စာရှုသူထံမှ မေးခွန်းလွှာ
မသေခြင်းအကြောင်း သို့မဟုတ် ထာဝရအသက်ရှင်ခြင်းအကြောင်း မိန့်ကြားရာ၌ ထိုအချိန်ရှိ ကိုယ်တော်.တရားနာပရိသတ်များသည် လူသားအဖြစ်သေခြင်းကို ဘယ်တော့မျှ ကြုံရမည်မဟုတ်ဟု ယေရှုဆိုလိုခြင်း မဟုတ်သည်မှာရှင်းနေပါသည်။ ယေရှုမိန့်မြွက်နေသည့် အဓိကအချက်မှာ မိမိအားယုံကြည်ပါက ထာဝရအသက်ရရှိစေနိုင်သည် ဟူသောအချက်ဖြစ်သည်။
တစ်ခါကမိမိကိုယ်ကို “အသက်မုန့်” ဟုယေရှုခေါ်ဝေါ်ခဲ့သည်။ ထိုနောက် “ကောင်းကင်မှ ဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။ ငါသည်ကောင်းကင်မှ ဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူမည်သည်ကား အစဉ်မပြတ်အသက်ရှင်လိမ့်မည်။” ဟူ၍ဆက်မိန့်တော်မူ၏။—ယောဟန် ၆:၄၈-၅၁။
ဤစကားများကိုသာကွက်ကွက်လေး ကြည့်လျှင်တရားနာပရိသတ်တို့အား သေခြင်းတရားနှင့် မတွေ့ကြုံရအောင် သူတို့ရှောင်ရှားနိုင်သည်ဟု ယေရှုဟောကြားနေသည်ဟု လူတစ်ဦးကောက်ချက်ချမိပေမည်။ သို့သော် အထက်ပါစကားစပ်က ထိုကောက်ချက်ကို မထောက်ခံပေ။ ဤစကားများကို မိန့်တော်မမူမီလေးတွင် ကိုယ်တော်က “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုကား ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်မျှ ငါမပျောက်စေဘဲနောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကိုထမြောက်စေခြင်းငှာ လည်းကောင်း၊ သားတော်ကိုကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ရစေခြင်းငှာလည်းကောင်း အလိုတော်ရှိ၏။ ငါသည်လည်းနောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေမည်။ . . . ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်” ဟုမိန့်တော်မူ၏။(ယောဟန် ၆:၃၉-၄၄) ထိုနောက် “ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည်ထာဝရအသက်ကိုရ၏။ ထိုသူကိုနောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်” ဟုထပ်၍မိန့်တော်မူ၏။(ယောဟန် ၆:၅၄) ထို့ကြောင့် ‘ထာဝရအသက်ရှင်ခြင်း’ ဟူသော ယေရှု၏ကတိတော်ကို ကိုယ်တော်.တရားနာပရိသတ်တို့သည် သေခြင်းကို ဘယ်တော့မျှတွေ့ကြုံမည်မဟုတ်ဟု အဓိပ္ပာယ်ကောက်လျှင် မှန်ကန်မည်မဟုတ်ပေ။
မာသအား ယေရှုပေးတော်မူခဲ့သည့် ထင်းရှားသော အောက်ပါကတိတော်လည်း ထိုနည်းအတိုင်းဖြစ်သည်။ “ငါသည်ထမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။”(ယောဟန် ၁၁:၂၅-၂၆) ဥပမာအားဖြင့် သစ္စာရှိတမန်တော်များသည် အခြားလူသားများသေသကဲ့သို့ ဘယ်တော့မျှသေရမည်မဟုတ်ဟူ၍ ယေရှုဆိုလိုခြင်းမဟုတ်သည်မှာ ထင်းရှားလှ၏။ တစ်နှစ်တာကာလအတောအတွင်း သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးခြင်းခံရမည်ဖြစ်ပြီး ကောင်းကင်တွင် ရှင်ဘုရင်များအဖြစ် စိုးစံရမည့် မျှော်လင့်ချက်ရရှိကြမည်။ ထိုဆုလာဘ်ရရှိရေးအတွက် သူတို့သည် လူသားအဖြစ်မှ သေလွန်ဖို့လိုသည်။(ရောမ ၈:၁၄-၂၃။ ၁ ကောရိန္သု ၁၅:၃၆-၅၀) ထို့ပြင် “ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။” ဟု ယေရှုမိန့်တော်မူခဲ့သည်ကိုလည်း သတိပြုမှတ်သားပါ။
ထာဝရအသက်စ၍ ပေးအပ်ခြင်းမတိုင်မီ အသက်ရှင်၍ သေလွန်ခဲ့သောဘုရားသခင်၏သစ္စာနှံ့ ကျေးကျွန်များအဖို့ ယေရှု၏ဂတိတော်ပြည့်စုံပေလိမ့်မည်။ ထိုသစ္စာရှိသူတို့သည် အနာဂတ်ကာလ၌ ရှင်ပြန်ထမြောက်ရန် စောင့်ဆိုင်းနေကြမည်။ ထမြောက်လာပြီးနောက်တွင် သစ္စာရှိစွာ တည်ကြည်သွားခြင်းအားဖြင့် သူတို့သည် “ဒုတိယသေခြင်း” တည်းဟူသော ထာဝရသေခြင်းကို ဘယ်တော့မျှတွေ့ကြုံရမည်မဟုတ်ပေ။—ဗျာဒိတ် ၂၀:၁၅; ၂၁:၈။ ယောဟန် ၈:၅၁။
သို့သော် ကျွန်ုပ်တို့၌ အထူးအခွင့်အရေးတစ်ရပ်ရှိနေကြောင်း ကျမ်းစာပရောဖက်ပြုချက်က တင်ပြသည်။ ဤစံနစ်ကြီး၏ ဆုံးခန်းကာလပိုင်းတွင် အသက်ရှင်နေသူ ကျွန်ုပ်တို့သည် လာလတံ့သော “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်လျက် ကမ္ဘာသစ်အတွင်းသို့ အရှင်လတ်လတ် ဝင်ရောက်နိုင်ကြမည်။ ဤသူတို့အနက်မှ ပရဒိသုမြေကြီးပေါ်တွင် ထာဝရအသက်ရှင်ရန် မျှော်လင့်လျက် ဘုရားသခင်အပေါ် ကျေးဇူးသစ္စာစောင့်သိကြသူများသည် လူသားအဖြစ်သေခြင်းကို လုံးဝတွေ့ကြုံခံစားရမည်မဟုတ်ပေ။ “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်ပြီးနောက်သူတို့သည် “အသက်စမ်းရေတွင်းသို့” လမ်းပြခြင်းခံရကြလတံ့။—ဗျာဒိတ် ၇:၉-၁၇။
[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]
▪ ယေရှု၏တရားနာပရိသတ်အားလုံး စင်စစ်သေလွန်ကြပါလျက်ကယ် အဘယ်ကြောင့်ယေရှုက မိမိအားယုံကြည်သူတို့သည် ‘ဘယ်တော့မျှသေမည်မဟုတ်’ ဟူ၍ကတိပေးတော်မူခဲ့သနည်း။—ယောဟန် ၁၁:၂၅၊ ၂၆။