၇ ယာကုပ်
မိသားစုကို သတ္တိရှိရှိ ကာကွယ်သူ
“ကျွန်တော့်သက်တမ်း တိုပြီး စိတ်ဆင်းရဲစရာတွေ ကြုံခဲ့ရပါတယ်” လို့ သက်ကြီးယာကုပ် ပြောတယ်။ (က. ၄၇:၉) တကယ်လည်း စိတ်ဆင်းရဲစရာ အများကြီး ကြုံခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်များစွာတုန်းက မိမိကို အစ်ကိုအရင်းခေါက်ခေါက်က သတ်ဖို့ ကြံစည်လို့ ခါရန်မြို့ကို ပြေးရတယ်။ ခါရန်မြို့ ရောက်တော့ ရာခေလကို တွေ့ပြီး ချစ်သွားတယ်။ ဒါပေမဲ့ ရာခေလရဲ့ ဖခင် လာဗန်က ယာကုပ်ကို လှည့်စားပြီး သမီးကြီးနဲ့ အရင် ပေးစားလိုက်တယ်။ ဒါနဲ့ ယာကုပ်မှာ မိန်းမနှစ်ယောက် ရှိလာတယ်။ မိန်းမနှစ်ယောက်က အချင်းချင်း မတည့်ကြဘူး။ ဒါ့အပြင် လာဗန်အတွက် ယာကုပ် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးပေမဲ့ ကလိမ်ကျခံရတယ်။ လုပ်အားခ ခဏခဏ ပြောင်းခံရတယ်။ ဒီလို စိတ်ဆင်းရဲစရာတွေ ကြုံတာတောင် သတ္တိ၊ ယုံကြည်ခြင်း၊ ခံနိုင်ရည် စတဲ့ အရည်အသွေးတွေကို ယာကုပ် ထူးထူးခြားခြား ပြခဲ့တယ်။
တစ်ရက်တော့ ခါရန်မြို့ကနေ ထွက်ပြီး ဇာတိ ခါနန်ပြည် ပြန်ဖို့ အချိန်တန်ပြီလို့ ယာကုပ်ကို ယေဟောဝါဘုရား ပြောတယ်။ အဲဒီလို ထပြန်ဖို့ မလွယ်ဘူး။ လာဗန်ဟာ လောဘ သိပ်ကြီးပြီး ယာကုပ်ရဲ့ ပိုင်ဆိုင်မှုတွေကို အပိုင်စီးချင်လို့ပဲ။ ဒါနဲ့ ရာခေလ၊ လေအာတို့ကို ယာကုပ် ခေါ်ပြီး သူတို့အဖေ ဘာတွေ လုပ်ခဲ့တယ်၊ ယေဟောဝါ ဘာပြောတယ်ဆိုတာ ပြောပြတယ်။ အဲဒီနောက် လာဗန်ကို အသိမပေးဘဲ သားမယားတွေ ခေါ်ပြီး ထွက်သွားတယ်။ အဲဒီလိုထွက်သွားတာကို လာဗန် သိတော့ သူ့လူတွေ ခေါ်ပြီး နောက်ကနေ လိုက်တယ်။ မီလည်းမီရော အသိမပေးဘဲ ထွက်သွားရကောင်းလားဆိုပြီး ပျစ်ပျစ်နှစ်နှစ် ပြောဆိုတယ်။ “မင်းတို့ ဒုက္ခရောက်အောင် ငါ လုပ်လို့ ရတယ်” လို့တောင် ခြိမ်းခြောက်တယ်။ ဒါပေမဲ့ နှစ်တွေတစ်လျှောက် မိမိကို မတရားလုပ်ခဲ့တာတွေ၊ လှည့်စားခဲ့တာတွေကို ယာကုပ် သတ္တိရှိရှိ ပြန်ထောက်လိုက်တယ်။ ရန်စတော့ မရှည်စေချင်ဘူး။ နှစ်ယောက်သား လမ်းခွဲချိန်မှာ ငြိမ်းချမ်းရေး ကတိသစ္စာပြုကြတယ်။
ရန်လိုတဲ့ မိသားစုဝင်တွေနဲ့ သင့်မြတ်အောင် ယာကုပ် ဘာကြောင့် လုပ်နိုင် ခဲ့သလဲ။ တန်ခိုးကြီး ကောင်းကင်တမန် နဲ့တောင် ဘာကြောင့် နပန်းလုံးနိုင် ခဲ့သလဲ
ယာကုပ် ရင်ဆိုင်ရမယ့်သူ ရှိသေးတယ်။ အမြွှာအစ်ကို ဧသောပါ။ ယာကုပ်ကို ဧသော သတ်ချင်တဲ့အကြောင်း မိခင် ရေဗက္ကာ လွန်ခဲ့တဲ့ နှစ်များစွာတုန်းက သတိပေးခဲ့တယ်။ ဖခင်ဆီက ကောင်းချီးကို ယာကုပ် မလိမ့်တပတ် ယူသွားတယ်လို့ ဧသော ထင်လို့ပဲ။ ပြန်သင့်မြတ်အောင် ယာကုပ် လုပ်မယ်ဆိုခါမှ လူ ၄၀၀ နဲ့အတူ မိမိတို့ဘက် ဧသော ဦးတည်ပြီး လာနေပြီတဲ့။ ယာကုပ် “တအားကြောက်ပြီး စိုးရိမ်သွားတယ်။” ဒါနဲ့ ဧသောဆီ တန်ဖိုးကြီး လက်ဆောင်တွေနဲ့အတူ ကျွန်တွေ ကြိုလွှတ်လိုက်တယ်။ ဒီလက်ဆောင်လောက်နဲ့ ဧသော စိတ်ပြေပါ့မလားလို့ စိတ်ပူနေနိုင်တယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာ ဖြစ်လာတယ်။
အဲဒီည ယာကုပ်တစ်ယောက်တည်း ရှိနေချိန် သူစိမ်းတစ်ယောက် ရောက်လာတယ်။ ယေဟောဝါဘုရားဆီက ကောင်းကင်တမန်ပါ။ ကောင်းကင်တမန်က ယာကုပ်နဲ့ နပန်းလုံးတယ်။ တကယ်ဆိုရင် ယာကုပ် အသက် ၉၇ နှစ် ရှိပြီ။ ကောင်းကင်တမန်နဲ့ ဘယ်လိုမှ ခွန်အားချင်း မယှဉ်နိုင်ဘူး။ ဒါပေမဲ့ ကောင်းကင်တမန်ဆီက ကောင်းချီးတစ်ခုခု ရနိုင်တယ်ဆိုတာ သိလို့ နာရီနဲ့ချီ သတ္တိရှိရှိ နပန်းလုံးတယ်။ ကောင်းချီး မပေးမချင်း မလွှတ်ဘူး။ ငိုပြီးတော့တောင် အသနားခံတယ်။ (ဟော. ၁၂:၄) ယေဟောဝါဘုရားဆီက ကောင်းချီးဟာ အဖိုးတန်လို့ ဘယ်လိုရရ ရအောင် ယူမယ်လို့ တွေးတယ်။ မိုးလင်းခါနီးတော့ ကောင်းကင်တမန်က တစ်ချက်လေးပဲ ပုတ်လိုက်တာ ယာကုပ် ပေါင်ဆစ်ရိုး လွဲသွားတယ်။ ဒါပေမဲ့ ကောင်းချီး ရလိုက်ပါတယ်။ အစ္စရေးဆိုတဲ့ နာမည် ရသွားတာပါ။ ဘုရားသခင်နဲ့ အားပြိုင်သူလို့ အဓိပ္ပာယ်ရတယ်။ ဒီနာမည်ဟာ ယာကုပ်နဲ့ တကယ် သင့်တော်တယ်။ ယေဟောဝါဘုရားဆီက ကောင်းချီး ရဖို့ ဇွဲမလျှော့တမ်း အားကုန် ထုတ်သုံးခဲ့လို့ပဲ။
မိသားစုဆီ ယာကုပ် ထော့နဲ့ထော့နဲ့ ပြန်လာတယ်။ အဲဒီနောက် လှမ်းကြည့်လိုက်တော့ လူ ၄၀၀ နဲ့အတူ ဧသော လာနေတာ တွေ့တယ်။ ယာကုပ် မိသားစုရှေ့ကနေ သွားပြီး ခုနစ်ကြိမ် ဦးညွှတ်ရင်း အစ်ကို့အနား တိုးသွားတယ်။ ဧသောလည်း ပြေးလာတယ်။ လက်နက်ကိုင်ပြီး ပြေးလာတာတော့ မဟုတ်ဘူး။ ပွေ့ဖက်ဖို့ လက်ဆန့်ထုတ်ရင်း ပြေးလာတာ။ နှစ်ယောက်သား ဖက်ငိုကြပါလေရော။ ယာကုပ်ရဲ့ နှိမ့်ချမှု၊ ရက်ရောတဲ့ လက်ဆောင်တွေကြောင့် ဧသော စိတ်ပြေသွားတာ။ ယာကုပ် သတ္တိရှိတာကိုလည်း လေးစားသွားပုံပဲ။ ဘာပဲဖြစ်ဖြစ် အစ်ကိုဖြစ်သူနဲ့ ယာကုပ် ပြေလည်သွားပြီ။
ပေါင်ဆစ်ရိုး လွဲထားလို့ ယာကုပ် တစ်သက်လုံး ခြေထောက် ထော့သွားတော့တယ်။ တခြားအခက်အခဲတွေလည်း အများကြီး ရှိသေးတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားကို နာခံခဲ့တာ၊ ကောင်းကင်တမန်နဲ့ နပန်းလုံးခဲ့တာကို ဘယ်တော့မှ နောင်တမရမှာ သေချာတယ်။ ယေဟောဝါဘုရား ကတိပေးတဲ့အတိုင်း နောက်ပိုင်းမှာ ယာကုပ်ရဲ့ သားမြေးတွေ လူမျိုးကြီး ဖြစ်လာတယ်။ (က. ၂၈:၁၄) ကျမ်းစာမှာ ယေဟောဝါဘုရားကို “ယာကုပ်ရဲ့ ဘုရား” လို့ ခေါ်လေ့ရှိတယ်။ (ထွ. ၃:၆) ယေရှုလည်း အဲဒီအသုံးအနှုန်း သုံးတယ်။ ယေဟောဝါဘုရားဟာ “သေလွန်သူတွေရဲ့ ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ ဘုရားပဲ။ ဘုရားသခင်ရဲ့ အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်” လို့တောင် ဖြည့်ပြောသေးတယ်။ (လု. ၂၀:၃၇၊ ၃၈) ဒါကြောင့် ယာကုပ် ရှင်ပြန်ထမြောက်လာမယ်ဆိုတာ သေချာတယ်။ ကမ္ဘာသစ် ရောက်တဲ့အခါ စိတ်ဆင်းရဲစရာတွေ အပြည့်နဲ့ သက်တမ်းတိုတိုလေး အသက်ရှင်ရမှာ မဟုတ်ဘူး။ ပျော်ရွှင်စရာတွေ အပြည့်နဲ့ ထာဝစဉ် အသက်ရှင်ရမှာ။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ ယာကုပ် ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ ဧသောအစား ယာကုပ်ကို ယေဟောဝါ ဘာကြောင့် သားဦးအခွင့်အရေး ရစေသလဲ။ (က၀၃ ၁၀/၁၅ ၂၉ ပိုဒ်. ၁)
၂။ ယာကုပ်ကို ယေဟောဝါ ဘာအိပ်မက် ပေးသလဲ။ ဘာစိတ်ချစေသလဲ။ (က၀၃ ၁၀/၁၅ ၂၈ ပိုဒ်. ၃-၄) ရုပ်ပုံ က
ရုပ်ပုံ က
၃။ ကောင်းကင်တမန်ဆီကနေ ကောင်းချီး ရနိုင်တယ်လို့ ယာကုပ် ဘာကြောင့် တထစ်ချ ယုံသလဲ။ (က၀၃ ၁၀/၁၅ ၃၁ ပိုဒ်. ၁) ရုပ်ပုံ ခ
ရုပ်ပုံ ခ
၄။ ခါနန်လူမျိုးရဲ့ ဩဇာကနေ မိသားစုကို ယာကုပ် ဘယ်လို ကာကွယ်ပေးသလဲ။ (က၉၅ ၉/၁၅ ၂၁ ပိုဒ်. ၅၊ အောက်ခြေမှတ်ချက်)
တွေးတောစရာ သင်ခန်းစာ
လာဗန်ရဲ့ သိုးတစ်ကောင်ချင်းစီကို ဂရုစိုက်ပေးရမယ့် တာဝန် ရှိတယ်လို့ ယာကုပ် ခံစားရတယ်။ (က. ၃၁:၃၈-၄၀) ယေဟောဝါရဲ့ သိုးတွေ ဖြစ်တဲ့ ညီအစ်ကို/မတွေကို ဒီနေ့ခေတ် ခရစ်ယာန် သိုးထိန်းတွေ ဘယ်လို ဂရုစိုက်ပေး နိုင်သလဲ။ ရုပ်ပုံ ဂ
ရုပ်ပုံ ဂ
ယာကုပ် ကြောက်စိတ် ဝင်ချိန်မှာ ယေဟောဝါဆီ ဆုတောင်းတယ်။ (က. ၃၂:၆-၁၂) ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ယာကုပ်ဆီကနေ ဘာသင်ယူနိုင်သလဲ။
ယာကုပ်ရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
ယာကုပ် အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
ကိုယ့်ကြောင့် ညီအစ်ကို/မတစ်ယောက် စိတ်ထိခိုက်သွားမှန်း သိရတဲ့အခါ ယာကုပ်ကို ဘယ်လို အတုယူနိုင်သလဲ။
ယာကုပ်အကြောင်း မိသားစုကို သင်ပေးဖို့ ဒီကျမ်းစာ ရုပ်ပြဇာတ်လမ်းကို သုံးပါ။