၁၃ ယောရှု
ညွှန်ကြားချက်တွေ ထူးဆန်းပေမဲ့ လိုက်နာသူ
တိုက်ခိုက်ဖျက်ဆီးဖို့ ယေဟောဝါဘုရား ညွှန်ကြားထားတဲ့ ယေရိခေါမြို့ကို ယောရှု ငေးကြည့်နေတယ်။ “ရဲစွမ်းသတ္တိရှိပါ” လို့ မောရှေ မသေဆုံးခင် မိမိကို ယေဟောဝါ ပြောခဲ့တာ ကြားယောင်နေတယ်။ (တရား. ၃၁:၂၃) သိပ်မကြာခင်ကလည်း “ရဲစွမ်းသတ္တိရှိပါ” လို့ ယေဟောဝါ ပြောပြန်တယ်။ (ယောရှု ၁:၇) ယောရှု ရဲစွမ်းသတ္တိရှိဖို့ သိပ်လိုနေပြီ။ ဘာကြောင့်လဲ။
ယေရိခေါမြို့ဟာ သိပ်မကြီးပေမဲ့ ခိုင်ခံ့တဲ့ မြို့ရိုးကြီးနဲ့ ကာရံထားတယ်။ ကတိထားရာပြည် ခါနန်ကို အစ္စရေးတွေ သိမ်းပိုက်နိုင်ဖို့ ဒီမြို့ကို အရင်ဆုံး တိုက်ရမှာ။ ခါနန်ပြည်သားတွေဟာ ရုပ်တုကိုးကွယ်ကြတယ်။ ဗိမာန်ပြည့်တန်ဆာ လုပ်ကြတယ်။ လိင်တူ ဆက်ဆံကြတယ်။ ဆွေမျိုးနီးစပ်သူတွေနဲ့ လိင်ဆက်ဆံကြတယ်။ တိရစ္ဆာန်နဲ့ လိင်ဆက်ဆံကြတယ်။ ကိုယ့်သားသမီးကိုတောင် နတ်ဘုရားတွေဆီ ပူဇော်ကြတယ်။ ကမ်းကုန်အောင် ဆိုးညစ်လွန်းလို့ တိုင်းပြည်ကနေ ဖယ်ရှားမှ ရတော့မယ်။ (ဝတ်. ၁၈:၃၊ ၆၊ ၂၁-၂၇) “အာမောရိလူမျိုးကို သူတို့ရဲ့ အပြစ်အတွက် ဒဏ်စီရင်မယ့်” အကြောင်း အာဗြဟံကို ယေဟောဝါ ပြောတုန်းက ခါနန်ပြည်သားအားလုံးကို ရည်ညွှန်းပြီး ပြောတာ။ ဒါပေမဲ့ အဲဒီတုန်းက “ဒဏ်စီရင်မယ့်အချိန် မရောက်သေးဘူး။” (က. ၁၅:၁၆) နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ အဲဒီအချိန် ရောက်လာပါပြီ။
စစ်ရေးအမြင်အရ လက်တွေ့မကျပုံပေါက်တဲ့ နည်းနဲ့ ယေရိခေါမြို့ကို တိုက်ခိုက်ဖို့ ယောရှုကို ယေဟောဝါ ညွှန်ကြား
ဆိုးညစ်တဲ့ ခါနန်ပြည်သားတွေကို ယေရိခေါမြို့ကနေ စပြီး ဖယ်ရှားဖို့ ယေဟောဝါ ဆုံးဖြတ်လိုက်တယ်။ ယောရှုနဲ့ စစ်တပ်ကို သုံးပြီး ဖယ်ရှားမှာ။ ယေဟောဝါ ညွှန်ကြားတဲ့အတိုင်း လုပ်ဖို့ သူတို့ အဆင်သင့်ပဲ။ ဒါပေမဲ့ ညွှန်ကြားချက်တွေ ထူးဆန်းနေတယ်။ ရုတ်တရက် ဝင်တိုက်ဖို့ မညွှန်ကြားသလို အကြာကြီး ဝိုင်းရံပိတ်ဆို့ထားဖို့လည်း မညွှန်ကြားဘူး။ မြို့ကို တစ်ရက်တစ်ကြိမ်၊ ခြောက်ရက် လှည့်ပတ်ချီတက်ဖို့ ပြောတယ်။ ပုရောဟိတ်တွေလည်း လှည့်ပတ်ချီတက်ရမယ်။ တချို့က ပဋိညာဉ်သေတ္တာ ထမ်းရင်း၊ တချို့က တံပိုးမှုတ်ရင်း ချီတက်ရမယ်။ ခုနစ်ရက်မြောက်နေ့မှာတော့ မြို့ကို ခုနစ်ကြိမ် လှည့်ပတ်ချီတက်ရမယ်။ ချီတက်ပြီးနောက် စစ်သည်တွေ စစ်ငြာသံပေးရမယ်။
ယောရှုဟာ စစ်ရည်ဝတဲ့ စစ်သည် ဖြစ်တယ်။ စစ်ရေးအမြင်အရ ဒီဗျူဟာ အလုပ်မဖြစ်နိုင်ဘူး။ ‘အစ္စရေးတွေ စစ်ရှုံးသွားရင် ဘယ်လို လုပ်မလဲ။ တခြားမြို့တွေမှာ ရှိတဲ့ ခါနန်တွေ ပိုအတင့်ရဲလာနိုင်တယ်။ စစ်သွေးကြွလာနိုင်တယ်’ လို့ ယောရှု တွေးသလား။ မတွေးပါဘူး။
ယေဟောဝါကို ယုံကြည်ကိုးစားနိုင်မှန်း ယောရှု သိတယ်။ ယုံကြည်ကိုးစားနိုင်တဲ့ အထောက်အထားတွေ ယေဟောဝါ ပေးထားလို့ပါ။ ဥပမာ၊ အစ္စရေးတွေကို ယေရိခေါမြို့သားတွေ သိပ်ကြောက်ပြီး စိတ်ပျက်အားလျော့နေမှန်း သူလျှိုနှစ်ယောက်ကတစ်ဆင့် ယောရှုကို ယေဟောဝါ သိစေတယ်။ အဲဒီနောက် အစ္စရေးတွေ ဖြတ်လျှောက်သွားနိုင်ဖို့ ဂျော်ဒန်မြစ်ရေကို အံ့ဖွယ်နည်းနဲ့ တန့်စေတယ်။
ဒီအထောက်အထားတွေကို ယောရှု တွေးတောဆင်ခြင်တဲ့အတွက် ယေဟောဝါကို ပိုယုံကြည်အားကိုးလာမှာ သေချာတယ်။ ယုံကြည်အားကိုးလို့လည်း ထူးဆန်းတဲ့ ညွှန်ကြားချက်ကို လိုက်နာရဲတာ။ ဒီလိုနဲ့ စစ်သည်တွေကို ဦးဆောင်ပြီး ယေရိခေါမြို့ကို လှည့်ပတ်ချီတက်တယ်။ ပုရောဟိတ်တွေလည်း တံပိုးမှုတ်ပြီး ချီတက်ကြတယ်။ ယေရိခေါတစ်မြို့လုံး တိတ်ဆိတ်နေတာပဲ။ မြို့သားတွေ ကြောက်လွန်းလို့ “မြို့တံခါးကို လုံလုံခြုံခြုံ ပိတ်ထားတယ်။” နောက်တစ်နေ့ စစ်သည်တွေကို ဦးဆောင်ပြီး ယောရှု လှည့်ပတ်ချီတက်ပြန်တယ်။ ယေဟောဝါ ညွှန်ကြားတဲ့အတိုင်း အတိအကျ လုပ်တယ်။ တစ်နေ့ပြီး တစ်နေ့ လှည့်ပတ်ချီတက်ရင်း ခုနစ်ရက်မြောက်နေ့ ရောက်လာတယ်။
ခုနစ်ရက်မြောက်နေ့မှာတော့ မြို့ကို ခုနစ်ကြိမ် လှည့်ပတ်ချီတက်တယ်။ လှည့်ပတ်ချီတက်ပြီးတာနဲ့ “ကြွေးကြော်ကြ။ ဒီမြို့ကို ခင်ဗျားတို့လက်ထဲ ယေဟောဝါဘုရား အပ်လိုက်ပြီ” လို့ အားမာန်အပြည့်နဲ့ ယောရှု ပြောတယ်။ စစ်သည်တွေ “အော်ပြီး စစ်ငြာသံ ပေးလိုက်တာနဲ့ မြို့ရိုး လုံးဝ ပြိုကျသွားတော့တယ်။”
ယေဟောဝါ ညွှန်ကြားထားတဲ့အတိုင်း ယောရှုနဲ့ စစ်သည်တွေ မြို့ထဲကို တစ်ဟုန်ထိုး ဝင်တိုက်ကြတယ်။ မြို့ထဲမှာ ရှိတဲ့ လူ၊ တိရစ္ဆာန်အားလုံးကို ကွပ်မျက်ကြတယ်။ ယေဟောဝါ အတူရှိတဲ့အတွက် ယောရှုနဲ့ စစ်သည်တွေဟာ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နိုင်ကြတယ်။ နောက်ဆုံးတော့ “အာမောရိလူမျိုးကို သူတို့ရဲ့ အပြစ်အတွက် [ယေဟောဝါ] ဒဏ်စီရင်” လိုက်ပြီ။ ဆိုးညစ်တဲ့ လူမျိုးကို တိုင်းပြည်ကနေ ဖယ်ရှားလိုက်ပြီ။
ဒါပေမဲ့ ယေရိခေါမြို့ရိုး အပိုင်းတစ်ပိုင်း မပြိုဘဲ ကျန်နေတယ်။ ဘာကြောင့်လဲ။ ရဲစွမ်းသတ္တိရှိပြီး ယေဟောဝါကို အခိုင်အမာ ယုံကြည်တဲ့ အမျိုးသမီးတစ်ယောက်ကြောင့်ပါ။ ဒီအကြောင်း နောက်အခန်းမှာ လေ့လာသွားကြပါမယ်။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ ယောရှု ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ ကတိထားရာပြည်ထဲ ဝင်ချိန်မှာ ဘယ်ကျမ်းစောင်တွေ ရှိနေလောက်ပြီလဲ။ (က၀၉ ၁၂/၁ ၂၀ ပိုဒ်. ၄၊ အောက်ခြေမှတ်ချက်) ရုပ်ပုံ က
ရုပ်ပုံ က
၂။ ယေရိခေါမြို့ကို အစ္စရေးတွေ လှည့်ပတ်မချီတက်ခင် ယောရှုကို ယေဟောဝါ ဘာလုပ်ခိုင်းသလဲ။ ဒါ ဘာကြောင့် လက်တွေ့မကျပုံပေါက်သလဲ။ (ယောရှု ၅:၂-၈။ က၁၈.၁၀ ၂၃ ပိုဒ်. ၅-၇)
၃။ ယေရိခေါမြို့ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ဘာအထောက်အထား ရှိသလဲ။ (က၁၅ ၁၁/၁၅ ၁၅) ရုပ်ပုံ ခ
Kennedy, Titus (2023). The Bronze Age Destruction of Jericho, Archaeology, and the Book of Joshua. Accessed via researchgate.net. Licensed under CC BY 4.0
ရုပ်ပုံ ခ– ရှေးခေတ်ယေရိခေါမြို့ တည်နေရာမှာ စဉ့်အိုးတွေ တွေ့ရ။ မီးလောင်ထားတဲ့ ဂျုံတွေ အထဲမှာ ရှိနေ
၄။ ယောရှု ၆:၂၆ မှာ ပါတဲ့ ယေရိခေါမြို့နဲ့ပတ်သက်တဲ့ ကြိုဟောချက် ဘယ်လို ပြည့်စုံခဲ့သလဲ။ (က၉၈ ၉/၁၅ ၂၁ ပိုဒ်. ၈)
တွေးတောစရာ သင်ခန်းစာ
ယေဟောဝါရဲ့ ကတိတွေကို ယောရှု ဘာကြောင့် ယုံကြည်စိတ်ချသလဲ။ (ယောရှု ၂၃:၁၄) ကျွန်တော်တို့ကော ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။
အဖွဲ့အစည်းညွှန်ကြားချက်တွေကို လိုက်နာဖို့ ယောရှုရဲ့ စံနမူနာက ဘယ်လို ကူညီပေးသလဲ။ ရုပ်ပုံ ဂ
ရုပ်ပုံ ဂ
ယောရှုရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
ယောရှု အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
သက်ကြီးသူတွေဆီကနေ သင်ယူဖို့၊ ဘုရားကတိတွေကို ယုံကြည်စိတ်ချဖို့၊ ယုံကြည်သူချင်းတွေကြောင့် စိတ်ထိခိုက်ရရင်တောင် ဆက်သစ္စာရှိဖို့ ယောရှုရဲ့ စံနမူနာက ဘယ်လို ကူညီပေးသလဲ။
ယောရှုအသက်တာမှာ ကြုံခဲ့ရတဲ့ အရေးကြီး ဖြစ်ရပ် တွေကို သားသမီးတွေ သိလာဖို့ ကူညီပေးပါ။