ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၂/၁ စာ. ၃-၄
  • အလှအပသည် အပေါ်ယံမျှသာဖြစ်ချင်ဖြစ်မည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလှအပသည် အပေါ်ယံမျှသာဖြစ်ချင်ဖြစ်မည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အလှအပထက် သာသောအရာ
  • ရုပ်အလှ၏ ကျော့ကွင်းများ
  • ယောက်ျားသား အလှ
  • စစ်မှန်သော အလှအပ ယင်းကို သင်ဖွံ့ဖြိုး စေနိုင်သည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ရုပ်ရည်အလှအပ
    နိုးလော့!—၂၀၁၆
  • ဘုရားစကားနားထောင်တဲ့ ကျွန်တစ်ယောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “အပြစ်ကြီးသော ဤအမှုကို” ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၂/၁ စာ. ၃-၄

အလှအပသည် အပေါ်ယံမျှသာဖြစ်ချင်ဖြစ်မည်

ဘုရားသခင်ဖန်ဆင်းတော်မူသည့် တစ်ဦးတည်းသော မိန်းမ၊ ဧဝသည် အသက်ရှင်ခဲ့သမျှတွင် အချောဆုံး၊ အလှဆုံးဖြစ်ဖွယ်ရှိသည်။ သို့သော် သူမနှင့် ခင်ပွန်းသည် အာဒံတို့သည် ယေဟောဝါအား တော်လှန်ပုန်ကန်ခဲ့ကြသည်။ သို့နှင့် ဧဝသည် ယေဟောဝါနှင့် ရင်းနှီးသော ဆက်ဆံရေး ဆုံးရှုံးခဲ့ရပြီး လူသားမျိုးနွယ်အပေါ် ကြောက်မက်ဖွယ် အဖြစ်ဆိုးကြီး ကျရောက်စေရာတွင် တာဝန်မကင်းသူဖြစ်ခဲ့သည်။ ထို့နောက်၌လည်း သူမသည် လှစဲပစဲ ဖြစ်မည်မှာ ယုံမှားဖွယ်မရှိသော်လည်း သူမ၏ အလှအပသည် အပေါ်ယံမျှသာ ဖြစ်ခဲ့လေသည်။

အလှအပဆိုသည်မှာ အဆုံးစွန်၌ ဘုရားပေးသော ဆုတစ်မျိုးဖြစ်ပြီး အချို့က အခြားသူတို့ထက် ပို၍အမွေရရှိကြသည်။ အချို့သူတို့က ပို၍လှချင်ပချင်၊ ရုပ်ရည်သားနားချင်ကြသဖြင့် ကိုယ့်မှာရှိသော လှပချောမောသည့် ရူပကာလေးကို အချောဆုံး၊ အလှဆုံးဖြစ်အောင် အချိန်များစွာ၊ ငွေကြေးများစွာ အကုန်အကျခံကြသည်။ သို့သော် ဧဝ၏ ပုံနမူနာအတိုင်းဆိုလျှင် အခြားသော အရည်အချင်းများနှင့် ယှဉ်တွဲဖက်စပ်ခြင်းမရှိပါက အလှအပတစ်ခုတည်းသည် ရေရှည်၌ အချည်းနှီးသာဖြစ်ချေသည်။ အခြားအဘယ်အရည်အချင်းများ လိုသနည်း။ ရှောလမုန်မင်းကြီးလက်ထက်မှ တွေ့ကြုံမှုတစ်ခုက ဤမေးခွန်းကို ဖြေဆိုနိုင်ရန် အထောက်အကူပြုသည်။

အလှအပထက် သာသောအရာ

ရှောလမုန်သီချင်း ကျမ်းစာတစ်စောင်၌ ကွမ်းတောင်ကိုင် လုံမပျိုလေးတစ်ဦးအကြောင်း ပါရှိသည်။ သူမသည် ရှုလံမြို့သူဖြစ်ပြီး အရပ်ထဲမှ သိုးထိန်းလုလင်လေးတစ်ယောက်နှင့် ချစ်ကြိုက်ရည်ငံနေသည်။ သူမ၏ ရုပ်ရည်ရူပကာသည် ရှင်ဘုရင်၏အာရုံကိုပင် ဆွဲဆောင်မိရာ ရှင်ဘုရင်က မိဖုရားတင်မြှောက်မည့်အကြံဖြင့် သူမကို ယေရုရှလင်မြို့သို့ ခေါ်ဆောင်သွားသည်။ မိန်းမပျိုတစ်ဦးအဖို့ မည်မျှကောင်းလိုက်သည့် အခွင့်အရေးပါတကား။ ထိုနေရာတွင် သူမသည် လှပချောမောသော ရူပကာကို ပန်းပြ၍ ကိုယ်ကျိုးအမြတ်ထုတ်နိုင်သည့်ပြင် နိုင်ငံတော်တွင် စည်းစိမ်ဥစ္စာ၊ တန်ခိုးအာဏာနှင့် ဩဇာအရှိန်အဝါရှိသော ရာထူးမျိုး ရအောင်လည်း ဖန်တီးနိုင်ပေသည်။ သို့သော် လုံမပျိုလေးသည် ရှင်ဘုရင်၏ သွေးကြီးချင်စရာကောင်းသော မြှောက်ပင့်မြူဆွယ် ကမ်းလှမ်းမှုများကို ပြတ်ပြတ်သားသား ပစ်ပယ်ခဲ့သည်။ ယေရုရှလင်မြို့၏ တစ်ဖိတ်ဖိတ် တစ်လက်လက် တောက်ပြောင်သောအရာနှင့် စည်းစိမ်ဥစ္စာများကို ကျောခိုင်းကာ သိုးထိန်းလုလင်ပျိုလေးအပေါ် သစ္စာရှိခဲ့လေသည်။ သူမ၏ကိစ္စ၌ အလှအပသည် အပေါ်ယံထက်မက များစွာတာသွားလေသည်။ သူမသည် ပေါ့ပျက်သောအစားမျိုးမဟုတ်၊ အခွင့်ကောင်းရှာသူ၊ လောဘကြီးသူလည်းမဟုတ်ဘဲ လူသားအားလုံး၏အမိ ဧဝ၌မရှိခဲ့သော စိတ်အလှပိုင်ရှင် ဖြစ်ခဲ့လေသည်။—⁠ရှောလမုန် သီချင်း ၁:၁၅။ ၄:၁။ ၈:၄၊ ၆၊ ၁၀။

ရုပ်အလှ၏ ကျော့ကွင်းများ

ရုပ်အလှသည် နှစ်သက်လိုလားဖွယ်ရာဖြစ်သော်လည်း စိတ်အလှ ဘယ်တော့မျှ မဖြစ်ပေါ်စေနိုင်သည့် ပြဿနာများကို ဖန်တီးဖြစ်ပေါ်စေနိုင်သည်။ နှစ်ပေါင်း ၄၀၀၀ ခန့်အချိန်က ဘိုးဘေးယာကုပ်၌ ဒိနအမည်ရှိသော သမီးတစ်ယောက်ရှိသည်။ သူမသည် အလွန်ချောမောလှပမည်မှာ ယုံမှားဖွယ်ရာမရှိ။ သူမသည် “ထိုပြည်၏အမျိုးသမီးတို့” နှင့် အမြော်အမြင်မဲ့စွာ အချိန်ဖြုန်း ပေါင်းဖေါ်စဉ်တွင် ရှေခင်အမည်ရှိသော လူရွယ်တစ်ဦးက သူမကို တမ်းတမ်းစွဲမိရာမှ သူမ၏အသရေကို ရှုတ်ချမိလေ၏။—⁠ကမ္ဘာဦး ၃၄:၁၊ ၂။

ထိုမျှမက အပြင်ပန်းရုပ်အဆင်းအလှသည် စိတ်အချင်းအလှနှင့် ဖက်စပ်ယှဉ်တွဲခြင်းမရှိပါက ကာယကံရှင်အား ဘဝင်မြင့်၊ မာန်တက်စေနိုင်သည်။ ရှင်ဘုရင်ဒါဝိဒ်၌ အဗရှလုံအမည်ရှိသော သားတော်တစ်ပါးရှိသည်။ သူ့အကြောင်း ဤသို့ဖတ်ရသည်။ “ဣသရေလအမျိုးတစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသော သူတစ်ယောက်မျှမရှိ။” (၂ ဓမ္မရာဇဝင် ၁၄:၂၅) သို့သော် အဗရှလုံ၏ ရုပ်အဆင်းလှပမှုသည် စိတ်အချင်း အကျည်းတန် အရုပ်ဆိုးမှုကို ဖုံးကွယ်ခဲ့လေသည်။ သူသည် မာန်မာနကြီးသည်၊ ကြီးပွားလိုသော ဆန္ဒကြီးမားလှသည်၊ ကရုဏာတရားမဲ့၍ ရက်စက်သည်။ သူသည် ရုပ်ရည်သွင်ပြင်မူရာ နှစ်သက်ဖွယ်ဖြစ်ခြင်းကို ကျင်လည်စွာ အသုံးချ၍ ဣသရေလလူမျိုးတွင် နောက်လိုက်နောက်ပါများကို စုစည်းကာ ခမည်းတော် မင်းတရားကြီးကို လုပ်ကြံရန် တိုင်ပင်သည်။ သို့သော် ဤအလွန်ခန့်ချောလှသည့် သူက နိုင်ငံတော်ကို ပြည်တွင်းစစ်မီးအတွင်း ဆွဲချပြီးနောက်၌သာ သူကိုယ်တိုင်လည်း နောက်ဆုံးမှာ ကွပ်မျက်ခြင်းခံလိုက်ရလေသည်။

ယောက်ျားသား အလှ

အဗရှလုံ၏အမှုပြဆိုသည့်အတိုင်း ကျမ်းစာ၌ ယောက်ျားအလှအကြောင်း၊ မိန်းမအလှအကြောင်း ဆိုထားသည်။ မိမိ၏ယောက်ျားသား အလှကြောင့် ထောင်ချောက်တွင်းသို့ မကျခဲ့သောသူမှာ ဒိန၏ဖတူမိကွဲမောင်ဖြစ်သူ ယောသပ်ဖြစ်သည်။ (ကမ္ဘာဦး ၃၀:၂၀-၂၄) လူပျိုပေါက်အရွယ်၌ အစ်ကိုဖြစ်သူတို့က မနာလိုမှုကြောင့် သူ့အား အီဂျစ်ပြည်သို့ ကျွန်အဖြစ် ရောင်းစားလိုက်သည်။ ထိုပြည်တွင် ပေါတိဖာအမည်ရှိ စစ်ဘက်အရာရှိ တစ်ဦးက သူ့အားဝယ်ယူလိုက်သည် ရိုးသားကြိုးစားမှုကြောင့် ပေါတိဖာ၏ အိမ်အုပ်ဖြစ်လာသည်။ ထိုကာလအတောအတွင်း ‘ယောသပ်သည် အဆင်းသဏ္ဍာန်လှ၍ ရှုချင်ဖွယ်ဖြစ်လာသည်။’—⁠ကမ္ဘာဦး ၃၉:၆။

ပေါတိဖာ၏မယားသည် ယောသပ်ကို တပ်မက်သော ရာဂစိတ်ဖြစ်ပေါ်လာကာ ယောသပ်အား မျက်နှာပြောင်တိုက်၍ မြူဆွယ်လေ၏။ သို့သော်လည်း ထိုလူရွယ်က မိမိ၌ နှစ်လိုဖွယ်ရုပ်အဆင်းရှိသကဲ့သို့ စိတ်အချင်းအလှလည်း ပိုင်ဆိုင်ကြောင်း ပြသခဲ့သည်။ မိမိသခင် ပေါတိဖာကို ပြစ်မှားရန် ငြင်းဆန်၍ ထိုမိန်းမထံမှ ထွက်ပြေးခဲ့လေသည်။ ရလဒ်ကား သူထောင်နန်းစံရခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ စိတ်ပျက်လက်ပျက်ဖြစ်နေသော ပေါတိဖာ၏မယားက မတရားစော်ကားရန် ကြံစည်သည်ဟု သူ့အားမဟုတ်မမှန် စွပ်စွဲခဲ့၍ဖြစ်သည်။ သို့တစေ ဤခံပြင်းလှသည့် တွေ့ကြုံမှုကြောင့် ယောသပ်စိတ်မတိုခဲ့ချေ။ အလွန်တရာ ခဲယဉ်းကျဉ်းကြပ်သော အခြေအနေမျိုးတွင် သူပြသခဲ့သည့် ထူးကဲလှသော စံနမူနာသည် ခေတ်တစ်လျှောက်လုံးမှ စိတ်နှလုံး ဖြောင့်မှန်သူတို့အတွက် အားဆေးတစ်ခွက်ဖြစ်သည်။

ဤဥပမာများ ဖေါ်ပြချက်အရ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် အခြေပြုသည့် ဥပဓိရုပ်အလှ တည်းဟူသော စိတ်အလှသည် ရုပ်ရည်လှပချောမောခြင်းထက် များစွာသာ၍ အရေးကြီးသည်။ အိမ်ထောင်ပြုရန် စဉ်းစားနေကြသော လူငယ်မောင်မယ်များအနေနှင့် ဤအချက်ကို သတိပြုရန်လိုအပ်သည်။ အလုပ်သမားများ ရှာဖွေနေသော အလုပ်ရှင်များလည်း ဤအချက်ကို သတိရသင့်သည်။ ကျွန်ုပ်တို့အားလုံး အနေဖြင့်လည်း ရူပကာအလှ ကောင်းချီးခံစားရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ များစွာသာ၍အရေးကြီးသည့် ဤစိတ်အချင်းအလှကို ဖွံ့ဖြိုးတိုးတက်စေနိုင်ကြောင်း အစဉ်စိတ်စွဲမှတ်အပ်သည်။ စိတ်အချင်းအလှတွင် အဘယ်အရာများ ပါဝင်သနည်း။ ယင်းကို အဘယ်သို့ ဖွံ့ဖြိုးတိုးတက်စေနိုင်သနည်း။ အောက်ပါဆောင်းပါး၌ ဤအကြောင်း ဆွေးနွေးပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ