက်အကြောင်း ခဏ စဉ်းစားကြည့်ပါ။ အဲဒီလို ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကြိုးစားအားထုတ်မှု လိုတယ်။ ရှိနိုင်သမျှထဲမှာ အရင်းနှီးဆုံး မိတ်ဆွေ ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကလည်း အလားတူပါပဲ။ ဘုရားနဲ့ ဆက်ဆံရေးဟာ ထာဝစဉ် တည်မြဲနိုင်ပါတယ်။ ဒါကြောင့် “ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲ လုပ်ဆောင်” ဖို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ယုဒ ၂၁) ဘယ်လို လုပ်ဆောင်နိုင်မလဲ။ “ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။ ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး” ဆိုပြီး ကျမ်းစာက အဖြေပေးတယ်။—၁ ယောဟန် ၅:၃။

“ဘုရားသခင်ကို ချစ်တယ်ဆိုတာ”

၄၊ ၅။ (က) “ဘုရားသခင်ကို ချစ်တယ်” ဆိုတာ ဘာကို ဆိုလိုသလဲ။ (ခ) ယေဟောဝါကို ချစ်တဲ့မေတ္တာ ဘယ်လို စတင်ဖြစ်ပေါ်လာသလဲ။

၄ “ဘုရားသခင်ကို ချစ်တယ်” ဆိုတဲ့ ကျမ်းစကားက ဘာကို ဆိုလိုသလဲ။ ဘုရားအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ နက်ရှိုင်းတဲ့ မေတ္တာကို ဆိုလိုတယ်။ ယေဟောဝါကို စချစ်လာတဲ့အချိန်ကို မှတ်မိသလား။

ယေဟောဝါထံ ဆုတောင်းဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံနေစဉ်

ယေဟောဝါထံ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတဲ့အခါ ဘုရားကို ချစ်ကြောင်း၊ တစ်သက်တာလုံး နာခံချင်ကြောင်း တင်ပြရာရောက်

၅ ယေဟောဝါက သင့်ကို ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်စေချင်ကြောင်း စသိလာချိန်မှာ ဘယ်လို ခံစားခဲ့ရသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ အဲဒီမှာအသက်ရှင်နိုင်ဖို့ ဘုရား ပြုလုပ်ပေးခဲ့ရာအားလုံးအကြောင်း သိရှိခဲ့တယ်။ သားတော်ကို မြေကြီးပေါ် စေလွှတ်ခြင်းအားဖြင့် အဖိုးတန်လက်ဆောင် ပေးခဲ့တယ်ဆိုတာ သဘောပေါက်လာတယ်။ (မဿဲ ၂၀:၂၈။ ယောဟန် ၈:၂၉။ ရောမ ၅:၁၂၊ ၁၈) ယေဟောဝါ သင့်ကို ဘယ်လောက် ချစ်တယ်ဆိုတာ သိတဲ့အခါ စိတ်ထိမိသွားပြီး ဘုရားကို စချစ်လာတယ်။—၁ ယောဟန် ၄:၉၊ ၁၀ ကိုဖတ်ပါ။

၆။ တစ်ယောက်ယောက်ကို ချစ်ခြင်းမှာ ဘာပါဝင်သလဲ။ ဘုရားကို ချစ်တဲ့မေတ္တာက ဘာလုပ်ဖို့ လှုံ့ဆော်ပေးခဲ့ပြီလဲ။

၆ ဒါပေမဲ့ ဘုရားကို ချစ်မြတ်နိုးတဲ့ အဲဒီခံစားချက်က အစပဲ ဖြစ်တယ်။ ဥပမာ၊ တစ်ယောက်ယောက်ကို ချစ်တဲ့အခါ “ချစ်တယ်” လို့ ပြောရုံထက်မက လုပ်ဆောင်ကြတယ်။ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေမယ့် အရာတွေကို လုပ်ဆောင်ဖို့ မေတ္တာက လှုံ့ဆော်ပေးတယ်။ အလားတူပဲ ယေဟောဝါကို ချစ်တဲ့ မေတ္တာက ဘုရား နှစ်သက်တဲ့ နည်းအတိုင်း အသက်ရှင်စေတယ်။ အဲဒီမေတ္တာ ကြီးထွားလာလို့ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့တယ်။ ဒီနည်းအားဖြင့် ယေဟောဝါရဲ့ အမှုတော်ကို အမြဲ ထမ်းဆောင်ဖို့ ကတိပေးလိုက်တယ်။ (ရောမ ၁၄:၇၊ ၈ ကိုဖတ်ပါ။) အဲဒီကတိ ဘယ်လို တည်နိုင်မလဲ။

“ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်”

၇။ ယေဟောဝါကို ချစ်ရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဘုရားရဲ့ ပညတ်တချို့က ဘာတွေလဲ။

၇ ယေဟောဝါကို ချစ်လို့ “ပညတ်ချက်တွေကို လိုက်နာ” ကြတယ်။ ဘယ်လို လိုက်နာကြသလဲ။ ဘုရားကို နာခံကြတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို အသက်ရှင်နေထိုင်စေချင်ကြောင်း ကျမ်းစာကနေ သိရတယ်။ ဥပမာ၊ သောက်ကြူးတာ၊ ခိုးတာ၊ လိမ်ညာတာ၊ လက်မထပ်ထားသူနဲ့ လိင်ဆက်ဆံတာ၊ ဘုရားကို မဟုတ်ဘဲ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ကိုးကွယ်တာတွေဟာ မှားကြောင်း ကျွန်တော်တို့ကို မိန့်မှာထားတယ်။—၁ ကောရိန္သု ၅:၁၁။ ၆:၁၈။ ၁၀:၁၄။ ဧဖက် ၄:၂၈။ ကောလောသဲ ၃:၉။

၈၊ ၉။ ကျမ်းစာပညတ် အတိအကျ မရှိတဲ့ အခြေအနေတွေမှာ ယေဟောဝါ ဘာလုပ်စေချင်မှန်း ဘယ်လို သိနိုင်သလဲ။ ဥပမာ ပေးပါ။

၈ ဒါပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ပညတ်တွေကို လိုက်နာရုံထက်မက လိုအပ်တယ်။ အခြေအနေတိုင်းအတွက် ပညတ်ချက် စာရင်းရှည်ကြီး မပေးထားပါဘူး။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာပညတ်ချက် အတိအကျ မရှိတဲ့ အခြေအနေတွေ ကြုံရနိုင်တယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ဘယ်လို ချနိုင်မလဲ။ (ဧဖက် ၅:၁၇) ကိစ္စရပ်တွေအပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံကို သင်ပေးတဲ့ အခြေခံ အမှန်တရားတွေ၊ မူတွေကို ကျမ်းစာမှာ တွေ့ရတယ်။ ကျမ်းစာဖတ်တဲ့အခါ ယေဟောဝါကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိလာတယ်။ ဘုရားရဲ့ တွေးခေါ်ပုံ၊ နှစ်သက်တာတွေ၊ ရွံမုန်းတာတွေကို သိလာတယ်။—ဆာလံ ၉၇:၁၀ ကို ဖတ်ပါ။ ပညာအလိမ္မာ ၆:၁၆-၁၉။ ရှင်းလင်းချက် ၁ ကို ကြည့်ပါ။

၉ ဥပမာ၊ တီဗွီမှာ၊ အင်တာနက်မှာ ဘာကြည့်မယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်သလဲ။ ကျွန်တော်တို့ ဘာကြည့်သင့်တယ်ဆိုတာ ယေဟောဝါ အတိအကျ မမိန့်မှာဘူး။ ဒါပေမဲ့ ဘုရား ပေးထားတဲ့ အခြေခံမူတွေက ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ကူညီပေးမယ်။ ဒီနေ့ခေတ် ဖျော်ဖြေရေး အများစုမှာ အကြမ်းဖက်မှု၊ လိင်မှုကိစ္စတွေ အပြည့်ပဲ။ ယေဟောဝါက “အကြမ်းဖက်မှု နှစ်သက်သူကို မုန်းတယ်၊” “လိင်အကျင့်ယိုယွင်းသူတွေကို ပြစ်ဒဏ်စီရင်လိမ့်မယ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၁၁:၅။ ဟီဘရူး ၁၃:၄) ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ဒီအခြေခံမူတွေက ဘယ်လို ကူညီပေးနိုင်သလဲ။ ယေဟောဝါ ရွံမုန်းတဲ့အရာ၊ အကျင့်ပျက်မှုလို့ ရှုမြင်တဲ့အရာကို သိရင် ရှောင်သင့်တယ်။

၁၀၊ ၁၁။ ယေဟောဝါကို ကျွန်တော်တို့ ဘာကြောင့် နာခံကြသလဲ။

၁၀ ယေဟောဝါကို ကျွန်တော်တို့ ဘာကြောင့် နာခံကြသလဲ။ အပြစ်ပေး မခံချင်လို့၊ ဆုံးဖြတ်ချက် အမှားတွေကြောင့် ဒုက္ခရောက်မှာစိုးလို့ပဲ မဟုတ်ပါဘူး။ (ဂလာတိ ၆:၇) ယေဟောဝါကို ချစ်လို့ နာခံကြတာပါ။ သားသမီးတွေက ဖခင်ကို ပျော်ရွှင်စေချင်ကြသလို ကျွန်တော်တို့လည်း ကောင်းကင်ဘုံစံဖခင်ကို ပျော်ရွှင်စေချင်ကြတယ်။ ကျွန်တော်တို့ကို ယေဟောဝါ နှစ်သက်ကြောင်း သိရတာထက် ဘယ်အရာကမှ ပိုမကောင်းနိုင်ဘူး။—ဆာလံ ၅:၁၂။ ပညာအလိမ္မာ ၁၂:၂။ ရှင်းလင်းချက် ၂ ကို ကြည့်ပါ။

၁၁ လွယ်ကူမှ ဒါမဟုတ် ရွေးချယ်စရာ မရှိမှ ယေဟောဝါကို နာခံကြတာ မဟုတ်ဘူး။ ဘုရားရဲ့ ဘယ် ပညတ်ချက်တွေ၊ စံနှုန်းတွေကိုတော့ လိုက်နာမယ်၊ ဘာတွေကိုတော့ မလိုက်နာဘူးဆိုပြီး မရွေးချယ်ကြပါဘူး။ (တရားဟောရာ ၁၂:၃၂) အဲဒီအစား “ပညတ်ချက်တွေကို ကျွန်တော် မြတ်နိုးတယ်။ တကယ်ကို ချစ်မြတ်နိုးပါတယ်” လို့ ပြောခဲ့တဲ့ ဆာလံဆရာလိုပဲ ကျွန်တော်တို့တစ်တွေ ဘုရားကို အပြည့်အဝ နာခံကြပါတယ်။ (ဆာလံ ၁၁၉:၄၇။ ရောမ ၆:၁၇) ယေဟောဝါ မိန့်မှာသမျှ လုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါကို ချစ်ကြောင်း ပြခဲ့တဲ့ နောဧလို ကျွန်တော်တို့ ဖြစ်ချင်ကြတယ်။ နောဧက “မှာထားတဲ့အတိုင်း လုပ်တယ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၆:၂၂) သင့်ကိုကော အဲဒီလို ပြောစေချင်ပါသလား။

၁၂။ ယေဟောဝါကို ဘယ်လို ရွှင်လန်းစေနိုင်သလဲ။

၁၂ ကျွန်တော်တို့ နာခံတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။ ဘုရားရဲ့ “စိတ်ကို ရွှင်လန်းစေ” တယ်။ (ပညာအလိမ္မာ ၁၁:၂၀။ ၂၇:၁၁) စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ရဲ့ နာခံမှုက စကြဝဠာ ဖန်ဆင်းရှင်ကို ရွှင်လန်းစေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ဘုရားက ဘယ်တော့မှ အတင်းအကျပ် မနာခံခိုင်းဘူး။ ကျွန်တော်တို့ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားတယ်။ ကျွန်တော်တို့မှာ အမှား၊ အမှန် လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတယ်ဆိုတဲ့ သဘောပဲ။ ဘုရားကို ချစ်တဲ့မေတ္တာကြောင့် ဆုံးဖြတ်ချက်ကောင်းတွေ ချပြီး အကောင်းဆုံး အသက်တာကို ရရှိဖို့ ယေဟောဝါ လိုလားတယ်။—တရားဟောရာ ၃၀:၁၅၊ ၁၆၊ ၁၉၊ ၂၀။ ရှင်းလင်းချက် ၃ ကို ကြည့်ပါ။

“ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်”

၁၃၊ ၁၄။ ဘုရားရဲ့ ပညတ်ချက်တွေဟာ လိုက်နာဖို့ မခက်ခဲလွန်းဘူးဆိုတာ ဘယ်လို သိရသလဲ။ ဥပမာပေးပါ။

၁၃ ယေဟောဝါရဲ့ ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတယ်၊ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို ပျောက်ဆုံးစေတယ်လို့ ခံစားရရင်ကော။ “ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ပါဘူး” လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ (၁ ယောဟန် ၅:၃) “ခက်ခဲလွန်း” ဆိုတဲ့ ဂရိစကားလုံးက “လေးလံ” လို့ အဓိပ္ပာယ်ရတယ်။ အကျိုးသင့်အကြောင်းသင့် မရှိတဲ့ စည်းမျဉ်းတွေ၊ တခြားလူကို ထိန်းချုပ်၊ နာကျင်စေတဲ့ လူတွေအကြောင်း ဖော်ပြဖို့ ဒီစကားလုံးကို တခြားကျမ်းချက်တွေမှာ အသုံးပြုထားတယ်။ (မဿဲ ၂၃:၄။ တမန်တော် ၂၀:၂၉၊ ၃၀) အင်္ဂလိပ်ဘာသာပြန်ကျမ်းသစ် မှာ “ပညတ်ချက်တွေဟာ ငါတို့ကို ဝန်ပိစေတာ မဟုတ်ဘူး” လို့ ဖတ်ရတယ်။ ယေဟောဝါရဲ့ ပညတ်ချက်တွေဟာ မ “လေးလံ” ဘူး၊ လိုက်နာဖို့ မခက်ခဲလွန်းဘူး။ ကျွန်တော်တို့ဆီက ဘုရား တောင်းဆိုသမျှဟာ အမြဲ အကျိုးသင့်အကြောင်းသင့် ရှိပါတယ်။

၁၄ ဥပမာ၊ အိမ်သစ် ပြောင်းဖို့ မိတ်ဆွေတစ်ယောက်ကို ကူညီပေးနေတယ်လို့ မြင်ယောင်ကြည့်ပါ။ မိတ်ဆွေက ပစ္စည်းအားလုံးကို သေတ္တာတွေထဲ ထည့်ပြီးပြီ။ သေတ္တာတချို့က ပေါ့တော့ သယ်ဖို့ လွယ်တယ်။ ဒါပေမဲ့ သေတ္တာတချို့က လေးလွန်းတော့ လူနှစ်ယောက် သယ်ရတယ်။ မိတ်ဆွေက သိပ်လေးတဲ့ သေတ္တာကို တစ်ယောက်တည်း သယ်ခိုင်းပါ့မလား။ သယ်ခိုင်းမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ သင့်ကို အနာတရ မဖြစ်စေချင်လို့ပါ။ အဲဒီမိတ်ဆွေလိုပါပဲ ခက်ခဲလွန်းတာတွေ လုပ်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ တောင်းဆိုမှာ မဟုတ်ပါဘူး။ (တရားဟောရာ ၃၀:၁၁-၁၄) ကျွန်တော်တို့အကြောင်း ယေဟောဝါ နားလည်တယ်။ “ဘုရားက ငါတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ကောင်းကောင်း သိတယ်။ ငါတို့ဟာ မြေမှုန့်ပဲဆိုတာကို မမေ့ဘူး။”—ဆာလံ ၁၀၃:၁၄။

၁၅။ ယေဟောဝါရဲ့ ပညတ်ချက်တွေဟာ ကျွန်တော်တို့ ကောင်းကျိုးအတွက်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၅ ယေဟောဝါရဲ့ ပညတ်ချက်တွေဟာ “ထာဝရ ကောင်းကျိုး” အတွက် ဖြစ်ကြောင်း၊ သူတို့ရဲ့ နာခံမှုက “အသက်ဆက်ရှင်” စေမှာ ဖြစ်ကြောင်း အစ္စရေးလူမျိုးကို မောရှေ ပြောခဲ့တယ်။ (တရားဟောရာ ၅:၂၈-၃၃။ ၆:၂၄) ဒီနေ့လည်း အလားတူပါပဲ။ ယေဟောဝါ တောင်းဆိုသမျှက ကျွန်တော်တို့အသက်တာကို ပိုတိုးတက်ကောင်းမွန်စေတယ်။ (ဟေရှာယ ၄၈:၁၇ ကိုဖတ်ပါ။) ကျွန်တော်တို့အတွက် ဘာအကောင်းဆုံးလဲဆိုတာ အဖယေဟောဝါ အမြဲ သိတယ်။ (ရောမ ၁၁:၃၃) “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်” တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (၁ ယောဟန် ၄:၈) ယေဟောဝါ မိန့်ဆိုသမျှ၊ လုပ်ဆောင်သမျှဟာ မေတ္တာကြောင့် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

၁၆။ ကျွန်တော်တို့ မစုံလင်ကြပေမဲ့၊ ဆိုးညစ်တဲ့ လောကမှာ အသက်ရှင်နေကြပေမဲ့ ဘုရားကို နာခံနိုင်ကြောင်း ဘယ်လို သိရသလဲ။

၁၆ ဘုရားကို နာခံဖို့ အမြဲတော့ မလွယ်ဘူး။ မာရ်နတ် အုပ်ချုပ်တဲ့၊ ဆိုးညစ်တဲ့ လောကမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ မကောင်းတာတွေ လုပ်ဖို့ လူတွေကို မာရ်နတ် ဩဇာလွှမ်းမိုးထားတယ်။ (၁ ယောဟန် ၅:၁၉) ကိုယ်တိုင်ရဲ့ မစုံလင်တဲ့ အတွေးတွေ၊ ခံစားချက်တွေကိုလည်း တိုက်လှန်ရမယ်။ အဲဒါတွေက ဘုရားအပေါ် နာခံမှု မရှိအောင် တွန်းပို့နိုင်လို့ပဲ။ (ရောမ ၇:၂၁-၂၅) ဒါပေမဲ့ ယေဟောဝါကို ချစ်တဲ့မေတ္တာက မှန်ရာလုပ်ဖို့ ခွန်အားပေးတယ်။ ဘုရားကို နာခံဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို မြင်ပြီး တန်ခိုးကြီးတဲ့ သန့်ရှင်းသော စွမ်းအားတော် ပေးခြင်းအားဖြင့် ကူညီပေးတယ်။ (၁ ရှမွေလ ၁၅:၂၂၊ ၂၃။ တမန်တော် ၅:၃၂) ဘုရားကို နာခံဖို့ ပိုလွယ်ကူစေတဲ့ အရည်အသွေးတွေ ပျိုးထောင်ဖို့ သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးတယ်။—ဂလာတိ ၅:၂၂၊ ၂၃။

၁၇၊ ၁၈။ (က) ဒီစာအုပ်မှာ ဘာတွေ လေ့လာကြမလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာလေ့လာကြမလဲ။

၁၇ ဒီစာအုပ်မှာ ယေဟောဝါ နှစ်သက်တဲ့ နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်နိုင်ပုံကို လေ့လာကြပါမယ်။ ကိုယ့်အသက်တာမှာ ဘုရားရဲ့ အခြေခံမူတွေ၊ စာရိတ္တစံနှုန်းတွေကို လက်တွေ့ကျင့်သုံးနိုင်ပုံအကြောင်းလည်း လေ့လာကြပါမယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ အတင်းအကျပ် မနာခံခိုင်းဘူးဆိုတာ သတိရပါ။ နာခံဖို့ ရွေးချယ်တဲ့အခါ ကျွန်တော်တို့ဘဝ တိုးတက်ကောင်းမွန်လာပြီး အံ့ဖွယ်အနာဂတ်ကို ရရှိကြမယ်။ အရေးကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့ နာခံမှုက ဘုရားကို ဘယ်လောက် ချစ်မြတ်နိုးကြောင်း ဖော်ပြပါလိမ့်မယ်။—ရှင်းလင်းချက် ၄ ကို ကြည့်ပါ။

၁၈ အမှား၊ အမှန်ကို ပိုင်းခြားသိမြင်ဖို့ ယေဟောဝါက ကျွန်တော်တို့ယောက်တိုင်းကို သိစိတ် ပေးထားတယ်။ အဲဒီသိစိတ်ကို လေ့ကျင့်ပေးရင် “ပညတ်ချက်တွေ . . . လိုက်နာဖို့” အကူအညီ ဖြစ်စေနိုင်တယ်။ အမှားအမှန်သိစိတ်ဆိုတာ ဘာလဲ၊ ဘယ်လို လေ့ကျင့်ပေးမလဲ။ ကြည့်ကြစို့။

ကျမ်းစာအခြေခံမူများ

၁ သင့်ကို ဘုရားသခင် ချစ်တယ်

“ထာဝရအသက် . . . ကို စောင့်မျှော်ရင်း . . . ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲ လုပ်ဆောင်နိုင်လိမ့်မယ်။”—ယုဒ ၂၁

ဘုရားသခင် သင့်ကို ချစ်ကြောင်း ဘာက ယုံကြည်စိတ်ချစေသလဲ။

  • ယောဟန် ၃:၁၆။ ၁ ယောဟန် ၄:၈-၁၀။ ဗျာဒိတ် ၄:၁၁

    ဘဝကို ကျွန်တော်တို့ ပျော်မွေ့နိုင်အောင် အရာအားလုံးကို ယေဟောဝါ ဖန်ဆင်းထားတယ်။ အာဒံနဲ့ ဧဝ အပြစ်လုပ်ပြီးနောက်မှာလည်း ဘုရားရည်ရွယ်ချက် ပြောင်းလဲမသွားဘူး။ လူသားအားလုံး ထာဝစဉ် အသက်ရှင်ခွင့် ရဖို့ ရွေးဖိုးအဖြစ် မိမိသားတော်ကို ပေးခဲ့တယ်။

  • ဆာလံ ၆၅:၂။ တမန်တော် ၅:၃၂

    အခုချိန်မှာတောင် ကျွန်တော်တို့ အသက်တာကို အထောက်အကူပြုဖို့ သမ္မာကျမ်းစာ၊ သန့်ရှင်းသော စွမ်းအားတော်၊ ဆုတောင်းခွင့်တွေ ယေဟောဝါ ပေးထားတယ်။ ကျွန်တော်တို့ ဆုတောင်းတဲ့အခါ ဘုရား နားထောင်တယ်။

၂ ယေဟောဝါကို နာခံခြင်းက ကျွန်တော်တို့ကို အမြဲ အကျိုးပြု

“ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်။”—ဟေရှာယ ၄၈:၁၇

ယေဟောဝါကို နာခံခြင်းအားဖြင့် ဘယ်လို အကျိုးရမလဲ။

  • တရားဟောရာ ၅:၂၈-၃၃။ ၆:၂၄

    ဘုရားကို နာခံဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ မြင်တယ်။ နာခံမှုက ကျွန်တော်တို့ရဲ့ လက်ရှိအသက်တာကို တိုးတက်စေပြီး အံ့ဖွယ်အနာဂတ်လည်း ရရှိစေတယ်။

၃ ယေဟောဝါကို ချစ်ကြောင်း ပြနိုင်

“ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။”—၁ ယောဟန် ၅:၃

ဘုရားသခင်ကို ကျွန်တော်တို့ နာခံနိုင်သလား။

  • တရားဟောရာ ၃၀:၁၁။ ဆာလံ ၁၀၃:၁၄

    ကျွန်တော်တို့တစ်တွေ မစုံလင်မှန်း ယေဟောဝါ သိတယ်။ ကျွန်တော်တို့ မတတ်နိုင်တာကို လုပ်ဖို့ ဘုရား မတောင်းဆိုဘူး။

  • ပညာအလိမ္မာ ၂၇:၁၁။ ရောမ ၇:၂၁-၂၅

    ယေဟောဝါကို ချစ်တဲ့မေတ္တာက ခက်ခဲတဲ့အချိန်မှာတောင် နာခံဖို့ ခွန်အားပေးတယ်။

  • ပညာအလိမ္မာ ၆:၁၆-၁၉။ ဧဖက် ၅:၁၇

    ကျမ်းစာအခြေခံမူတွေက ဘုရားရဲ့ တွေးခေါ်ပုံကို သင်ပေးတယ်။ ဒီအခြေခံမူတွေက ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်ပုံကို ပုံသွင်းပေးနိုင်တယ်။ ယေဟောဝါအပေါ် ချစ်တဲ့မေတ္တာကို နက်ရှိုင်းစေနိုင်တယ်။ ကျမ်းစာမှာ အတိအကျ ဖော်ပြမထားရင်တောင် ဘာလုပ်ရမယ်ဆိုတာ သိဖို့ ကူညီပေးတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ